ရွက်မွန်စာမျက်နှာ

Wednesday, January 9, 2008

ယုံကြည်ချင်ပါသည်။ သို့သော်...

ယုံ
ကြည်မှု (Trust) က အရေးကြီးလှသည်။ စီးပွားရေး ဈေးကွက်တခုတွင် နိုင်ငံရပ်ခြား ကုမ္ပဏီများရော၊ ပြည်တွင်း လုပ်ငန်းရှင် များပါ ရင်းနှီးမြှုပ်နှံမှု တခု ပြုတော့မည် ဆိုလျှင် ဈေးကွက်အပေါ် သေချာယုံကြည်မှ ခြေစုံချလေ့ရှိသည်။ ဈေးကွက်အပေါ် မယုံကြည်လျှင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ များများစားစား မလာတတ်။ ထို့အပြင် မူဝါဒများ၊ စီမံကိန်းများနှင့် ဥပဒေများက ခဏခဏ ဟိုပြောင်း၊ သည်ပြောင်းဆိုလျှင် ရင်းနှီးမြှုပ်နှံကြမည့် သူများအတွက် ရှုပ်ထွေးေ၀၀ါးစရာ ဖြစ်စေသည်။ (Business confidence) အကြောင်းကို ပညာရှင် အတော်များများက ထောက်ပြဖူးသည်။

စစ်အစိုးရက သတင်းစာများ၊ သတင်းစာ ရှင်းလင်းပွဲများမှတဆင့် ပြည်သူလူထု ယုံကြည်အောင် ၎င်းတို့၏ လုပ်ဆောင် ချက် များကို ရှင်းပြနေကြသည်။ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များ ဟူ၍ စာအုပ်အထူကြီး ထုတ်သည်။ နိုင်ငံတော် အကြီး အကဲ များ နေ့မအား၊ ညမအား အလုပ်ရှုပ်နေပုံကို သတင်းစာများတွင် ဖတ်ရသည်။ တခါတရံ ကျနော်စဉ်းစား ကြည့်သည်။ ကျနော်တို့က စစ်အစိုးရကို ဆန့်ကျင်ပြောဆိုနေကြသော်လည်း စစ်အစိုးရ ဗိုလ်ချုပ်များထဲတွင် တိုင်းပြည် ကောင်းကျိုး အမှန်သယ်ပိုးလိုကြသူများ ရှိနေနိုင်သည်။ သူတို့က အားကျိုးမာန်တက် လုပ်ဆောင်နေသည့်၊ အောင်မြင် နေသည့် ဖွံ့ဖြိုး ရေးစီမံကိန်းများလည်း ရှိနေနိုင်သည်။ သတင်းစာများထဲတွင် ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်း၊ လမ်း၊ တံတားများ အကြောင်း ဖတ်နေရသည်။ နိုင်ငံရေးကိစ္စများက အငြင်းပွားဖွယ် ရှိသည်ကို ထားဦးတော့၊ အမျိုးသား ညီလာခံကိစ္စများ၊ အခြေခံဥပဒေ ကိစ္စများ ယခုတိုင် မပြီးပြတ်နိုင် ရှိနေသေးသည်က ထားဦးတော့။ သူတို့လည်း သူတို့ ဆင်ခြေ၊ သူတို့ အခက် အခဲ ရှိနေနိုင်သည်။

ကျနော်က ဖတ်ရသမျှ သတင်းများထဲမှ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကြိုးပမ်းချက်များ သက်သက်ကိုသာ ရွေးကြည့် မိသည်။ အင်းးး.. သည်တော့လည်း မပြီးပြတ်သေးသည့် ကိစ္စများ အများအပြား ရှိနေဆဲ ဖြစ်သည်။ ဘ၀င်မကျ စရာတွေ လည်း တွေ့ရသည်။

