မြ
န်မာနိုင်ငံတွင်းမှာ ထွက်ရှိနေသော စာစောင်၊ ဂျာနယ် အတော်များများကို ကြုံရင်ကြုံသလို ဖတ်ဖြစ်နေသည်။ တရက်က The Voice Weekly ဂျာနယ်ကို ဖတ်လိုက်ရသည်။ နိုဝင်ဘာလ ၂ ရက်နှင့် ၈ ရက်အတွက် ထုတ်ဝေ သော ဂျာနယ် ဖြစ်သည်။ ထိုအပတ်စဉ် ဂျာနယ်ထဲမှ ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရင်း စိတ်ထဲတွင် ဘဝင်မကျ ဖြစ်မိသည်။ ဆောင်းပါးရှင် အောင်ထွဋ် ရေးသားသည့် (ကွင်းထဲက ၂၅ ယောက်အရေးကြီးသည်) ဟူသော ဆောင်းပါးဖြစ်သည်။
ဆောင်းပါးရှင်ကို ချေပလို၍ ပြန်လည်ရေးသားခြင်း မဟုတ်။ သို့သော် တိုင်းသူပြည်သားတို့ကို ဘယ်လိုကြည့်မြင် မလဲဆိုသည့် အပေါ်မှာတော့ ပြီးစလွယ် ပြောလိုက်ခြင်းက အရုပ်ဆိုးသည်ဟုတော့ မြင်မိသည်။ ဆောင်းပါးက မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဘော်လုံးပွဲနှင့် ဥပမာပေးထားသည်။ ကွင်းထဲတွင် ကစားမည့်နှစ်ဖက် ဒိုင်လူကြီးနှင့် လိုင်းစမန်းများ စုစုပေါင်း ၂၅ဦးကသာ အရေးကြီးသည်။ ပွဲကြည့် ပရိတ်သတ်သည် အရေးမကြီးဟု ဆိုထားသည်။ အဆိုပါ ၂၅ဦးကသာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည်။ ထို့ကြောင့် အဆုံးအဖြတ်ပေးနိုင်မည့် နေရာကို ရောက်ရန်မှာ ၂၅ဦး အထဲတွင် ပါမှသာ ဖြစ်မည်ဟု ပြောထားသည်ကို တွေ့ရသည်။
အာဏာအဝန်းအဝိုင်း အတွင်းကိုရောက်မှ ကိုယ်လုပ်ချင်တာ လုပ်နိုင်မည်။ ထို့ကြောင့် အာဏာရပ်ဝန်းထဲကို ရောက်နေသူများသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ဆိုလိုချင်ပုံရသည်။
ဟုတ်သည်။ ကွင်းထဲတွင် ပရိတ်သတ်က ဘယ်လိုအော်အော် အနိုင်အရှုံးဆိုသည်မှာ ဘော်လုံးသမားများ၏ စွမ်းရည်ပေါ်တွင်သာ မူတည်သည်။ ဘော်လုံးပွဲပေကိုး။ သာမန်အားဖြင့် ကြည့်မည်ဆိုပါက အဆိုပါ ဘော်လုံးပွဲ ဥပမာသည် ဟုတ်သလိုလို။ သို့သော် တိုင်းနိုင်ငံတခုအတွက်တော့ သိပ်မဆီလျော်ဟု မြင်သည်။
တိုင်းပြည်တခုဆိုသည်မှာ နိုင်ငံသားများနှင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်း တခုဖြစ်သည်။ လူကိုလူလို မြင်တတ်ဖို့ အထူးလိုသည်။ လူသားဆန်မှုကို မျက်ကွယ်ပြု၍ မရစကောင်း။ သို့သော် အာဏာရှင်များ အုပ်ချုပ် နေသော တိုင်းပြည်များတွင် လူသားဆန်မှုကို ဂရုစိုက်လေ့မရှိ။ ဤသည်မှာ လူစိတ်ပျောက် နေ၍ ဖြစ်သည်။
ဘော်လုံးပွဲဆိုသည်မှာ အားကစားဖြစ်သည်။ entertainment ဟုခေါ်သည့် ဖျော်ဖြေရေး တခုဟုဆိုလည်း မမှား။ နှစ်ဖက်ကန်သောကြောင့် တဖက်ကရှုံး၍ တဖက်နိုင်မည်။ တခါတရံ သရေပွဲလည်း ရှိသေးသည်။ သို့သော်လည်း တိုင်းပြည်တခု၏ အရေးအရာသည် ဘော်လုံးပွဲလို တဖက်ကနိုင်၍ တဖက်ကရှုံးခြင်းမျိုးမဟုတ်။ တိုင်းပြည်တခုလုံး ပိုမိုတိုးတက်သည်ထက် တိုးတက်အောင် ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်မည်ဟုဆိုပါက တိုင်းပြည်တိုးတက်စေရန် အာဏာရ အစိုးရ တခုတည်းကသာ ဆောင်ရွက်နိုင်သည်ဟု မမှတ်သင့်။ တိုင်းသူပြည်သားတို့၏ cooperation ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေ လိုအပ်သည်။ တိုင်းသူပြည်သားများကို သူတို့အရေး သူတို့ကိုယ်တိုင်လည်း ဝင်ရောက်ဆောင်ရွက်ခွင့်ကို ပေးရသည်။ ပါလီမန်ထဲမှာ အစိုးရထဲမှာ လူတိုင်းပါနိုင်ဖို့ဟု အမှတ်မမှားသင့်။ ထို့ကြောင့် ဒီမိုကရေစီ ထွန်းကား သော နိုင်ငံများတွင် civil society ဟုခေါ်သည့် လူထုအခြေပြု အဖွဲ့အစည်းများ အမြောက်အများ ပေါ်ထွန်းလာ နေသည်။ အစိုးရကဝင်ပြီး မနှောက်ယှက်။ အာဏာပိုင်များ လက်လှမ်းမမှီသော မလုပ်ကိုင်နိုင်သော နေရာ အတော်တော်များများတွင် ထိုလူထုအခြေပြု အဖွဲ့အစည်းများ ဝင်ရောက်လုပ်ကိုင် လာကြသည်။
ဆောင်းပါးရှင် အောင်ထွဋ်၏ ဘော်လုံးပွဲ ဥပမာအတိုင်းသာ ဆိုပါက တိုင်းသူပြည်သားများက ပွဲကြည့် ပရိတ် သတ် ဖြစ်သောကြောင့် အစိုးရဘာလုပ်လုပ် ထိုင်ကြည့်နေဖို့သာ ရှိတော့သည်။
မြန်မာပြည်မှာတော့ လူထုအခြေပြု အဖွဲ့အစည်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ကိုင်ခွင့် မပေးသေး။ အစိုးရကို ဖား၍ ကိုယ်ပိုင်စီးပွါးရေးလို လုပ်ကိုင်နေသည့် လူထုအခြေပြု အဖွဲ့အစည်း အတုများကလည်း ရှိနေ သေးသည်။ လူထုအခြေပြု အဖွဲ့အစည်း အစစ်အမှန်များကတော့ အာဏာပိုင်များ၏ မိုးလေဝသကို ကြည့်၍ လုပ်ကိုင်နေရသည်။ မျက်မှန်တော်ရှပါက ထောင်ထဲဝင်ရမှာကိုး။ ထောင်ထဲ ဝင်သွားရသူတွေလည်း မနည်း။ နာဂစ်ဒဏ်ခံ ပြည်သူများ၏ စားဝတ်နေရေးအတွက် ဝင်ရောက် ကူညီဆောင်ရွက်သည့်၊ အလောင်းတွေကို အခမဲ့စေတနာဖြင့် မြုပ်နှံပေးသည့် သူများလည်း အဖမ်းခံရသည်။ ထင်ထင်ရှားရှား ပြပါဟုဆိုပါက ကိုဇာဂနာကို ကြည့်၍သိနိုင်သည်။
ဘော်လုံးပွဲ ဥပမာတွင် မပါရှိသည့် ကိစ္စကတော့ Freedom ဟုခေါ်သည့် လွတ်လပ်မှုဖြစ်သည်။ ဘော်လုံး သမားများ ကိုသာ ကွက်၍ အခြေပြုထားသည့် ဥပမာတခု ဖြစ်နေသောကြောင့်ပင်။ တိုင်းပြည်တခု ဒီမိုကရေစီ လမ်းပေါ် လျှောက်၍ ပြည်လည် တည်ဆောက် ရမည့်အချိန်တွင် အစိုးရတခုတည်း အနေနှင့် အကုန်လုံး မဆောင်ရွက်နိုင်။ ပြည်သူတို့အတွက် လိုအပ်သည့် အရာများကို ပြည်သူတို့ကိုယ်တိုင် သူတို့လက်များနှင့် တည် ဆောက်ခွင့် ရှိရမည်။ ဒါမျိုးတွေကို မပိတ်ပင်စကောင်း။ ထို့အတွက် လွတ်လပ်မှု လိုအပ်သည်။ မလိုလားအပ် သည့် အချုပ်အချယ်များကို ရပ်ဆိုင်းပစ်ဖို့လိုသည်။
ဥပမာပေး၍ ပြောသည့်ရေးသည့် ကိစ္စများက သူ့အထွာနှင့် သူ့အကန့်နှင့်သာ အသုံးဝင်ကြောင်း သတိချပ်ဖို့ လိုသည်။ တစုံလုံးကို လွှမ်းခြုံဖို့ဆိုတာ မလွယ်ကူ။ ဥပမာပေးသည့် အကြောင်းအရာများက သဘာဝကျဖို့ လိုသည်။ အထူးသဖြင့် တိုင်းပြည်တခုလုံးအတွက် ကောင်းစေဖို့ ဥပမာပေး၍ ပြောသည့်နေရာတွင် ပေါပေါပဲပဲ ဥပမာများဖြင့် ထင်ဟပ်စေခြင်းမှာ သိပ်မနိတ်လှ။ ပညာရှင်ဆန်ဆန် ဥပမာများပေးရမည်ဟု မဆိုလို။ သို့သော် သဘာဝကျ၍ ခြေခြေမြစ်မြစ် ခိုင်ခိုင်လုံလုံ ရှိဖို့တော့လိုသည်။
ဥပမာပေးခြင်းနှင့် ပတ်သက်၍ တချိန်တုံးက မိတ်ဆွေတဦးနှင့် ဆွေးနွေးဖူးသည်။ လူတိုင်းကြားဖူးသည့် ဇာတ် လမ်းဖြစ်သည်။ ရဟန်းနှစ်ပါး (သို့) ရသေ့နှစ်ပါး ခရီးထွက်လာရင်း လမ်းတွင် မြက်ထုံးများတွေ့၍ ဆိုင်းထမ်းကာ သယ်လာကြသည်။ တနေရာရောက်သောအခါ ဂွမ်းထုပ်များကို တွေ့ရာ ရဟန်းတဦးက မြက်ထုံးများကို စွန့်ပစ်၍ ဂွမ်းထုပ်များကို သယ်လာသည်။ နောက်ရဟန်းတဦးကတော့ မြက်ထုံးများကိုသာ သယ်မြဲသယ်လာသည်။ ဂွမ်းထုပ်များကို မသယ်။ ထိုဇာတ်လမ်း၏ ဆိုလိုရင်းကတော့ မြက်ထုံးများကို သယ်မြဲသယ်လာသည့် ရဟန်းအား အဟောင်းကို ဖက်တွယ်ထားသည်၊ တိုးတက်မှုအသစ်ကို ပြစ်ပယ်သူအဖြစ် မီးမောင်းထိုးပြလိုရင်း ဖြစ်သည်။
ထိုရောအခါ မိမိနှင့် မိတ်ဆွေအကြား ငြင်းခုံမှု တခုဖြစ်လာသည်။ မိမိကဆိုသည်။ အဟောင်းကို အသေအလဲ ဖက်တွယ်ထားခြင်း အပေါ် ထောက်ပြမှုကို လက်ခံသည်။ သို့သော် ခင်ဗျားဇာတ်လမ်း ဥပမာဟာ အစ ကတည်းက မှားနေသည်ဟု ပြောမိသည်။ ဘာများ မှားနေလို့လဲဟု မိတ်ဆွေက ပြန်မေးသည်။ မိမိရဲ့ ငြင်းခုံမှုက ဒီလိုဖြစ်သည်။ အစကတည်းက ထိုပုဂ္ဂိုလ်နှစ်ဦးသည် ရဟန်းလည်း မဖြစ်သင့် ရသေ့လည်း မဖြစ်သင့်။ ရသေ့ရဟန်း ဆိုတာ တရားကျင့်သော သူများဖြစ်သည်။ သူများရိတ်၍ ထုံးထားသော မြက်ထုံးများ ဂွမ်းထုတ် များကို သယ်လာခြင်းသည် ခိုးယူခြင်းဖြစ်သည်။ ထို့ကြောင့် ရသေ့ရဟန်း နှစ်ပါးစလုံး သူခိုးများ ဖြစ်နေသည်။ ထောက်ပြချင်တာ အားနည်း သွားသည်ဟု မိမိက တင်ပြသည်။ ထိုအခါ မိတ်ဆွေက ကိုင်းဒီလိုဆိုရင် နောင် ဒီဥပမာကို ပြောမယ်ဆိုရင် ရသေ့ရဟန်း နှစ်ပါးလို့ ပြောမဲ့အစား ကုန်သည်နှစ်ယောက်လို့ ပြောရင် မကောင်း ဘူးလားဟု ထပ်ဆွေးနွေးသည်။ ထိုအခါ မိမိက ဒါလည်း ဟန်မကျသေးဘူးဟု ထောက်ပြသည်။
မိတ်ဆွေက ခေါင်းကိုကုတ်ရင်း ဒါဆို ဘယ်လိုလုပ်မလဲဟု ထပ်မေးသည်။ မိမိ၏ အဖြေက လူနှစ်ယောက်လို့ သုံးနှုံးရင် ပိုကောင်းမယ်လို့ ထောက်ပြသည်။ ဘာကြောင့်လဲဆိုတော့ ကုန်သည်လို့ ဥပမာပေးလိုက်ရင် ကုန်သည်ဆိုတာ အမြတ်ကြီးစား၊ ခွတုတ်တွေ၊ သူခိုးတမျိုးဟု အဓိပ္ပါယ်သက်ရောက် သွားဦးမည်။ မဆလ အစိုးရနှင့် ယခုစစ်အစိုး အဆက်ဆက်က ကုန်သည်ဆိုရင် လူထုအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်သူတွေလို့ အမြဲတမ်း ဝါဒဖြန့်ထားခဲ့၍ ဖြစ်သည်။ ငယ်ရွယ်နုနယ်သူများ ဖတ်လိုက်မိပါက ကုန်သည်တွေအပေါ် တမျိုးအထင် ရောက်ဦးမည်။ ထို့ကြောင့် လူနှစ်ဦးလို့ ဥပမာပေး၍ ပြောဆိုတင်ပြခြင်း ဒီနေရာဒီဇာတ်လမ်းအတွက် ပို၍ ကောင်းသည်ဟု မိတ်ဆွေကို ဆွေးနွေးလိုက်သည်။ ကုန်သည်များ အားလုံးလည်း အမြတ်ကြီးစားမဟုတ်။ သမာ အာဇီဝနှင့် အညီရောင်းဝယ်နေ သော ကုန်သည်များလည်း လောကတွင် ရှိသေးသည် မဟုတ်လော။ ဤတွင် သူလည်း မိမိနှင့် သဘောတူသည်။
ပြန်ကောက်ရပါက ဆောင်းပါးရှင် အောင်ထွဋ်၏ ဥပမာသည် တိုင်းသူပြည်သားတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မျက်ကွယ်ပြုထားသော ဥပမာဖြစ်သောကြောင့် ဒီမိုကရေစီလမ်းကြောင်းနှင့် လွဲနေကြောင်း တင်ပြလိုက်ရသည်။
ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက် နိုဝင်ဘာလ ၂ဝဝ၉ ခုနှစ်
Tuesday, November 3, 2009
လွဲချက်တွေရယ်ကနာ
Posted by
ရွက်မွန်
at
7:23 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment