သြော်
... ကူညီတဲ့လူတွေကလည်း ရောက်လာပါပြီရဲ့။ ဒါပေမဲ့ သူတို့တွေကတော့ ငိုမဲ့မဲ့လေးတွေပါပဲ။ သူတို့ဆိုတာကတော့ ဒေးဒနော၊ ရေတိမ်၊ တော်တွင်းကုန်း စတာတွေက ဒုက္ခသည်တွေပေါ့၊ ကယ်ဆယ်ရေးဆိုတာကို ဦးဆုံး တွေ့ရတဲ့ရက်ကို မေးကြည့်လိုက် တော့ ၂၁ ရက်နေ့က စတွေ့တာပါတဲ့။ ကယ်ဆယ်ရေး ဆင်းလာတဲ့အဖွဲ့တွေ ဆိုတာကလည်း အာဏာပိုင် အစိုးရက လွှတ်တဲ့ အဖွဲ့တွေ မဟုတ်ပြန်ဘူး။ သူလိုကိုယ်လို ဒုက္ခသည်ချင်းကို စာနာတဲ့ အဖွဲ့အစည်းတခုကပါ။ အဖွဲ့အစည်းနာမည်ကိုတော့ ဖော် မပြနိုင်တာကိုတော့ စာဖတ်သူများ နားလည်မှာပါ။ သူတို့တွေကို အဆင်ပြေသလို လိုက်မေးကြည့် လိုက်တာလေးကို တင်ပြပါရစေ ..... ... ....
အင်္ဂလုံရွာက ဘုရားကြီးမှာ ဘုန်းကြီးတွေဖွင့်ထားတဲ့ ဒုက္ခသည်စခန်းက ကိုကျော်မြင့်ကတော့ "ကူညီကြပါဦးဗျာ။ တကယ်ဆိုရင် ကျွန်တော်က ရေတိမ်ကပါ။ ရေတိမ်မှာ အခြေအနေဆိုးလွန်းလို့ ဒီအင်္ဂလုံရွာမှာ လာနေရတာ။ ဘုန်းတော်ကြီးက စေတနာကောင်းပါတယ်။ ဒုက္ခသည်တွေကို တတ်နိုင်သလောက် စောင့်ရှောက်ပေးထားတယ်။ ကောမှူးနဲ့ ကွမ်းခြံကုန်းတို့မှာ အစိုးရက ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးပါတယ်။ ကော့မှူးမှာက နိုင်ငံတကာက လှူထားတဲ့ တဲတွေရှိပေမယ့် ကွမ်းခြံကုန်း မှာတော့ အာဏာပိုင် စစ်တပ်ကပေးထားတဲ့ စစ်သုံး ရွက်ဖျင်တဲတွေပဲ ရှိတယ်။ လှူထားတာတွေ ဘယ်ရောက်ကုန်တယ်ဆိုတာ ကိုတော့ သူတို့ပဲ သိမယ်။ ကျွန်တော်တို့ကို မကူကြပါနဲ့။ ကျွန်တော်တို့ကို ကူမယ့်အစား လမ်းလုံးဝမပေါက်တဲ့ ရွာတွေဘက်ကို သွားပေးကြပါ။ သူတို့ဆီမှာ ကျွန်တော်တို့ထက် ဒုက္ခရောက်နေကြ တယ်။ အဲဒီကို သွားကူညီပေးပါ "တဲ့။
နောက်ပြီး သူက ... ... ... " ကျွန်တော့်မိဘတွေကို လေဖြတ်နေတယ်။ အခု ကျွန်တော်မိဘတွေကို ဘုန်းတော်ကြီး ကျောင်းက ဒုက္ခသည်စခန်းမှာထားပြီး ရွာနီးစပ်က လူတွေကို လိုက်ကူညီပေးနေပါတယ်။ ဒါပေမဲ့ ကိုယ့်မိဘနှစ်ပါး အတွက် ကလည်း လုပ်ရ ဦးမယ်လေ။ လာလှူကြတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ ညဘက်ရောက်တိုင်း အော်အော် ပြီးတော့ကို အမျှဝေတယ်"တဲ့။
