ရွက်မွန်စာမျက်နှာ

Tuesday, May 20, 2008

နာဂစ်အပြီး ဖြစ်လာနိုင်သည့် မြေလုယက်မှုများ

မေ
လ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းနာဂစ်က မြန်မာနိုင်ငံ၏ စပါးကျီဟု ဆိုလောက်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများကို အကြီးအကျယ် ဖျက်ဆီးခဲ့သည်။ ပညာရှင်များနှင့် မြန်မာ့ပြည်အရေး လေ့လာနေကြ သူများက ဤမုန်တိုင်း၏ နောက်ဆက်တွဲ ဆန်စပါးရှားပါး ပြတ်လပ်မည့် ပြဿနာကို တွေး၍ ပူနေကြပြီ။ ထို့အပြင် ကမ္ဘာ နှင့် အ၀ှမ်း ဆန်ဈေးနှုန်းကြီးမြင့်နေမှုများကြောင့် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသအတွင်းပါ ရိုက်ခတ်မှု ရှိလာလိမ့် ဦးမည် ဟုလည်း တွက်ဆနေကြပြီ။ မြန်မာအစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ လက်ရှိဆန်စပါး ပျက်စီးမှုမှာ စုစုပေါင်း ထုတ် လုပ်မှု၏ ၂।၃% သာ ရှိသည်ဟု ဆိုသော်လည်း၊ မိုးလရာသီဖြစ်၍ နောက် စပါးစိုက်ကာလကို အကြီးအကျယ် ထိခိုက် မှု ရှိစေ နိုင်မည်ဟု ဆိုကြသည်။

မြန်မာအစိုးရက ထုတ်ပြန်ခဲ့သော စာရင်းများအရ မြို့နယ်ပေါင်း ၂၃ မြို့နယ်ရှိ စပါးစိုက်ဧက ၂। ၄၃ သန်း ထိခိုက်ပျက်စီးခဲ့ရ သည်ဟု ဆိုသည်။ ထိုမျှမက စပါးစိုက်သူ လယ်သမားမိသားစုပေါင်း ဧရာဝတီတိုင်းတွင် ၁၃၀,၀၀၀ နှင့် ရန်ကုန်တိုင်းတွင် ၁၁၇, ၀၀၀ ထိခိုက်နစ်နာခဲ့ရသည်ဟု ဆိုပါသည်။ ထိုမျှမက ကျွဲနွား၊ ထယ်/ထွန်၊ လှည်း၊ လယ်ထွန်စက်နှင့် ရေစုတ်စက် များလည်း အရေအတွက်များစွာ ပျက်စီးခဲ့ရပါသည်။ မြန်မာစစ်အစိုးရက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ထူထောင် ရေးအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားကုန်ကျစားရိတ်များ၊ စိုက်ပျိုးစားရိတ်ချေးငွေများ အတွက် ဒေါ်လာသန်း ပေါင်းများစွာ လိုအပ်မည်ဟု နိုင်ငံတကာသို့ တင်ပြတောင်းခံထားပါသည်။

လာမည့် စပါးစိုက်ကာလတွင် အလျှင်အမြန် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အစီအစဉ်များကိုလည်း ဖော်ပြထားခဲ့ပါ သည်။ သို့သော်လည်း ဤအစီအစဉ်များတွင် လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် ပြဿနာများကို ထည့်သွင်းစဉ်းစားထားကြ သည်ကို မတွေ့ရပါ။ ထိုင်းနိုင်ငံ ဆူနာမီ ဖြစ်စဉ်ကာလက အတွေ့အကြုံများနှင့် ယှဉ်၍ အလွန်စိုးရိမ်ဖွယ် ဖြစ်လာခဲ့ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်က ဆူနာမီ ရေလှိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ကြရပါသည်။ လူပေါင်း ၆,၀၀၀ ခန့် သေကြေခဲ့ရပြီး၊ အိုးအိမ် လုပ်ငန်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ကြရပါသည်။ ဆူနာမီလှိုင်းရိုက်ခတ်ခံရစဉ်က ရွာပေါင်း ၄၇ ရွာ ပျက်စီးသွားခဲ့ရပြီး၊ ယခုတိုင် ရွာပေါင်း ၃၂ ရွာတွင် မြေပိုင်ဆိုင်မှု ပြဿနာများ အကြီးအကျယ် ကြုံတွေ့နေကြရဆဲ ဖြစ်ပါသည်။ ဤရွာအများစုမှာ ဖန်င ခရိုင်တွင် ရှိနေကြပါသည်။ ထိုင်းနိုင်ငံရှိ အဒမန်ကမ်းခြေတလျှောက်တွင် မြေအများစု မှာ နိုင်ငံခြား ခရီး သွားလုပ်ငန်း စီးပွားဖြစ်ဆောင်ရွက်ရန် မျက်စေ့ကျနေကြသော နေရာများ ဖြစ်ကြသည်။ ထိုမြေကို ၀ယ်ယူ လိုကြသူ ကုမ္ပဏီ ကြီးများနှင့် ဒေသဆိုင်ရာ နိုင်ငံရေးသမားများ၊ အစိုးရထဲရှိ နိုင်ငံရေးသမားကြီးများလည်း အကြောင်း အပေါင်းသင့်နေသူများ ဖြစ်ကြသည်။ ဆူနာမီတွင် ရွာအများစု ပျက်ခဲ့ကြရပြီး၊ မူကလတည်းက မြေပိုင်ဆိုင်ခွင့်ကို စနစ် တကျမှတ်ပုံတင်ထားခြင်း မရှိကြသော ရွာသားများအဖို့ မြေလုယက်ခံလိုက်ရခြင်းနှင့် မိမိနေထိုင်ရာများမှ ဖယ်ပေးလိုက်ရ ခြင်းများ ကြုံခဲ့ကြရသည်။ ဤရွာအများစုကလည်း ပျံကျရွာများ ဖြစ်ကြသည်။ ဆလုံတိုင်းရင်းသားများ နေထိုင်ကြသည့် တံငါရွာများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ မြေယာဥပဒေအရ ပျံကျ ကျူးကျော်နေရာများတွင် နေထိုင်ကြသူများသည် နေထိုင် ချိန် ဆက်တိုက် ၁၀ နှစ် ပြည့်လျှင် မြေပိုင်ဆိုင်ခွင့် တောင်းခံခွင့် ရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ကျေးရွာလူထု များက စာရွက်စာတမ်း ကိစ္စများကို အလေးမထားခဲ့ကြပါ။ ယခင်ကတည်းက ကုမ္ပဏီကြီးများက ဟိုတယ်များ၊ တည်းခိုခန်း များဆောက်ရန် ရွာသားများကို နှင်ထုတ်ရန် ကြိုးပမ်းခဲ့ကြဖူးသေးသည်။ ယခုတော့ ဆူနာမီက သူတို့အကြိုက်လုပ်ပေးခဲ့ကြ သည်။ မြေပိုင်ဆိုင်မှု ပဋိပက္ခဖြစ်လာကြသည့် အချိန်တွင် ကုမ္ပဏီကြီးများတွင် ထူးထူးဆန်းဆန်း မြေပိုင်ဆိုင်ခွင့် လက်မှတ် များကလည်း အရံသင့် ရှိနေခဲ့ကြသေးသည်။

သို့သော် ထိုင်းနိုင်ငံရှိ အခြေအနေက မြန်မာနိုင်ငံနှင့်စာလျှင် တော်သေးသည်ဟု ဆိုရပါလိမ့်မည်။ ဟတ်လမ်းဖုန်းကျေးရွာ ရှိ မြေအမှုတွင် ရွာသားများက တကွာပါမြို့နယ်ရုံးသို့ လာ၍ ဆန္ဒပြနိုင်ခဲ့သည်။ ထိုကျေးရွာတွင် နိုင်ငံရေးသမားတဦး အစု ရှယ်ယာဝင်ထားသည့် ကုမ္ပဏီက သူပိုင်သည်ဟု ဆိုင်းပုတ်ထောင်၍ ခြံခတ်ထားခဲ့ကြပြီ။ သို့သော်လည်း သူတို့က အမှုကို တရားရင်ဆိုင်နိုင်ခဲ့သလို၊ အဲန်ဂျီအိုများကလည်း သူတို့ဖက်က ကူကြသည်။ ဤခြံခတ်ထားသည့် မြေကွက်အတွင်း သူတို့ အတွက် အိမ်များကို အလျှင်အမြန်ကူဆောက်ပေးကြသည်။ ဥပဒေကြောင်းအရ ပညာရှင်များက တိုက်ပွဲ ၀င်ပေးခဲ့ကြ သလို၊ ဆူနာမီဒုက္ခသည်များအတွက် ဥပဒေအကြံပေးများ၊ ဥပဒေကျောင်းသားများက အိမ်တိုင်ယာရောက် အကြံပေးကြ၊ တိုင်စာ၊ လျှောက်လွှာစာ ရေးပေးကြသည်။ သတင်းမီဒီယာများကလည်း ဖော်ပြပေးကြသည်။ ထိုင်းနိုင်ငံရှိ အခြားနိုင်ငံရေး သမား များကလည်း ကန့်ကွက်ပြောဆိုပေးခဲ့ကြသလို၊ ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးကော်မရှင်၊ ဆီးနိတ် လူသားလုံခြုံမှု ဆိုင်ရာ ကော်မတီ၊ စောင့်ကြည့်နေကြသည့် နိုင်ငံတကာ အစိုးရများ၊ အကူအညီပေးသူများကလည်း ရှိနေကြသေးသည်။ အချို့ အမှုများမှာ မပြီးပြတ်သေးသော်လည်း အချို့သူများက သူတို့မြေကို ပြန်၍ အရယူနိုင်ခဲ့ကြသည်။ ကုပ္မဏီက မြေသိမ်း ပိုက်မှုကို အပြီးအပြတ် မတွန်းလှန်နိုင်ခဲ့သော်လည်း သူတို့အတွက် မြေတကွက်စာကို အရပြန်ယူနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အခြေအနေကို မိမိကြိုတင်မှန်းဆကြည့်ပါသည်။ မြန်မာနိုင်ငံရှိ လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေအရ မြေယာများကို နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်။ လယ်ယာစိုက်ပျိုးသူများက ထိုမြေပေါ်တွင် လယ်လုပ်ကိုင် ထုတ်လုပ်နေသ၍ ထုတ်လုပ်အသုံးချ စိုက်ပျိုးခွင့်သာ ရှိပါသည်။ ယခု မုန်တိုင်းပြီး ဖျက်ဆီးခံလိုက်ရသည့် အခြေအနေတွင် အချို့ လူ ၄,၀၀၀ ကျော် နေထိုင်သော ကျေးရွာများတွင်ပင် လူ ရာဂဏန်းမျှသာ အသက်ရှင် ကျန်ရစ်တော့သည်ဟူသော သတင်းများ ကြားနေရပါသည်။ အချို့ရွာလုံးကျွတ် ပျက်စီးသေဆုံးမှုများလည်း ကြားနေရပါသည်။ ဤအနေအထားတွင် နောက်ပိုင်း၌ ရွာများမှာ စုစည်းကျေးရွာများသဖွယ် ဖြစ်သွားနိုင်ပါသည်။ သေဆုံးရသူများပိုင်သည့် မြေကို မည်သူက ဆက်ခံကြမည်နည်း။ ကျေးလက်လူထုများက မြေပိုင်ကြောင်း အထောက်အထား ပြနိုင်ရန်ဆိုသည်မှာလည်း ပို၍ဝေးပါ သည်။

မုန်တိုင်းဖျက်ဆီးခံရသည့်အောက်တွင် အသက်ရှင်ရပ်တည်ရန်ပင် ယခု အပြင်းအထန်ရုန်းကန်နေကြရပါသည်။ ထို့အပြင် လယ်ယာပြန်လည်စိုက်ပျိုးရန် ဆိုသည်မှာလည်း အကူအညီအကြီးအကျယ်ရမှ ဖြစ်နိုင်ခြေ ရှိပါတော့သည်။ ပို၍ ဖြစ်နိုင်သည်မှာ စစ်အစိုးရက ဤမြေကွက်များကို သိမ်းဆည်း၍ ကုမ္ပဏီများကို ပေးအပ်လိုက်မည့် အန္တရာယ်ကို မြင်နေရပါ သည်။ ဒုက္ခသည် များမှာ ပိုင်ဆိုင်မှုများ ဆုံးရှုံးရရုံမျှသာမက မြေပါလက်လွှတ်၍ ခရုဆန်ကျွတ် ဖြစ်ရမည့် အခြေအနေ ဖြစ် နေပါသည်။

ထိုသူများကို ကူညီရန် အဖွဲ့အစည်း၊ အဲန်ဂျီအို၊ သတင်းမီဒီယာများကလည်း အားကောင်းမောင်းသန် ရှိမနေကြပါ။ ထိုင်းနိုင်ငံ ကဲ့သို့ လူသားလုံခြုံရေးဌာနမျိုး၊ လူ့အခွင့်အရေး ကော်မရှင်မျိုးလည်း ရှိမနေပါ။ အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် မြေသိမ်းပိုက် ခြင်းဆိုသည်မှာ စစ်အစိုးရက မကြာခဏ ကျူးလွန်နေသည့် လက်ယဉ်နေသော အမှု ဖြစ်နေသည်။ ဤ အခြေ အနေတွင် ပို၍ ဆိုးရွားနစ်နာရဖွယ် ရှိနေပါသည်။

ဧရာဝတီမဂ္ဂဇင်း၏ ဆောင်းပါးတပုဒ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စစ်အစိုးရနှင့် နီးစပ်သူ ဧရာရွှေဝါ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်၊ ထူး၊ ဧဒင်၊ ရွှေသံလွင်၊ မက်စ် မြန်မာနှင့် အက်ဖ်-အမ်-အိုင် စသည့် ပုဂ္ဂလိက ကုမ္ပဏီများ ကို ကန်ထရိုက်ချပေးခဲ့ပါသည်။ ဤသို့ ကန်ထရိုက်ချပေးခြင်း၊ တင်ဒါခေါ်ယူခြင်းတွင် ပွင့်လင်းမြင်သာမှု မရှိသလို၊ သတင်း စာများတွင် ကြေငြာခေါ်ယူခဲ့ခြင်းလည်း မရှိပါ။ မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင်ပြုလုပ်သည့် လေဘေး သင့်ဒေသများ ပြန်လည်ထူထောင်တည်ဆောက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ဆိုပြီး လက်သင့်ရာ အခွင့် အရေးပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ မေလ ၁၃ ရက်နေ့ ထုတ်အစီရင်ခံစာအရ ကျောင်းပေါင်း ၂,၄၀၀ ပျက်စီးခဲ့ရပြီး၊ ကလေးပေါင်း ၃၆၀,၀၀၀ ၏ ပညာရေးထိခိုက် မည်ဟု ခန့်မှန်းထားပါသည်။ ဤကျောင်းများပြင်ဆင်ရန်အတွက် ယူနီဆက်ဖ်က ကူညီနေခြင်း ဖြစ်ပါသည်။ ဤအကူအညီများက လည်း စစ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် နီးစပ်ရာ ကုမ္ပဏီများ ပွဲခံကြမည့်ပုံ ဖြစ်နေ ဖြစ်နေပါသည်။

ထိုင်းနိုင်ငံ အတွေ့အကြုံအရ ကုမ္ပဏီကြီးများက မြေလုယက် သိမ်းပိုက်လာကြမည့် အရေးကိုလည်း ကြိုတွေးထားသင့်ကြ ပါသည်။ ဒုက္ခသည်များမှာ ရှင်သန်ရေးတိုက်ပွဲအပြင် မြေအတွက် တိုက်ပွဲဝင်ကြရပါဦးမည်။ ဥပဒေကြောင်းအရဖြစ်စေ ကူညီပံ့ပိုးပေးခြင်းနှင့် အခြားဖြစ်နိုင်သော နည်းလမ်းများဖြင့် ပံ့ပိုးပေးကြပါရန်လည်း ကြိုတင်နှိုးဆော်လိုက်ရပါသည်။

အောင်သူငြိမ်း
၂၀ မေ ၂၀၀၈

အကိုးအကား
1. "Brief on Preliminary Assessment of Damage on Agricultural Production Caused by Cyclone Nargis and Recovery Plan", prepared by The Ministry of Agriculture and Irrigation, Myanmar (Burma), Dated on 16 May 2008.
2. Land Issue in Thailand, avialable online at http://www.achr.net/000ACHRTsunami/Thailand%20TS/Land-1.html
3. ANUCHA CHAROENPO, Victims claim land grab plot Say officials colluded with private company, TSUNAMI AFTERMATH / PHANGNGA VILLAGERS PROTEST, Bangkok Post, May 5, 2005.
4. ကိုစိုး၊ လေဘေး ပြန်လည်ထူထောင်ရေး စစ်အစိုးရက စီးပွားရေးကုမ္ပဏီများကို ကန်ထရိုက်ပေး၊ ဧရာဝတီ မဂ္ဂဇင်း အွန်လိုင်းစာမျက်နှာ၊ မေ ၁၆၊ ၂၀၀၈။

2 comments:

WanderFish said...

လူတွေလောလောဆယ် ဂရုမပြုနိုင်သေးတဲ့ ပြသာနာအကြီးအကျယ် တက်နိုင်တဲ့ ကိစ္စနောက်တစ်ခုပေါ့ဗျာ။ ဆောင်းပါးရှင်ကတော့ -ဖြစ်လာနိုင်- လို့မယုတ်မလွန်ပြောတာထင်ပါတယ်။ ကျွန်တော်ကတော့ ဖြစ်လာနေပြီလို့ အတတ်ပြောရဲတယ်ဗျာ။ အထူးသဖြင့် ခုနကန်ထရိုက်ရထားတဲ့ အပေါင်းပါနဲ့ အဖွဲ့တွေပေါ့ဗျာ။ ငါးကန်တွေ၊ မြို့သစ်အကွက်တွေ၊ ဆိပ်ကမ်းလုပ်ဖို့နေရာကောင်းတွေ။ စိုက်ခင်းတွေက သူတို့ရဲ့ ဦးစားပေးဖြစ်လာမယ်လို့ ထင်ပါတယ်။

Unknown said...

မြေယာကိစ္စကတော့ အပြင်မှာဖြစ်နေပါပြီ။ နာဂစ်ကြောင့် နေစရာမရှိ စားစရာတောင် အဆင်မပြေဖြစ်နေရတဲ့ လယ်သမားတွေ သူတို့ပိုင်ခဲ့တဲ့ လယ်ယာတွေကို ဘာတွေနဲ့ ထွန်ယက်စိုက်ပျိုးရမှာလဲလို့တွေးနေချိန်မှာ ကုမ္ပဏီကြီးတွေက စက်ကိရိယာတွေနဲ့ လယ်ဧက ၅၀၀ ကျော်ကို ၀င်စိုက်သွားပြီတဲ့။ ဒါကျနော်တို့သိတဲ့ ရွာလေးတစ်ရွာမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ တခြား ကျနော်တို့မသိတဲ့ ရွာတွေမှာလည်း ဒီလို အဖြစ်တွေ အများကြီးဖြစ်နေဦးမှာပါပဲ။

ကျနော်တို့နိုင်ငံရဲ့ လက်ရှိမြေယာ ဥပဒေအရ ဆိုရင် ဒီလယ်မြေကို ကိုယ်က ၀ယ်ထား ပိုင်ထားတယ်။ ဒါပေမယ့် ဧက ၅၀ ပိုင်ပြီး ၁၀ ဧက ပဲ စိုက်နိုင်တယ် ဆိုပါတော့။ ဒီလိုနဲ့ နှစ်တွေကြာလာလို့ (နှစ်က အကန့်အသတ်တော့ ရှိပါတယ်။ ကျနော် မမှတ်မိတော့လို့ပါ) သူများက ကိုယ်မစိုက်တဲ့နေရာမှာ ၀င်စိုက်သွားပြီဆိုရင် တရားရင်ဆိုင်ဖြေရှင်းကြတဲ့အခါ လောလောဆယ် လက်ရှိစိုက်ပျိုးနေသူကသာ ပိုင်ဆိုင်ခွင့်ရှိတယ်တဲ့။

ဒီလိုနဲ့ပဲ သနားစရာကောင်းတဲ့ လယ်သမားတွေ လက်ရှိကနေ လက်မဲ့ဘ၀ကို ရောက်ကြရဦးမှာလား။ ထိုင်းမှာကတော့ သူတို့ရဲ့ မြေတကွက်စာကို ပြန်အရယူနိုင်ကြပေမယ့် ကျနော်တို့ နိုင်ငံမှာကတော့ ... .....။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.