က
မ္ဘာတလွှားက ဆင်းရဲတဲ့နိုင်ငံများက သာမန်ပြည်သူတွေဟာ သာမန်အချိန် ကာလမျိုးတွေမှာ ကတည်းက ငတ်မွတ်ခြင်း၊ အနေ အထိုင် ဆင်းရဲခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေကို ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသည်များကို ကုစားရန်မှာလည်း လက်တွေ့တွင် အခွင့်အလမ်းအနည်းငယ် မျှသာ ရှိသည်ဟု ဆိုနိုင်သည်။ ထိုကဲ့သို့ ငတ်မွတ်နေမှု၊ အစာအဟာရချို့တဲ့ နေမှုများ ကို အမှန်တကယ် ပြေလည်အောင် မဖြေရှင်းနိုင်သောအခါ ရေရှည်အတွက် လူသားတို့၏ အခြေအနေများ တနေ့တခြား ဆိုးဝါး လာနေသည်ကို တွေ့ရသည်။ ထိုသို့အခြေအနေများ ဆိုးဝါးလာ လေလေ လူသားမျိုးနွယ်များ ပိုမိုသေကြေ ပျက်စီးမှုနှင့်လည်း ကြုံရလေလေ ဖြစ်လာတော့သည်။ ထိုသို့ ငတ်မွတ်နေသည့် ကာလအတွင်း ကမ္ဘာကြီးတွင် လူဦးရေကလည်း တိုးပွားလာနေ သည်။ ဆိုရပါက ငတ်မွတ်သူများ ပို၍ပို၍တိုး လာနေသည်ဟုပင် ဆိုရပေမည်။
ဤသို့ဆိုလျင် ထိုကဲ့သို့သော ငတ်မွတ်ခေါင်းပါးမှုများကို ပြေလည်အောင် မဖြေရှင်းနိုင်တော့ပြီလောဟု မေးစရာက လည်းဖြစ် လာပေသည်။ အမှန်တကယ် သင့်တော်ဆီလျော်သော ပေါ်လစီများ ချမှတ်၍ အမှန်တကယ် ဆောင်ရွက် မည်ဆိုပါက ယနေ့လို ခေတ်မှီနေပြီ ဖြစ်သော ခေတ်သစ် ကမ္ဘာကြီးတွင် ထိုကဲ့သို့သော ငတ်မွတ်ခေါင်းပါးမှု ပြဿနာ များကို ချုပ်ငြိမ်းသွားသည် အထိ ပင် ဖြေရှင်းနိုင်စွမ်းရှိသည်။ ထူးထူးထွေထွေ လုပ်စရာမလိုပါ။ ကမ္ဘာပေါ်တွင် ယနေ့ လက်ရှိ ရှိထားနှင့်ပြီးဖြစ်သော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး တို့အပေါ် အခြေခံ၍ တွက်ထုတ် ခွဲခြမ်းစိပ်ဖြာကာ လက် ရှိရင်ဆိုင်နေရသော ငတ်မွတ်ခေါင်းပါးမှု အတိမ် အနက်ကို တိုင်းတာပြီး ဖြေရှင်းနိုင်သည်။ ငတ်မွတ်ခေါင်းပါးမှုနှင့် တဆက်တည်း တွဲပါလာလေ့ရှိသော ရောဂါဘယ ဖြစ်ပွါးမှုများ ကိုလည်း လျော့ချသွားနိုင်သည်။
သို့သော် ထိုသို့ငတ်မွတ်မှု ခေါင်းပါးမှုများချုပ်ငြိမ်းရန်နှင့် ရောဂါဘယများကို လျော့ချဖို့အတွက် ဆောင်ရွက်ရာတွင် ဆောင်ရွက် လိုသော စိတ်ဆန္ဒအမှန်တကယ် ရှိဖို့တော့လိုသည်။ သည့်အပြင် နောက်ထပ် အရေးကြီးဆုံးသော အချက်တချက်ကတော့ ထိုသို့ဆောင်ရွက်ရာတွင် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခွင့် ရှိဖို့လိုသည်။ ပြန်ကောက် ရပါက ငတ်မွတ်ခေါင်းပါးမှုကို ဖယ်ရှားနိုင်ရန်အတွက် လေ့လာဆန်းစစ်ရာတွင် လူပုဂ္ဂိုလ်တဦးချင်းစီနှင့် မိသားစု အလိုက် သူတို့ရသင့် ရထိုက်သော အစားအစာပမာဏအတွက် သူတို့၏ ပိုင်ဆိုင်မှု (ownership) ကို အမှန်တကယ် လွတ်လပ်စွာ တည်ဆောက်ယူခွင့် ရှိဖို့လို သည်။ ပိုင်ဆိုင်မှုကို တည်ဆောက်ယူခွင့် ဆိုသည်မှာ ထွန်ယက် စိုက်ပျိုးခြင်းကိုသော် လည်းကောင်း၊ ၀ယ်ယူ ခြင်းတို့ကို သော် လည်းကောင်း ဆိုလိုသည်။