တော်တွင်းကုန်းရွာကနေ အင်္ဂပူက မွတ်စလင်ဘုရားကျောင်းမှာ ဖွင့်ထားတဲ့ ဒုက္ခသည် စခန်းမှာ နေထိုင် နေရတဲ့ ကိုရွှေမြင့် ကတော့ "တော်တွင်းကုန်းရွာမှာ ရှေ့ကုန်းနဲ့ နောက်ကုန်းဆိုပြီး နှစ်ကုန်းရှိတယ်၊ ကျွန်တော်က အရှေ့ကုန်းမှာ နေတာပါ၊ မုန်တိုင်းတိုက်တဲ့ အချိန်က ရွာရဲ့ အမြင့်ဆုံးဖြစ်တဲ့ ကုန်းတွင်းပိုင်းမှာတောင် ရေက ပေါင်လောက်ထိ ရှိတယ်၊ ကျွန်တော့် ကလေးတွေကို အိမ်ခေါင်တိုင်ပေါ်တင်ထားပြီး ကျွန်တော်တို့ လူကြီးတွေက ရေထဲမှာပဲ တစ်နေကုန်နေခဲ့ရတယ်၊ တစ်နေကုန် စားစရာမရှိ။ သောက်စရာမရှိနဲ့ ဒီအတိုင်းကို နေခဲ့ရတယ်၊ ရေကျလို့ ကားလမ်းမကြီး ပေါ်တက်ဖို့ ထွက်လာ တော့ ရေက လယ်ကွက်ထဲမှာ လည်ပင်းအထိ ကျန်နေတုန်းပဲ။ အခုလည်း အင်္ဂလုံရွာကို တက်ပြီး အလှူခံနေရတယ်။ ဒီကနေ့ လပြည့်နေ့မှ ဒီရွာထဲကို အလှူရှင်တွေ ရောက်လာတာပါ၊ အခု ရွာထဲမှာ ကျန်ခဲ့တဲ့ အိမ်ကလေးနှစ်လုံးမှာ သက်ကြီးရွယ်အိုတွေကို ထားခဲ့ပြီး ကျန်တဲ့လူတွေက မြို့ပေါ်တက်ပြီး အလှူခံကြရတယ်၊ ညနေစောင်းမှ ရွာထဲပြန်ပြီး သူတို့ကို ရလာတဲ့ဟာတွေ ကျွေးရတယ်" တဲ့။
ရေတိမ်ရွာက ကိုကျော်လှိုင်ကတော့ သူရောက်နေတဲ့ အင်္ဂလုံဘုရားကြီးကျောင်းက ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်နေရင်း ကယ်ဆယ်ရေး အဖွဲ့တွေလာတဲ့အခါ လိုက်ပါကူညီနေသူ တစ်ဦးပါ။ အဲဒီနေ့က ကျွန်တော်တို့ လူမှု ကယ်ဆယ်ရေးအဖွဲ့က အင်္ဂ လုံသို့ဝင် ရောက်ပြီး ဦးစွာပထမ အဲဒီအနီးအနားမှာရှိတဲ့ ရွာနီးစပ်ကလူတွေကို ဆေးဝါးကုသပေးခဲ့ပါတယ်။
ကိုကျော်လှိုင်ကတော့ နိဗ္ဗာန်ဆော်ပေါ့။ အဲဒီမှာ ဆေးဝါးကုသရင်း အရမ်းဒုက္ခရောက်သွားရတဲ့ ရွာတွေအကြောင်း မေးတော့ သူက ဒီလိုဖြေပြန်ပါသတဲ့ ... ... ...။
"ရေတိမ်ရွာက လူတွေအားလုံး ဒုက္ခရောက်သွားကြတယ်၊ အခု ဒုက္ခသည်အချင်းချင်း ပြန်ကူနေရတယ်၊ ဖြစပြီးတဲ့နေ့ ကဆို
