ရွက်မွန်စာမျက်နှာ

Friday, April 25, 2008

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လူထုအခွင့်အရေး

နိုင်
ငံရေးလွတ်လပ်ခွင့်နဲ့ လူထုအခွင့်အရေးရှိတဲ့ နိုင်ငံများဟာ လွတ်လပ်စွာပြောရေးဆိုခွင့်နဲ့ လွတ်လပ်တဲ့ သတင်း မီဒီယာအတွက် အာမခံချက် ပေးနိုင်ပါတယ်။

လွတ်လပ်စွာ ပြောရေးဆိုခွင့်လည်းရှိ၊ လွတ်လပ်တဲ့ သတင်းမီဒီယာလည်း ရှိတဲ့နိုင်ငံတွေဟာ မချမ်းသာရင် တောင်မှ တိုင်းပြည် အတွင်းမှာ ရှိနေတဲ့ တိုင်းသူပြည်သားများ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အတော်လေး အဆင်ပြေသည် အထိ အဲသည့် လွတ်လပ်ခွင့်တွေကို အသုံးပြုပြီး ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။

တိုက်ရိုက်နိုင်ငံရေးပြဿနာများ အကြောင်းမပြောသေးဘဲ အခြားပြဿနာများကို အရင် ကြည့်ကြရအောင်ပါ။

ဥပမာအားဖြင့် ဆင်းရဲနွမ်းပါတဲ့ တိုင်းပြည်တပြည်မှာ သုံးလေးငါးနှစ် ဆက်တိုက်မိုးခေါင် လာတဲ့ပြဿနာကို ရင်ဆိုင် ရပြီဆိုပါ တော့။ မိုးခေါင်လာတဲ့ အတွက် အားလုံးသဘောပေါက် ပြီးသားကိစ္စကတော့ စိုက်ပျိုးရေး ကဏ္ဍမှာ အကြီးအကျယ် ထိခိုက် တယ်ဆိုတာပါပဲ။ စိုက်ပျိုးရေးကို ထိခိုက်လာတဲ့ အတွက် တိုင်းသူပြည်သားများ အဖို့ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဈေးနှုန်းမြင့်မား မှုတွေကို ဆက်တိုက် ရင်ဆိုင်လာရပါတယ်။ အဲသလို အခက်အခဲ များနဲ့ ရင်ဆိုင်လာရတဲ့ အခါမျိုးမှာ အစိုးရက သည်အခက်အခဲ များကို ဘယ်လိုဖြေရှင်းသလဲဆိုတာ ကြည့်ပြီး အဲသည့်တိုင်းပြည်ဟာ ဘယ်လောက် နိုင်ငံရေးလွတ်လပ်ခွင့်ရှိသလဲ၊ ဘယ် လောက် လူထုအခွင့်အရေး ရှိသလဲ ဆိုတာကို အကဲဖြတ်နိုင်ပါတယ်။

နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူထုအခွင့်အရေးကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေမှာတော့ အထက်က ပြောခဲ့သလို လွတ်လပ်စွာ ပြော ဆိုရေးဆိုခွင့်လည်းရှိ လွတ်လပ်တဲ့ သတင်းမီဒီယာလည်း ရှိတဲ့အတွက် ငတ်မွတ်ခေါင်းပါးလာမှုကို အတော်လေး ဖြေရှင်းနိုင်ပါ တယ်။ အဲသလို နိုင်ငံမျိုးတွေမှာ ဘယ်လိုဖြေရှင်းကြသလဲ ဆိုတော့၊

ဘယ်ခရိုင်တွေ၊ ဘယ်ပြည်နယ်တွေဟာ အဆိုးဝါးဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်ရတယ်ဆိုတာကို အများပြည်သူ သိရှိ အောင် ဖော် ထုတ်တင်ပြခွင့် ရှိပါတယ်။ တိုင်းပြည်လူဦးရေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းဟာ ရိက္ခာပြတ်လတ်မှုကို ရင်ဆိုင် နေရတယ် ဆိုတာကို လည်း သိနိုင်ခွင့်ရှိပါတယ်။ အဲသလို သိရှိလာတဲ့ အပေါ်မှာ မူတည်ပြီး ပိုမိုရိက္ခာပြတ်လတ်တဲ့ မြို့တွေ၊ ဒေသတွေ၊ ပြည်နယ်တွေ အတွက်အရင် ဦးစားပေးဆောင်ရွက် ကြပါတယ်။ ပထမဆုံး ဆောင်ရွက်ကြ တာက မိုးခေါင်မှုကို သိပ်ဆိုးဆိုးဝါးဝါး မရင်ဆိုင် ရတဲ့ ဒေသဖက်က ပိုလျံနေတဲ့ စားနပ်ရိက္ခာတွေကို ငတ်မွတ်မှု အဆိုးဝါးဆုံးနယ်များအတွက် အစိုးရက ပြန်လည်ဝယ်ယူ ဖြန့်ချီ ကြပါတယ်။ တတ်နိုင်သူတွေဖက်ကနေပြီး တသီး ပုဂ္ဂလ လှူဒါန်းကြတာတွေ ကိုလည်း ခွင့်ပြုကြပါတယ်။

