ရွက်မွန်စာမျက်နှာ

Tuesday, June 3, 2008

လက်ဂျစ်တမေစီ (သို့မဟုတ်) တရားဝင် ဖြစ်မှု

စစ်
အစိုးရဟာ ဒီအတိုင်း စစ်ယူနီဖေါင်းတွေ ၀တ်ပြီး အုပ်ချုပ်နေတာ ကြာလာတော့ (အချိန်ဆွဲနေတာလည်း တပိုင်းပါပါ တယ်) နိုင်ငံ တကာအမြင်မှာ သိပ်ပြီး ပုံမတော်တော့ဖူး ဆိုတာ သိလာပါတယ်။ အဲဒါကြောင့် သူတို့ နှစ်ရှည်လများ အချိန်ဆွဲပြီး ရေးလာ နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို အဆုံးသတ်ဖို့ လိုလာပါတယ်။ အဲသလို နိုင်ငံရေးကစားဖို့ တွက်ချက်နေတုံး ကံက မကောင်းချင်တော့ သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ ကြုံလိုက်ရပါတယ်။

တဆက်တည်း ဆိုသလို သံဃာတော်တွေ ဦးဆောင်တဲ့နောက်ကို လူထုကြီးကလည်း ထပ်ချပ်မကွာ ထပ်မံလိုက်ပါလာ ပါတယ်။ စစ်အစိုးရနေနဲ့ သူတို့ကို ထုနဲ့ထည်နဲ့ ဆန့်ကျင်လာတဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရပါတယ်။ အဲသလို နိုင်ငံရေး အကျပ် အတည်းနဲ့ တွေ့လိုက်ရတော့ ထုံးစံအတိုင်း လက်နက်ကိုင် အာဏာရှင်တွေ ဖြေရှင်းလေ့ရှိတဲ့ နည်းအတိုင်းပဲ အကြမ်းဖက် နှိမ်နင်းလိုက်ပါတယ်။ လူတွေသေတာ ကြေတာကို ဂရုမစိုက်အလေးမထားတဲ့ သူတွေကိုး။ သံဃာတွေ လူတွေ သေကြေ၊ ဖမ်းဆီးခံရတဲ့အတွက် နိုင်ငံတကာက ဝေဖန်တာကို အကြီးအကျယ် ခံလိုက်ရပါတယ်။

အဲသည်တော့ သည်အတိုင်းနေလို့တော့ မဖြစ်ချေဖူး တခုခုလုပ်ပြမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ပဲ မရှေး မနှောင်း ဆိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုချင်ဇောနဲ့ လူထုဆန္ဒခံယူပွဲလုပ်တော့မယ်ဆိုပြီး ကမန်း ကတန်း ကြေညာလိုက်ရပါတော့တယ်။ ပြီးရင် သက္ကရာဇ် ၂၀၁၀ မှာ ရွေးကောက်ပွဲ အသစ်လုပ်မယ် ဆိုတာကိုလည်း ထပ်မံ့ဖြည့်စွက် လိုက်ပြန်ပါတယ်။ သူတို့စစ်အစိုးရရဲ့ စဉ်းစားချက်က ဖွဲ့စည်းပုံအသစ်ကို အတည်ပြုလိုက်နိုင် ရင် ရှေ့အနာဂတ်မှာ စစ်တပ်လွှမ်း မိုးတဲ့ ပါလီမန်တခုကို ထူထောင်ပြီး တရားဝင်ဖြစ်မှု ရယူဖို့အတွက် လွယ်ကူသွားမယ်လို့ တွက်ချက်ထားပါတယ်။ နောင်မှာ ဒီပါလီမန်နဲ့အစိုးရဟာ တရားဝင်အစိုးရဖြစ်ပါတယ်ပေါ့လေ။ မယုံရင် အခု အတည်ပြု ထားတဲ့ ဖွဲ့စည်းပုံကြီးနဲ့ တိုက်ကြည့်ပါလို့ ဆိုလိုချင်ဟန်လည်းရှိပုံပေါ်ပါတယ်။

သို့သော်လည်း ကံကမကောင်းခြင်တော့ နိုင်ငံတာကာမှာ ရှိတဲ့အစိုးရအတော်တော်များများ အထူးသဖြင့် အင်အား ကောင်းတဲ့ နိုင်ငံကြီးများက ဒီဖွဲ့စည်းပုံဟာ သိက္ခာမရှိဖူး၊ စစ်တပ်ကသူတို့အကျိုးအတွက်ပဲ ရေးချင်သလိုရေးထားတဲ့ ဖွဲ့စည်းပုံကြီး ဖြစ် ကြောင်း ၀ိုင်းဖေန်တာကို အောင့်သက်သက်နဲ့ ခံလိုက်ရပါတယ်။ တရားဝင်မှုကို လိုခြင်လို့လုပ်တိုင်း တရားဝင်မှုကို ရဖို့ဆို တာ လွယ်တဲ့ ကိစ္စမဟုတ်ပါဖူး။ ဒါပေမဲ့ အရှက်ကုန်နေတဲ့ သူတွေပီပီ မေလ (၁၀) ရက်နေ့မှာ လူထု ဆန္ဒခံယူပွဲလုပ်မယ်ဆိုပြီး သတ်မှတ်လိုက်ပါတယ်။ တရားဝင်မှုဆိုတာကို အသေအလဲ လိုခြင်နေကြတာကိုး။ တရားဝင်မှု ကို ပုံစံတခုနဲ့ ရအောင် လုပ်နိုင် ရင် ကိုယ့်အတွက်လုံသွားပြီ၊ ကိုယ်လုပ်ခြင်သလိုလုပ်လို့ရပြီလို့ စစ်ဗိုလ်ချုပ်တွေက တွက်ထားပါတယ်။

အစိုးရတခု တရားဝင်မှုရှိဖို့ဆိုတာ နေရာအမျိုးမျိုးမှာ၊ ပုံစံအမျိုးမျိုးနဲ့တည်ရှိပါတယ်။ တရားဝင်မှုကို ကိုယ့်ဖာသာ ကိုယ်ဆုံးဖြတ်၊ ကိုယ့်ဖာသာကိုယ် အတည်ပြုလို့မရပါဖူး။ ပြည်သူတွေအသိအမှတ်ပြုဖို့ ပထမလိုပါတယ်။ ပြည်သူတွေ က အသိအမှတ် ပြုထား ရင် နိုင်ငံတာကဆက်ပြီးအသိအမှတ် ပြုပေးပါတယ်။ ကွန်စတီကျူးရှင်းလို့ခေါ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိမှ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို တခုခုကိုရေးဆွဲပြီး ဖြစ်တဲ့နည်းနဲ့ အတည်ပြုထားလိုက်ရင် ငါတို့တော့ တရားဝင်တဲ့ အစိုးရ ဖြစ်ရော ဆိုပြီး လုပ်လို့မရပါဖူး။ ဘယ်လိုပဲ လိမ်ညာပြီး အတည်ပြုထားထား ပြည်သူတွေက လက်မခံရင် နောက်ဆက်တွဲ ပြဿနာ များ မြောင်ကို ရင်ဆိုင်ရမှာမို့ လက်တွေ့မှာ ထင်ထားသလောက် မလွယ်ပါဖူး။

ဥပမာတခုလောက်အနေနဲ့ပြောရရင် ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ ဘိုးအေလို့ ပြောနိုင်တဲ့ ယူနိုက်တက် ကင်းဒမ်း (သို့) အလွယ် ပြောရရင် အင်္ဂလန်နိုင်ငံမှာ ကွန်စတီကျူးရှင်းလို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါဖူး။ ဒါပေမဲ့ ဒီမိုကရေစီရှိ ပါတယ်။ မတရား လုပ်တာတွေကို ပြန်လည်ထောက်ပြ ပြောဆို ရင်ဆိုင်နိုင်တဲ့ ဥပဒေတွေ အများအပြားရှိပါတယ်။ နိုင်ငံသား တွေကို အကာကွယ် ပေးထားတဲ့ ဥပဒေတွေအများကြီးပါ။ ယူနီဖေါင်းမြင်တိုင်းကြောက်နေရတဲ့ စနစ်မထွန်းကား ပါဖူး။ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို အဖွဲ့မျိုးတွေလည်းမရှိပါဖူး။ ဒီမိုကရေစီထွန်းကားတဲ့အတွက် ဒီမိုကရေစီနည်းစစ်စစ် မှန်မှန်နဲ့ လူထုက ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် လူထုကအသိအမှတ်ပြုပါတယ်။ အဲသလို လူထုက အသိအမှတ်ပြု ထားတဲ့ အစိုးရမျိုးကို တရားဝင်မှုရှိတဲ့ တရားဝင် အစိုးရလို့ ဆိုနိုင်ပါတယ်။

နောက်ဥပမာ ပေးချင်တဲ နိုင်ငံကတော့ ဘူတန်လို့ခေါ်တဲ့ နှင်းဆောင်းနေတဲ့ ဟိမ၀န္တာတောင်တန်းပေါ်က နိုင်ငံငယ်လေး ဖြစ်ပါတယ်။ မနေ့တနေ့မှ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးပါတယ်။ အတိအကျပြောရရင် သည်နှစ် ၂၀၀၈ ခုနှစ်မှာမှ ရွေးကောက်ပွဲ ကျင်းပပြီး လူထုရွေးကောက်တဲ့ အစိုးရအသစ် စတင်တည်ရှိလာပါတယ်။ ဟိုးတုန်းကတော့ ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ဘုရင်အုပ်ချုပ်တဲ့ စနစ်အောက်မှာ ရှိတုံးကလည်း ဘူတန်နိုင်ငံမှာ ဘုရင့် အစိုးရက လူတွေ ကို ဖိနှိပ်လို့၊ ညှဉ်းဆဲလို့၊ သတ်ဖြတ်လို့ ပြဿနာ တက်ခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဖူး။ အေးချမ်းတဲ့ နိုင်ငံ လေးတခုပါ။ ကနေ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေနဲ့အတူ တိုးတက်လိုက်ပါနိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို အခြေခံပြီး ဦးတည်သွား ဖို့ ကိုလည်း ဘုရင် ကိုယ်တိုင်ဦးဆောင်ပြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဘုရင်စနစ်နဲ့အုပ်ချုပ် တုံးကလည်း အဲသည့် ဘုရင့် အစိုးရဟာ တရားဝင် မှုရှိတဲ့ အစိုးရဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့တုံးလို့မေးရင် အဓိကကတော့ ဘုရင် ကဓါးတရမ်းရမ်း လုပ် မနေလို့ပါ။ ဆိုလိုတာက တော့ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်မှုကို မထိပါးတဲ့ အတွက် ဖြစ်ပါတယ်။

အခု မြန်မာစစ်အစိုးရကတော့ အထက်ကပြောခဲ့ နိုင်ငံနှစ်နိုင်ငံကအစိုးရမျိုးနဲ့ ကွာလှပါတယ်။ ဘယ်သူကြိုက်ကြိုက် မ ကြိုက် ကြိုက် တရားဝင်မှုဆိုတာ ကိုယ့်ဖာသာကိုယ်လုပ်ယူရင် ရတယ်လို့ယူဆထားပါတယ်။

မြန်မာပြည်ရဲ့ ဧရာဝတီတိုင်းမှာ အခုဆိုရင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူတွေ တသိန်းသုံးသောင်း ကျော် လောက် ရှိနေတယ်လို့ သိရပါတယ်။ အိမ်ခြေယာခြေမဲ့၊ စားရသောက်ရမဲ့၊ ဘ၀တွေပျက်သွားတဲ့ လူဦးရေဟာ အနည်းဆုံး နှစ်သန်းခွဲလောက် ရှိတယ်ဆိုတာကိုလည်း စိတ်ညှိးနွမ်းဖွယ်ရာ ကြားနေရပါတယ်။ လူတွေဒီလောက် သေကြေပြီး ဒုက္ခ ရောက် နေတဲ့ကြားမှာ ဇွတ်အတင်း ဆန္ဒခံယူပွဲကိုလုပ်၊ မဲကလည်း အကြီးအကျယ်ခိုးသေးတယ်။ ၉၂ ရာခိုင်နှုန်းသော ပြည်သူတွေက ထောက်ခံတယ်လို့လည်း အရှက်မရှိကြေငြာသေးတယ်။ ရက်စက်တဲ့နေရာမှာတော့ သရဖူ ဆောင်းပါပေ တယ်။ မုန်တိုင်းအပြီး ရက်သတ္တာသုံးပတ်လုံးလုံးဒုက္ခရောက်နေတဲ့ လူထုကိုကူညီမဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုလည်း အ၀င်မခံ။ သူတို့ကိုယ် တိုင်လည်း အားလုံးကို မကူညီနိုင်။ အာဏာကလွဲလို့ လူတွေနောက်ထပ် ထပ်ပြီး သေကြေမှာကို အလးမထား။ အခုတော့ ကုလ အတွင်းရေးမှူးချုပ် အပြောအရ ဘယ်နိုင်ငံက အကူအညီမဆို လက်ခံပါတော့မယ်လို့ သိရ ပြန်ပါတယ်။ မှောက်ချီလှန်ချီလုပ်တဲ့ နေရာမှာတော့ ချန်ပီယံတွေ။

နောက်ဆုံးချုပ်ပြောရမယ်ဆိုရင် စက်တင်ဘာကို သွေးစွန်းစေခဲ့ပြီး မုန်တိုင်းကြားက သွေးအိုင်ထဲမှာလုပ်ခဲ့တဲ့ စစ် အာဏာရှင် တွေရဲ့ ဆန္ဒခံယူပွဲရဲ့ရလဒ်ကို တိုင်းသူပြည်သားတွေ လက်ခံမယ်မဟုတ်ဖူးဆိုတာ မကြာခင် မုန်တိုင်းလွန်ကာလ တွေမှာ တွေ့ကြ ရမှာ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေ ကိုယ်တိုင်က မထောက်ခံတဲ့ လက်မခံတဲ့ အစိုးရမျိုးဟာ ဥပဒေ တွေကို စာရွက်ပေါ် မှာပဲရေးရေး၊ ကျောက်ထက်အက္ခရာတင်ပြီး အတည်ပြုပြု တရားဝင်မှုရှိတဲ့ တရားဝင်အစိုးရ ဖြစ်လာမှာ မဟုတ်ပါဖူး။ ပြည်သူ ကအတည်မပြုတဲ့ အသိအမှတ်မပြုတဲ့ တရားမ၀င်တဲ့အစိုးရကို နိုင်ငံတာမိသားစုက လည်း တရားဝင်မှု ရှိတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဖူးဆိုတာ အတတ်ပြောလို့ရပါတယ်။ အဆိုးထဲက အကောင်းလို့ ပြောနိုင်တာကတော့ ဒီမုန်တိုင်းဟာ ကျနော်တို့ ပြည်သူပြည်သားတွေကို ပိုပြီး စည်းလုံးကျစ်လစ်လာ စေတာကတော့ အမှန်ပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၄၊ ၀၅၊ ၂၀၀၈

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.