မိ
တ်ဆွေများ ခင်ဗျား…
၂၀၀၄ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ဟာ ငါးကြိမ်မြောက် ကမ္ဘာ့ကဗျာနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာနေ့လို့ ဘာကြောင့် သတ်မှတ် ရတာပါလဲ။ စိတ်လှုပ်ရှားဘွယ် မေးခွန်းတခုပါ။ အထိမ်းအမှတ်နေ့ ဆိုတာမျိုးက တိုက်ယူမှ ရခဲ့ကြတာချည်းပဲလို့ ကျနော်တို့ နားလည်ထားခဲ့ကြတာမဟုတ်လား။ အဲဒီ အထိမ်းအမှတ်နေ့တွေထဲမှာကိုပဲ တခုချင်းနဲ့ ဆိုင်တဲ့ အထိမ်းအမှတ် နေ့မျိုးတွေနဲ့ တခုလုံးနဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေ့မျိုးဆိုပြီး မတူတဲ့ ပုံသဏ္ဌာန်နဲ့ တည်ရှိနေပါ သေးတယ်။ ဥပမာ-လွတ်လပ် ရေးနေ့ ဆိုပါစို့။ ဒါက မိမိတိုက်ပွဲရဲ့အသီးအပွင့်ကို မိမိနိုင်ငံသားတွေက သတ်မှတ်ကြတာ မျိုးပါ။ တချို့ အထိမ်းအမှတ်နေ့ မျိုးတွေကျတော့ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေက ဖော်ထုတ်သတ်မှတ် ပေးလေ့ရှိတာကို တွေ့ရပါတယ်။ များသော အားဖြင့် အဲဒီလိုနေ့မျိုး တွေဟာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံဆိုတဲ့ နယ်နိမိတ်ကိုကျော်ပြီး လူမျိုးစုံ၊ နိုင်ငံစုံအတိုင်းအတာနဲ့ အကျယ်အပြန့် ဖြစ်နေလေ့ ရှိတာကြောင့်ပါ။
ကမ္ဘာ့ကဗျာနေ့ဟာ အဲဒီလိုနေ့တွေထဲက တနေ့ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူသားကမ္ဘာရဲ့ ယဉ်ကျေးမှု အဆောက် အအုံကြီးကို ကဗျာ့နှလုံးသွေးတွေနဲ့ အုတ်မြစ်ချခဲ့ကြလို့ပါ။ လူသားဖြစ်တည်မှုရဲ့ နှလုံးသား ပန်းခင်းကို ကဗျာ့ ၀ိဉာဉ်နဲ့ ၀တ်မှုံကူးပြီး သင်းပျံ့မွှေးမြစေခဲ့ကြလို့ပါပဲ။
“ဆဲလ်ဖုန်းတွေ၊ အီးမေးတွေ၊ အင်တာနက်တွေ ရှိလာလေလေ ကဗျာရဲ့အခန်းကဏ္ဍဟာ ကြီးမားလာလေပဲ”လို့ ဟာရီဟိုကင် က ပြောပါတယ်။ ဒီစကား တာသွားပါတယ်။ ဘာ့ကြောင့်ပြောနိုင်သလဲဆိုတော့ “အရိုးနူးကြက်ကြော်”နဲ့ “ကိုကာကိုလာ ဖျော် ရည်”က “လက်ဖက်သုပ်”နဲ့ “ရေနွေးကြမ်း”ကို ကွပ်ပျစ်ပေါ်ကနေ ဖယ်ရှားပစ်လိုက်တာကြောင့်ပါ။
ပုံနှိပ်ခဲစာလုံးတွေကို ကီးဘုတ်တွေက မောင်းထုတ်ပစ်ခဲ့တယ်။ ဗွီဒီယိုတိပ်ခွေတွေကို ဗွီစီဒီကာရာအိုကေတွေက မောင်းထုတ် ပစ်ခဲ့တယ်။ ကက်ဆက်တိပ်ခွေတွေကို စီဒီရွမ်တွေက မောင်းထုတ်ပစ်ခဲ့တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ ဒိုင်နိုဆောကြီးက နယ်တိုင်းပယ်တိုင်းကို ဖြိုခဲ့ဖျက်ခဲ့ပါတယ်။
အချက်အလက်တွေနဲ့ ရသတွေကို ဖျောက်ဖျက်ပစ်ကြတယ်။ အဟောင်းလို့ တံဆိပ်ကပ်ပြီး အသစ်လို့ ကင်ပွန်း တပ်ထားတာ တွေနဲ့ အစားထိုးပစ်ကြတယ်။ မိရိုးဖလာအမှတ်သညာတွေနဲ့ အထွဋ်အမြတ်ပြုထားတဲ့အရာတွေကို သေးနုတ် သိမ်ဖျင်းအောင် လုပ်ပစ်ကြတယ်။ ချစ်စရာ့ ဓလေ့ထုံးတမ်းတွေကနေ သွေဖီစေကြတယ်။ “စံ၊ ကျင့်ဝတ်နဲ့ တန်ဖိုး”ဆိုတာကို အမွန်အမြတ်ပြုတဲ့ လူ့ဂုဏ်သိက္ခာဟာ ရင်တမမနဲ့ ကြိုးတန်း လမ်းလျှောက်နေရရှာပါပြီ။
ကဗျာဟာ သစ္စာရှိစွာ ရပ်ခံနေလေတဲ့ ကတုတ်ကျင်း တကျင်း (ဒါမှမဟုတ်) ခံတပ်တတပ်ဆိုရင် မမှားပါဘူး။ ဆိုကြပါစို့။ ကျောင်းအဆင်းမှာ လမ်းနံဘေးက ကျောက်ခဲလေးတွေကို ခြေနဲ့ကန်ကန်ပြီး အိမ်အပြေးပြန်ကြတဲ့ ကလေး လေးတွေဟာ “မောင်လှတွင် သစ်သီးငါးလုံးရှိ၍ မောင်မြအား တလုံးကျွေးလိုက်သောအခါ (ငါးထဲကတစ်နုတ်၊ လေးကျန်) ဆိုတာမျိုး။ ဆိုကြပါစို့။ “ကျွန်ုပ်တို့လူသားများ မတ်မတ်ရပ်နိုင်ရန်အတွက် ကမ္ဘာကြီးသည် နှစ်ဆယ့်သုံးနှစ်ပိုင်းတပိုင်းဒီဂရီ တိမ်းစောင်း ပေးထား၏”ဆိုတာမျိုး။ ဒီလို သင်္ချာတွေ၊ ပထ၀ီဝင်လို ဖတ်စာမျိုးတွေကို ရွတ်ဆိုပြီး ကိုယ့်အိမ်ကိုယ် အပြေးပြန် ကြလိမ့်မယ်လို့ ကျနော်တော့ မထင်မိဘူး။
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံ ၀င့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း..။
ခင်ဗျားတို့၊ ကျနော်တို့ ကျောင်းကနေ အဲဒီလို ပြန်ခဲ့ကြသလိုမျိုး ကနေ့ ကလေးတွေလည်း ဒီလိုပဲ ကိုယ့်အိမ်ကိုယ့် ပြန်နေခဲ့ကြ လိမ့်မယ်လို့ ကျနော်ယုံကြည်နေတုန်းပါ။ အဲဒါ … ကဗျာ့ပရ၀ုဏ်မှာ ဒိုင်နိုဆောကြီးကို ဒူးထောက်သွားစေတာပဲ မဟုတ်ဘူး လား။ အဲဒါ … ကဗျာ့ဝိဉာဉ်နဲ့ ဒိုင်နိုဆောကြီးကို ပြတိုက်ထဲ ပို့လိုက်တာပဲ မဟုတ်ဘူးလား။
“သင်ရိုးညွှန်းတမ်းတွေထဲမှာ ကဗျာပါရှိဖို့ အရေးကြီးပါတယ်”တဲ့။ ၁၉၆၀ ပြည့်လွန်နှစ်များဆီက ကဗျာတွေ ကျနော်တို့ နှလုံး သားထဲ တကျော့ပြန်စီးဝင်နေကြပြီလို့တောင် ထင်ရတယ်။ “ကျူးကျော်စစ်၊ နယ်ချဲ့စစ်၊ အဆိပ်ငွေ့၊ တပါတီစနစ်၊ အာဏာရှင် စနစ်” စသဖြင့် ဝေါဟာရတွေ စစ်နိုင်သမိုင်းတွေထဲ ဘယ်ပါလိမ့်မတုန်း။
ငါတို့ ဗီယက်နမ်တွေမှာ
ကျစရာ မျက်ရည်မရှိတော့ပေမယ့်
အမေရိကန် လူငယ်တွေကတော့
တိမ်တွေကြား ၀ဲပျံ ငိုကြရဲ့… တဲ့။
ဗုံးမိုးရွာနေတာကို ဖွဲ့ထားတဲ့ ကဗျာလေးတပုဒ်ပါ။ တိမ်တွေကို နာကျည်းပြီး၊ မြေကြီးအတွက် ကြေကွဲရတယ်။ ဖျောက်ဖျက်ဖုံးကွယ်ခံရတဲ့ သွေးစွန်းသမိုင်းတွေအတွက် စိုက်ထူလိုက်တဲ့ မော်ကွန်းတခုလို့လည်း နားလည်ရတယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ ရေးဖွဲ့တာပဲလို့လည်း နားလည်ရတယ်။ ကဲ… ဒါ ॥ ကဗျာထက်မကတဲ့ ကဗျာ ပဲ မဟုတ်ဘူးလား။
“ကဗျာဟာ ယဉ်ကျေးမှုအသိရဲ့ ပုံသဏ္ဌာန်တမျိုးအပြင်၊ လူလူချင်း၊ ယဉ်ကျေးမှုချင်း အပြန်အလှန်ဆက်ဆံရေးကို ဖြစ်စေတဲ့ နည်းလမ်းတခုလည်းဖြစ်ပါတယ်”တဲ့။ ဒီနေရာမှာ ရပ်စကင်းရဲ့ စကားတချို့ကို ကောက်နုတ်ဆွေးနွေးခွင့် ပြုစေ လိုပါတယ်။ ရပ်စကင်းက ဒီလိုပြောပါတယ်။
“ကြီးမြတ်တဲ့လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာကိုမကြည့်ဘဲ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအ၀ယ် ဘယ်လိုနေမလဲ၊ ငါတို့အမြတ်တွေ ဘယ်လောက်ရမလဲဆိုတာကိုတွေးပြီး စစ်မြေ ပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး”တဲ့။ (ကျနော်တို့တိုင်းပြည်ရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ် ကြီးကို ပိုးမွေးသလိုမွေးပြီး သယံဇာတတွေအပေါ် အမြတ်ထုတ်နေတဲ့ အိမ်နီးချင်းမိတ်ဆွေတွေ စဉ်းစားစရာပါ)
“ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီး ခြောက်လုံးလောက်ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ပိုက်ဆံပေး မလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲလို့ ပိုက်ဆံရော၊ အသက်ပါပေးဆိုပြီး ဓားပြအကြီးစား တွေ ဓားပြ တိုက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး”တဲ့။ (နိုင်ငံအစိုးရက နိုင်ငံသူနိုင်ငံသားတွေကို ဓားပြတိုက် နေတာ၊ နိုင်ငံ အစိုးရက နိုင်ငံသူနိုင်ငံသားတွေကို အကြမ်းဖက်နေတာ အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေးပါလို့ဆိုကြတဲ့၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးပြဿနာလို့မယူဆကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေ စဉ်းစားစရာပါ)
