ရွက်မွန်စာမျက်နှာ

Friday, April 11, 2008

လိုနေတာက ငှက်ဖျားဆေး


ခုမေလမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ပြည်သူလူထုက အဲတာကို ထောက်ခံမလား၊ ကန့်ကွက်မလား ဆိုတာသိရတော့မှာပါ။ တပြိုင်နက်တည်း မှာလည်း ဒီဖွဲ့စည်းပုံ အသစ်နဲ့ ပတ်သက်လို့ ထင်မြင်ချက် အမျိုးမျိုး တွေလည်း ပေါ်ထွက်လာနေပါတယ်။

ဒီဖွဲ့စည်းပုံဟာ စစ်တပ်လွှမ်းမိုးမှု သက်ဇိုးရှည်အောင် ကျားကန်ထောက်ကူ ပေးမဲ့ ဖွဲ့စည်းပုံ ဖြစ်နေတာကတော့ ဖတ်ကြည့် လိုက်တာနဲ့ သိနိုင်ပါတယ်။ ဒီအချက်ကတော့ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ နောင်အနာဂတ် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် အထောက်အကူပြုဖို့ မျှော်လင့်ဖို့ဆိုတာကလည်း ခပ်ခက်ခက်ပါပဲ။ စစ်တပ်လွှမ်း မိုးဖို့ အတွက် အစ ကတည်းက စနစ်တကျစီစဉ်ထားတဲ့ ဖွဲ့စည်းပုံကြီး ဖြစ်နေတာကိုး။

သို့သော်လည်း အသံတွေ ထပ်ထွက်လာပြန်ပါတယ်။ တချို့ကဒီလိုဆိုပါတယ်။ တိုင်းပြည်တခုမှာ ဖွဲ့စည်းပုံမရှိဘဲ နှစ်ပေါင်း များစွာ အုပ်ချုပ်နေတာထက်စာရင် ဘာဘဲပြောပြော ဖွဲ့စည်းပုံတခု ရှိနေတာက ပိုကောင်းတယ်လို့ ဆိုပြန်ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာ ဖြစ်လာတာက ဖွဲ့စည်းပုံမရှိတာနဲ့စာရင် ရှိတာက ပိုကောင်းတယ် ဆိုတဲ့ ချဉ်းကပ်မှုဟာ ဘယ်လောက် အတိုင်းအတာအထိ ပိုကောင်းမှာလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။ တဖက်သတ် နိုင့်ထက်စီးနင်း ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဟာ နောင်အနာဂတ်မှာလည်း အများပြည်သူအတွက် ကောင်းကျိုးတွေ သယ်ဆောင်လာဖို့ ဆိုတာ ယုံရခက်ကြီးပါ။

မိတ်ဆွေတယောက်ရဲ့ အမြင်လေးကို ပြောပြလိုပါတယ်။ သူကနိုင်ငံရေး လှုပ်ရှားသူမဟုတ်ပါ။ သာမန်ပြည်သူ တဦးသာ ဖြစ်ပါ တယ်။ ပြောရရင် အတိုက်ခံ အဖွဲ့အစည်းများမှာ ပါဝင်လှုပ်ရှားနေသူလည်း မဟုတ်ပါ။ သာမန်ပြည်သူ တဦး အနေနဲ့ ဒီမိတ်ဆွေ သည်လည်းပဲ စစ်တပ်က တိုင်းပြည်ကို တသက်လုံး လွှမ်းမိုးထားဖို့ ကြိုးစားနေတာကို မထောက်ခံပါ။ ဖွဲ့စည်းပုံ မရှိတာထက် ဘာပဲဖြစ်ဖြစ် တခုလောက်ရှိနေတာက ပိုကောင်းတယ် ဆိုတဲ့ အယူအဆကို ဆန့်ကျင်သူ တဦးလည်း ဖြစ်ပါတယ်။ သူက သူရဲ့ ခံစားချက်အမြင်ကို ဒီလိုပြောပြပါတယ်။

"ကျနော်ကတော့ အခြေခံဥပဒေ မရှိတာထက်စာရင် တခုခုရှိတာက ပိုကောင်းတယ် ဆိုတဲ့ အမြင်ကို ဒီနေရာမှာ မထောက်ခံပါ ဖူး။ ကျနော်တခုလောက် ပြောပါရစေ။ ဥပမာဗျာ... ငှက်ဖျားထလို့ ချမ်းတုန်နေတဲ့ လူနာ တယောက်ကို ကုသဖို့ အနီးအနားမှာ ငှက်ဖျားဆေး မရှိဖူးဆိုပါတော့။ အဲဒီလိုအချိန်မျိုးမှာ ငှက်ဖျားဆေးမရှိလို့ လူနာအတွက်စိုးရိမ် ရတယ်။ ဒါကြောင့် ရရာလွယ်ရာ ဆေးတခုခု တိုက်လိုက်ရင် ဘာပဲပြောပြော ပိုကောင်းမယ်လို့ ယူဆပြီး ငှက်ဖျားလူနာကို ၀မ်းနုတ်ဆေးတွေ တိုက်လိုက်မယ် ဆိုရင် ငှက်ဖျားလည်း မကျတဲ့အပြင် ၀မ်းနုတ်ဆေးဒဏ်ကြောင့် ၀မ်းလျောပြီး အားအင် ပိုဆုတ်ယုတ်သွားမှာပါ။ ငှက်ဖျားလူနာ အတွက်ပိုကောင်းမလာဘဲ သေရုံဘဲ ရှိတော့မှာပေါ့။ "

အဲဒီ့မိတ်ဆွေရဲ့ ဥပမာလေးကို ကျနော်ကတော့ အတော်လေး သဘောကျမိပါတယ်။ သာမန် ပြည်သူ တယောက်ရဲ့ ခံစားချက် အမြင်ကို ရိုးရိုးလေးမြင်နိုင်ပါတယ်။

မှန်ပါတယ်။ ကနေ့မြန်မာပြည်ဟာ ငှက်ဖျားရောဂါ ခံစားနေရတဲ့ ငှက်ဖျားထနေတဲ့ လူနာကြီးလို ဖြစ်နေပါတယ်။ ငှက်ဖျားထနေ တဲ့ မြန်မာပြည်ကြီးကို ငှက်ဖျားဆေးပေးစရာမရှိလို့ ဆေးဆိုရင်ပြီးရော၊ နီးရာက ၀မ်းနုတ်ဆေးတွေ ပေးတော့မယ် အခြေ အနေမျိုး ကိုရင်ဆိုင်နေရပါတယ်။ လိုနေတာက ငှက်ဖျားဆေး။ သို့သော် ငှက်ဖျားဆေးလိုတာကို ထောက်မပြတော့ဘဲ ၀မ်းနုတ် ဆေးပေးမှာကို ထောက်ခံသူတွေလည်း ပေါ်လာနေပါတယ်။

ဝမ်းနုတ်ဆေးပေးမှာကို ကန့်ကွက်ဖို့လိုသလို၊ ငှက်ဖျားဆေးရအောင် နိုင်ငံသားတိုင်း ၀ိုင်းဝန်းကြိုးပမ်း ကြရမှာပါ။ ၀မ်းနုတ် ဆေး စားချင်တဲ့ သူများကိုတော့ ကန်တော့ဆွမ်းလို့ပဲ ပြောပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၉၊ ၀၄၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.