ရေထဲမှာ ကိုယ့်အရပ်လွတ်တဲ့နေရာတွေမှာ လာကယ်မယ့်လူတွေကို စောင့်နေရတယ်။ လာမကယ်မချင်း ဒီအတိုင်း နေကြ ရတယ်၊ ရေတိမ်မှာဆိုရင် ကျန်တဲ့လူတွေရောက်ပေမယ့် ကလေးသုံးယောက်တော့ ပျောက်သွားတယ်။ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိဘူး၊ ဒေးဒနော ဘက်ဆိုရင်လည်း အရမ်းဆိုးတယ်။ ဖြစ်ပြီးတဲ့ရက်ကဆိုရင် တစ်နေကုန် ထမင်းမစားရဘူး။ ကျန်တဲ့လူတွေကို အင်္ဂပူဘုန်းကြီးကျောင်းမှာ ထားပြီး လိုက်ကယ်ကြရတယ်။ လူသေတွေ့ရင် ဆယ်လာပေးတယ်၊ ကျွဲသေ၊ နွားသေတွေတွေ့ရင် ကြိုးဖြေပေးတယ်။ ကျွဲတွေ၊ နွားတွေက အမှန်ဆို ဒီလောက် မသေသင့်ဘူး၊ ကြိုးတွေချည်ထားတော့ ပြေးလို့ မရ ဖြစ်ကုန်ပြီး ရေနစ်သေကုန်တာ။ ကျုံဒါးက တစ်မြို့လုံး ပြောင်သွားတာပဲ။ နောက်ပြီး အဲဒီရွာက စံပြကျေးရွာ ဆိုတော့ လူနေလည်း ထူထပ်တယ်လေ၊ လက်ခုပ်ကုန်းနားက ဆယ်အိမ်စုကျေးရွာကတော့ ရွာကျွတ်သွားတယ် ကြားတယ်။ အရင်ရင်တွေက အဲဒီဘက်ကို သွားခွင့် မပေးဘူး။"
ကျွန်တော်တို့အဖွဲ့ ဆေးဝါးအကူအညီပေးနေခိုက် လာရောက်သူအချို့ကို ထပ်မေးကြည့်ပြန်တော့ ... ... ...
"ကျွန်မကလေးကို ကြည့်ပေးပါဦးရှင်... သားလေးမှာ အနာတွေ ပေါက်လာလို့။ မနက်က အစက်ကလေးဖြစ်နေတုန်း ကတော့ ဘာဖြစ်မှန်းမသိဘူး။ အခု အနာက လက်တစ်ဆစ်လောက်ကို ကြီးလာပြီး အရမ်းငိုနေလို့။ ကလေးကို ကြည့်ပေးကြပါဦးရှင်.." ဆိုပြီး ပြောလာတာကတော့ အသက် ၁ နှစ် ၂ လသား အရွယ်ကလေးကို ပိုက်ပြီး ရေးကြီး သုတ်ပြာနဲ့ လာတဲ့ ဒေါ်အေးဝင်းပါ။
"အမေ့ကို ကြည့်ပေးပါသားရယ်၊ အမေက အခု အသက် ၇၆ နှစ်ရှိပါပြီ၊ အခုလည်း ရွာက လူတွေက ဆရာဝန်ရောက်လာတယ် ဆိုလို့ ရောက်လာတာပါ၊ ကိုယ်တိုင်မလာနိုင်လို့သူတို့က လိုက်ပို့ပေးတာပါ။ အမေကြီး အခု ခါးနာနေတယ်။ မုန်တိုင်းတိုက်တုန်း က မပြေးနိုင်လို့ ထိုင်နေရင်း ထိမိထားတာပါ။ မုန်တိုင်းစဲသွားတော့ အိမ်နီးနားချင်းတွေက ဘုန်းဘုန်းတို့ ကျောင်းကို လိုက်ပို့ တာပါ။ ဒီမှာကတော့ အမေကြီးတို့လိုပဲ ဒုက္ခသည်တွေအများကြီးပဲ။"
အဲဒီအချိန်မှာ ကိုကျော်လှိုင်ရဲ့ "နောက်ထပ်ငါးယောက်ပြီးရင် တော်ကြပါ။ အခုအဖွဲ့က တော်တွင်းကုန်းကို သွားကြရဦးမှာ၊ သူတို့ အရမ်းနောက်ကျသွားရင် မကောင်းဘူး။ ဟိုမှာက ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေ အများကြီးပဲ။ အပြင်မှာ ဘုန်းဘုန်းခေါ် ထားတဲ့ စက်လှေက ရောက်နေပြီ။ နောက်ထပ်ငါးယောက်ပြီးရင် တော်ပြီနော်။ ဒီအဖွဲ့က နောက်ထပ် ထပ်လာဦးမှာပါ " အသံက ကျွန်တော်တို့ အဖွဲ့ကို တပ်လှန့်လိုက်သလိုပါပဲ။
တော်တွင်းကုန်းကို ရောက်ဖို့ အင်္ဂလုံရွာကနေ သမ္ဗာန်နှစ်စီးနဲ့ ကျွန်တော်တို့ အဖွဲ့ သွားရောက်ခဲ့တယ်၊ သွားသာ သွားခဲ့ရ ပေ မယ့် ဘုန်းတော်ကြီးကျောင်းမှာ ကျန်ခဲ့တဲ့ လူနာတွေဆီကို စိတ်က ရောက်နေခဲ့တယ်။ တော်တွင်းကုန်းရောက်ဖို့ အတွက် တံတားဆိပ်လို့ ဒေသခံတွေခေါ်တဲ့ လှေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ မိနစ် ၂၀ ကျော်လောက် မောင်းပြီးတော့ တော်တွင်း ကုန်းရွာကို ရောက်ခဲ့တယ်။ ရွာထဲရောက်တဲ့အချိန်မှာ အားလုံးက မြေကြီးပေါ်မှာ ပြားပြားဝပ်နေပါပြီ၊ အ-မ-က (၄) တော် တွင်းကုန်းကျောင်းလေးကတော့ ဘာဆိုဘာမှ မရတော့လောက်အောင် မြေကြီးပေါ်လဲ ၀ပ်နေခဲ့ပါတယ်။
ရွာထဲကို ရောက်တော့ အားလုံးအတွက် လှူဒါန်းမယ့်ပစ္စည်းတွေကို ရွာခံလူအချို့က ၀ိုင်းချပေးကြပါတယ်၊ ရွာထဲက ပြန်ပြင်
ဆောက်နေတဲ့ တဲကြီးပေါ်မှာ ဆရာဝန်အဖွဲ့က စတင်ဆေးကုသခဲ့ပါတယ်၊ ဆေးကုခံကြတဲ့ လူအချို့ဆီက ကြားခဲ့ရတဲ့ အသံ တွေကတော့ ဒီလိုပါတဲ့။
" ကျွန်တော် မုန်တိုင်းတိုက်တုန်းက တစ်နေကုန် ရေထဲမှာ နေခဲ့ရတယ်၊ အဲဒီတုန်းကတော့ ဘာမှတော့မဖြစ်ခဲ့ဘူး၊ ဒါပေမဲ့
အခု အဲဒီ့ဒဏ်ကြောင့် ဖျားနေတာပါ၊ ဖျားနေတာ ငါးရက်လောက်ရှိပြီ၊ မြို့ပေါ်ထိတက်ပြီး ဆေးလာကုပေးကြတဲ့ လူတွေနဲ့ တွေ့ဖို့ကျတော့လဲ ရေထဲက ဖြတ်သွားရမှာ ဆိုတော့ မသွားဖြစ်ဘူး၊ နောက်တစ်ကြောင်းက အားမရှိတာလဲ ပါတယ်"
"ကလေး ကို ကြည့်ပေးပါဦးရှင်၊ ကလေးက ဗိုက်နာလို့အော်အော်နေရတယ်"
အဲဒီထဲက သနားစဖွယ်နဲ့ ပြုံးချင်သဖွယ်တစ်ခုကတော့... ... ...
"သားရေ ... .... ... ထိခိုက်ရှနာ ဆေးလေးများရှိရင် အဘကို နည်းနည်းလောက်ပေးပါ"
"အဘ.. ဘာဖြစ်လို့လဲ၊ ကျွန်တော့်ကို ပြလေ၊ ကျွန်တော် တစ်လက်စတည်း ကြည့်ပေးပါ့မယ်"
"မဟုတ်ဘူးသားရဲ့၊ အဘနွားကြီး ဒူးခေါက်ကြောမှာ သွပ်ပြားထိသွားလို့၊ ဒီကောင်ကြီးထိသွားတာ လိမ်းချင်လို့ပါ သားရယ်တဲ့"
သြော် ... ... ... လူထက်တောင် အရေးကြီးနေပြီလား အဘရယ်လို့သာ ညည်းလိုက်ချင်ပါတယ်၊ အဘနဲ့ တွေ့မှဘဲ လူကုတာကနေ တိရိစ္ဆာန်ပါ ကုဖူးတော့တယ်"
တော်တွင်းကုန်းရွာက ရှစ်နှစ်သားအရွယ် သားငယ်လေးနှစ်ယောက်ဖြစ်တဲ့ နိုင်နိုင်းနဲ့ ချစ်ဖြိုးဝေကတော့ သူတို့ရဲ့ ရွာကလေးကို လိုက်ပြပေးတဲ့ ကလေးငယ်နှစ်ဦးပေါ့။ သူတို့လေးတွေကို ကျောင်းတက်ဖို့ နဲ့ပတ်သက်ပြီး မေးမြန်း ခဲ့ရာမှာတော့ ... ... ...
"သားတို့ကျောင်းကတော့ ပြိုကျသွားပြီ၊ သားတို့အိမ်လည်း ပြိုကျသွားပြီ၊ ကျောင်းတက်ဖို့ကိုတော့ ရပ်ကွက်လူကြီးက ဘာမှ လာမပြောသေးဘူး"
" သားတို့ကို မုန်ုတိုင်းတိုက်တုန်းက အိမ်ခေါင်တိုင်ပေါ်ကို လူကြီးတွေက တင်ထားပေးတယ်၊ မုန်တိုင်းတိုက်ပြီး နှစ်ရက်နေမှ
လူကြီးတွေက ကွမ်းခြံကုန်းကရလာတဲ့ မုန့်တွေ။ ခေါက်ဆွဲခြောက်တွေ ရလာတယ်၊ အဲဒါတွေကလည်း အလှူရှင်တွေက ပေးသွားတာတွေပါ"
လှူဒါန်းတဲ့ပစ္စည်းတွေကို လှူနေတုန်း မိုးရွာလာလို့ နွားတင်းကုပ်လေးထဲမှာ ဝေခဲ့ရတယ်၊ အားလုံးရဲ့ မျက်နှာတွေက မျှော်လင့် ခြင်းတွေ ယှက်သန်းလို့ ဝေရသူရင်ထဲကိုလည်း ပီတီဖြာဝေစေခဲ့တယ်၊
"ကျေးဇူးတင်ပါတယ် သားတို့ရယ်၊ အမေကြီးတို့က သားတို့ အခုလို လာလှူတာကို သာဓုခေါ်ပါတယ်၊ သားတို့လာတာဟာ
အမေတို့ရွာက ပထမဆုံးအလှူရှင်တွေပါပဲ။ ဘုန်းကြီးလို့အသက်ရှင်ပါစေ" တဲ့၊ မျက်ဝန်းမှာက ၀မ်းသာမျက်ရည်ရစ်ဝိုင်းလို့ နားထောင်သူ မျက်ဝန်းမှာလည်း အံကိုကိုက်ပြီး ကျမျက်ရည်ကို ထိန်းခဲ့ရတဲ့ ကွမ်းခြံကုန်း၊ တော်တွင်းကုန်း ခရီးစဉ်ပေါ့။
ပြည်တွင်းမှ မိတ်ဆွေတဦးက ပေးပို့ပါသည်။
Wednesday, May 28, 2008
လေဘေး ဒုက္ခသည်တွေဆီက စကားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment