မေ
လ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းဟာ ကမ္ဘာမှာ အညံ့ဆုံးနဲ့ လူမဆန်ဆုံး အစိုးရအုပ်ချုပ်နေတဲ့ မြန်မာပြည်လို နိုင်ငံကို တိုက်ခတ် ခဲ့တာကြောင့် နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံသားတွေ အတွက်ရော ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ အသီးသီးက ပြည်သူ တွေ အစိုးရတွေ အတွက်ပါ စိတ်မချမ်းမြေ့စရာနဲ့ ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဒီလောက် ပြင်းထန်ရက်စက်တဲ့ သဘာဝ ဘေးအန္တရာယ်မျိုး တသက်နဲ့ တစ်ကိုယ်တစ်ကြိမ်မှ မကြုံဘူး ကြပါ။ အသက် ၈၀၊ ၉၀ အရွယ်ရှိတဲ့ လူကြီးသူမတွေလည်း သူတို့ အသက်ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက် ယခု လောက် ဆိုးဝါးတဲ့ အဖြစ်မျိုး တခါမှ မကြုံဘူးခဲ့ဘူးလို့ ပြောပါတယ်။ တစ်သက်မှာ တစ်ခါကြုံရတဲ့ သဘာဝဘေး ကပ်ဆိုးနဲ့ ဘ၀တစ်သက်မှာ အဆိုးဆုံးလို့ဆိုရမယ့် အစိုးရဆိုးက ဒီကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းတာကြောင့် ၀မ်းနည်း စရာ အဖြစ် အပျက်တွေ ဖြစ်လာ ရတာပါ။
ကြိုတင်သတိပေးချက်
မုန်တိုင်းမတိုက်မီကလည်း နိုင်ငံတကာ မိုးလေ၀သ အဖွဲ့များကရော၊ ပြည်တွင်း မိုးလေ၀သ ဌာနကပါ မုန်တိုင်းရဲ့ ပြင်းအား နဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ထုတ်ပြန်နေပါလျှက်နဲ့ လူထုကို ထိထိရောက်ရောက် သတိပေးဖို့ ကြိုတင် ပြင်ဆင်မှု တွေ လုပ်ဖို့ ကိုပျက်ကွက်ခဲ့ပါတယ်။
ရန်ကုန်မြို့နဲ့ အတူမုန်တိုင်းဒဏ်ခံရတဲ့ မြို့နေလူထုတွေက အစိုးရကို အပြစ်တင်သလို မိုးလေ၀သဌာနကို အပြစ်တင်ခဲ့ ကြပါ တယ်။ ဒါပေမယ့် မုန်တိုင်းပြီးနောက် တစ်ပတ်အကြာ ပြည်တွင်းသတင်းဂျာနယ် တစ်ခုနဲ့ မိုးလေ၀သဌာနက ညွှန်ချုပ် ဦးထွန်း လွင်တွေ့ဆုံ မေးမြန်းချက်မှာတော့ ဦးထွန်းလွင်က သူ့အနေနဲ့ မုန်တိုင်းလမ်းကြောင်းကို ၂ ရက်ကြိုပြီး အတတ်နိုင်ဆုံး ခန့်မှန်း အသိပေးခဲ့တယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို မုန်တိုင်းရဲ့ ပြင်းအားနဲ့ လမ်းကြောင်းကို အသိပေးခဲ့ပေမယ့် အာဏာပိုင် တွေက ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တဲ့ အချက်က အဓိက အားနည်းချက် ဖြစ်ခဲ့တယ်။ နောက်နောင်အတွက် သင်ခန်းစာယူစရာပဲ လို့ ပြောဆိုခဲ့တယ်။
