မြ
က်ခင်းပြင်စိမ်းကား မျက်စေ့တဆုံး ကျယ်ပြောလှသည်။ ထိုဒေသသည် သဘာဝအားဖြင့် သစ်ကြီးဝါးကြီး ပေါက်ရောက် သော နေရာမဟုတ်။ သို့သော်မြက်ခင်းစိမ်းတို့၏ အကျိုးကြောင့် သိုးများ၊ ဆိတ်များ၊ မြင်းများ၊ ကုလားအုပ်များ အတွက် ကတော့ ထိပ်တန်းစား ကျက်ကောင်းဖြစ်သည်။ ထိုမြက်ခင်းစိမ်းစိမ်း လွင်ပြင်ကို အင်္ဂလိပ်စကားဖြင့် Grassland ဟုလည်း သမုတ် ကြသည်။
ဤအရပ်သည် တရုတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိ၍ အင်းနားမွန်ဂိုလီးယား Inner Mongolia ဟုလည်း အမည်တွင် သည်။ ပင်မဂိုဘီ သဲကန္တရကြီး၏ တောင်ဖက်တွင် ကပ်လျက်တည်ရှိသည်။ ရှေးယခင်နှစ်ပေါင်းများစွာက ထိုဒေသရှိ လူများသည် မြက်ခင်းလွင်ပြင်အတွင်း အုပ်စုလိုက်လှည့်လည် သွားလာနေထိုင်ရင်း တိရိစ္ဆာန်မွေးမြူရေးဖြင့် အသက်မွေး ၀မ်းကြောင်း ခဲ့ကြသည်။ ထိုမြက်ခင်းလွင်ပြင်သည် အရှေ့အနောက် တောင်မြောက် ဘယ်ကိုကြည့်ကြည့် စိမ်းလန်းနေသည်။ သို့သော် ဤရှု့ခင်းကား လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့်က မြင်ကွင်းသာဖြစ်သည်။
ထိုဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် လယ်ယာမြေများအဖြစ် အသွင်ပြောင်းခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့်မှ စတင်ခဲ့သည်။ အဲသည့်အချိန်က တရုတ်အစိုးရသည် လယ်သမားများအား မြောက်ပိုင်း တရုတ်ပြည် မြက်ခင်း လွင်ပြင် များတွင် လယ်ယာမြေအသစ်များ ဖော်ထုတ်ရန် အထူးအားပေးခဲ့သည်။ နေကြာ၊ အာလူး၊ ဂျုံစသည်တို့ အထူးပြု စိုက်ပျိုးသည်။ အချို့နေရာများတွင် စပါးလည်းစိုက်သည်။ မြက်ခင်းလွင်ပြင်အတွင်း လှည့်လည် နေထိုင်သူ လူအုပ်စုများသည် နေရာတခုတွင် အခြေခြနေထိုင်သော လယ်သမားများ ဖြစ်လာခဲ့ကြသည်။
ကနဦးတွင် ထိုလယ်ယာမြေအသစ်များမှ ရရှိသောအကျိုးကျေးဇူးသည် ဒေသခံများအတွက် သာမက နောက်ထပ် ၀င်ရောက် လာသော အခြားဒေသမှ လယ်သမားများအတွက်ပါ စီးပွားရေးဖြစ်ထွန်းစေခဲ့သည်။ အားလုံးပျော်တပြုံးပြုံး ရှိခဲ့ကြသည်။ သို့သော် ထိုရွှေခေတ်သည် ကြာကြာ မတည်တန့်။ နောက်ဆက်တွဲ ဆိုးကျိုးများ ကပ်၍လိုက်ပါလာ သောကြောင့်ပင်။
