ရွက်မွန်စာမျက်နှာ

Wednesday, May 14, 2008

ဓာတ်တိုင်မှာ ဇောက်ထိုးဆွဲခံရတော့မည့် အချိန်သည် မဝေးတော့

စစ်
တပ်အစိုးရက လူတွေကို နည်းမျိုးစုံနဲ့ သတ်နေတာ၊ သေခိုင်းနေတာ နှစ်ပေါင်းမနည်းတော့ပါ။ သူတို့အကြောင်းကို ထည့်ရေး မယ်ဆိုတော့ အခုမုန်တိုင်းအလွန် ကိစ္စတွေကို ကြည့်ပြီးဒေါသကထွက်လာတယ်။ ဆယ်ကျော်သက်တုန်းကလို သွေးဆူဆူ စကားမျိုးနဲ့ ပြောရမယ်ဆိုရင် သင်းတို့နားထင်ကို သံတုတ်နဲ့ လွှဲလွှဲပြီး ဟက်တက်ကွဲအောင် ရိုက်လိုက်ချင်တော့တယ်။ တကယ်ပါ။

သဘာဝကပ်ဘေးတွေ အခုလိုမလာခင် တုံးကလည်း ပြည်တွင်းတွင်းစစ်အပါအ၀င် နှိပ်စက်မှုမျိုးစုံကြောင့် သေခဲ့ရတဲ့ ဘ၀တွေ ကျိုးကြေခဲ့ရတဲ့ မြန်မာပြည်သားတိုင်းရင်းသားတွေရဲ့ အရေအတွက်ဟာ နည်းတာမှ မဟုတ်တာ။

အခုလည်း နိုင်ငံတကာမိသားစုက ဒုက္ခရောက်နေတဲ့ ကိုယ်ရဲ့ပြည်သူတွေ၊ စားစရာနေရာစရာမဲ့နေတဲ့ ပြည်သူ တွေကို လိုလို လားလား လာပြီး ပစ္စည်းအကူအညီ၊ အတတ်ပညာအကူအညီတွေ ပေးပါမယ် ဆိုတာကို ပုတ်ချတဲ့ အစိုးရ။ ဘင်္ဂလားဒက်ရှ်လို မုန်တိုင်းဒဏ် ခဏခဏခံရတဲ့ နိုင်ငံမျိုးဟာ နိုင်ငံတကာအကူအညီကို လက်ခံရယူရုံ မက မလောက်ငှသေးလို့ ထပ်ပေးပါဦး ဆိုပြီးတောင် တောင်းရပါသေးတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ လေးငါးရက် လောက်က ဘင်္ဂလားဒက်ရှ် အစိုးရက မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေကို ကျန်းမာရေးအရကူညီဖို့ အတွေ့အကြုံရှိတဲ့ ဆရာဝန် (၆၉) ယောက်ကို လွှတ်ပေးမယ်လို့ ကမ်းလှမ်းတာ ကို အခုမလာပါသေးနဲ့ဦးလို့ တုံ့ပြန်တယ်။

ဘင်္ဂလားဒက်ရှ် ဆရာဝန် တွေဟာ မုန်တိုင်းအပြီး လူတွေရင်ဆိုင်ရတဲ့ ရောဂါဘယအပါအ၀င် လိုအပ်တဲ့ ကျန်းမာရေးကိစ္စ အထွေထွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူတွေဖြစ်ပါတယ်။ နောက်တခါ အင်ဒိုနီးရှားက လွှတ်ပေးပါမယ်လို့ ဆိုတဲ့ဆေးပညာရှင်များနဲ့ ဆေးမှူးများ အဖွဲ့ကိုလည်း မလာပါဦးနဲ့တဲ့။ အရှေ့တိုင်းက အိမ်နီးချင်းက လူတွေကိုတောင် မလာပါနဲ့ ဆိုပြီး ပိတ်ပင်တားဆီးနေတာ အနောက်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များ၊ ကျွမ်းကျင်သူများကို လက်ခံဖို့ ဆိုတာကတော့ ဝေးပါ သေးတယ်။

နိုင်ငံတကာက ကမ်းလှမ်းလာတဲ့ အရေးပေါ်အကူအညီများ ကြပြန်တော့လည်း ငွေနဲ့ပစ္စည်းသာလိုချင်တယ်။ ကျွမ်းကျင်သူ နိုင်ငံခြားသားများကို လက်ခံဖို့တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ကွန့်ပြန်ညွန့်ပြန်တယ်။ စေတနာရှိရင် ပစ္စည်းတွေ ခြံဝမှာ ထားခဲ့ လူတွေတော့ အိမ်ထဲဝင်မလာနဲ့လို့ ပြောတာမျိုးဖြစ်နေတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ အဲသလိုမျိုးလုပ်တာ အလွန်ရှက်ဖို့ကောင်းပါတယ်။ တရုတ်အစိုးရတောင် အခု ဖြစ်သွားတဲ့ မြေငလျင်မှာ သူ တို့ လိုအပ်နေတဲ့ အကူအညီမှန်သမျှ နိုင်ငံတကာက ပေးကြပါလို့တောင် ပြောင်ပြောနေ မေတ္တာရပ်နေတာ တွေ့ရ ပါတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ ယှဉ်လိုက်ရင် မြန်မာဗိုလ်ချုပ် တွေက ဘာကောင်တွေမို့လို့လဲလို့ ရိုင်းရိုင်းမေး လိုက်ချင်တယ်။ ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့ ဆန်မရှိ စောက် စားကြီး ဆိုတဲ့ကောင်မျိုးတွေ။

တကယ်ပြောရမယ်ဆိုရင် အခုသန်းရွှေတို့၊ အောင်သောင်းတို့အုပ်စုတွေ လုပ်နေတဲ့လုပ်ရပ်ဟာ ကိုယ့်ပြည်သူ တွေကို ပြန်ပြီး အငတ်ဘေး၊ ရောဂါဘေးတွေနဲ့ ထပ်သေခိုင်းနေတာ။ တနည်းပြောရရင် နောက်အခြားတနည်းနဲ့ သွယ်ဝိုက်ပြီး လူတွေကို သတ်နေ တာဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးနဲ့ လုပ်ရပ်မျိုးကို Crime against humanity (လူသား မျိုးနွယ်တို့အပေါ် ဖေါက်ဖျက် ကျူးလွန်သော ရာဇ၀တ်မှုကြီး) လို့ ဆိုနိုင်ပါတယ်။ လူတွေကို ကိုယ်တိုင် လက်နဲ့သတ်မှ မဟုတ်ပါဖူး။ မိမိပယောဂကြောင့် အငတ်ဘေးနဲ့တွေ့ပြီးသေရတာ၊ ရောဂါဘေးနဲ့ သေရတာတွေ ဟာလည်း လူသားမျိုး နွယ်တို့အပေါ်ကျူးလွန်ဖောက်ဖျက်တဲ့ ရာဇ၀တ်မှုကြီးတွေဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ တခါက အုပ်ချုပ်ခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ဟာ လူတွေကို ကိုယ်တိုင်သတ်ခဲ့သလို၊ လူတွေ ကို အငတ်ဘေး၊ ရောဂါဘယဘေးတွေနဲ့သေစေခဲ့တဲ့ သူဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသား (၂) သန်းကျော်ဟာ သူ အုပ်ချုပ် ခဲ့တဲ (၅) နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံရခြင်းနဲ့ အငတ်ဘေးတို့ကြောင့် သေဆုံးခဲ့ရပါတယ်။ အခုမြန် မာနိုင်ငံမှာ မုန်တိုင်း အပြီး အငတ်ဘေး၊ ရောဂါဘေးတွေနဲ့ နောက်ထပ်ဝင်လာဦးမဲ့ မိုးသုန်မိုးဥတုရဲ့ ရွာသွန်းဦးမဲ့ မိုးတွေ အောက်မှာ လူပေါင်း တသန်းခွဲကျော်ဟာ နေစရာ၊ စားစရာ၊ သောက်စရာ၊ ဆေးကုစရာ မရှိဘဲ တိရိစ္ဆာန်တွေလို စင်း စင်းကြီး နေထိုင် နေရပါတယ်။ အငတ်ဘေးတခုတည်း ရင်ဆိုင်နေရတာ မဟုတ်ဘဲ မိဘပျောက်နေတဲ့ ကလေးတွေ၊ သား မီးပျောက်နေတဲ့ မိဘတွေဟာ ဘယ်လောက်များမလဲ ဆိုတာ စဉ်းစားကြည့်တာနဲ့ သိနိုင်ပါတယ်။ သဘာဝဘေး အန္တရာယ်ကို ရင်ဆိုင်အပြီးမှာ ဖြစ်လေ့ရှိတာက အငတ်ဘေး၊ ရောဂါဘေးသက်သက်သာ မဟုတ်ပါဖူး။ လူမှုရေးအရ မိသားစုဝင်တွေ မမျော်လင့်ထားတဲ့ အခြေအနေ အောက် မှာ သေဆုံးခဲ့ရလို့ စိတ်ဒဏ်ရာခံစားရတဲ့ လူများလည်း အများကြီးရှိလာပါတယ်။ ခမာနီခေါင်းဆောင် ပိုပေါ့ကြောင့် သေခဲ့တဲ့ လူဦးရေဟာ (၅) နှစ်ကျော်အတွင်းမှာမှ (၂) သန်းကျော်ပဲရှိပါတယ်။ အခု သန်းရွှေအုပ်ချုပ်မှု အောက်မှာ သေမင်းနဲ့ တဖြည်းဖြည်းခြင်း ရင်ဆိုင်နေရတဲ့ မြန်မာပြည်သား အရေအတွက်ဟာ (၁၀) ရက်ကျော်အတွင်း တသန်းခွဲ မက တော့ပါဖူး။ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဆိုအရ အခု လောလောဆယ် စားဝတ်နေရေး၊ ကျန်းမာရေးအကူအညီ အမြန်လိုအပ်နေတဲ့ လူဦးရေဟာ တသန်းခြောက်သိန်းနဲ့ နှစ်သန်းခွဲအကြားမှာ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

ဒီအတိုင်း ဖြစ်လိုကဖြစ်စေတော့ ဆိုပြီးထားထားလိုက်ရင် အဆိုပါလူတသန်းခွဲသာမက အဲသည့်လူတသန်းခွဲ ကနေဖြစ် လာမဲ့ ရောဂါပေါင်းစုံဟာ မုန်တိုင်းမထိလိုက်တဲ့ ဒေသကလူတွေကိုပါ ကူးစက်ပျံ့နှံ့သွားမယ် ဆိုတာ ခန့်မှန်းတွက် ချက်နိုင်ပါတယ်။ သုံးလေးလအတွင်း နောက်ထပ် လူသုံးလေးသိန်းလောက် ကူးစက်ရောဂါနဲ့ အငတ်ဘေးကြောင့် သေဆုံးမသွားနိုင်ဖူးလို့ တယ်သူကအာမခံနိုင်မလဲ။ ပိုပေါ့သတ်ခဲ့တာ လူနှစ်သန်းဟာ ငါးနှစ်အတွင်းဖြစ်ခဲ့တာပါ။ မြန်မာပြည်မှာတော့ ငါးနှစ်စောင့် စရာမလိုပဲ လအနည်းငယ်အတွင်း ကံအကြောင်း မလှပါက လူတသန်းလောက် သေဆုံးကောင်းသေဆုံးသွားဖို့ အလားအလာ ရှိနေပါတယ်။

အာဏာရှင်တွေဟာ လူတွေကိုသေတွင်း ပို့ဖို့ ၀န်မလေးသူတွေပါ။ လူမျိုးမတူသူတွေကိုလည်း သတ်ဖြတ်တယ်၊ လူမျိုး တူခြင်း အုပ်စုတုခြင်းကိုလည်း သတ်ဖြတ်တယ်။ ဒါပေမဲ့နောက်ဆုံးမှာတော့ အဲသလိုအာဏာရှင်တွေဟာ ဘယ်လို နည်းတွေသုံးပြီး သူတို့ကိုယ် ကာကွယ်ကာကွယ် အဖြစ်ဆိုးတွေ၊ ဂုဏ်သိပ်က္ခာမဲ့မှုတွေနဲ့ ဇတ်သိမ်းရတာ ဓမ္မတာ ဖြစ်ပါတယ်။

အီတလီက အာဏာရှင် မူဆိုလိုနီနဲ့သူ့ဇနီးဟာ နောက်ဆုံးမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ လက်ထဲမှာ မိသွားပြီး အသတ်ခံ လိုက်ရပါတယ်။ ဖြတ်သွားဖြတ်လာတွေ မြို့ခံတွေ ကြည့်နိုင်အောင် သွေးသံရဲရဲနဲ့ သူတို့ အလောင်းတွေကို လမ်းဘေး ဓာတ်တိုင် မှာ ဇောက်ထိုးချည်နှောင်ထားပြီး ပြထားခြင်းခံရပါတယ်။ ရိုမေးနီးယားက ချောင်စက်စကူးလည်း အသေဆိုးနဲ့ သေရတာပဲ။ နောက်ဆုံးတော့ သန်းရွှေတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဖြစ်ခဲ့တဲ့ နေ၀င်းတောင် လူမသိသူမသိ သေဆုံးခဲ့ရပြီး အလောင်းကို ခွေး တကောင်ဆွဲချ မြုပ်သလို ကြုံခဲ့ရတာ အားလုံးအသိပါ။

သန်းရွှေတို့၊ အောင်သောင်းတို့ဟာ လူစိတ်မရှိတော့ဖူး။ အတတ်ကျူးလို့ ဘီလူးတွေ ဖြစ်ကုန်ကြပြီ။ အဲသလို လူစိတ် ကုန်နေတဲ့ သူတွေရဲ့ နေ၀င်ချိန်တွေဟာ တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ စက်တင်ဘာတုံးက သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ပြီး ရိုက်ခိုင်းတဲ့ အရိုင်းအစိုင်းတွေ။ အတုံ့အလှည့်ဆိုတာ ရှိတယ်ဆိုတာကို မမေ့ကြနဲ့။ သန်းရွှေနဲ့သူ့ မိန်းမ ဒေါ်ကြိုင်ကြိုင်၊ ပြီးတော့ ဖော်လံဖားနောက်လိုက် အောင်သောင်းတို့ တသိုက်လည်း ပြည်သူ ပြည်သားတွေကို ဒီလိုအချိုးမျိုးနဲ့ ဆက်ပြီးနှိပ်စက်နေမယ် ဆိုလို့ကတော့ မူဆိုလိုနီလို ဓာတ်တိုင်မှာ ဇောက်ထိုးဆွဲ ခံရမဲ့ အချိန်မဝေးတော့ဖူးလို့ အတပ်ပြောရဲပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၄၊ ၀၅၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.