ရွက်မွန်စာမျက်နှာ

Friday, April 18, 2008

စာအုပ်စာပေ လူ့မိတ်ဆွေမှတဆင့်

လူ့
အဖွဲ့အစည်းတခု တိုးတက်မြင့်မားဖို့ စာပေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ သို့သော်လည်း လွတ်လပ်ခွင့်မရှိတဲ့ အခြေအနေ အောက်မှာတော့ စာပေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေလေ့ ရှိပါတယ်။ လွတ်လပ်ခွင့် ရှိရင်တောင်မှ အများ ပြည်သူများဟာ အလွန်အကျွံ ဆင်းရဲနွမ်းပါးမှု အောက်မှာ ရောက်ရှိနေတယ်ဆိုရင်လည်း စာပေတွေ အနုပညာတွေ သတင်း မီဒီယာတွေကနေ လမ်းပြဖို့ ဦးဆောင်ဖို့ဆိုတာ နောက်ထပ် တစ်ဆို့နေသေးတဲ့ ပြဿနာ တခု လို့ ဆိုနိုင်ပါသေးတယ်။

ငယ်ငယ်ကဖတ်ခဲ့ ဖူးတဲ့ ကာတွန်းတပုဒ်ကို အမှတ်ရမိပါတယ်။ မိခင်ဖြစ်သူက စာအုပ်အဟောင်း ၀ယ်တဲ့သူကို အိမ်မှာရှိတဲ့ စာအုပ် တွေ မဂ္ဂင်းတွေ ခြရောင်းနေပါတယ်။ ဒါကို သားငယ်လေးက မြင်တော့ သူ့အမေကို သည်လို လှမ်းမေး ပါတယ်။ “အမေ ပြောတော့ စာအုပ်စာပေ လူ့မိတ်ဆွေဆို။ ဒါတွေကို ရောင်းလိုက်ရင် အိမ်မှာမိတ် ဆွေတွေ ဘယ်ရှိ တော့မလဲ” ဟူသတတ်။ သည်ကာတွန်းလေးကို ဖတ်ခဲ့မိတာ လွန်ခဲ့တဲ့ (၃၅) ခန့်က ဖြစ်ပါတယ်။ ပြန်ပြီးတော့ ဆန်း စစ်ကြည့်ရင် မြန်မာနိုင်ငံသားတွေ ဆင်းရဲ မွဲတေမှုကို ရင်ဆိုင်နေရတာ ကြာလှပါပြီ။ အခု နအဖ စစ်အစိုး ရလက်ထက် မှာတော့ ပိုလို့ ခရုဆံကျွတ် မွဲလာပါတယ်။

မိခင်လုပ်သူကတော့ စာအုပ်များကို အိမ်မှာ သိမ်းထားခြင်မှာ အမှန်ပဲဖြစ်မှာပါ။ သို့သော် ဆန်အိုးကိုဖြည့်ဖို့ အတွက် အပို ၀င်ငွေ ရဖို့က သည်စာအုပ်အဟောင်းများကို စာအုပ်ဟောင်းဝယ်သူထံ ပြန်လည် ရောင်းခြရန်မှတပါး အ ခြားနည်းလမ်း မတွေ့တော့ လို့ ရောင်းလိုက်ရခြင်း ဖြစ်ဖို့များပါတယ်။ ဆင်းရဲမွဲတေမှုက နယ်ပယ်စုံအတွင်း တိုးတက်မှု ဖွံ့ဖြိုးမှုကို အကြီးအကျယ် ဟန့်တား လေ့ရှိပါတယ်။ သည်ကြားထဲ မလွတ်လပ်မှုများ၊ ဖိနှိပ်မှုများနှင့် ပေါင်းစပ်လိုက် တော့ ပို၍ဆိုးသွားပါ တော့တယ်။

ပညာဟာ တိုင်းပြည်တခုရဲ့ ပင်မသွေးကြောလို့ ဆိုနိုင်တဲ့ အရာဖြစ်ပါတယ်။ ပညာမြစ်ဖျားခံရာဖြစ်တဲ့ စာပေတိုးတက် မှု မိုးခေါင် လာတော့ လူငယ်မျိုးဆက် အဆင့်ဆင့် ပညာမိုးရေကို မချိုးနိုင် မသောက်သုံးနိုင်တော့ပါ။ ကြာတော့ တိုင်း ပြည်မှာ လူနုံလူအ တွေများလာ၊ လူနုံလူအ တွေများလာတော့ စစ်တပ်က အုပ်ချုပ်လို့လွယ်ကူ၊ သူတို့အုပ်ချုပ်ခြင်သ လို အုပ်ချုပ်နိုင်တော့ လူ့အဖွဲ့ အစည်းအတွင်း လိုသလိုသွေးခွဲ သပ်ရှို။ နောက်ဆုံးတော့ လူအဖွဲ့အစည်းအတွင်းမှာ စာနာတာတွေ၊ ကူညီတာတွေ၊ မတရားတာ တွေကို ရဲရဲတော်လှန်တတ်တဲ့ စိတ်ဓာတ်တွေ ခေါင်းပါးလာတာနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

နောက်တချက်ကလည်း လွတ်လပ်မှုကင်းမဲ့ခြင်း ဆင်းရဲမွဲတေခြင်းတို့ အောက်မှာ လူ့အဖွဲ့အစည်းဟာ ထောင့်ပေါင်းစုံ ကနေ ပြိုကြလာလေ့ ရှိပါ တယ်။ ပညာရေး၊ ကျန်းမာရေးတွေ နိမ့်ကျလာနေသလို လူမှုရေး အခန်းကဏ္ဍတွေမှာ ပါဝင် နေတဲ့ စောင့် စည်း လိုက်နာသင့်တဲ့ ကိုယ့်ကျင့်တရားများ လျော့ရည်းလာပါတယ်။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲမှုတွေ မြင့် တက်လာပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေလည်း ပိုများလာပါ တယ်။ တချိန်တည်းမှာလည်း ရာဇ၀တ်မှု အကြီးအသေး အမျိုးမျိုး အဖုံဖုံတွေလည်း တိုးမြင့်လာလေ့ ရှိပါတယ်။

သည်ဆိုးကျိုးတွေကို သယ်ဆောင် ဖန်တီးလာသူများ ကတော့ အာဏာရှင်အုပ်ချုပ်ရေး စနစ်ကြောင့်လို့ အတိအ လင်း ဆိုရမှာ ပါပဲ။ အာဏာရှင်တွေ အုပ်စိုးနေတော့ စာပေလွတ်လပ်ခွင့်လည်း မရှိပါတော့ပါဖူး။ အာဏာရှင်စနစ်က နေ ဒီမိုကရေစီ လူ့အဖွဲ့ အစည်း ဆီသို့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း မြန်မာပြည်မှာ ရှိ ပါတယ်။ သည်နေရာကနေ အထူးထောက်ပြလိုတာ ကတော့ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ ကပဲ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ဆောင်ရွက်လိမ့်မယ်။ သူတို့ဆောင်ရွက်လို့ အောင်မြင်တဲ့ တနေ့မှာတော့ စာပေ ကဏ္ဍဟာလည်း လွတ်လပ်လာလိမ့်မယ်လို့ တွက်ဆနိုင်ပါတယ်။ သို့သော် တိုင်းပြည်တပြည်ရဲ့ စနစ်အပြောင်း အလဲ ဟာ နှစ်ပေါင်းများစွာ ကြာတတ်လေ့ရှိပါတယ်။ အဲသည့်အတွက် နှစ်တွေကြာအောင့် စောင့်ဆိုင်းနေမဲ့ အစား အခုက တည်းက မိမိလူ့အဖွဲ့အစည်း အတွက် ဘယ်လိုဖေါက်ထွက် တင်ပြမလဲ ဆိုတဲ့ နည်းနာတွေကို ရှာဖွေဖို့လိုပါတယ်။

သည်လို ဆိုလိုက်တဲ့အတွက် စာပေလောကက ပညာရှင်တွေ၊ သတင်းသမားတွေ၊ စာရေးသူတွေ၊ သတင်းထောက် တွေ တာဝန် မကျေဖူးလို့ ရိုးစွပ်တာလည်း မဟုတ်ပါ။ အာဏာရှင်ဖိနှိပ်မှုအောက်မှာ ဘယ်လိုလွတ်အောင်ရှောင်ပြီး စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ ထွက်အောင် အပင်ပန်းခံဆောင်ရွက်နေသလဲ ဆိုတာကိုလည်း သိကြပါတယ်။ လူ့အဖွဲ့အစည်း အတွင်း ပြိုကျလာနေတဲ့ စိတ်ဓာတ်များ၊ ရိုးရာအစဉ်အလာ ကောင်းများကို ပြန်လည်ဆည်မ ဖို့အ တွက် စာပေ၊ အနုပညာနဲ့ သတင်း မီဒီယာ အ၀န်းအ၀ိုင်းက လက်ဦးဆုံး အရေးကြီးသူများ ဖြစ်နေတဲ့အတွက် အခုလို တင်ပြခြင်း ဖြစ်ပါတယ်။

စာပေ၊ အနုပညာနဲ့သတင်းမီဒီယာ ကဏ္ဍဟာလည်း ဖိနှိပ်ခံထားရတဲ့အတွက် သူ့ချည်းပဲသက်သက် မဆောင်ရွက်နိုင်တာတွေ ကို မြန်မာ့လူ့အဖွဲ့အစည်း နယ်ပယ်အတွင်းက ဦးဆောင်သူများဖြစ်တဲ့ သံဃာတော်များ၊ ကျောင်းဆရာ ဆ ရာမများနဲ့အတူ ချိတ်ဆက်ပြီး တစတစနဲ့ ပြိုကျလာနေတဲ့ စိတ်ဓာတ်များကို ဆယ်တင်ဖို့လိုပါ လိမ့်မယ်။ သည်လုပ် ငန်းဟာ နိုင်ငံရေး ခေါင်းဆောင် များ လုပ်ဆောင်နေတဲ့ တိုက်ရိုက် နိုင်ငံရေးကိစ္စများကဲ့သို့ တန်းတူ အရေးကြီး လှပါ တယ်။ အဲသည့်လုပ်ငန်းများ အတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်မယ် ဆိုတာတွေအတွက် နည်းနာများ ရှာဖွေကြံဆ ဖို့လည်း လိုပါတယ်။

ဆင်းရဲမွဲတေမှုကို တပြိုင်တည်း ရင်ဆိုင်နေရချိန်မှာ သည်လိုလုပ်ငန်းများ ဆောင်ရွက်ဖို့ ခက်ခဲလိမ့်မယ် ဆိုတာက လည်း အားလုံးသိထားပြီးသားပါ။ သို့သော် လုပ်ငန်းနယ်ပယ်ရဲ့ သသောဘဘာဝအရ စာပေအနုပညာနဲ့ သတင်းမီ ဒီယာ အ၀န်းအ၀ိုင်း မှ စတင်အကောင်အထည် ဖေါ်မှသာ ရှေ့ကိုရောက်နိုင်ပါလိမ့်မယ်။

တရားသဘောအရ တချိန်မှာတော့ အာဏာရှင်စနစ်ဆိုတာ ပြိုလဲသွားမှာပါ။ အဲသည့်အချိန်မှာ ဒီမိုကရေစီ လူအဖွဲ့ အစည်း တခု ပီပီပြင်ပြင် တည်ဆောက်ဖို့ အခွင့်အလမ်းရလာမှာပါ။ သို့သော် မိမိလူ့အဖွဲ့အစည်းအတွင်း စိတ်ဓာတ် ရေးရာအရ ပြိုကျနေတာ တွေကို နှစ်ပေါင်းများစွာ လက်ပိုက်ကြည့်နေရင်တော့ နောင်အပြောင်းအလဲ ကာလမှာ ဒီမို ကရေစီ တည်ဆောက် ကျင့်သုံးမှု ဟာ ကြီးစွာသော အခက်အခဲများနဲ့ ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တ ရားအရ ကျန်းမာရေးချို့တဲ့နေတဲ့ လူ့အဖွဲ့ အစည်းတခု အတွင်းမှာ ကျန်းမာခိုင်ခန့်တဲ့ ဒီမိုကရေစီတည်ဆောက်ရေး ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဖူး။

စာအုပ်တွေ ရောင်းလိုက်ရင် အိမ်မှာမိတ်ဆွေတွေ ဘယ်ရှိတော့မလဲဟု ကလေးငယ်ပြောခဲ့သလို လူ့အဖွဲ့ အစည်းအ တွင်း အထူး သဖြင့် မျိုးဆက်သစ်များ၏ စိတ်အယူအဆအတွင်း မိတ်ဆွေများ မရှိတော့ပဲ ထွက်ခွါသွားကြ ပါက အနာ ဂတ်အတွက် ရင်လေးစရာဖြစ်ပါတယ်။ နောင်တနေ့ စစ်အာဏာရှင်များ မအုပ်စိုးတော့သည့်တိုင် မြန်မာပြည်၌ နှလုံး သားထဲတွင် မိတ်ဆွေ များ မရှိတော့ပါက ဒီမိုကရေစီလမ်းသည်လည်း ဆူးညှောင့်ခလုတ်များဖြင့် ပြည့်နှက် နေဦးမည်။ ကြီးနိုင်ငယ်ညှဉ်းများ ဆက်လက် ရှင်သန် နေဦးမည်။

ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ဟုဆို ထားခဲ့ပါတယ်။ မှန်ပါ တယ်။ သို့သော် သမိုင်းမှန် အဖြစ်မှန်များကို သိဖို့က စာပေများထဲတွင် ဖတ်ရှု့မှသာ ရသောကြောင့် အမှန်ကိုတင် ပြသော စာများရှိဖို့ လည်း လိုအပ်ပါတယ်။ ဖိနှိပ်မှုများ အောက်တွင် အမှန်ကိုတင်ပြရန်ကလည်း မလွယ်ကူ။ သို့သော် ထိုဖိနှိပ်မှုများကို တိုက်ပွဲဝင် နေသ၍ အရှုံးဆိုတာ မရှိပါ။

ဇော်မင်း (လူ့ဘောင်သစ်)။
၁၁ရက်၊ မတ်လ၊ ၂၀၀၈ ခုနှစ်။

1 comment:

မေငြိမ်း said...

မြင်ထောင့်လေး ကောင်းသဗျို့...

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.