(၁)
ပထမအချက်က ကျနော်မျှော်လင့်ထားသည့် အထူး စီးပွားရေးဇုန်များ (Special Economic Zones) (SEZ) ဖြစ်မလာသေး ခြင်းပင်။ စစ်အစိုးရက မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် (၆) ခု တည်ဆောက်ရန် လျာထားသည်ဟု သတင်းများအရ သိခဲ့ရသည်။ အထူးစီးပွားရေးဇုံဆိုင်ရာ ဥပဒေမူကြမ်းကလည်း ရေးဆွဲပြီးစီးလု နီးပါး ဖြစ်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ တွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် တရုပ်နိုင်ငံနှင့် (၂၀၀၅) ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြပြီး ယခင်က အောင်မြင်ခဲ့ကြသည့် ရှန်ဟိုင်း စက်မှုဇုံကို နမူနာယူပြီး အကောင်အထည် ဖော်မည်ဟု ဆိုသည်။

ဤနေရာတွင် ဖြတ်၍ ရှင်းပြလိုသည်မှာ တရုတ်နိုင်ငံတွင် တိန့်ရှောင်ဖိန် လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ခဲ့ကြရာ ရှင်ဇန်း လှုပ်ရှားမှု (Shenzhen Move) မှာ အထူး နာမည်ကြီးလှသည်။ တရုတ်က ရုရှားကဲ့သို့ ရုတ်ချည်း စီးပွားရေး ပြုပြင်ပြောင်းလဲသည့် ဓါတ်ရိုက်ကုထုံး (shock therapy) မျိုး မလိုလား။ နိုင်ငံကကြီး၊ လူဦးရေကများ သော ကြောင့် သူတို့က စမ်းသပ်ကွက်သဖွယ် သတိဖြင့် ခြေတလှမ်းချင်း သွားလိုကြသည်။ ဤသို့ဖြင့် အထူးစီးပွားရေးဇုန်များ (SEZs) ကို အရှေ့ဖက် ကမ်းခြေတွင် မြေစမ်းခရမ်းပျိုး စတင် ဖွင့်လှစ်ခဲ့ကြသည်။ ရှန်ဇန်းက ထိုအချိန်က ရွာငယ်ဇနပုဒ် ကလေး၊ ယခုတော့ ရှန်ဇန်း က ဟောင်ကောင်ကို ကျော်တက်ခဲ့ပြီ။ မကြာမီ တိုကျိုကိုကျော်တက်၍ အာရှ၏ ငွေကြေး ဈေးကွက် ဗဟိုချက်မ နေရာကို ၀င်လုတော့မည်။ တရုတ် ပညာရှင်များနှင့် မိမိ တွေ့ဆုံဆွေးနွေးမှုအရ တရုတ်တို့က နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်စခန်းကို မြန်မာနိုင်ငံ၏ “အနာဂတ် ရှန်ဇန်း”ဖြစ်လာမည်ဟု တွက်ဆထားကြသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့က မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ရှေ့တန်းစခန်းများ ဖြစ်လာကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး ဗမခအောင်ထွန်း၏ အဆိုအရ အထူးစီးပွားဇုန်ဥပဒေသာ ရေးဆွဲပြီးစီးပါက သန်လျှင်ရှိ သီလ၀ါစက်မှုဇုန်နှင့် မေမြို့ (ပြင်ဦးလွင်) ရှိ ရတနာပုံ ဆိုင်ဘာစီတီကို SEZs အဖြစ် သတ်မှတ် မည်ဟု ဆိုသည်။ ကုန်သွယ်ရေးဦးစီးဌာန ညွှန်/ချုပ် ဦးမျိုးဦးကလည်း ဤနေရာများတွင် အီလက်ထရွန်နစ် ပစ္စည်းများ၊ တယ်လီ ကွန်မြူနီကေးရှင်း၊ ဆော့ဝဲယား၊ ဟဒ်ဝဲယား၊ အိုင်တီ ပစ္စည်းများ၊ ဆီမီ ကွန်ဒတ်တာများ ထုတ်မည်ဟု ဆိုခဲ့သည်။ ဤဥပဒေကိုလည်း ၂၀၀၇ နှစ်ကုန်ပိုင်းတွင် ပြဌာန်းနိုင်လိမ့်မည်ဟုလည်း ကြားခဲ့ရသည်။ တိုင်းရင်းသားလုပ်ငန်းရှင်များထံမှ အကြံရယူရန် ဆို၍လည်း ဆွေးနွေးပွဲများ လုပ်ခဲ့ကြသေးသည်။

နောက်ထပ်လျာထားသည့် စီးပွားရေးဇုန်များက မြ၀တီဇုန် (၉၅၀ ဧက)၊ ဘားအံဇုန် (၇၀၀ ဧက)၊ မော်လမြိုင်ဇုန် (၇၀၀ ဧက) နှင့် ကျောက်ဖြူဇုန် (ဧက မသိရ) တို့ဖြစ်သည်။ ကျောက်ဖြူဇုန်အတွက် မာဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း ဆောက် ရန် လျာထားပြီး တရုတ်နိုင်ငံကလည်း ကျောက်ဖြူ-ကူမင်းလမ်း (၁၉၄၃ မိုင်) ကို ဖောက်ချလာလိမ့်မည်။ ကျန်သည့် မြ၀တီ၊ ဘားအံ၊ မော်လမြိုင်ဇုန်များကလည်း ၂၀၀၄ တွင် ကျင်းပခဲ့သည့် မြန်မာ၊ ကမ်ဘောဒီးယား၊ လာအို၊ ထိုင်း ၀န်ကြီးချုပ် အဆင့် (ဧရာဝတီ-ချောင်ဖယား-မဲခေါင်ဖွံ့ဖြိုးရေး စီမံချက်အရ) သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ခြိမ့်ခြိမ့်သဲသဲ ပုဂံတွင် ပုဂံ ကြေငြာချက် (Bagan Decleration) ကိုလည်း ပြုခဲ့ကြသေးသည်။

ဤစက်မှုဇုန်များကို ကျနော် စိတ်ဝင်စား၍ ဒေသခံများကို ကျနော်မေးကြည့်မိသည်။ မည်သို့ ပြင်ဆင်ထားသည်နည်း။ “မသိ ဘူး။ စက်မှုဇုန်ဆိုပြီး ခြံခတ်မြေသိမ်းထားတာပဲ” ဟု ပြန်ပြောပြကြသည်။

သို့သော်လည်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်တို့ မရှိတော့သည့် နောက် ပိုင်း “ပုဂံကြေငြာချက်” က အသက်ရှိပါသေး၏လော မပြောတတ်။ ၂၀၀၇ ခုနှစ်သာ ကုန်ဆုံးသွားခဲ့သည်။ အထူး စီးပွားရေး ဇုန် ဥပဒေကို ကျနော် မျှော်ရင်းသာ နေရသည်။ မတွေ့ခဲ့ရ။ အသက်ရှိပါသေး၏လောဟု မေးရမည့်ကိန်း ဖြစ်နေ သည်။ အသစ် အသစ် ထပ်မံချမှတ်လာသည့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုအောက်တွင် မြန်မာနိုင်ငံမှ ထွက်ကုန်များကို မ၀ယ်ကြရန် သပိတ်မှောက်နေကြသော အခြေအနေတွင် ဤဇုန်များက အလုပ် ဖြစ်နိုင်ပါဦးမည်လောဟု မေးခွန်းထုတ် စရာ လည်း ရှိနေပြန်သည်။ ထားဦးတော့။

(၂)
ဒုတိယ အချက်က ကြက်ဆူပင် ကိစ္စဖြစ်သည်။ ခြံစည်းရိုးကြက်ဆူပင်မှသည် ဇီဝဒီဇယ် (ဘိုင်အို ဒီဇယ်) ထုတ်၍ ရသည်ဟု ပြောသည်။ မည်သည့် သုတေသနလုပ်ငန်းက တွေ့ရှိလာခဲ့သည် မသိ။ ဖြစ်တော့ ဖြစ်နိုင်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် အထူးစီမံချက်ကြီး ဖြစ်လာခဲ့သည်။ “နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စက်သုံးဆီ အစားထိုး အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတ၀ှမ်း ပြည်နယ်နှင့် တိုင်းအားလုံးတွင် ခြံစည်းရိုး ကြက်ဆူပင်များကို စိုက်ပျိုးကြရန် အမြော် အမြင်ကြီးစွာ လမ်းညွှန် မှာကြားခဲ့သည်” ဟု မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင် သောင်းဝင်းဗိုလ်က ဆောင်းပါးရေး ခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေ အထက်မြန်မာပြည် ခရီးစဉ်အတွင်း (၂၀၀၅) ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြင်ဦးလွင်သို့ ရောက်စဉ် ခြံစည်းရိုးကြက်ဆူပင် စိုက်ရန် စ၍ လမ်းညွှန်ခဲ့သည်ဟု သိရသေးသည်။ တိုင်းနှင့် ပြည်နယ်တခုတွင် ခြံစည်းရိုး ကြက်ဆူပင် ဧက ၅-သိန်းကျစီနှင့် ၃-နှစ်အတွင်း အပြီးစိုက်ရန် ညွှန်ကြားခဲ့သည်ဟု ဖတ်ရသည်။ စုစုပေါင်း နိုင်ငံ တခုလုံး ဆိုလျှင် ဧက ၇-သန်း ရှိလိမ့်မည်။ ဆီတွေ သုံးမကုန်၊ ဖောဖောသီသီ ဖြစ်ရတော့မည်။

ထိုစဉ်က ရှမ်းပြည် (မြောက်ပိုင်း) တိုင်းဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်မြင့်လှိုင်ကလည်း “အထူးစီမံချက်” အဖြစ် စိုက်ပျိုးမည်ဟု ကြွေးကြော်ခဲ့ကြောင်း သတင်းစာများတွင် ဖတ်ခဲ့ရသည်။ အမျိုးသားညီလာခံ ကြိုဆို၍လည်း ကြက်ဆူပင် စိုက်သည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းကလည်း ကြက်ဆူပင် စိုက်သည်။ ကျောင်းသားလေးများကလည်း ကြက်ဆူပင် စိုက်သလို၊ တအိမ်တယောက် ဆင့်ခေါ်၍လည်း ကြက်ဆူပင် စိုက်စေခဲ့သည်။ မြေလွတ်မြေရိုင်း မကျန်စေရ၊ ကြက်ဆူပင် စိုက်ခဲ့ကြသည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ကလည်း အနားမနေရ။ ကြက်ဆူပင် မျိုးပွား ခြံနှင့် မျိုးသန့်ဇုံများ တည်ထောင်ခဲ့ကြသည်။ အသီးများကို ကြိတ်ခွဲ၍ စက်မောင်းပြ၊ ယာဉ်မောင်းပြသည့် ပွဲများကိုလည်း သတင်းစာများတွင် အကြိမ်ကြိမ် ဖတ်ခဲ့ရပါသည်။ လယ်သမားများအဖို့ ကြက်ဆူကြိတ်ဖတ်များမှလည်း သဘာဝမြေသြဇာ အဖြစ် အသုံးချနိုင်ဦးမည်ဟုလည်း ဆိုသည်။ ဤသို့ဆိုလျှင် ဓါတ်မြေသြဇာ အတွက်ပါ သက်သာစေလိမ့်မည်။ မကောင်းပါ သလော။

ကြက်ဆူပင်က အစေ့စိုက်လျှင် ၈ လကြာလျှင် အသီးရသည်။ ကိုင်းဖြတ်စိုက်လျှင် ၆-လ သာ ကြာသည်၊ အသီးခူးနိုင်ပြီဟု လည်း ဗဟုသုတ ရခဲ့သေးသည်။ “ကြက်ဆူစိုက်လျှင် ၀င်ငွေရွှင်” “မိသားစု ၀င်ငွေတိုးဖို့ ခြံစည်းရိုး ကြက်ဆူပင် စိုက်ကြစို့” “မြေကြီးက ရွှေသီးဖို့ ခြံစည်းရိုး ကြက်ဆူပင် စိုက်ကြစို့” “အညာမြေကို ကြက်ဆူပင်ဖြင့် အလှဆင်” ဟူသော ဆောင်ပုဒ်များ လည်း ဖတ်ခဲ့ရသည်။ ကျေးလက် အိမ်ခြံစည်းရိုးများ၊ လမ်းဘေးဝဲယာ၊ ဆည်၊ ကန်၊ ချောင်း၊ မြောင်းဘေး၊ စိုက်ပျိုးကြရန် သတင်းစာဆောင်းပါးရှင် နတ်မောက်ထွန်းရှိန်က တိုက်တွန်းခဲ့သည်ကိုလည်း ဖတ်ခဲ့ရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အာဏာပိုင် အတွင်းရေးမှူးက “ခြံစည်းရိုး ကြက်ဆူပင်က ရတဲ့ ဇီဝဒီဇယ်များနဲ့ ၂၀၀၇ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကျေးရွာများ မီးလင်း စေရန် ဆောင်ရွက်နေသည်” ကိုလည်း မှတ်သားခဲ့ရသေး သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စတင်ညွှန်ကြားခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့မှ စတင်ရေတွက်လျှင် ၂-နှစ် ကျော် ခဲ့ပြီ။ (၂၀၀၈) ထဲသို့ပင် ရောက်နေခဲ့ပေပြီ။ ကျနော်တွက်ဆချက်အရတော့ ရှမ်းပြည် မြောက်ပိုင်းဒေသ ကျေးရွာ များတွင် ကြက်ဆူဆီဖြင့် မီးလင်းနေကြလိမ့်မည်။ ဧက (၇) သန်း မပြည့်သေးသော်လည်း စိုက်ပျိုးထားသမျှ အထူး စီမံချက် အခင်း များမှ ကြက်ဆူဘိုင်အို ဒီဇယ်များလည်း လှိုင်လှိုင်ထွက်နေတော့မည်။ ပြည်ပသို့ တင်ပို့လျှင်ပင် ရဦးမည့် အခြေ အနေ။ ကျေးရွာလူထုများသည်လည်း ကြက်ဆူပင်မှ ၀င်ငွေကြောင့် သားရှင်ပြု၊ အလှူအတန်း ဝေေ၀ဆာဆာ ရှိခြိမ့်မည်။ သို့သော် ကျနော် အနေဝေးသောကြောင့် ဖြစ်မည်၊ ဤသို့ ကျနော် မျှော်မှန်းထားခဲ့သည့် သတင်းမျိုး မကြားရသေးပါ။ သတင်းစာ များတွင် ကြက်ဆူပင်ထွက်ကုန်ကြောင့် ၀င်ငွေ စသဖြင့် ရလဒ်များကို စာရင်းကိန်းဂဏန်းများ မတွေ့ရသေးပါ။ ပြည်သူအများ၊ ကျေးရွာလူထုအများကလည်း ကြက်ဆူဆီသူဌေးအဖြစ် ပေါ်ထွက်လာသည်ကို မမြင်ကြရသေးပါ။ တခုခု တော့ လွဲနေသည် ထင်သည်။

ကျနော် မယုံကြည်ရဲ ဖြစ်နေပါသည်။ စာရင်းဇယား၊ ကိန်းဂဏန်းများ သိရလျှင်ဖြင့် ကောင်းလိမ့်မည်။ သို့သော်လည်း သိပ် မျှော်လင့် မထားရဲပါ။ ၎င်းစီမံကိန်းထက် ပိုစောသော ရေနက်ကွင်း စပါးစီမံချက်ရလဒ်များကိုလည်း ကျနော်တို့ မသိကြရ သေးသောကြောင့် ဖြစ်ပါတော့သည်။

အောင်သူငြိမ်း

ဤဆောင်းပါးကို မဇ္ဈိမအွန်လိုင်းသတင်းဌာနတွင်လည်း ဖော်ပြထားပါသည်။

အကိုးအကား
1. Weekly Eleven Journal, August 15, 2007
2. The Voice Journal, July 9, 2007
3. မြန်မာ့ဓန၊ July 2007
4. Living Color Magazine, November 2006
5. Living Color Magazine, January 2007
6. Living Color Magazine, July 2007
7. နတ်မောက်ထွန်းရှိန်၊ တောင်သူလယ်သမားများဘ၀ သာယာလှပဖို့ ခြံစည်းရိုး ကြက်ဆူပင်ကို တိုးချဲ့စိုက်ပျိုးကြပါစို့။ (ဆောင်းပါး) ဇန် ၁၇၊ ၂၀၀၇ မြန်မာ့အလင်း သတင်းစာ။
8. သောင်းဝင်းဗိုလ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခြံစည်းရိုး ကြက်ဆူပင် တိုးချဲ့စိုက်ပျိုးပေး (ဆောင်းပါး) ဖေ ၂၊ ၂၀၀၇၊ မြန်မာ့အလင်းသတင်းစာ။

1 comment:

pandora said...

အခုနောက်ဆုံး နေကြာပင်တွေ စိုက်ခိုင်းနေတယ်ဗျ

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.