မြက်ခင်းလွင်ပြင်တွင် ရွာသွန်းသော မိုးရေချိန်နှင့် ဆောင်းတွင်နှင်းကျ၍ နွေတွင်ပျော်ဝင်သွားသည့် နှင်းရည်များသည် ထိုမြက်ခင်း လွင်ပြင် ဆက်လက်စိမ်းလန်း ရှင်သန်တည်ရှိနေရန်အတွက် လုံလောက်သည်။ သစ်ကြီးဝါးကြီးများ ပေါက် ရောက်ရန်အထိ ရွာသွန်းခြင်းမရှိ။ ထို့အတွက် မြက်ခင်းလွင်ပြင်ဒေသ၏ သဘာဝသည် ကျွဲ နွား၊ သိုးဆိတ်၊ ကုလား အုပ်များ မွေးမြူရန်အတွက်သာ သင့်တော်သည်။ တိတိကျကျ ဆိုရပါက ထိုမြက်ခင်းလွင်ပြင်သည် မွေးမြူရေးအတွက် အကောင်းစား စားကျက်မြေများ ဖြစ်သည်။ သို့သော် ရေရှည်အတွက် အကောင်းစား လယ်ယာမြေများ မဟုတ်။
ယခင်က မြက်ခင်းစိမ်းလွင်ပြင်သည် ယခုအခါ ဘယ်ဖက်ကိုကြည့်ကြည့် လယ်ကွင်းများ အဖြစ် ပြောင်းလဲ လာခဲ့ပြီဖြစ် သည်။ ထိုမြက်ခင်းလွင်ပြင်ပေါ်၌ စိုက်ပျိုးရေး ချဲ့ထွင် လုပ်ကိုင်လာသောကြောင့် သဘာဝအရရွာသွန်းသော မိုးရေချိန် သည် မလုံ လောက်တော့။ ရေပမာဏ ပိုမိုလိုအပ်လာခဲသည်။ ထို့အတွက် လိုအပ်သောရေ ပမာဏရရှိဖို့ ပထမဦး ဆုံး လုပ်ရသည် ကတော့ သဘာဝအရတည်ရှိနေသော မြေပေါ်ရေ surface water ကိုစတင်သုံးစွဲရတော့သည်။
မြောက်များလှစွာသော လယ်ယာမြေများအတွက် ရေကလိုသည်ကိုး။ ထို့အတွက် မြေပေါ်ရေကို အလွန်အကျွံ သုံးစွဲ ခဲ့ရသည်။ ထို့ကြောင့်နှစ်စဉ် ရွာသွန်းသောမိုးနှင့် ကျဆင်းသောနှင်း တို့သည် ထိုရေကန်၊ ရေအိုင်ကြီးများကို ကုန်ဆုံး သွားသောရေ အတွက် ပြန်လည် ဖြည့်တင်းရန် အလျင်မမှီတော့။ အကျိုးဆက်ကတော့ နောက်အနှစ်ငါးဆယ် ကြာမြင့် သောအခါ ထိုမြက်ခင်းလွင်ပြင်ဒေသရှိ သဘာဝရေအိုင်ကြီး (၈၀၀) အနက် (၆၀၀) ခန့်ခန်းခြောက်၍ ရေအိုင်အငယ်စား (၂၀၀) ခန့် လောက်သာ လက်ရှိတွင် ကျန်ရှိနေတော့သည်။ ပျောက်ကွယ် ခမ်းခြောက်သွားသော အချို့ ရေအိုင်ကြီးများ ဆိုလျှင် ကြီးမား ကျယ်ပြန့် လွန်းသောကြောင့် ကုန်းတွင်းပင်လယ်ဟုပင် ဟိုတုံးကတင်စားခဲ့ရသည်။
မြေပေါ်ရေ ရှားပါးလာသောကြောင့် လယ်သမားများအနေဖြင့် မြေအောက်ရေ Ground water ကို အားထား၍ ဆက်လက် စိုက်ပျိုး နေခဲ့ကြသည်။ မြန်မာလိုပြောရပါက အ၀ီစီတွင်းများ တူးဖေါ်၍ လယ်ယာမြေများကို ရေပေးရခြင်း ဖြစ်သည်။ အ၀ီစီတွင်းများ နေရာအနှံ့တူးဖော်လာခဲ့ပြီး သုံးစွဲသည့် ရေပမာဏမှာလည်း ကြီးမားလှသည်။ မြေအောက်ရေကို ရှာဖွေ တူးဖော်ရာတွင် မူလက အနက်မီတာ (၂၀) ခန့်တွင်တူးဖော်ရရှိနိုင်ခဲ့သော်လည်း ယခုအခါတွင် မီတာ (၈၀) ခန့်အနက်တူးမှ ရေထွက်တော့သည်။ သို့သော် အဆင်ပြေပြီလား ဆိုပြန်တော့လည်း ရေတွင်အငံဓာတ် ကဲနေသည်။ ပင်လယ်ရေလောက် အငံဓာတ်မများသောကြောင့် လတ်တလောအားဖြင့် လယ်ယာစိုက်ပျိုးရေးအ တွက် ဆက်လက် သုံးစွဲနိုင်သေးသော်လည်း သောက်သုံးရန်မဖြစ်နိုင်။ အစားအသောက် ချက်ပြုတ်ရန်အတွက်လည်း အသုံးမ၀င်။ တဖက်တွင်လည်း အငံဓာတ် ကဲနေ သောကြောင့် ရေရှည်တွင် လယ်ယာမြေများ ဆုတ်ယုတ်ပျက်သုံး ခြင်းနှင့် တဖြည်းဖြည်း ရင်ဆိုင်လာရသည်။
ထိုမြက်ခင်းလွင်ပြင်တွင် ရွာသွန်းသောမိုးရေ ပမာဏသည် မြက်ခင်းလွင်ပြင်ရှင်သန်ခြင်းအတွက်သာ ဖြစ်သည်။ စားကျက်မြေ အဖြစ် အသုံးဝင်သော်လည်း စိုက်ပျိုးရေးလုပ်သောအခါ လိုအပ်သောရေပမာဏ များပြားလာခြင်းသည် အနာဂတ် အတွက် ပြဿနာ ဖြစ်ရတော့သည်။
ယခုအချိန်တွင် မြေအောက်မှ ရေကောင်းရေသန့် ထွက်နှုန်းကလည်း ကျဆင်းရှားပါးလာသောကြောင့် စိုက်ပျိုးရေး အတွက် ရေကောင်းပိုအပ်လာသည်။ ထို့အတွက် ဆောင်းတွင်းတွင် ရရှိလာသော နှင်းခဲများ အရည်ပျော်သည့် အချိန်ကို စောင့်ဆိုင်း ကာ သတ်မှတ်ထားသော နှင်းအရည်ပျော်သည့် အချိန်တွင် လယ်ယာမြေများအတွက် ရေရရှိရန် ဆောင်ရွက်ကြရသည်။ ဆည်အသေးစားများ တည်ဆောက်ကာ နှင်းရေပျော်သည်ကို စုဆောင်းရသည်။ သို့သော် ထိုကဲ့သို့သော နှင်းရည်ပျော် သည် ကို ဆည်ခံသောစနစ်သည် ရေရှည်ပြဿနာကို မရှင်းနိုင်ဟု တရုတ်ကျွမ်းကျင်သူ ပညာရှင်များက တွက်ချက်ပြသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာကြီးပူနွေးလာသော အကျိုးဆက်အဖြစ် နှင်းကလည်း နှစ်တိုင်းမှန်မှန် မကျ၍ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေး ကျဆင်းလာသောကြောင့် နောက်ထပ် အကျိုးဆက်အဖြစ် ထိုမြောက်ပိုင်းဒေသမှ လူငယ် လူရွယ်များ သူတို့ဒေသများကို စွန့်ခွာ၍ မြို့ကြီးများတွင် သွားရောက် အလုပ်အကိုင် ရှာဖွေကြသည်။ အထူးသဖြင့် ရှန်ဟိုင်း စက်မှုဇုန်လို မြို့ကြီးများသို့ စွန့်စားသွားရောက်ကြရသည်။ ထို့အတွက် လူငယ်လူဦးရေ လျှော့ပါးလာခြင်းကို ရင်ဆိုင်နေရသည်။ နောင်နှစ် အနည်းငယ်ကြာလျှင် လက်ရှိလယ်ယာများ လုပ်ကိုင်မည့်သူ မရှိတော့၍ ဖုံးဆိုးမြေဖြစ်ခြင်းကို ရင်ဆိုင်ရတော့မည်။
နောက်ထပ်ဆိုးကျိုးတခုကတော့ သဲမုန်တိုင်းတိုက်ခတ်မှုကလည်း ထိုဒေသအတွင်း ပိုမိုအကြိမ်ရေ စိပ်လာသည်။ ယခု အခါမြောက်ပိုင်းတွင် မြက်ခင်းစိမ်းများ ပျောက်ကွယ်၍ သဲအတိ ဖုံးလွှမ်းခံရသော မြေအကျယ်ပမာဏမှာ (၃၈၀, ၀၀၀) စတုရန်း ကီလိုမီတာဖြစ် သည်။ သဲကန္တရအတိဖြစ်သွားခြင်းပင်။ ကျန်သည့်နေရာများကား အကောင်းတိုင်း ကျန်ရစ်ခဲ့သည် မဟုတ် တ၀က်တပျက် သဲကန္တရအဖြစ် အသွင်ကူးပြောင်းလာနေသည်။
ထိုဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀၀) ကထွန်းကားခဲ့သော လူးလမ်ယဉ်ကျေးမှု တည်ရှိရာ လူးလမ်ရှေးဟောင်း မြို့တော် သည် သဲကန္တရအတွင်းမှ ပြတိုက်သဖွယ်တည်ရှိခဲ့သော်လည်း ယခုအခါ ထိုမြို့ဟောင်းတခုလုံး သဲများဖုံးလွှမ်း နေသည်ကိုသာ မြင်ရသည်။ ထိုအချိန်က လူးလမ်ယဉ်ကျေးမှု ပျက်သုံးခဲ့ခြင်းသည် ရန်သူများ ၀င်ရောက်တိုက်ခိုက် ခြင်းကြောင့် မဟုတ်။ မြို့တော်ကြီးမားလာပြီး လူဦးရေထူထပ်လာခြင်းကြောင့် ရေရှားပါးမှုကိုရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် နောက်ဆုံး လူးလမ်ကို စွန့်ခွါ၍ ရေကြည်ရာမြက်နုရာသို့ လူများပြန့်ကျဲသွားခဲ့ ခြင်းဖြစ်သည်ကို တရုတ် ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်အထိ လူးလမ်မြို့ဟောင်းသည် မူလအတိုင်းတည်ရှိနေခဲ့ သေးသည်။ သို့သော်ယခုအခါ သဲများအကြားမှ ထိုးထွက်နေသော ငုတ်တိုင်ဟောင်းများကိုသာ တွေ့ရတော့သည်။
မြောက်ပိုင်း မြက်ခွင်းလွင်ပြင်မှ အသက် ၄၃ နှစ်အရွယ်ရှိ ဒေသခံ တရုတ်ကျောင်းဆရာတဦး၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်အထိ သူတို့ဒေသတွင် အချို့နေရာများသည် မြက်ခင်းပြင်များဖြင့် စိမ်းလမ်းနေသေးသည်။ ချောင်းမြောင်း ငယ်လေးများ ဟိုမှာသည်မှာ စီးဆင်းနေခဲ့သည်။ ပန်းရိုင်းများလည်း လွင်ပြင်တလျောက် ရှိနေခဲ့သည်။ မြင်းရိုင်းများ၊ ကုလားအုပ်များ ဟိုဟိုသည်သည် လမ်းသလားနေကြသည်။ ထိုအရာများ ယခုအားလုံး ကွယ်ပျောက် ကုန်ပြီ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ချောင်းငယ်များသည်လည်း သဲချောင်းများအဖြစ်သို့ ရောက်ရှိကုန်ပြီ ဖြစ်သည်။ ပန်းတပင်နှင့် ပန်းတပွင့် ကိုတောင် အခုအခါ မြင်ရန်မလွယ်တော့ကြောင်း ၀မ်းနည်းဖွယ် ရှင်းပြခဲ့သည်။ အသက်နှစ် ဆယ်အောက် လူငယ်များ အနေဖြင့် မိမိတို့အရပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) က စိမ်းလမ်းသော မြက်ခင်းများနှင့် သာယာ ခဲ့သည်ဟု ပြောလျင် ထိုလူငယ်တို့အဖို့ ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
ယခုအခါ တရုတ်နိုင်ငံ တနိုင်ငံလုံး၏ လေးပုံတပုံသည် သဲကန္တရ အဖြစ်ရောက်ရှိနေပြီဖြစ်သည်။ သဲမုန်တိုင်းဒဏ်ကို မြောက်ပိုင်းဒေသများတွင် အဆိုးဆုံး ခံနေရသည်။ သဲမုန်တိုင်းများ ဆိုးကျိုးကတော့ နေရာတော်တော်များများအား သဲများပို့စေ၍ သဲမြေပြင်များအဖြစ်အသွင် ကူးပြောင်းလာခြင်းပင်ဖြစ်သည်။
ယခုအခါ ပီကင်းမြို့တော်သည်လည်း သဲမုန်တိုင်းဒဏ်ကို မကြာခဏ ခံစားနေရသည်။ ဂိုဘီသဲကန္တရသည် တစတစပို ၍ ကျယ်ပြန့်လာနေသည်။ ဂိုဘီသဲကန္တရ၏အစပ် (သို့မဟုတ်) တ၀က်တပျက် သဲကန္တရသည် ယခုအခါ ပီကင်းမြို့တော်နှင့် ကီလိုမီတာ (၇၀) ခန့်သာ ဝေးတော့သည်ကိုလည်း တွေ့ရပေတော့သည်။ ၂၀၀၈ တရုတ်အိုလံပစ် ပွဲတော်သည် ကောင်းကင်ပြာနှင့် ကြည်လင်စေရမည်ဟု တရုတ်အာဏာပိုင်များကဆိုသည်။ ထို့အတွက် အိုလံပစ်ပွဲတော်မတိုင်မီ လေထုညစ်ညမ်း စေသည့် စက်ရုံများကို ခေတ္တပိတ်ထားမည်ဟုလည်း ဆို၏။ သို့သော် သဲမုန်တိုင်းကို ဘယ်လိုတား မည်နည်း။
မြောက်ပိုင်းမြက်ခင်းလွင်ပြင်ဒေသကို လယ်ယာမြေများဖြင့် တိုးတက်ဖွံ့ဖြိုး စိမ်းလမ်းလို၍ ဆောင်ရွက်ခဲ့သော အမှားသည် အစိမ်းမှလွန်သောအခါ ယခုသဲကန္တရအဖြစ် အသွင်ကူးပြောင်းလာရုံမက ကျန်သည့်ဒေသများကိုပါ ခြိမ်းခြောက် လာနေ တော့သည်။
တဖက်တွင် ထိုကဲ့သို့ အစားထိုးမရအောင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းကို တရုတ်အစိုးရက ကျွမ်းကျင်သူ ပညာရှင်များကို အသုံးပြု၍ သုတေသနပြုလုပ်ခါ မည်သို့မည်ပုံကာကွယ် တားဆီးမည်ဆိုသည်ကို လုပ်ကိုင် ဆောင်ရွက် နေသည်။ နိုင်ငံတကာက လေ့လာသူများကိုလည်း ၀င်ရောက်ပါဝင် လေ့လာခွင့်ပေးသည်။ ထိုအဖြစ်အပျက် များကို ဖုံးကွယ် မထား။ ကောင်းသည့်အချက်ဖြစ်သည်။
အီသီရိုပီးယားနိုင်ငံတွင် သဘာဝအတိုင်းရှိနေသည့် စားကျက်မြေများကို စိုက်ပျိုးရေးအတွက်လယ်ယာမြေနှင့် နိုင်ငံ ခြား တိုးရစ် များ လှည့်လည်ကြည့်ရန် သဘာဝတောရိုင်းဥယျဉ်အဖြစ် အသွင်ပြောင်းလိုက်သောကြောင့် နောက်ဆက် တွဲ ဖြစ်ရ သည့် လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး ပြဿနာများမှာ ကြီးမားလှသည်။ ဤအကြောင်းကို ထပ်မံ၍သတ်သတ် ဆက်လက် ရေးသားဖေါ်ပြပါမည်။ ခေတ်မှီတိုးတက် ဖွံ့ဖြိုးလိုသည့် လောဘကြောင့် နောက်ဆက်တွဲ ခံစားရသည့် ဆိုးဝါးသည့် အကျိုး ဆက်များ အကြောင်းဖြစ်သည်။
မြန်မာနိုင်ငံက အစိုးရလုပ်သူများသည် သူများမှားခဲ့သည်များကို သင်ခန်းစာယူ၍ မိမိတို့တိုင်းပြည် မနစ်နာရလေအောင် ဆောင်ရွက် သင့်သည်။ သို့သော် သူတို့သည် ဘာသင်ခန်းစာမှ ယူဟန်မတူ။ ထို့အတွက် နိုင်ငံခြား ကုမ္ပဏီများကို ကန်ထရိုက် များ ချပေးကာ စိုက်ပျိုးရေးအတွက် မြေအသစ်ထွင်ယူမှုများ ပြုလုပ်နေသည်။ တနင်္သာရီတိုင်း အတွင်းတွင် လွန်ခဲ့သည့် သုံးနှစ် လောက်မှစ၍ ထိုင်းကုမ္ပဏီများကို ဆီအုန်းစိုက်ပျိုးရန် သစ်တောမြေရိုင်း ဧကပေါင်း ခွန်နှစ်သိန်းကျော် ကို ချပေး လိုက်သည်။ သစ်တောဧက ခွန်နှစ်သိန်း ကြေပြုန်းလေပြီ။
တခါ စင်္ကာပူမှ ကုမ္ပဏီတခုအား ကြက်ဆူပင်များ စိုက်ရန်လည်း ခွင့်ပေးလိုက်ပြန်သည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ကဘော် ချိုင့်ဝှမ်းတွင်လည်း နိုင်ငံခြားကုမ္ပဏီများ လက်ချက်ကြောင့် ကမ္ဘာတွင် နောက်ဆုံးကျန်နေသည်ဟု ပြောရန်ရှိ သော အကြီး မားဆုံး သစ်မာတောကြီးလည်း ပြိုလဲကုန်ပြီဖြစ်သည်။ ဒါတွင်မကသေး သံလွင်မြစ်ကို ဆည်ပိတ်၍ ထိုင်း နိုင်ငံအား ရေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချရန် စီစဉ်နေသည်။ ဧရာဝတီ၏ မြစ်ဖျားကိုလည်း ဆည်ပိတ်၍ တရုတ်နိုင်ငံအား စွမ်းအင်ရောင်းချရန် ပြင်ဆင် နေသည်။ မကြာခင်အတွင်း မြန်မာပြည်သည်လည်း ကုန်းချောက်ချောက် မြေဖြစ်ဖို့သာ ရှိတော့ သည်။ သတိတမံ ဉာဏ်မြေကတုတ်ဟု ရှေးလူများဆိုခဲ့သည်။ သတိထား။ မြန်မာပြည်သည် တရုတ်ပြည်လောက်မကြီးမား မကျယ်ပြန့်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၆၊ ၁၊ ၂၀၀၈
Thursday, January 24, 2008
အစိမ်းကိုလွန်သော်
Posted by ရွက်မွန် at 8:37 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment