ရွက်မွန်စာမျက်နှာ

Monday, February 25, 2008

၁၉၉၀ ပြည့် စိတ်ဓာတ်ကို နောက်တကြိမ် မြင်တွေ့ကြရဦးတော့မည်

ကျ
နော့်အနေနှင့်သာဆိုလျှင် ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံး တို့၏အကြား၌ “အကြံပြုစာပုံး” တပုံးကိုပါ ယှဉ်တွဲ၍ ထားလိုက်စေ ချင် သေးတော့သည်။ ဗိုလ်ချုပ် (၁၀၀) လောက် ခေါင်းခဲအောင်စဉ်းစားနေရသည့် အကျပ်အတည်းကို သန်း (၅၀) မျှသော ပြည်သူများက ရိုးရှင်းစွာ ဖြင့် ၀ိုင်းဝန်းစဉ်းစားပေးကြပါလိမ့်မည်။ သို့မှသာ လူထု၏ တကဲ့ဆန္ဒအစစ်အမှန်ကိုလည်း ရရှိနိုင်ပါ လိမ့်မည်။ တိုင်းပြည်ကောင်းစားရေးအတွက် သန်းနှင့်ချီသည့် အကြံပြုစာများကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည်၏ တကဲ့ အခြေအနေမှာ လူထု၏ ဆန္ဒတခုတည်းကို ခံယူရုံမျှဖြင့် အလုံးစုံပြည့်စုံပြီဟု မဆိုသာ။ လူထု၏ အမြင်၊ လူထု၏ သဘောထား တို့ကို ရယူရုံမျှမက၊ လူထု၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိပါမှသာ ပြီးပြည့်စုံနိုင်မည်ဟု ထင်မိသည်။

လူအများကြားတွင် လာမည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ခံစားချက် (၁) ခုနှင့် အယူအဆ (၂) ခု တပြိုင်တည်း ဖြစ်ပေါ် နေသည်ကို တွေ့ရှိရပါသည်။ ခံစားချက်(၁)ခု ဆိုသည်မှာ စစ်အစိုးရက စိဉ္စမာနဉာဏ်ကိုသုံး၍ အကောက်ကြံဦး တော့မည် ဆိုသည်ကို ဒက်ကနဲသိ၍ ကြိတ်မနိုင်ခဲမရ ဒေါသသင့်ကြရခြင်းဖြစ်ပါသည်။ အယူအဆ(၂) ခုမှာ တခုက ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ “လုံးဝမသွားဘဲနေခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းဖြစ်ပါသည်။ အခြားတခုမှာ ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ သွား၍ “ကန့်ကွက်မဲပေးကြခြင်း”ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့်နည်းလမ်းဖြစ်ပါသည်။

ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ လုံးဝမသွားဘဲနေခြင်းဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းကို ဦးစွာဆွေးနွေးလိုပါသည်။ ဤနည်းအတိုင်းဆိုပါက လူထုသည် စစ်အစိုးရကို ဗြောင်ဆန့်ကျင်ရမည့်သဘော (တနည်း) ထိပ်တိုက်ရင်ဆိုင်ရမည့် သဘော သက်ရောက်နေမည်လားဟု မဆိုနိုင်။ ပြည်တွင်းမှ မိတ်ဆွေတဦး၏အဆိုအရ လုံးဝမသွားဘဲနေပါက စစ်အစိုးရ၏ ဆင်ကွက် ထဲသို့ ၀င်သွားပေလိမ့်မည်၊ သူ့လူများချည်းမဲပေး၍ ဤမဲများဖြင့် အတည်ပြုသွားလိမ့်မည်ဟူသည့် သဘောမျိုး ဖော်ပြထား ပါသည်။ သူထောက်ပြထားပုံက ဤအတိုင်းပင် ဖြစ်ကိုဖြစ်လိမ့်မည်ဟု ပြောရမလောက်အောင် ထောင့်စေ့လွန်း နေသည်ကို တွေ့ရှိရသည်မှာ “ဘ၀က အသိကို ပြဌာန်းသည်”ဟု ဆိုရမည်လောမပြောတတ်။

ကျနော်က နည်းနည်းဖြည့်၍ ဆွေးနွေးလိုပါသည်။ (၁) လူထုအနေဖြင့် လုံးဝမသွားဘဲ နေမည်ဆိုပါက မုချပင် စစ်တပ်နှင့် ထိပ်တိုက်တွေ့ရပါလိမ့်မည်။ ကျနော့်အထင် လူထုအနေဖြင့် (ယခုလောလောဆယ်) ဤလို ထိပ်တိုက်တွေ့မည့် နည်းလမ်း မျိုး ထက် သူတို့၏ တကဲ့ဆန္ဒကိုလည်း ဖော်ပြနိုင်မည့်၊ အန္တရာယ်လည်းနည်းမည့် နည်းလမ်းမျိုးကို ရွေးချယ်ကြလိမ့်မည်ဟု ထင်ပါ သည်။ တပွဲတိုက်၍ တတပ်လုံးပြုတ်မည့်နည်းလမ်းမျိုးဖြင့် အကျိုးမရှိနိုင်ဟူသည်ကို တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝ သည့် လူထု က သိနှင့်နေပြီးဖြစ်ပေလိမ့်မည်။ (၂) လုံးဝမသွားဘဲနေခြင်းကြောင့် စကတည်းက မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ဘာသာ ပစ်ပယ်လိုက်ရာရောက်ပေလိမ့်မည်။ ဤသို့ပစ်ပယ်လိုက်ခြင်းကြောင့် တဘက်လူဘာလုပ်လုပ် လုပ်သမျှ အကြုံးဝင်သွား ပေ လိမ့်မည်။ (၃) ဘက်တဘက်တည်းကို ပုံအပ်လိုက်သလိုဖြစ်သွားခြင်းကြောင့် မှန်ကန်မှုနှင့် တရားမျှတမှု ရှိ/မရှိ စစ်ဆေးနိုင် ခွင့်ကိုလည်း ဆုံးရှုံးသွားနိုင်ပါသည်။ (ဆိုလိုသည်မှာ ဤဆန္ဒခံယူပွဲကို လွတ်လပ်မှုရှိ/မရှိ၊ တရားမျှတမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး နိုင်မည့် တတိယအင်အားစု (နိုင်ငံတကာဖြစ်စေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ဖြစ်စေ) တစုစု၏ ပါဝင်နိုင်မှုကို မရရှိနိုင် တော့ခြင်းဖြစ်ပါသည်။) (၄) ဤအမြင်အတိုင်း မဲရုံသို့မသွားကြရန် လှုံ့ဆော်/တောင်းဆိုသော်လည်း လူထုအနေဖြင့် မတတ် သာသဖြင့် မသွားမဖြစ်သွားကြရသည်ဆိုပါစို့။ ဤလှုံ့ဆော်မှု၊ ဤတောင်းဆိုမှုသည် စကတည်းက အရေးနိမ့်ရပေလိမ့်မည်။ (လူထုအဖို့ အလွယ်တကူ လိုက်ပါလုပ်ဆောင်ရန် ခက်ခဲသည့်နည်းလမ်းများသည် မသေချာလှ)

ဒုတိယအမြင်ဖြစ်သည့် မဲရုံသို့သွား၍ ကန့်ကွက်မဲထည့်သည့်နည်းလမ်းကို ဆက်လက်ဆွေးနွေးလိုပါသည်။ (၁) ဤနည်း ဖြင့် လူထုကို အန္တရာယ်နည်းစေပါသည်။ လူတိုင်းလူတိုင်း အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်ပါသည်။ (၂) လူထု အနေဖြင့် မိမိတို့ဆန္ဒကို မိမိတို့ဘာသာ ဖော်ပြနိုင်ခွင့် အခွင့်အလမ်း (တနည်း) မိမိတို့၏အခန်းကဏ္ဍကို မိမိတို့ရရှိနိုင်မည် ဖြစ်ပါသည်။ (၃) တရားမျှတမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးမည့် တတိယအင်အားစုတစု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ရရှိနိုင် ပါသည်။ (၄) လူထုအနေဖြင့် ကန့်ကွက်မဲထည့်ပြီးပါက “ငါတို့တိုင်းပြည်အတွက် ငါတို့တတ်နိုင်တဲ့ ဘက်ကနေ ငါတို့ လုပ်ခဲ့ ကြတယ်” ဟူ သည့် မိမိတို့ကိုယ်မိမိတို့၊ မိမိတို့၏အခန်းကဏ္ဍကိုမိမိတို့ ယုံကြည်မှုမျိုး ရရှိနိုင်ကြပါလိမ့်မည်။ (၅) လူထုသည် အဆုံးအဖြတ် အခန်းမှ ပါဝင်ခွင့်ရရှိကြသည့်အလျောက် ဆုံးဖြတ်နိုင်စွမ်းလည်းရှိကြသည်ဟူသည့်အချက်ကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်ကြတွေ့ကြရပေလိမ့်မည်။ (“၁၉၉၀ ပြည့် စိတ်ဓာတ်”ကို မျိုးဆက်သစ်များအကြားတွင် အခိုင်အမာ စိုက်ထူနိုင်လိုက်ခြင်းဟု ဆိုချင်သည်)

အထက်၌ မတူသည့် အမြင်(၂) ခုကို တင်ပြခဲ့ပြီးပါပြီ။ ယခု ထပ်မံတင်ပြလိုသည်မှာ ကျနော်တို့အနေဖြင့် လူထု၏ ပကတိ အခြေ အနေအမှန်ကို တိတိကျကျသိရှိအောင် ချဉ်းကပ်လေ့လာကြည့်ရှုကြရန်ဖြစ်ပါသည်။ လောလောဆယ်၌ လူထုသည် (၂)ခုအနက် (၁)ခုကို မလွဲမသွေ ရွေးချယ်ကြရမည့် နယ်နိမိတ်မျဉ်းပေါ်တွင် ရောက်ရှိနေပါသည်။ ဤအခြေအနေမျိုးကို ယခုမှ နဖူးတွေ့ဒူးတွေ့ ကြုံဖူးကြသည်တော့မဟုတ်။ ကြီးကြီးမားမားတကြိမ် (၁၉၉၀ ပြည့်ရွေးကောက်ပွဲ)နှင့် အကြိမ်ငယ် ငယ်များ (နေပူခံ ဆန္ဒ ဖော်ထုတ်ပွဲများ) အခါခါ ကြုံဖူးခဲ့ကြပြီးပေပြီ။ ဘယ်အချိန်၌ ဘာလုပ်ရမည်ကို ဆင်ခြင်တုံတရားရှိစွာ ခွဲခြားသိ၍ သိသည့်အတိုင်းလည်း မှန်မှန်ကန်ကန် ရွေးချယ်လုပ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာပြည်သူများကို စစ်အစိုးရ ကိုယ်တိုင်ပင် အထင်မသေးဝံ့။ လျှော့မတွက်ရဲ။ သွေးတိုးစမ်းကြည့်သမျှတိုင်းလည်း ခံခဲ့ရသည်ချည်းပင်။

သို့သော်ငြား မသွားဘဲနေ၍ မရသည့် လက်ငင်းခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများကလည်း ရှိနေကြပါသည်။ ဤခြိမ်း ခြောက် မှု များနှင့် အကျပ်ကိုင်မှုများသည် လူထုနှင့် စစ်အစိုးရအကြား နှစ်ပဋိစ္ဆေဒကြာမြင့်စွာ တည်ရှိနေခဲ့သည့် နှောင်ကြိုး တချောင်းဟု ဆိုမည်ဆိုက ဆိုနိုင်မည်ထင်ပါသည်။ Domestic Violence “အိမ်တွင်းအကြမ်းဖက်မှု”ဟု သုံးနှုန်းလေ့ရှိကြ သည့် မိသားစုတွင်း အကြမ်းဖက်မှုများတွင် တချို့အချက်များသည် လက်ဆုပ်လက်ကိုင်ပြရခက်သကဲ့သို့၊ “နိုင်ငံတွင်း အကြမ်းဖက် မှု”ဟု သုံးနှုန်းနိုင်သည့် စစ်အစိုးရ၏ အကြမ်းဖက်မှုများတွင်လည်း တချို့အချက်များသည် လက်ဆုပ်လက်ကိုင် ပြရန် ခက်သည် များ ရှိကောင်းရှိနိုင်ပါသည်။ (ဥပမာ-ဂမ်ဘာရီကို ပြသခဲ့သည့် နေပူခံဆန္ဒဖော်ထုတ်ပွဲများ)

ကျနော့်အထင် လူထုအနေဖြင့် မသွားဘဲနေခြင်းကြောင့် ဖြစ်လာနိုင်ဘွယ်ရှိသည့် ဆိုးကျိုးများထက်၊ သွား၍ သူတို့ လုပ်နိုင် သည်ကို လုပ်ခဲ့ကိုင်ခဲ့ကြသည့်နည်းကို ရွေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို့ကြောင့် ကန့်ကွက်မဲပေး၍ ဆန္ဒမှန် ဖော်ပြ သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်မည့် လူထုလှုပ်ရှားမှုကို တရားမျှတမှုရှိစေရေးအတွက် အကူအညီ ပေးသင့် သည်။ ကျနော်တို့အနေဖြင့် လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် “တတိယအင်အားစုတစု၏ ကြီးကြပ်မှု အောက်၌ ပြုလုပ်ရေး”ဟူသည့်အချက်ကို လူထုကိုယ်စား တောင်းဆိုပေးသင့်သည်။ ကျနော်တို့အနေဖြင့်လည်း လူထု အတွက် ဤအချက်ကို တောင်းဆိုပေးခြင်းဖြင့် ကျနော်တို့၏ တသံတည်းထွက်မှု၊ တသဘောတည်းရှိမှု၊ စည်းလုံးညီညွတ်မှု အစရှိသည် တို့ကို ခိုင်ခိုင်မာမာဖော်ပြရာရောက်ပေလိမ့်မည်။ လူထုကို အားရှိစေပေလိမ့်မည်။

ယုတ်စွအဆုံး မေလဆန္ဒခံယူပွဲ၌ လိမ်လည်ညစ်ပတ်မှုဖြင့် “ခေတ်သစ်ကျေးကျွန်ဥပဒေ အတည်ပြုပွဲ”ကြီးကို ပြုလုပ်နိုင်ခဲ့သည် ဆိုစေဦးတော့ တိုက်ပွဲငယ်တပွဲအရေးနိမ့်ရခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ပြည့်ရွေးကောက်ပွဲ၌ ၁၉၉၀ ပြည့် ရွေးကောက် ပွဲကဲ့သို့ တိုက်ပွဲကြီးတပွဲထပ်တိုက်၍ အောင်ပွဲကြီးတပွဲ ပြန်လည်ရယူနိုင်ရန် အခွင့်အလမ်းရှိနေပေသေးသည်။ “လူထု က လုံးလုံး အရှုံးမပေးမချင်း မရှုံး”ဟု ဆိုနိုင်သကဲ့သို့ မိမိတို့က “အရှုံးပေးချင်သော်တောင်မှ မရှုံး”ဟု ဆိုရမည့် ဖြစ်စဉ် တခု ဖြစ် နေသည်။ အဘယ့်ကြောင့်ဆိုသော် လူထုသည် “ဓမ္မ”အင်အားစုဖြစ်နေသဖြင့် “အဓမ္မ”က မည်သည့်အခါတွင်မျှ အောင်ပွဲမခံ နိုင်ရာ။ လူထုသည် အဆုံးအဖြတ်အခန်းမှ ပါဝင်နေသရွေ့ လူထုသည် မရှုံး၊ သမိုင်းသည် မဆုံး။

အောင်မော်ဦး
ဖေဖော်ဝါရီ၊ ၂၃၊ ၂၀၀၈။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.