မဲဆောက်မြို့က ကျောင်းဆရာလေးတဦးကတော့ လမ်းကြိုလမ်းကြားမှာ သံတိုသံစကောက်နေတဲ့၊ ချောင်းကြို မြောင်းကြား မှာ ငါးနှိုက်နေကြတဲ့ ကလေးတွေကို တွေ့ရဖန်များလာတော့ ဒီကလေးတွေ ဘာလို့များ ကျောင်းမသွားကြတာ ပါလိမ့်လို့ စဉ်းစားပါတယ်။ နောက် သူ့လို စဉ်းစားကြသူတွေ များသည်ထက်များလာကြတဲ့အခါကျတော့၊ မကြာပါဘူး၊ မဲဆောက်မြို့ ရဲ့ လမ်းတွေပေါ်မှာ လွယ်အိတ်ကိုယ်စီလွယ်လို့ မနက်ဖြန်ဆီသွားနေကြတဲ့ကလေးတွေကို ဟိုမှာသည်မှာ တွေ့ကြရတော့တာပါပဲ။ ဖိနပ်ဦးလေးတွေနဲ့ ကျောက်ခဲလေးတွေကို ဖွဖွကန်ကြလို့ပေါ့။
“ခုအခြေအနေမှာ ကျနော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ စာရေးဆရာက ရေးတဲ့စာ ဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာမဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့ အတွက် ဘယ်အတွေးအခေါ်ကိုမှလည်း လက်ခံနိုင်မှာမဟုတ်ဘူး”
“လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေး နေရင်၊ သဘာဝ ကို အထင်သေးနေရင်၊ မေတ္တာကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက် လိုက်နေရင် အဲဒီလူမျိုး ဟာ ရေရှည်တည်တံ့နိုင်မှာမဟုတ်ဘူး”လို့ ရပ်စကင်းက ဆိုပါတယ်။ (ဘယ်သူ့စာမှ မဖတ်နိုင်ကြ လောက်အောင်၊ ဘယ်သူ့ စကားမှ မကြားနိုင်ကြလောက်အောင်၊ ဘယ်သူ့တရားမှ မနာယူနိုင်ကြတော့လောက်အောင် အာဏာနောက် အာသာငမ်း ငမ်း လိုက်နေကြတဲ့ ဗိုလ်ချုပ်ကြီးတွေ လူမသေခင်ကတည်းက နာမည်အရင် သေနေနှင့်ကြရ တာဟာ ယူတတ်မယ်ဆိုရင် တရား ကျစရာ၊ သံဝေဂရစရာပါ)
ကဗျာဟာ အဖြစ်အပျက်ကို မပြောပါဘူး။ အဖြစ်အပျက်ရဲ့နောက်ကွယ်မှာ ချုပ်တည်း မျိုသိပ်ထားရတဲ့ ရင်ဘတ် တွေ အကြောင်းကို ပြောပါတယ်။ ကဗျာဟာ ပုဂ္ဂလကိစ္စကို မပြောပါဘူး။ တပင်ချင်းကို ကျော်လွန်လို့ တတောလုံးကြွေ နေတဲ့ အကြောင်းကို ပြောပါတယ်။
ကဗျာဟာ တိတ်ဆိတ်တဲ့ ဂီတပါ။ ဟုတ်ကဲ့။ ဘယ်လို တိတ်ဆိတ်မှုများပါလဲ။
ဟုတ်ကဲ့။ မျိုသိပ်ထားရတဲ့ အဖိနှိပ်ခံတွေရဲ့ ရင်ဘတ်တွေထဲက တိတ်ဆိတ်မှုမျိုးပါ။
ဟုတ်ကဲ့။ ကြိုးစင်ပေါ် ရင်ကော့ပြီးတက်သွားတဲ့ သူတို့ရဲဘော်ကို အံကြိတ်ပြီး ကြည့်နေကြရသူတွေရဲ့ ရင်ဘတ်ထဲက တိတ်ဆိတ်မှုမျိုးပါ။
ဟုတ်ကဲ့။ ပျောက်ရှသွားကြသူတွေအတွက် လွမ်းဆွတ်တသနေကြတဲ့ မိသားစုဝင်တွေရဲ့ ရင်ဘတ်ထဲက တိတ်ဆိတ်မှုမျိုးပါ။
ဟုတ်ကဲ့။ လက်ထိပ်တန်းလန်းနဲ့ စစ်ကားပေါ်တက်သွားတဲ့ မိဘတွေကိုကြည့်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျနေရတဲ့ မျိုးဆက် သစ် တွေရဲ့ ရင်ဘတ်ထဲက တိတ်ဆိတ်မှုမျိုးပါ။
ဟုတ်ကဲ့။ တော်လှန်စစ်ပွဲမှာ ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ဈာပနကို ဂုဏ်ယူဝမ်းနည်းကြေကွဲခြင်းများစွာနဲ့ ဦးညွှတ်အလေး ပြုနေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ရင်ဘတ်ထဲက တိတ်ဆိတ်မှုမျိုးပါ။
ဟုတ်ကဲ့။ အိမ်ပြန်မရောက်ကြသေးတဲ့ အဝေးရောက်သားသမီးတွေအတွက် ပူဆွေးသောက ရောက်ရရှာတဲ့ မိဘတွေရဲ့ ရင်ဘတ်ထဲက တိတ်ဆိတ်မှုမျိုးပါ။
ကဗျာကို က၀ိပစ္စည်းလို့ နားလည်ခဲ့ကြရာကနေ ကဗျာဟာ ပြည်သူ၊ ပြည်သူဟာ ကဗျာလို့ ယုံယုံကြည်ကြည် ဖွင့်ဆိုခဲ့ကြရတဲ့ ခရီးဟာ မြောက်မြားလှတဲ့ တိုက်ပွဲတွေ၊ ကြီးမားလှတဲ့ အရင်းအနှီးတွေနဲ့ ရုန်းကန်ချီတက်ခဲ့ကြရတာပါ။ ခုလို (၂၁) ရာစု အဖွင့်ကို ကဗျာနှစ်အဖြစ် သတ်မှတ်နိုင်လိုက်တဲ့ အခါကျတော့ ထောင်စုသစ်ဟာ ကဗျာတခေတ်များ သစ်ဆန်း လေပြီလားလို့ ရင်တဖိုဖိုဖြစ်မိပါရဲ့။ ဒါ့ကြောင့်ပဲ ကဗျာကို လူသားယဉ်ကျေးမှု အဆောက်အအုံရဲ့ အန္တိမလို့ သညာပြုလို ပါတယ်။
သေချာ ပါတယ်။ လက်ကိုလက်ချင်းဆက်လို့။ နှလုံးသားကို နှလုံးသားချင်းဆက်လို့၊ ရင်ခုန်သံကို ရင်ခုန်သံချင်း ဆက်လို့ ကဗျာဟာ ယဉ်ကျေးမှုရဲ့ တပ်ဦးကနေ မားမားကြီး ချီတက်နေလိမ့်ဦးမယ်ဆိုတာ ယုံယုံကြည်ကြည်ကို ယုံကြည် မိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အောင်မော်ဦး
မတ်၊ ၂၁၊ ၂၀၀၄။
(စာကြွင်း။ (၅)ကြိမ်မြောက် ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ ပြောခဲ့တဲ့ မိတ်ဆက်စကားလေးပါ။ ပြန်လည်ဖော်ပြဖို့အတွက် အချို့ အချက်ကလေးတွေကို (စာအနေနဲ့ ဖတ်နိုင်အောင်) ပြင်/ဖြည့်ထားပါတယ်။ တကယ်လို့များ လုံခြုံရေး အခြေအနေ သာ ပေးခဲ့မယ်ဆိုရင် (ဆရာ)အောင်ဝေး၊ (ဆရာ)မောင်လွမ်းဏီတို့ ကမကထပြု စီစဉ်ကြမယ့် မဲဆောက်မြို့၊ ဒေါင်းရင်ပြင် က (၉) ကြိမ်မြောက် ကမ္ဘာ့ကဗျာညနေခင်းကလေးကို စိတ်ကူးနဲ့ပုံဖော်ရင်း ကြည်ကြည်နူးနူး ဦးညွှတ်လျက်…)
Monday, March 3, 2008
နှစ်ဆယ့်တစ်ရက် ညနေ (ပြန်လည်ဖော်ပြခြင်း)
Posted by ရွက်မွန် at 12:43 AM
Labels: အောင်မော်ဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment