ရွက်မွန်စာမျက်နှာ

Monday, May 26, 2008

ခွေးမြီးကောက် ကျည်တောက်စွပ်

ကု
လအထွေထွေအတွင်းရေးမှူးချုပ်က သန်းရွှေနဲ့တွေ့ပြီး ကြေညာခဲ့တာက မြန်မာစစ်အစိုးရဟာ ဘယ်နိုင်ငံက အကူအညီ မဆို လက်ခံဖို့ အသင့်ရှိနေပါပြီလို့ ဆိုပါတယ်။ အဲသည်တော့ စစ်အစိုးရဟာ ပိတ်နေတဲ့ တံခါးများကို ဖွင့်လိုက်ပြီ ဆိုပြီး နိုင်ငံတကာ က ကောင်းချီးပေးပါတယ်။ ဒါဟာ တကယ်ပဲလားလို့ မေးစရာ ဖြစ်လာပါတယ်။ မေးရတဲ့အကြောင်း ကလည်း စစ်အစိုးရဟာ ပေးပြီးသား ကတိကိုဖျက်၊ ထွေးပြီးသား တံတွေးကို ပြန်ပြန်မျိုတဲ့ အမူအကျင့်ကြောင့် ဖြစ်ပါတယ်။

မေလ၂၅ ရက် မနေ့က ရန်ကုန်မှာ နိုင်ငံတကာအလှူရှင်များ ကွန်ဖရင့် ကျင်းပခဲ့ပါတယ်။ အဲသည့် ကွန်ဖရင့်ကြီးမှာ နိုင်ငံပေါင်း (၅၀) က တက်ရောက်သူ ကိုယ်စားလှယ်ပေါင်း (၅၀၀) ရှိခဲ့ပါတယ်။ ကွန်ဖရင့်ကျင်းပစဉ် အတွင်း ရုပ်သေး ၀န်ကြီးချုပ် သိန်းစိန် က စစ်မှန်တဲ့ စေတနာနဲ့ ကူညီတာတွေကို ကြိုဆိုပါကြောင်း မိန့်ဆိုပါတယ်။ နောက်ကွယ်က နှောင်ကြိုးပါတဲ့ အကူအညီများ၊ နိုင်ငံရေး ရောစွက်ထားတဲ့ အကူအညီများ ဆိုပါက လက်မခံကြောင်း ဆိုပြန်ပါသေးတယ်။ ညစ်ကျယ်ကျယ် လုပ်ဟန်တွေက ထုံးစံအတိုင်းနောက်ကြောင်း လှည့်လာပြန်ပါတယ်။ နိုင်ငံရေး ကစားကွက်ပါရင် နိုင်ငံရေး ရောရှက်နေရင် အဲသလို အကူအညီ များကို လက်မခံဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထင်ပါတယ် မြန်မာပြည်ရဲ့ ပင်လယ်ဝမှာ ကျောက်ချရပ်နားထားတဲ့ အမေရိကန်နဲ့ ပြင်သစ်သဘောင်္များ သူတို့ တင်ဆောင်လာတဲ့ အကူအညီပေးရေး ပစ္စည်းတွေကို ဒုက္ခရောက်နေသူ တွေဆီ ဖြန့်ဖြူးပေးဖို့ မသေချာ မရေရာမှုများနဲ့ ရင်ဆိုင် နေရပါတယ်။

တဖက်မှာ ပြန်ကြည့်လိုက်ရင် စစ်အစိုးရ အခုလို ပြောနေတာကိုက နိုင်ငံရေး ဖြစ်နေပါတယ်။ သူတို့ ပြောနေတဲ့ နိုင်ငံရေး မရော ရှက်ရ ဆိုတာ သူတို့ နိုင်ငံရေး အာဏာကို ထိပါးမှာ စိုးရိမ်လို့ ပြောနေတာ မဟုတ်ပေဘူးလား။ အဲဒါကိုက နိုင်ငံရေး မဟုတ်လို့ ဘာများ ဖြစ်ရဦးမလဲ။ တချိန်တည်းမှာ တရုတ်နဲ့အာစီယံနိုင်ငံတွေကလည်း စစ်အစိုးရနဲ့အတူ သံယောင်လိုက် ပါတယ်။ အကူ အညီပေးရေးနဲ့ နိုင်ငံရေးကို ကွဲပြားအောင် ခွဲခြားစည်းတားဖို့ လိုပါသတဲ့။

ဒီနေ့ (၂၁) ရာစု အခါသမကြီးမှာ နိုင်ငံခြား အမြောက်တင်စစ်သဘောင်္တွေ နိုင်ငံတခုကို ၀င်သိမ်းတဲ့ ခေတ် မဟုတ်တော့ ပါဘူး။ နိုင်ငံရေး ရောနေတယ်လို့ ပြောရအောင်လည်း အုပ်ချုပ်သူအစိုးရကို နိုင်ငံသားတွေကိုယ်တိုင် မကြိုက်လို့ မနှစ်သက်လို့ အာခံ ဆန့်ကျင်နေတာ သည်မုန်တိုင်းနဲ့ အကူအညီဆိုတဲ့ ကိစ္စတွေ မဖြစ်ပေါ်ခင် နှစ်ပေါင်းများစွာ ကတည်း ကပါ။ မလုံတဲ့အိုး တုတ်နဲ့ ထိုးလို့ ပြောရမှာပါပဲ။

နိုင်ငံတကာကလာမဲ့ ငွေတွေကို စစ်အစိုးရက သူတို့လက်ထဲ ထည့်စေချင်တယ်။ ပြန်လည်ထူထောင်ရေး လုပ်ဖို့လို့ ဆိုပါတယ်။ နိုင်ငံတကာကလည်း အဲသလောက်တော့ အ နေ နနေ တာမှ မဟုတ်တာ။ လုပ်ထုံးလုပ်နည်းများ အရလည်း ကုလအပါအ၀င် နိုင်ငံတာ အဖွဲ့အစည်းတွေ ကနေတဆင့် ငွေနဲ့ပစ္စည်းတွေကို လိုအပ်တဲ့သူတွေဆီ ရောက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ လက်ထဲ ရော့အင့်ဆိုပြီး ပေးလိုက်လို့ ရတဲ့အမျိုးမဟုတ်ပါ။

ပြန်ကောက်ရမယ်ဆိုရင် စစ်ဗိုလ်ချုပ်တွေ အခုပြောနေတဲ့ စစ်မှန်တဲ့စေတနာ ဖြစ်ရမယ်၊ နောက်ကွယ်မှာ ဘာနှောင် ကြိုးမှ မပါရ၊ နိုင်ငံရေးပယောဂလည်း ကင်းစင်ရမယ် ဆိုတဲ့ စကားတွေဟာ သူတို့မကြိုက်တဲ့ နိုင်ငံတွေနဲ့၊ နိုင်ငံတကာ အဖွဲ့အစည်း တွေ အလုပ်လုပ်ရခက်အောင် ကြိုကန်ထားတဲ့ သဘောပါပဲ။ ဘန်ကီမွန်းနဲ့ တွေ့တုံးကတော့ နိုင်ငံလူမျိုး မခွဲခြားပဲ အကူအညီ ပေးလာမဲ့ မည်သူမဆို လက်ခံပါ့မယ်၊ နိုင်ငံခြားသတင်းထောက်တွေကိုလည်း မြန်မာပြည်ထဲ ပေး ၀င်ပါ့မယ်လို့ သဘောတူ ခဲ့တယ်။ သူတို့လိုရင် လိုသလို၊ မလိုရင်မလိုသလို မှောက်ချီလှန်ချီ ကစားဖို့ စကားဦး သန်းနေတာ လို့ စွပ်စွဲရပါလိမ့်မယ်။ ခွေးမြီးကတော့ ကျည်တောက် ဖြုတ်လိုက်ရင် ပြန်ကောက်စမြဲ။

အရင်ကလည်း အဲသလို အလားတူ ဖြစ်ခဲ့တာတွေလည်း ခဏခဏ။ ၁၉၉၆ ခုနှစ်တုံးက သန်းရွှေကိုယ်တိုင် မလေးရှား နိုင်ငံကို ရောက်တုန်းက အဲသည်တုံးက ၀န်ကြီးချုပ်ဖြစ်သူ မဟာသီယာ မိုဟာမက်ကို ပြောဖူးပါတယ်။ အနောက်နိုင်ငံ တွေ ပြောတိုင်း သူက လိုက်လုပ်မှာ မဟုတ်ကြောင်း။ သို့သော် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို သူတို့တကယ် လုပ်မှာ ဖြစ်ကြောင်း။ အိမ်နီးချင်းနိုင်ငံတခုအနေနှင့် သူတို့လုပ်ရပ်ကို စောင့်သာကြည့်ပါ အနှေးနဲ့အမြန် မြန်မာပြည် ဘယ်လို အသွင်ပြောင်းလာ တယ်ဆိုတာ တွေ့ရပါလိမ့်မယ် ဆိုပြီး မလေးဝန်ကြီးချုပ်ကို ပေါက်ပန်းဈေး လိမ်ပြောခဲ့တယ်။ အဲတာကို အဟုတ်မှတ်လို့ မလေး ၀န်ကြီးချုပ်က ၁၉၉၇ မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ဝင်ဖြစ်ဖို့ ရှေ့ဆုံးကနေ အသံအကျယ်ဆုံး ထောက်ခံပေးခဲ့ပါတယ်။ ဆယ်နှစ်ကျော်သာ ကြာသွားတယ် မြန်မာပြည်မှာ တစုံတခုပြောင်း လဲဖို့အရိပ်အယောင်တောင် မတွေ့ရဘူး။ အဲသည်တော့မှ အငြိမ်းစားယူသွားပြီ ဖြစ်တဲ့ မလေးဝန်ကြီးချုပ်ဟာ ကျောချမှ ဓါးပြမှန်း သိသွားတယ်။ စကာင်္ပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူ ကဆို စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်တိုးတက် အောင်မလုပ်တတ်တဲ့ အထုံအထိုင်းတွေလို့ ဆိုပြီးတောင် ရင့်ရင့်သီးသီး ပြောခဲ့ ပါတယ်။

သူတို့ကလည်း မြန်မာပြည်ကို စေတနာရှိလွန်းလို့ ပြောနေတာမဟုတ်ပါ။ အာစီယံအဖွဲ့အတွင်းမှာ မြန်မာစစ်ဗိုလ်ချုပ် တွေ ကြောင့် အနောက်နိုင်ငံက စီးပွားဖက်တွေ ရှေ့မှာ သူတို့မျက်နှာ အိုးမဲအသုတ်ခံရသလို ခဏခဏာဖြစ်လို့ ပြောကြ တာပါ။ သူတို့က မြန်မာဗိုလ်ချုပ်တွေကို ကာပေးနေရတာကိုး။ အာစီယံအဖွဲ့လည်း ၀င်ခွင့်ရရော၊ ကျည်တောက်ကိုလည်း ဖြုတ်လိုက် ရော မြန်မာဗိုလ်ချုပ်တွေရဲ့ အမြီးတွေဟာ ပြန်ကောက်သွားတာပါပဲ။

အဲသလို အကျိုးဆက် အကြောင်းဆက်တွေကို တွေ့ရဖန်များလွန်းလို့ နိုင်ငံတကာ အကူအညီကို နိုင်ငံမရွေးလက်ခံပါ့ မယ်လို့ ပြောတာကို အပြည့်အ၀မယုံနိုင်ဘဲ သံသယရှိရခြင်း ဖြစ်ပါတယ်။ အခုဒီမနက်မှာလည်း ဘန်ကောက်က မြန်မာ သံရုံးမီးလောင် တယ် လို့သိရပါတယ်။ တကယ်ပဲ မတော်တဆဖြစ်တဲ့ မီးလောင်မှုလား။ အကွက်တခုခုထွင်ချင်လို့ သူတို့ ဟာ သူတို့ မီးတင်ရှို့ သလား ဆိုတာကတော့ ကာယကံရှင်မှပဲ သိမှာပါ။ သူတို့နဲ့အဆင်ပြေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ ကြတော့ ဗီဇာအမြန် ထုတ်ပေးပြီး သူတို့နဲ့အဆင်မပြေတဲ့ သူတို့မကြိုက်တဲ့ အဖွဲ့အစည်းက လူတွေဆိုရင် သံရုံးမီးလောင် ထားလို့ ဗီဇာ လာလျှောက် တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းက ၀န်ထန်းတွေကို စောင့်ပါဦး လောလောဆယ် ဗီဇာ ထုတ်မပေးနိုင်သေးဘူး စတဲ့ ဆင်ခြေဆင်လက်တွေ ပေးချင်လို့လား။

အမေရိကန်အစိုးရကတော့ ဒေါ်လာ ၂၀। ၅ သန်းနဲ့ညီမျှတဲ့ အကူအညီများပေးဖို့ အဆင့်သင့်ပါပဲလို့ ဆိုပါတယ်။ သို့ သော် မြန်မာစစ်အစိုးရ အနေနဲ့ အဲသလို နိုင်ငံတကာ အကူအညီများကို လက်ခံရယူမယ်ဆိုရင် နိုင်ငံတကာက သဘာဝဘေး ဒုက္ခ ကပ်ဆိုင်ရာ ကျွမ်းကျင်သူများ မြန်မာနိုင်ငံကိုလာပြီး လိုအပ်တဲ့ လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုရ ပါလိမ့်မယ်လို့ ထပ်လောင်း ပြောကြားထားတာ ရှိပါတယ်။ မုန်တိုင်းအပြီး ဆက်လက်ရင်ဆိုင်ရမဲ့ လူမှုရေး၊ ကျန်းမာရေး၊ စားရေး သောက်ရေး၊ ပြန်လည် ထူထောင်ရေးတွေ အတွက် အကူအညီ အမြောက်အများ လိုအပ်ပါတယ်။ တရုတ်တို့၊ အိန္ဒိယတို့၊ အာစီယံနိုင်ငံ တို့လောက်နဲ့ ဖြေရှင်းနိုင်တဲ့ သေးသေးမွှားမွှား ကိစ္စမဟုတ်ပါ။

နိုင်ငံတကာက အကူအညီ အလုံးအရင်းနဲ့ လိုပါတယ်။ တရုတ်လည်း သူ့ငလျင်ပြဿနာနဲ့သူ ရင်ဆိုင်နေရပါတယ်။ အဲတာအပြင် ငလျင်ကြောင့် ဆည်တွေ ရေကာတာတွေ စုစုပေါင်း (၆၉) ခု ထိခိုက်သွားလို့ အဲသည့် ဆည်တွေကျိုး ပေါက်မသွားစေဖို့ ခေါင်းခဲ နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီလို အရေးပေါ် အခြေအနေမျိုးမှာ နိုင်ငံတကာကနေ ကူညီလာမှာကို နှောင်ကြိုးပါတဲ့ အကူအညီလို့ စွပ်စွဲလို့မရပါဖူး။ ကိုယ်တဦးတည်း မဖြေရှင်းနိုင်တဲ့ ကိစ္စကို အများက ၀င်ရောက် ကူညီတဲ့နေရာမှာ နားလည်ဖို့ လိုပါတယ်။ အခုဟာက အလကားရတဲ့နွား သွားဖြဲကြည့် နေတာမျိုးနဲ့ တူနေပါ တယ်။ အာစီယံကြတော့လည်း အဖွဲ့ဝင် ဘယ် နှစ်နိုင်ငံက အထူးတလည် ချမ်းသာ ကြွယ်ဝနေလို့လဲ။ ထိုင်းတို့ မလေးရှားတို့ စကာင်္ပူတို့ဟာ ကိုယ့်ထက်ပိုက်ဆံ ရှိပေမဲ့ ဒီလို အခြေအနေမျိုးကို အလုံးအရင်းနဲ့ ရေရှည်ကူညီဖို့ မတတ်နိုင်ပါ။

နိုင်ငံတကာက ကူညီလာမယ် ဆိုတာကို လက်ခံပါ့မယ်လို့ သဘောတူပြီးမှ ဟိုအကြောင်းပြ သည်အကြောင်းပြပြီး ကန့်သတ် တာတွေ၊ တားမြစ်တာတွေ မလုပ်ဖို့ လိုပါတယ်။ ဆိုပြီးသား စကားမြဲဖို့ လိုကြောင်းပါ။ သို့မဟုတ်ပါက ခွေးမြီး ကောက် ကျည် တောက်စွပ်လို့ သူများတွေ ဝေဖန်တာကို ခံရမှာပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၆၊ ၀၅၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.