နိုင်ငံနဲ့အ၀ှမ်း မိုးခေါင်မှုကို ရင်ဆိုင်ရလို့ တနိုင်ငံလုံး ရိက္ခာပြတ်လတ်မှုကို ကြုံရရင်တော့ တဖက်မှာ နိုင်ငံသားများ ကိုလည်း သည်ပြဿနာများနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် အသိပေးပြီး နိုင်ငံတကာအစိုးရများထံမှာ အကူအညီ ရယူဖို့ ဆောင်ရွက် ကြရပါတယ်။ ဖြစ်နေတဲ့ ကိစ္စများကို ဖုံးကွယ်မထားပဲ နိုင်ငံသူ နိုင်ငံသားများကို အသိပေးလေ့ရှိပါတယ်။ သတင်းအမှန်ကို ဖုံးကွယ်မထားတဲ့ အတွက် ၀ိုင်းဝန်းဆောင်ရွက်တဲ့ နေရာမှာ တက်ညီ လက်ညီရှိလာပါတယ်။ အား လုံးနဲ့ဆိုင်တဲ့ ကိစ္စဆိုတဲ့ အသိကလည်း နိုင်ငံသားတွေမှာ ကိန်းအောင်းလာတဲ့ အတွက် ၁၀၀% အပြည့်မဟုတ်ရင် တောင် အငတ်ဘေးကနေ လူထုကို ဆယ်မကယ်တင်နိုင်ပါတယ်။ ဒါက ဘာကို ပြဆိုသလဲဆိုရင် တိုင်းသူပြည်သားများ ရဲ့ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုထားလို့ ရလာတဲ့ ရလဒ် ဖြစ်ပါတယ်။

တိုင်းသူပြည်သားများ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင် လုပ်ကိုင်နိုင်ခွင့် ရှိတဲ့အတွက် အဲသလို မိုးခေါင်နေတဲ့ ကာလ စားနပ် ရိက္ခာ ရှားပါးနေတဲ့ ကာလများမှာ မလိုလားအပ်တဲ့ ဘေးထွက်ပြဿနာများ မဖြစ်ပွါးရအောင် အတော်လေး ရှောင်ရှားနိုင်ပါ တယ်။ မလိုလားအပ်တဲ့ ရာဇ၀တ်မှုတွေ တိုးပွားလာခြင်းနဲ့ အခြားလူမှုရေး၊ နိုင်ငံရေး ပြဿနာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် ဆူနာမီဖြစ်တုံးက မြန်မာနိုင်ငံလည်း တခြားအိမ်နီးချင်း နိုင်ငံတွေလို အစုလိုက်အပုံလိုက် သေကြေ ပျက်စီး ခြင်းကို မကြုံလိုက်ရပေမဲ့ ဆုံးရှုံးပျက်စီးမှုတွေ၊ လူသေတာတွေ ရှိခဲ့ပါတယ်။ သို့သော် စစ်အစိုးရက ဘာမှမဖြစ်သလိုပဲ ခပ်တည်တည် နေခဲ့ပါတယ်။ တိုင်းပြည်အတွင်း သည်သတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန် ကြေညာတာမျိုး မပြုလုပ်ခဲ့ပါ။

အလားတူပါပဲ။ မနှစ်က ရေတွေကြီးလို့ နေရာအတော်တော်များများမှာ ပြည်သူတွေ ရေဘေးဒုက္ခကို ခံစားလိုက်ရ ပါတယ်။ သို့သော် အစိုးရထံက ဘာအကူအညီမှ မရခဲ့ပါ။ မှန်မှန်ကန်ကန်သတင်းများကို အစိုးရပိုင် သတင်းစာများက မဖော်ပြတဲ့ အပြင် ပုဂ္ဂလိက သတင်းမီဒီယာများ မှာလည်း ထုတ်ပြန်ဖို့ ခွင့်မပြုခဲ့ပါ။ ရေကျသွားမှ ကိုယ့်ရွာကိုယ်ပြန် မပျက်စီးဘဲ ကျန်နေတဲ့ အကျွင်းအကျန် လေးတွေကိုလိုက်ကောက်ပြီး ဘ၀ကို ပြန်စရပါတယ်။ လူထုဟာ ကိုယ်ခံစား နေရတဲ့ သဘာဝဘေးဒုက္ခကပ် အကြောင်းကိုတောင်မှ ပြည်တွင်းက သတင်းမီဒီယာထဲမှာ လွတ်လပ်စွာ အင်တာဗျူးခွင့် ပြောခွင့်မရှိတာကို တွေ့ရပါတယ်။ စစ်အစိုးရကတော့ သူတို့အုပ်ချုပ်နေတဲ့ အချိန်မှာ တိုင်းပြည်ဟာ သာယာ ၀ပြော အေးချမ်းသယောင် အတုလုပ် ဖန်တီးလိုတော့ သည်လို သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပွားတဲ့ ကပ်တွေကိုတောင် အပြောမခံ၊ အရေးမခံပါဖူး။

တခါ နိုင်ငံအနှံ့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့၊ သစ်တောတွေ ပြုန်းကုန်လို့ ဒေသခံပြည်သူများ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရ တာကို ထုတ်ဖော်ပြောဆိုခွင့် မပေးပါ။ သတင်းမီဒီယာတွေလည်း အတိအလင်း ရေးသားဖေါ်ပြခွင့် မရှိပါ။ တိုင်းသူပြည်သား အားလုံးဟာ ကျောကုန်းပြီး ငုံ့ခံနေကြရတဲ့ အဖြစ်ဆိုးကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တာ ကိုသာ ထောက်ပြတာဖြစ်ပါတယ်။ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတာတွေတောင် ပြောသေးတာမဟုတ်ပါဖူး။

အခုလည်း လာနေပါပြီ။ နိုင်ငံတကာနဲ့ အ၀ှမ်း စားနပ်ရိက္ခာ ရှားပါးမှုကို ရေရှည်အသွင်မျိုး ရင်ဆိုင်ကြရတော့မယ် ဆိုတဲ့ ကိစ္စ ကြီးဖြစ်ပါတယ်။ ဆန်ဈေးတွေ တက်လာနေပါတယ်။ ထိုင်းနိုင်ငံလို ဆန်အထွက်ကောင်းတဲ့ နိုင်ငံမျိုး တောင်မှာ ဆန်ဈေးတက် တာကို စတင်ရင်ဆိုင်ရေပါပြီ။ မြန်မာနိုင်ငံကကော ဘာသားနဲ့ထုထားတာ မို့လို့လဲ။ ဆန်ဈေးတက်တဲ့ ပြဿနာကြောင့် နေ့တဓူဝ ရင်ဆိုင်ရမဲ့ ဒုက္ခဟာ ကြီးသထက်ကြီး လာတော့မှာပါ။ ဆန်ဈေးတွေ တက်သထက် တက်လာလို့ ပြည်သူတွေ ဒုက္ခနဲ့ ရင်ဆိုင်လာကြရတဲ့ အခါမှာ သည်ကိစ္စတွေကို ဖြေရှင်းပေးဖို့ ဆိုတာဝေးစွ လွတ်လပ်စွာ ပြောဆိုဖေါ်ထုတ်ရေးသားခွင့် တောင် ပြုလိမ့်မယ်မဟုတ်ဖူး ဆိုတာ ကြိုပြီးတောင် ပြောရဲပါသေးတယ်။

ပြန်ကောက်ရရင်တော့ အာဏာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးကို လွတ်လပ်စွာ ပြောဆိုဝေဖန် ထောက်ပြ ဆွေးနွေးဖို့ အသာထား သဘာဝ ကပ်ဘေးကြောင့် ရင်ဆိုင်ရတဲ့ လူမှုဒုက္ခကိုတောင် လွတ်လပ်စွာပြောဆို ရေးသားခွင့် မရှိတာ မြန်မာနိုင်ငံပါ။ အရင်းခံ အကြောင်းကတော့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူထုအခွင့်အရေး ကင်းမဲ့လို့ ဖြစ်ရ တာပါ။ မိမိဆုံး ရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်ရအောင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ ရှေးစကားအတိုင်း တက်ညီ လက်ညီ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုကြောင်း ထပ်လောင်းတင်ပြလိုက်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၂၊ ၀၄၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.