နာဂစ်မုန်တိုင်း ရန်ကုန်ကို ၀င်တဲ့ မေလ ၂ ရက်နေ့ညနေမှာ မိုးကတနေ့လုံး သဲသဲမဲမဲ ရွာနေပါတယ်။ ရုံးတွေနဲ့ ကုမ္ပဏီ အချို့က မွန်းလွဲပိုင်း ၃နာရီလောက်မှာ အလုပ်သိမ်းစေပြီး အိမ်ပြန်ကြပါတယ်။ ဒါပေမယ့် မုန်တိုင်းဟာ ဘယ်လောက်ထိ ဖျက်ဆီးနိုင် စွမ်းရှိတယ် ဆိုတဲ့ သတိပေးချက်မျိုးတော့ ဘယ်သူမှ မရကြပါဘူး။ ညနေ ၅ နာရီ ၀န်းကျင်မှာ ရန်ကုန်မြို့ရဲ့ ရပ်ကွက် အနည်း ငယ်မှာ ရယကနဲ့ အရန်မီးသတ်တွေက လော်စပီကာနဲ့ ယနေ့ညမှာ ရန်ကုန်ကို မုန်တိုင်းဖြတ်ကျော်မယ့် အကြောင်းနဲ့ မုန်တိုင်းတိုက်စဉ်မှာ လျှပ်စစ်မီး မိန်းခလုပ်တွေ ပိတ်ထားဖို့၊ အိမ်ပြင်မထွက်ကြဖို့ကို လှည့်ကြေငြာပါတယ်။ ဒါပေမယ့် အစား အစာ၊ သောက်ရေစုဆောင်းဖို့ သစ်ပင်အောက်တွေမှာ မနေဖို့ ဆိုတဲ့ သတိပေးချက်လိုမျိုးတွေ မပါဝင် ပါဘူး။ ဒီအချက်တွေဟာ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဘာကြိုတင်ပြင်ဆင်မှုမှ မလုပ်ခဲ့ဘူး ဆိုတာကို ပြသတာပါပဲ။
အပျက်အစီး ရှင်းလင်းရေး
မုန်တိုင်းတိုက်ခတ်ပြီးတဲ့ နောက်မှာလည်း အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ ကယ်ဆယ်ရေး၊ ကူညီရေးကို ချက်ခြင်းလုပ် ဆောင် တာမျိုး မတွေ့ရပါဘူး။ ရန်ကုန်မြို့မှာ မုန်တိုင်းငြိမ်သက်သွားတဲ့ မွန်းတည့်ချိန်လောက်မှာ ပြိုလဲနေတဲ့ သစ်ပင်တွေ ကို စတင် ခုတ်ပြီး ရှင်းတာက အရပ်သားတွေ၊ ဘုန်းကြီးကျောင်းတွေအနီးနားမှာ ကသံဃာတွေပါ။
ပန်းပဲတန်းမြို့နယ် မယက ကကားတစ်စီးပေါ်မှာ အသံချဲ့စက်တင်ပြီး အပျက်အစီးရှင်းလင်းရေးကို သက်ဆိုင်ရာက လုပ် ဆောင်ပေမယ့်လည်း ပျက်စီးမှု များပြားတာကြောင့် လူထုကပါ ၀ိုင်းဝန်းလုပ်ဆောင်ကြပါ ဆိုပြီး လိုက်လံကြေညာ တာကိုလည်း ကြားရပါတယ်။
ဘယ်စစ်သားဘယ်ရဲ၊ ဘယ်စည်ပင်မှ မတွေ့ရသေးပါဘူး။ မုန်တိုင်းပြီး နောက်တစ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့ထိတောင် မြို့ထဲနဲ့ လူနေရပ်ကွက် အများစုမှာ ပြိုလဲတဲ့သစ်ပင်တွေကို လူထုကပဲ ရှင်းနေရတုန်းပါ။ စစ်သားတွေကို ကမ္ဘာအေး ဘုရားလမ်းနဲ့ ပြည်လမ်းလောက်မှာသာ တွေ့ရပါတယ်။ ကြိုးပြတ်နေတဲ့ လျှပ်စစ်မီးကြိုးတွေ၊ တိုင်တွေ၊ ဖုန်းတိုင်၊ ဖုန်းလိုင်း တွေကို ဘာမှ ဖယ်ရှားရှင်းလင်းခြင်း မရှိသေးပါဘူး။ လမ်းမှာဖြတ်သွား ဖြတ်လာတဲ့ ကားတွေက ကတ္တရာလမ်းပေါ် ကျနေတဲ့ ဖုန်းကြိုး၊ လျှပ်စစ်မီးကြိုးတွေကို ကားဘီးတွေနဲ့ ကြိတ်သွားတာကို မြင်တွေ့နေရပါတယ်။ သက်ဆိုင်ရာ ဌာန အလိုက် ရှင်းလင်းရေး လုပ်တာကို မြင်တွေ့ရတာကတော့ မုန်တိုင်းစဲပြီး နှစ်ရက်မြောက်တဲ့ ၅ ရက်နေ့မှ ဖြစ်ပါတယ်။
မထင်မှတ်တဲ့ ၀မ်းနည်းစရာ အဖြစ်အပျက်များ
ရန်ကုန်မြို့နေလူထုဟာ နာရီပိုင်းအတွင်း ရန်ကုန်မြို့တစ်မြို့လုံး အလဲလဲ အပြိုပြိုဖြစ်ပြီးတဲ့နောက်မှာ လျှပ်စစ်မီးတွေ ပြတ် တောက်၊ သုံးစရာ သောက်စရာ ရေပြတ်လပ်၊ သွားရေးလာရေးတွေ ခက်ခဲကုန်ပါတယ်။ လျှပ်စစ်မီးမလာလို့ လောင်စာဆီ ရောင်းတဲ့ဆိုင်တွေ ပိတ်ထားတော့ ရန်ကုန်မြို့ထဲကနေ ၁၅၊ ၁၆မိုင်လောက်ဝေးတဲ့ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို တက်စီခ ၄သောင်းခွဲ ပေးရပြီး၊ ခါတိုင်း ဘတ်စ်ကားခ ၅၀ ကျပ်ပေး ရတဲ့ ခရီးကို ၅၀၀ ကျပ်ဖြစ်လိုဖြစ်၊ ကြက်ဥတစ်လုံး ၂၅၀ မှ ၃၀၀ကျပ်၊ လက်ဘက်ရည်တစ်ခွက် ၂၅၀ ကျပ်မှ ၅၀၀ ကျပ် ဖြစ်သွားပါတယ်။
လျှပ်စစ်မီးပြန်ရဖို့ ဟာအနည်းဆုံး ၁၅ ရက်ကြာမယ်လို့ သတင်းထွက်နေပြီး မြို့ရေးပေးဝေရေးစနစ်လည်း ရပ်တံ့နေတဲ့အတွက် သုံးရေရရှိဖို့အတွက် ဓမ္မာရုံတွေ ဗလီတွေမှာ သုံးရေရရှိဖို့ ရေပုံးတွေနဲ့ ရေသယ်ယူကြရပါတယ်။ ဖုန်းလိုင်း တွေလည်း ပြတ် တောက်နေ၊ တနေရာနဲ့ တနေရာသွားဖို့လည်း ကားအဆင့်ဆင့် စီးရ၊ ဘတ်စ်ကားအများစု မထွက်ဘဲ အိမ်စီး ပစ်ကပ်ကားငယ်၊ ဟိုင်းလပ်ကားတွေက ကြားကားအဖြစ် ပြေးဆွဲနေကြတာဖြစ်ပါတယ်။
၎ ရက်နေ့သတင်းတွေ အရ ဧရာဝတီတိုင်း ကလပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဟိုင်းကြီးကျွန်းတွေမှာ ရွာတစ်ရွာလုံး ရေနဲ့မျောပါ၊ လူတွေရာနဲ့ ထောင်နဲ့သေဆုံးကြရတယ် ဆိုတာကြားရပါတယ်။ သို့ပေမယ့် ကြားသိရတဲ့ ကိန်းဂဏန်းတွေဟာ ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်းဆီသို့ နာရီအလိုက် ရက်အလိုက် မြင့်တက်ပြောင်းလဲ သွားတာ ကြားသိကြရပါတယ်။ ဒီလိုအခြေအနေမှာ စစ်အစိုးရက သေဆုံးသူ သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ကြေညာပြီး နိုင်ငံတကာ အကူအညီကို တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကို အ၀င်မခံဘဲ ပစ္စည်းတွေ ကို သာတောင်းခံနေတာပါ။
မြစ်ဝကျွန်းပေါ်ဒေသမှာ လူတွေဘယ်လို အသက်ဆုံးရှုံးကြရသလဲ ဒုက္ခရောက်နေကြသလဲဆိုတာကို ရန်ကုန်လူထုနဲ့ ကျန်တဲ့ အရပ်ဒေသကလူထုဟာ သေသေချာချာ မသိကြရသေးပါဘူး။ တစ်ရက်ထက် တစ်ရက် သတင်းတွေအရနဲ့ မြစ်ဝကျွန်းပေါ် ဒေသက ရောက်လာသူများ ပြောဆိုချက်အရ လူပေါင်းသောင်းနဲ့ သိန်းနဲ့အသက်ဆုံးရှုံးကြရတယ် ဆိုတာကို သိလာကြရ ပါ တယ်။
ကယ်ဆယ်ရေး နဲ့အကူအညီ
မြစ်ဝကျွန်းပေါ် အနိမ့်ပိုင်းဒေသမှာ နေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား၊ ရေလုပ်သား၊ ဆားချက် လုပ်သား တွေ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးကြ၊ မိသားစုလုံး ပျက်စီးကြရတဲ့ အချိန်မှာ စစ်အစိုးရက စေတနာ အမှန်နဲ့ ကူညီဖို့ထက်ကို စစ်အစိုးရအလိုကျရေးဆွဲထားတဲ့ အခြေခံဥပဒေ အတည်ပြုရေး ကိုပိုပြီး အာရုံစိုက်နေ ပါတယ်။ လူအများက အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ချက် နှောင့်နှေး နေတာကိုတွေ့မြင်ရပြီး အာဏာတည်မြဲဖို့ တစ်ခုကလွဲရင် လူထုအရေးကိစ္စ ကိုဘာမှ ဂရုမထားတဲ့ အောက်တန်းအကျဆုံး အစိုးရအဖြစ် သတ်မှတ် လိုက်ကြပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း မြို့ခံလူထုဟာ အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို မစောင့်ဘဲ၊ နီးစပ်ရာချင်းတိုင်ပင်ပြီး တောရွာတွေမှ ရောက်လာတဲ့ လေဘေး၊ ရေဘေးဒုက္ခသည်တွေရဲ့ စားရေးသောက် ရေးကို စီစဉ်လုပ်ဆောင်ကြပါတယ်။ လပွတ္တာမြို့သကျမာရဇိန် ဆုတောင်းပြည့် တန်ဆောင်းကြီး မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ စားရေး သောက်ရေး အတွက် မြို့ခံလူတချို့က သူတို့တတ်နိုင်သလောက် ငွေစုထည့်ကြပြီး ကျပ်ငွေ ၁ သောင်းခွဲနဲ့ ဆန်ပြုတ်တိုက်ဖို့ စတင်ခဲ့ကြတာလို့ တန်ဆောင်းကြီးရှေ့ ကျွေးမွေးကူညီရေး စခန်းအဖွဲ့ဝင်တစ်ဦး က ပြောပါ တယ်။ ပထမဆုံး ဆန်ပြုတ်တိုက်ဖို့ လုပ်စဉ်က ဆန်အိတ် ၂ အိတ်သွားဝယ်တာ ငွေမလောက်လို့ ဆန်ဆိုင်မှာ အကြွေးတောင် ထားခဲ့ရတယ်လို့လည်းပြောပါတယ်။
ရွာတွေကတက်လာတဲ့ ဒုက္ခသည်တွေဟာ အစပိုင်းရက်တွေမှာ အမိုးအကာမရှိတဲ့ တန်ဆောင်း ပရ၀ုဏ်ထဲ မှာ နေပူတော့ လည်း အပူဒဏ်ခံ၊ မိုးရွာတော့လည်း ရေစိုထဲမှာ တိုးဝှေ့နေကြရပါတယ်။
အဲဒီဆုတောင်းပြည့်တန်ဆောင်းလိုပဲ လပွတ္တာမြို့ပေါ်က အခြားဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ သောင်း နဲ့ ချီတဲ့ ဒုက္ခသည်များနဲ့ ပြည့်နှက်နေပါတယ်။ အားလုံးသော ဒုက္ခသည် စခန်းတွေဟာ မုန်တိုင်းတိုက်ပြီး ၅ ရက် ကြာကာလ အထိ အစိုးရထံမှ ဘာအကူအညီမှ မရသေးဘူးလို့ မြို့ခံတွေက ပြောဆိုပါတယ်။

အစိုးရဟာ ဒုက္ခသည် စခန်းတွေရဲ့ တာဝန်ကိုမယူပေမယ့်လို့ နိုင်ငံတကာက ရောက်ရှိလာတဲ့ အကူအညီပစ္စည်းတွေ ကိုတော့ နေ့စဉ်လက်ခံနေပြီး သတင်းစာတွေ၊ တီဗီတွေထဲမှာ ဗိုလ်ချုပ်တွေ အကူအညီပစ္စည်းတွေ ဝေငှနေတာတွေကို နေ့စဉ် ဖေါ်ပြနေ ပါတယ်။ အဲဒီအကြောင်းတွေကို ကြားသိရတဲ့ မုန်တိုင်းဒုက္ခသည်တွေဟာ အလွန်ကိုစိတ်ဆိုး ဒေါသထွက် ကြပါတယ်။
ကော့မှူးမြို့နယ် ဇလုပ်ကြီးကျေးရွာက အမယ်ကြီးတယောက်က ဆိုရင် "အဲဒီလို တီဗီမှာ ဒုက္ခသည်တွေကို ဆန်တွေ၊ ဆီတွေ၊ သတ္တုအိုးတွေ၊ စောင်တွေပေးနေတယ်လို့ နေ့တိုင်းပြနေတယ်လို့ ကြားရတယ်၊ ကျူပ်တို့သာ အဲဒီလူတွေနဲ့ တွေ့ရင်ဘယ်မှာ လည်း ပေးတဲ့ပစ္စည်းတွေ၊ ဒီက ဒုက္ခသည်တွေဟာ အခုမုန်တိုင်းပြီး တစ်ပတ်ကျော်မှာ ဆန်တစ်ပြည် ကျော်ပဲ ရဘူးသေးတယ်လို့ ဗြောင်ကိုပြောလိုက်ချင်တယ်" လို့ ဆိုပါတယ်။
လေဘေးဒုက္ခသည်တွေဟာ အစိုးရကပေးတဲ့ ဆန်အနည်းငယ်၊ အချို့နေရာတွေမှာ စားဆီအနည်းငယ်သာ ရပြီး ကျန်တဲ့ဟာကို တသီးပုဂ္ဂလိက အလှူရှင်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေက ပေးတဲ့ အထောက်အပံ့နဲ့ ရပ်တည်နေကြရတာပါ။
ဒုက္ခသည်အပေါ်မှာ ကိုယ်ကျိုးရှာ
နိုင်ငံတကာက ပေးတဲ့ အကူအညီပစည်းတွေကို အာဏာပိုင်တွေက သိမ်းဆည်းထားပြီး ဒုက္ခသည်များကတော့ သန့်ရှင်းမှု မရှိဘဲ နိမ့်ကျတဲ့ နေထိုင်မှုမျိုးမှာ နေထိုင်နေရပြီး၊ အဟာရမပြည့်ဝတဲ့ အစားအသောက်မျိုးသာ ရရှိပြီး ရောဂါဖြစ်ပွားဖို့ အန္တရာယ်များတဲ့ နေရာမျိုးမှာ နေထိုင်နေကြရပါတယ်။ နေထိုင်ရတဲ့ အကျယ်အ၀န်းကလည်း ၁၀ ပေ x ၁၂ ပေလောက် အကျယ်မှာ ၁၅ ယောက်လောက် စုပြုံပြီး နေကြရတာပါ။
နိုင်ငံတကာအကူအညီအနေနဲ့ ရရှိတဲ့ ရွက်ဖျဉ်တဲအချို့ကို အစိုးရက ဆောက်လုပ်ပြီး ဒုက္ခသည် အားလုံးရဲ့ ၂% မှ ၅% ခန့် ရှိတဲ့ အရေအတွက်ကိုသာ နေရာပေးနိုင်ပါတယ်။ ဒီလို ဆောက်လုပ်တာဟာလည်း သတင်းစာ၊ တီဗွီနဲ့ သံတမန်၊ ကုလ သမဂ္ဂ အရာရှိ ကြီးတွေကို ပြသဖို့ အတွက်သာ ဖြစ်ပါတယ်။ ကျန်တဲ့ ဒုက္ခသည်အများစု ကတော့ ပလပ်စတစ် မိုးကာစနဲ့ ဖြစ်သလို မိုးထားတဲ့ တဲလေးတွေ အောက်မှာနေထိုင်နေကြရပါတယ်။ ဒီအခြေအနေကို မြင်တွေ့ရကြားသိရတဲ့ လူထု တွေက ကူညီဖို့ စေတနာ သဒ္ဒါဖြစ်ပေါ်လာပြီး ကိုယ့်အခက်အခဲ ရှိရင် ခဏထားကာ မြစ်ဝကျွန်းပေါ်ဒေသက လူထုတွေကို သွားရောက် ကူညီကြပါတယ်။ မုန်တိုင်းအပြီး တနင်္ဂနွေ ကစပြီးကတည်းက စနေ၊ တနင်္ဂနွေမှာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ လပွတ္တာနဲ့ ဘိုကလေး တို့ကို ကားတန်းကြီးနဲ့ သွားရောက်ကူညီခဲ့ကြပါတယ်။
ဒီမြင်ကွင်းဟာ လူထုရဲ့ မျှဝေခံစားလိုတဲ့ စေတနာကို ဖေါ်ပြလိုက်တာပါ။ ဒီအဖြစ်အပျက်ကို မြင်ရတဲ့ အခါစစ်အစိုးရဟာ လူထု အချင်းချင်း စည်းလုံး ညီညွတ်တာကို မြင်ရလို့ မရှုစိမ့်ဖြစ်လာပါတယ်။ မုန်တိုင်းပြီး ၃ပတ်အကြာမှာတော့ စစ်အစိုးရ ဟာ လူထု တွေက အစိုးရကိုမယုံကြည်ဘဲ တိုက်ရိုက်ကူညီတာတွေကို စတင်ပြီး နှောင့်ယှက် ခြိမ်းခြောက်ပါတော့တယ်။ ရန်ကုန်ကနေ အလှူပေးဖို့ သွားတဲ့ ကားတွေကို အပြန်မှာ စစ်ဆေးပြီး ဖမ်းဆီးတာ၊ ဒဏ်ရိုက်တာတွေ နေ့စဉ်လုပ်ဆောင် ပါတော့တယ်။
ပုဂ္ဂလိက အလှူရှင်တွေက အစိုးရရဲ့ အလှူလက်ခံရေး ဌာနတွေကို မယုံကြည်တာဟာလည်း မဆန်းပါဘူး။ နိုင်ငံတကာ အကူအညီပေးတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲကို မှောင်ခိုရောက်ရှိ လာတာဟာ မုန်တိုင်းတိုက်ပြီး နှစ်ပတ်တောင်မပြည့်မီ မှာပါ။ ဒုက္ခသည်တွေဆီ ပစ္စည်းတွေ မရောက်ဘဲ ဈေးကွက်ထဲမှာ ခေါက်ဆွဲခြောက်ထုပ်၊ ကယ်ဆယ်ရေး ခြင်ထောင်၊ ကယ်ဆယ်ရေး စည်သွတ်ဗူးတွေ တွေ့ရလို့ လူအများက ပိုပြီး ဒေါသ ထွက်ကြ ရပါတယ်။
ဒီလိုအဖြစ်အပျက်တွေဟာ စစ်အစိုးရရဲ့ လူသားချင်းစာနာမှု မရှိတာ၊ တိုင်းပြည်သဘာဝ ဘေးဒုက္ခရောက် နေတာတောင်မှ ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ သရုပ်မှန်ကို ရှင်းရှင်းကြီး ပေါ်လွင်စေပါတယ်။
ပြည်တွင်းရှိ မိတ်ဆွေတဦးက ပေးပို့ပါသည်။
No comments:
Post a Comment