မိမိနေထိုင်ရာ အနီးအနားပတ်ဝန်းကျင် ဒေသတခုလုံး မငတ်မွတ် မခေါင်းပါးဘဲ မိမိဒေသတခုတည်း ကွက်၍ ငတ်မွတ် ခေါင်း ပါးမှုကို ရင်ဆိုင်နေရခြင်းသည် မထွန်ယက် မထုတ်လုပ် နိုင်တော့၍လည်း ဖြစ်နိုင်သည် (သို့မဟုတ်) ၀ယ်ယူခြင်း ငှာမတတ်နိုင် တော့၍ လည်းဖြစ်နိုင်သည်။ မိမိဝင်ငွေကျဆင်းလာခြင်း (သို့မဟုတ်) လုံး၀၀င်ငွေ မရှိတော့ခြင်း တခုမ ဟုတ်တခုနှင့် ရင်ဆိုင် လာရ၍ ဖြစ်သည်။ ထိုရင်ဆိုင်ရသော အခြေအနေသည်ကား တခြားမဟုတ် ဆင်းရဲနွမ်းပါးမှု ဆို သည့် အချင်းအရာပင် ဖြစ် တော့သည်။
အထက်ပါ ချဉ်းကပ်မှုသည် အိန္ဒိယနိုင်ငံသား စီးပွါးရေးပညာရှင် ပါမောက္ခ အမာတရာစန်၏ ငတ်မွတ်ခေါင်းပါးခြင်းနှင့် အခြား ကပ်ဘေးများဆိုသည့် သူ၏အယူအဆမှ တစိတ်တပိုင်းကို တင်ပြခြင်းဖြစ်သည်။ အထက်တွင် သူတင်ပြထားခဲ့ သည်မှာ တဖြည်းဖြည်း တရွေ့ရွေ့နှင့် အမျိုးမျိုးသော အခြေအနေများ မှားယွင်း (သို့) ပျက်သုဉ်းလာသောကြောင့် ဖြစ်ပေါ်လာသည့် ငတ်မွတ် ခေါင်းပါးမှုကို ရည်စူးပြောဆို ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်အတွင်း မြန်မာနိုင်ငံတွင် ထိုကဲ့သို့ တဖြည်းဖြည်းတမြေ့မြေ့ ရင်ဆိုင်ရသော အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှုမျိုး မရှိခဲ့သော်လည်း လူများဆင်းရဲတွင်း နက်သထက်နက်လာနေသည်။ သို့သော် ပြီးခဲ့ သည့် နာဂစ် မုန်တိုင်းက သဘာဝကပ်ဘေးဖြစ်ပြီး ဗြုံးကနဲ ဒိုင်းကနဲ ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှု ကို ချက်ခြင်းရင်ဆိုင် လိုက်ရသည့် လူဦးရေက နှစ်သန်းခွဲလောက် ရှိနေသည်။
ပိုဆိုးသည်က ထိုလူတန်းစားအများစုကြီးသည် လယ်သမားများဖြစ်သည်။ မြန်မာနိုင်ငံ၏ ၀မ်းပိုက်ဟုခေါ်ဆို နိုင်သော ဧရာဝတီ တိုင်းမှ စပါးစိုက်သော လူ့အဖွဲ့အစည်းဖြစ်သည်။ မုန်တိုင်းဒဏ်ကြောင့် ထိုလယ်သမားများ၏ မိသားစုများ အများအပြား သေဆုံး ခဲ့ရသည်။ သူတို့၏ပိုင်ဆိုင်မှု (ownership) များ မျက်စေ့တမှိတ်အတွင်း အကုန်အစင် ပြောင်သလင်းခါ ဆုံးရှုံးလိုက်ရသည်။
အိမ်ယာ၊ ကျွဲ၊ နွား၊ ထွန်ယက်ကိရိယာများ၊ မျိုးစပါး၊ စားရန်ရောင်းရန် သိုလှောင်ထားသောဆန်၊ လယ်မြေထဲသို့ ပင် လယ်ရေငံ များ ၀င်ရောက်လာခြင်းကြောင့် မြေပါပျက်စီးရခြင်း၊ ထို့အပြင် တခြားတနေရာမှ ဆန်နှင့်အခြား အစားအစာများ ၀ယ်ယူ တင်သွင်းရန် ငွေလည်းမရှိကြတော့။ မုန်တိုင်းနှင့်အတူ ရှိစုမဲ့စုလေးများ ပျောက်ဆုံးသွားတာ ဖြစ်နိုင်သကဲ့သို့ နဂိုကတည်းက ဆင်းရဲတွင်း နက်နေသောကြောင့် လက်ထဲမှာ ဘာမှမရှိတာက ပို၍သဘာဝ ကျသော အ ချက်လည်း ဖြစ်ပေလိမ့်မည်။ လက်ထဲတွင် ကိုင်ထားနိုင်သည့် ငွေကြေးဆိုသည့် ပိုင်ဆိုင်မှု (ownership) လည်း လုံးလုံးမရှိ။ ရက်ပေါင်းများစွာ ဘယ်လို နေထိုင် စားသောက်၍ သက်ရှင်နေထိုင် ကြမည်နည်း။ ပိုင်ဆိုင်မှု ပျောက်ဆုံး ခဲ့ရခြင်း၏ ဆိုးကျိုး များဖြစ်သည်။
မုန်တိုင်းဒဏ်မခံရသော အခြားဒေသမှ လူအများက လှူဒါန်းသော စားရေရိက္ခာများဖြင့် အသက်ဆက်ကြရသည်။ ပိုင် ဆိုင်မှု အချို့ကို မျဝေခွဲပေးခြင်းဟု ဆိုကောင်းဆိုနိုင်သည်။ သာဓုခေါ်ရပေမည်။
လူပေါင်းသန်းနှင့်ချီ၍ သူတို့ပိုင်ဆိုင်မှုများ ပျက်သုဉ်းသွားသည့်အပေါ် ပြန်လည် ကယ်တင်ဆယ်မပေးဖို့ တာဝန်အရှိ ဆုံးသူများ ကတော့ အာဏာပိုင်အစိုးရပင် ဖြစ်သည်။ သို့သော် ထိုဒုက္ခရောက်နေသူများကို ကယ်တင်ဖို့အတွက် စစ် အစိုးရ၏ တုန့်ပြန်မှုက နှေးကွေးလှသည်။ နိုင်ငံတကာက ကူညီမည်ဟု ကမ်းလှမ်းလာသည်များကိုလည်း ရှုံ့ချီနှပ်ချီ လုပ်၍သာ အကြောင်းပြန်နေ သည်။ ဘာကြောင့်ဆိုတာ ဆန်းစစ်ကြည့်ဖို့လိုသည်။
နိုင်ငံတကာအဖွဲ့အစည်းများ အစုလိုက်အပြုံလိုက် ၀င်ရောက်လာပါက လက်ရှိ စစ်တပ်အစိုးရ အရည်အချင်းမရှိတာ တွေ ပို၍ ပေါ်လွင်လာမည်။ ထိုနိုင်ငံတကာ အဖွဲ့အစည်းများ (အထူးသဖြင့် အနောက်နိုင်ငံများမှ အဖွဲ့အစည်းများ) ကို လက်ခံလိုက်ပါက နောင်တွင် ပြန်နှင်ထုတ်ရန် ခက်ခဲနိုင်သည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများက ရေရှည်သဘော ဆောင်သည့် အတွက် လည်း ဖြစ်သည်။ လူထုက ထိုနိုင်ငံတကာ အဖွဲ့အစည်းများကို ပို၍အားကိုး သွားနိုင်သည်ဟု စစ်ဗိုလ်ချုပ်များက တွေးပေလိမ့် မည်။ ထိုနိုင်ငံတကာ အဖွဲ့အစည်းများက တဖြည်းဖြည်းနှင့် လူထုကို သွေးထိုး၍ သူ တို့ စစ်အစိုးရ ပြုတ်ကျအောင် လုပ်လိမ့် မည်ဟုလည်း သူတို့က သံသယ ၀င်ကောင်း ၀င်နေလိမ့်မည်။ လူထုတရပ်လုံး က သူတို့စစ်အစိုးရကို မကြိုက်တာ သူတို့ ကိုယ်တိုင်လည်း သိနေသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ နောက်ကွယ် ကနေ မြှောက်ပင့်ပေးမှု၊ လူထုကလည်း သူတို့ကို မုန်းတီးခြင်း နှစ်ခုစလုံး ပေါင်းစည်းမိသွားပါက နိုင်ငံရေးအာဏာ ဆိုသည့် ပိုင်ဆိုင်မှု (ownership) ကို လက်လွှတ်လိုက် ရမည့် ကိန်းရှိသည်ဟု စစ်ဗိုလ်ချုပ်များ တွက်ထားပါ သည်။ ထို့အတွက် သူတို့၏အာဏာပိုင်ဆိုင်မှု မဆုံးရှုံးစေရန် မုန်တိုင်းဒဏ်ခံ လူထု၏ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းကို မျက်နှာ လွှဲခဲပစ်လုပ်ကာ ကမ်းလှမ်းလာသမျှ နိုင်ငံတကာ အကူအညီများကို လက်မခံရဲ ဖြစ် နေခြင်းပင်။
နိုင်းယှဉ်ကြည့်မည် ဆိုပါက ထိုင်းနိုင်ငံတွင် ၂၀၀၄တုံးက ဆူနာမီ ဖြစ်အပြီး (၁၀) ရက်အတွင်း လှိမ့်ဝင်လာသော နိုင်ငံ တကာမှ အကူအညီနှင့်ငွေများမှာ ဒေါ်လာသန်းပေါင်း (၄၀၀၀) ခန့်ရှိသည်။ ထိုင်းနိုင်ငံတွင် ဆူနာမီကြောင့် သေဆုံးခဲ့ ရသော လူပေါင်း မှာ (၆၀၀၀) ကျော်ရှိသည်။ မြန်မာပြည်တွင် ဆိုင်ကလုန်းကြောင့် သေဆုံးသူ (၁၃၀ ၀၀၀) ကျော်ရှိ၍ လူပေါင်း နှစ်သန်းခွဲ အိုးမဲ အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ သို့သော်မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းအပြီး (၂၅) ရက်ကြာသည် ထိ ၀င်လာနေသည့် အကူအညီနှင့် ငွေကြေးပမာဏမှာ ဒေါ်လာသန်းပေါင်း (၂၀၀) ခန့်သာ ရှိသေးသည်။ စစ်အစိုးရ က ကိုယ်နှင့်မဆိုင်သလို နေနေသော အကျိုး ဆက်ကြောင့်ဟု ဆိုနိုင်သည်။ နိုင်ငံတကာထံ သူတို့မတောင်းရဲ။ တောင်း လိုက်ပါက နိုင်ငံတကာ အဖွဲ့အစည်းများအား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးရမည်ကို စိုးသောကြောင့်ပင်။
ဒီမိုကရေစီထွန်းကားသော လူ့အဖွဲ့အစည်းတွင် အခုမြန်မာပြည်လို သဘာဝကပ်ဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ရသော အခါ၌ တည်ဆဲအစိုးရသည် ဒုက္ခရောက်နေသည့် သူများကို အမြန်ဆုံး ကယ်တင်ရသည်။ လိုအပ်သည့် အထောက် အကူပြု ပစ္စည်း များ၊ စားရေရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ရသည်။ နိုင်ငံခြားက အကူအညီ များကိုလည်း လက်ခံ ယူရသည်။ နိုင်ငံတကာ ကူညီရေးအေဂျင်စီများ၊ ကျွမ်းကျင်သူများ ကိုလည်း ၀မ်းသာအယ်လဲ ကြိုဆိုသည်။ ဘာကြောင့်လဲဆိုတာ ဆန်းစစ်လိုက်တော့ လူသားတို့ ဘေးဒုက္ခနှင့် ရင်ဆိုင်တွေ့ နေရသည်ကို ကယ်တင်ရမည်မှာ လူ့ကျင့်ဝတ်ဖြစ်သည်။ နောက်တကြောင်းကတော့ သူတို့၏ နိုင်ငံရေးအာဏာပိုင်ဆိုင်မှု (ownership) ကို နာမည်ပျက်တံဆိပ် အကပ်မခံလို အထိခိုက်မခံလိုသော သဘာဝကြောင့် လည်းဖြစ်သည်။ သဘာဝကပ်ဘေး ရင်ဆိုင် ရသော ပြည်သူများကို အလုံးအရင်းဖြင့် ကူညီကယ်တင်ခြင်းကြောင့် နာမည် ကောင်းရကာ နောင်လာမည့် ရွေး ကောက်ပွဲ အသစ်တွင်လည်း ပြိုင်ဖက်များကို ဖြတ်ကျော်တက်ခါ နိုင်ငံရေး အာဏာပိုင် ဆိုင်မှုကို နောက်တခါ ထပ်ရ နိုင်သေးသည်။ နောက်တခေါက် နောက်တပြန် အစိုးရ ဖြစ်ရဦးမည်။ နာမည်ပျက်သွားပါက နိုင်ငံရေးအာဏာ ပိုင်ဆိုင် မှုကို တိုက်ရိုက်ထိခိုက်သဖြင့် နာမည်အပျက်မခံနိုင်။
တရုတ်ပြည်ငလျင်ဘေးကိုပဲ ပြန်ကြည့်နိုင်သည်။ တရုတ်အစိုးရသည် ဒီမိုကရေစီ အစိုးရမဟုတ်သော်လည်း သဘာဝ ကပ်ဘေး ကျရောက်သော နေရာသို့ တရုတ်သမတကိုယ်တိုင် ချက်ခြင်း ရောက်လာသည်။ လူတွေကိုအားပေးသည်။ အတတ်နိုင်ဆုံး စားရေးသောက်ရေး၊ နေရေးဝတ်ရေး အရေးပေါ်အကူအညီများ ချက်ခြင်းရောက်လာသည်။ လူသား ဆိုင်ရာ ကျင့်ဝတ်အရ လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်သလို သူတို့တရုတ်အစိုးရ၏ နိုင်ငံရေးအာဏာပိုင်ဆိုင်မှုကို နောင်အတွက် မထိခိုက်စေ လိုတာလည်း ဖြစ်နိုင်သည်။ နောက်ကွယ်မှာ နိုင်ငံရေး ရည်မှန်းချက်တွေ ပါနေသည်ဟု ဆိုစေဦးတော့ အကူအညီ လိုအပ်သည့် လူထုကို ချက်ခြင်းအကူအညီ ပေးခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ် သည်။
စစ်ဗိုလ်ချုပ်ကြီးများတွင် နိုင်ငံရေးအာဏာ ပိုင်ဆိုင်မှုနှင့်အတူ ဓနပိုင်ဆိုင်မှုကလည်း မြင့်တက်လာခဲ့သည်။ စကာင်္ပူတွင် နည်း မျိုးစုံသုံး၍ ဘဏ်စာရင်းများ ဖွင့်ထားကြသည်။ ဒေါ်လာများသန်းနှင့်ချီ၍ ချမ်းသာကြသည်။ ဗိုလ်ချုပ်မှူးကြီး၏ သမီးဆိုလျှင် မင်္ဂလာဆောင်တုန်းက စိန်ဘယက်ကြီးကြောင့် နာမည်ကြီးခဲ့သေးသည် မဟုတ်လော။ ဒါတောင် ကျန်ရှိနေ သေးသည့် အခြား ပိုင်ဆိုင်မှုများကို ထည့်မတွက်ရသေး။ အမျိုးမျိုးအထွေထွေသော စီးပွားရေး ကုမ္ပဏီများသည်လည်း သူတို့၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ နိုင်ငံရေးအာဏာ ပိုင်ဆိုင်မှုမှ တိုက်ရိုက်ပေါက်ဖွားလာသည့် ဓနပိုင်ဆိုင်မှုများပင်။
အနှစ်ချုပ်ရသော် မြန်မာစစ်ဗိုလ်ချုပ်များသည် သူတို့၏ နိုင်ငံရေးအာဏာပိုင်ဆိုင်မှု လက်လွှတ်ရမည်ကို ပူပန်စိုးရိမ် သော ကြောင့် မုန်တိုင်းအတွင်း ရှိရှိသမျသော ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးလိုက်ရသည့် နှစ်သန်းကျော် လူထုကြီးကို မျက် ကွယ်ပြု စတေး လိုက်ခြင်းသာ ဖြစ်တော့သည်။ ထို့ထက်ပို၍ ဆိုရသော် ဗိုလ်ချုပ်များ လုယက်ခိုးယူထား၍ သူတို့ လက်ထဲတွင် ရှိနေသော နိုင်ငံ ရေးအာဏာ ပိုင်ဆိုင်မှု၏ တကယ်တန်း မူလပိုင်ရှင်ကား မြန်မာပြည်သူများသာတည်း။
ဇော်မင်း (လူ့ဘောင်သစ်)
၂၆၊ ၀၅၊ ၂၀၀၈
စာကိုး။ ။ ပါမောက္ခ အမာတရာစန်၏ Development as Freedom စာအုပ်ပါ Famines and Other Crises မှကိုးကားပါသည်။
Tuesday, May 27, 2008
အုံနာရှစ် (သို့မဟုတ်) ပိုင်ဆိုင်မှု ပြဿနာ
Posted by ရွက်မွန် at 3:40 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment