ဖိုး
သော် ငယ်ငယ်တုံးက သူတို့မိသားစုဟာ ရာသီဥတု အေးမြတဲ့ ရှမ်းပြည်ထဲက မြို့ကြီးတမြို့မှာ နေကြတယ်။ အဲဒါ ဖိုးသော် ငါးတန်း ကျောင်းသားဘဝက။ ဖိုးသော်အကို ဖိုးကျော်က ခွန်နှစ်တန်း။ ဖိုးသော်တို့ အဖေက အစိုးရ အမှုထမ်း အရာရှိကြီး။ အဲသည့် မြို့မှာတော့ ဖိုးသော်တို့ အဖေထက် ကြီးတဲ့သူဆိုလို့ တောထဲက ဆင်ပဲ ရှိတော့ တယ်။ ထားပါတော့လေ။ ပြောချင်တာက ဖိုးသော့် အဖေအကြောင်း နဲနဲပါသလို ကိုတင်ရဲ့ အကြောင်းလည်း အတော်လေး ပါပါတယ်။
ကိုတင်က အညာသား။ ဖိုးသော် အဖေရဲ့ရုံးမှာ စာရေးလေး။ ဖိုးသော် အဖေရဲ့ အနီးကပ်လူ ဆိုလည်း ဟုတ်တယ်။ သူ့အဖေ ဘယ်သွားသွား ဖိုင်တွဲတွေပိုက်ပြီး လိုက်ရတယ်။ အဲတာအပြင် နေ့နေ့ညည မြို့ထဲ သွား တာကအစ ဘယ် သွားသွား ဘယ်လာလာ ကိုတင်ဟာ သူ့ကုတ်အင်္ကျီ အောက်မှာ စလွယ်သိုင်းနဲ့ ခြောက်လုံးပူး တလက်ကို အမြဲ ဆောင်ထားတယ်။ ဖိုးသော်ရဲ့ အဖေလည်း ခါးကြားမှာ ပစ္စတိုတလက် အမြဲထိုးထားတာ တွေ့ရလေ့ ရှိတယ်။ သေနတ်ဆောင်ရတဲ့ အကြောင်းက အဲသည့် ကာလတွေတုံးက မြို့အပြင် ထွက်လိုက်တယ် ဆိုရင် ဒါဟာ သူပုန်တွေ ကြီးစိုးထားတဲ့ နယ်ဖြစ်နေတာကိုး။ ဖိုးသော် အဖေမတိုင်ခင်က အရာရှိကြီးဟာ သူပုန်တွေက သေနတ်နဲ့ ချောင်းပစ်တာ ခံထားရဖူးတယ်။ ကံကောင်းလို့ သေတော့မသေဖူး။ ဖိုးသော်တို့က ကလေးတွေဆိုတော့ ဒါတွေကို စိုးရိမ်စရာလို့ အဲသည်တုံးက နားမလည်သေးဖူး။
ကိုတင်က အရပ်ရှည်ရှည် သွယ်သွယ်၊ အသားကလည်း ဖြူတယ်။ ရုပ်ကလည်း ချောတဲ့ အထဲမှာပါတယ်။ အဲတာကြောင့် အိမ်ထောင်သည် ဆိုပေမယ့် မြို့ထဲသွားရင် အမျိုးသမီးတွေက ကိုတင်ကို အရေးတယူ လုပ် လေ့ရှိတာကိုလည်း ဖိုးသော်တို့ တွေ့နေရတာပဲ။
ရာသီဥတုက အေးနေတဲ့ အရပ်ဆိုတော့ အနွေးထည်က အမြဲလိုလို ဝတ်ကြရတယ်။ အဲတာက ကိုတင့်အတွက် အကွက်ကောင်းတခုလိုလည်း ဖြစ်နေတယ်။ မြို့ထဲမှာရှိတဲ့ နာမည်ကြီး အပ်ချုပ်ဆိုင်တွေကနေ အော်ဒါမှာချုပ်တဲ့ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီတွေကို ကိုတင်က ရုံးသွားတိုင်း သို့မဟုတ် အပြင်သွားတိုင်း စတိုင်ကျကျ ဝတ် တယ်။ နောက်မှ ဖိုးသော်သိရတာက ကိုတင်ဟာ သူအော်ဒါမှာတဲ့ ဝတ်စုံတွေအတွက် ပိုက်ဆံမပေးရဖူး။ ဆိုင်တွေက လူကြီးရဲ့ အနီးကပ်လူဆိုတော့ ကြိုကပ်ထားတဲ့ သဘောနဲ့ အလကား ချုပ်ပေးတာ။ လာဘ်ထိုးတာ တမျိုးပေါ့။
ကိုတင်ဟာ ဝတ်တာစားတာလည်း စတိုင်ကျ လူကလည်း လူချော၊ ပြီးတော့ ချိုင်းကြားမှာလည်း ခြောက်လုံးပူးက ပါလိုက်သေးတယ် ဆိုတော့ ဖိုးသော်တို့ ညီအကိုက ကိုတင်ကို ကြိတ်ပြီးလေးစား အားကျနေကြတယ်။ ကိုတင့်ကို ဗမာဂျိန်းစ်ဘွန်း ဆိုပြီး သူတို့ညီအကိုက နာမည်ပေးထားတယ်။ အဲတာကို အမေတို့ ဒေါ်ကြီးတို့ကြားတော့ ရယ်လိုက်ကြတာ မျက်ရည်တွေတောင် ထွက်တယ်။ ကိုတင့်ကို ဗမာဂျိန်းစ်ဘွန်းဆိုပြီး သညာပြုတာကို ကိုတင် ကိုယ်တိုင်ကလည်း သဘောကျတဲ့ အတွက် သူတို့ညီအကိုနှစ်ယောက် ကိုတင်ဆီကနေ လက်ဆောင် ကောင်းကောင်း တခုရလိုက်တယ်။ တခြားတော့ မဟုတ်ဖူး၊ တရုတ်နီလုပ် လေသေနတ် တလက်။ တရုတ်နီ လေသေနတ်က တရုတ်ဖြူ လေသေနတ်ထက် ပိုကောင်းတယ်လို့ အဲသည်အချိန်တုံးက လူတွေက သတ်မှတ် ထားတာကိုး။ တရုတ်နီဆိုတာ တရုတ်ပြည်မကြီးကို ခေါ်တာပါ။ တရုတ်ဖြူဆိုတာကတော့ ထိုင်ဝမ်ကို ပြောတာ။
အဲသည် လေသေနတ်ကို ကိုတင်ဝယ်ပေးတယ် ထင်ရင်တော့ မှားလိမ်မယ်။ သူတို့အဖေရုံးမှာ ဖမ်းပြီးသိမ်းထား တဲ့ လိုင်စင်မဲ့ လေသေနတ်တွေထဲက တလက်ကို ကိုတင်က ယူလာပေးတာ။ ကလေးတွေဆိုတော့ ဘာသိ မှာတုံး။ ကိုယ်လိုချင်တာ ရရင် ပြီးတာပဲဟာ။
တနေ့တော့ အိမ်မှာ ကိုတင်ကို ဆူပြောပြောပြီး ဆုံးမနေတဲ့ သူ့အဖေအသံကို ဖိုးသော်ကြားရတယ်။ "မောင်တင်॥ မင်းအနေအထိုင် အစားသောက် ဆင်ခြင်ဦးနော်။ ဒီရက်ပိုင်း သောက်တာကလည်း များလွန်း တယ်။ အရက်ဆိုတာ သူများပေးတိုင်း တိုက်တိုင်း သောက်လို့ကောင်းတဲ့ အမျိုးမဟုတ်ဖူး။ စွဲသွားလို့ နောင်မှာ ကိုယ့်ဟာကို ဝယ်မသောက် နိုင်ရင် ခက်မယ်။ အထည်မကြီးဘူးဘဲနဲ့ အထည်ကြီးပျက် ဖြစ်လိမ်မယ်။ ငါ့ကို တုပြီး ငါနေသလို လိုက်မနေနဲ့၊ ငါက အခုလက်ရှိ အထည်ကြီးသမား။ နောင်မှာ အထည်ကြီးပျက်ဖြစ်ရင်တောင် တကယ် အထည်ကြီးခဲ့ဖူးလို့ အထည်ကြီးပျက် ဖြစ်ရတာ စိတ်ဖြေသာသေးတယ်။ မင်းကခက်လိမ့်မယ်။"
အမှန်ကတော့ ဖိုးသော်အဖေကို မြို့ထဲက လုပ်ငန်းရှင်တွေ သူဌေးတွေက အရက်လက်ဆောင် ပေးကြတယ်။ အေးတဲ့ အရပ်ဆိုတော့ လူတိုင်းအရက်သောက်တာလည်း ဒီအရပ်မှာ အဆန်းမဟုတ်။ ဂျော်နီဝါကား ရက် လေဘယ်၊ ဘလက်လေဘယ် ပုလင်းတွေဆိုတာ အိမ်မှာအောလပုံ။ ကိုတင်က အဲသည့် အရက်ပုံကြီးထဲကနေ သူကြိုက်သလောက် ယူသောက်ခွင့် ရှိတဲ့အပြင် သူကိုယ်တိုင်လည်း လူကြီးမျက်နှာနဲ့ အရက်ပုလင်း လက်ဆောင်တွေ ရနေတာကိုး။ မန္တလေးရမ်များဆိုရင် ကိုတင်က ထိတောင်ကြည့်တာ မဟုတ်ဖူး။ ဖိုးသော် ကိုတောင် ပြောသေးတယ် ရမ်ဆိုတာ အဆင့်နိမ့်အရက်တဲ့။
ခဏနေတော့ ကိုတင်မီးဖိုဖက်ကို ထွက်လာတယ်။ အမေနဲ့ဒေါ်ကြီးက သူ့ကိုမေးတယ် "ဟဲ့ မောင်တင် မင့် ဆရာက ဘာတွေ ဆူနေတာတုံး"။ "ကျနော် ဒီရက်ပိုင်း သောက်တာများလို့ ဆူနေတာ အမ။ စုံနေတာပဲ အထည်ကြီးပျက် တွေရော အထည်မကြီးဖူးတာတွေရော ပါလိုက်သေးတယ်။ မိန်းမကလည်း ဒီမနက် ကျနော့်ကို ဆူသေးတယ်ဗျ" ဟုပြန်ဖြေရင်း မျက်နှာကြီးကို စပ်ဖြည်းဖြည်း လုပ်ထားတယ်။ ဖိုးသော်အမေက "အေးလေ ယောက်ကျားသားဆိုတာ အသောက် အစားရှိတယ် ဆိုပေမဲ့ သိပ်သောက်လွန်းရင်းလဲ မကောင်းဘူးကွဲ့ မောင်တင်ရဲ့။ မင့်ဆရာလည်း အခုတလော သောက်တာများနေတယ်။ မင်းမှာလည်း အခု ကလေးရနေပြီ ဆိုတော့ ဆင်ခြင်ပေါ့ကွယ်" ထပ်၍ ဆုံးမပြန်သည်။ ကိုတင်က ရယ်မောရင်းဖြင့် "အင်း ဒီမနက်ကတော့ မောင်တင်တို့ အဆူချည်းခံရတဲ့ မနက်ပါပဲ အမရယ်" ဟုပြန်ဖြေရင်း နာမည်ကျော် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင် ဟန်ဖြင့် အဟဲလေး ဟဲလိုက်သေးတယ်။ ဘာတဲ့။ "မောင်တင် ကိုယ့်ကိုကိုယ်ပင် သနား လှချည်ရဲ့၊ အိုဗျာ ကိုယ့်ကိုကိုယ်ပင် သနားလှချည်ရဲ့။"
ဖိုးသော်အဖေ ဆိုလိုချင်တာ ဒီလို။ အစိုးရဝန်ထမ်းဆိုတော့ ရုံးကန်ကန္နားနဲ့ ပတ်သက်နေရတဲ့ စီးပွားရေး သမား တွေက လာဘ်ထိုးတဲ့ သဘောနဲ့ လက်ဆောင်တွေ အမျိုးမျိုးပေးတဲ့ အပေါ်မှာ ခင်တွယ်သာယာသွားမှာကို စိုးလို့။ ကိုယ်တိုင်ရှာဖွေ ထားတဲ့ ဓနဥစ္စာလည်း မဟုတ်တဲ့အပြင် ကိုယ့်ရှိတဲ့ ဝင်ငွေနဲ့ ဝယ်မသုံးနိုင်ဘဲ အလကားရလို့ သုံးစွဲနေတဲ့ အကျင့်က နောင်မှာ ကိုယ့်ကိုကိုယ်သာ ပြန်ဒုက္ခပေးမယ် ဆိုတဲ့ သဘောပါပဲ။ သို့သော်လည်း ဖိုးသော်အဖေ ကိုယ်တိုင် နေ့စဉ်နဲ့အမျှ အိမ်ရှေ့ပေါက်မှတသွယ် မီးဖိုချောင်ဖက်က တလမ်း ဝင်လာနေတဲ့ လက်ဆောင်တွေကို အမေလက်ခံနေတာ သိနေတာပဲ။ ဘာဖြစ်လို့ အမေ့ကို မတားသလဲ။ ခင်လို့မင်လို့ လက်ဆောင်ပေးတာ ငွေသားသက်သက် လာဘ်ထိုးတာကို လက်ခံတာ မဟုတ်လို့ အပြစ်မရှိဟု ယူဆနေ သလား တော့ မသိ။ သို့သော် တဖက်မှာလည်း ဖိုးသော်အဖေက ကိုတင်ကို ရုံးကိစ္စနှင့် ပတ်သက်၍ ငွေလက်ခံယူခြင်း၊ မြို့ထဲကဆိုင်တွေမှ အဖိုးတန်ပစ္စည်းများ အလကားယူခြင်း အစရှိသည်တို့ မလုပ်ရန် ပြောလေ့ရှိတယ်။
တခါသားမတော့ ပြဿနာတခု ပေါ်၍ ဖိုးသော်အဖေ အကြီးအကျယ် ဒေါသူပုန်ထတယ်။ ဘယ်သူရှိရမလဲ ကိုတင်ကို စိတ်ဆိုးတာပေါ့။ သို့သော် ထိုအမှုတွဲထဲမှာလည်း ဖိုသော်တို့ ညီအကိုက ကန့်လန့်ကန့်လန့်နဲ့ ပါနေတယ်။ ဖြစ်ပုံက ဒီလို။ တနေ့တော့ ဖိုးသော်တို့ ညီအကိုနှစ်ယောက်ကို ကိုတင်ကမေးလာတယ် "ဖိုးသော်နဲ့ ဖိုးကျော်၊ ငါ့ညီတို့ ကောင်းဘွိုင်တွေ ဝတ်တဲ့ သားရေဂျာကင်မျိုး မဝတ်ချင်ဘူးလား"။ ဘာပြောကောင်းမလဲ ဖိုးသော်တို့ ညီအကိုနှစ်ယောက် ငေါက်ခနဲ ထပြီး ကိုတင်နဲ့ မြို့ထဲကို လိုက်လာကြတယ်။ သားရေဂျာကင် ရောင်းတဲ့ အိန္ဒိယနွယ်ဖွား ဆိုင်ပိုင်ရှင်ကို ကိုတင်က "ဒါအဖိုးကြီး သားနှစ်ယောက်လေ။ သားရေဂျာကင် လိုချင်တယ်ဆိုလို့ ခင်ဗျားဆိုင်ကို ခေါ်လာတာ။ ဈေးတော့ အများကြီး မတင်နဲ့နော်"ဟု စကားစတယ်။ အဲသည့် ဆိုင်ပိုင်ရှင်က ကိုတင်နဲ့ ဘယ်ကိစ္စတွေ ဘယ်လိုပတ်သက် နေသလဲတော့ မသိ။ တပြားမှ ပေးစရာမလိုဘဲ ဖိုးသော်တို့ ညီအကိုနှစ်ယောက် အနက်ရောင် သားရေဂျာကင်တွေ ကိုယ်စီဝတ်လို့ အိမ်ကို ပြန်ရောက်လာတယ်။ ဒါ့အပြင် ဆိုင်ရှင်က ကိုတင့်ကိုလည်း သားရေဂျာကင်တထည် လက်ဆောင် ပေးလိုက်သေးတယ်။ သူတို့ သုံးယောက်သား သားရေဂျာကင် ဝတ်လိုက်ရတဲ့ သက်တန်းက နှစ်ရက်ထက် မပိုပါဘူး။ ဖိုးသော် အဖေက သူတို့ သုံးယောက် သားရေဂျာကင်တွေ ဝတ်ပြီး လားလားလားလား လုပ်နေတာ တွေ့တော့ စစ်ကြောရေး ဝင်တော့ တာပေါ့။
"ဟေ့ကောင် ငတင် လာဦး။ မင်းလခက ဘယ်လောက်ရလို့ သားရေဂျာကင် ဝယ်ဝတ်ရတာလဲ။ မင်းလခက တလမှ သုံးရာတောင် မပြည့်ဘူး။ မင်းက ငါးရာတန် သားရေဂျာကင် ဝတ်ထားတော့ မြို့ထဲက လူတွေက မင်းကို ဘာပြောမလဲ။ ပြီးတော့ ငါ့ဖက်ပါ လှည့်လာဦးမယ်။ မင်းကုတ်အင်္ကျီတွေ တစုံပြီးတစုံ ချုပ်ဝတ်နေတာ ငါမပြောချင်သေးလို့ ကြည့်နေတာ။ အခုတော့ လွန်လွန်းနေပြီကွ။ ဆိုင်ကနေ အလကား ယူလာတာ မဟုတ် လား။ လက်ဆောင်ပေးတယ်တွေ ဘာတွေ ငါ့ကိုလာပြောမနေနဲ့။ သွားအခုချက်ခြင်း အဲသည့်ဆိုင်ကို ပြန်ပေး။ ဟိုနှစ်ကောင် မင်းတို့ဂျာကင်တွေပါ အခုပေးလိုက်။ ငါခဏခဏ ပြောနေတာကို အမှတ်မရှိဘူး။ အထည်ကြီးပျက် ဖြစ်မယ့်ကောင်တွေ"။ ဖိုးသော်အဖေ ပြောတာ ဟုတ်တော့လည်း ဟုတ်တယ်။ ရွှေတကျပ်သား တထောင် စွန်းစွန်းလေးသာ ရှိတဲ့ခေတ်မှာ ကိုတင်လို ရုံးစာရေးလေး တယောက်က ငါးရာတန် သားရေဂျာကင် ဝတ်နေ တယ်ဆိုတော့ လူမြင်လို့တော့ မကောင်းဘူးပေါ့။ ဖိုးသော်တို့ ညီအကိုကတော့ သားရေဂျာကင်များကို နှမျှောတသလှစွာ မျက်ရည်အဝိုင်းသား ဖြင့်ကြည့်ရင်း ကိုတင့်လက်ထဲ ထိုးအပ်လိုက်ရတယ်။ ဒါပေမဲ့ အဲသည့် အချိန်တုံးက ဖိုးသော်အဖေမှာ လူငယ်တွေက ရှန်မွိုင်းသားလို့ ခေါ်တဲ့ အညိုနုရောင် သားရေဂျာကင်ကြီး တထည် ရှိနေပြီးသား။
ဖိုးသော်အဖေနဲ့ ကိုတင်တို့ အဲသလို တကျက်ကျက် ရှိတဲ့အခါလည်း ရှိပေမဲ့ ညနေဖက် မြို့ထဲက လုပ်ငန်းရှင်တွေ စီးပွါးရေးသမားတွေ ဖိတ်တဲ့ ညစာစားပွဲတွေကို ရယ်ရယ်မောမောနဲ့ ပျော်ပျော်ကြီး သွားနေတုံး။ သောက်စား နေတုံး။ အင်း ထုံးစံအတိုင်းပေါ့။ ဖိုးသော်အဖေက ခါးကြားမှာ ပစ္စတိုထိုးပြီး ကိုတင်ကတော့ ချိုင်းကြားမှာ ခြောက်လုံးပူး တလက်နဲ့ ဗမာဂျိန်းစ်ဘွန်း လုပ်ကောင်းတုံး။
ဖိုးသော် တက္ကသိုလ် မတက်ခင်မှာ နိုင်ငံရေးအရှုတ်အရှင်း ပြဿနာကြီး တခုရဲ့ ဝဲဂယက်ကြောင့် ဖိုးသော်အဖေ အလုပ်က နုတ်ထွက်ရတယ်။ တိုတိုပြောရရင်တော့ အလုပ်ပြုတ်ခဲ့တယ်။ ဖိုးသော်တို့ မိသားစုလည်း မန္တလေးမှာ အခြေချ ဖြစ်တယ်။ ဖိုးသော် တက္ကသိုလ် နောက်ဆုံးနှစ်ရောက်တော့ အလည်မရောက်တာ ကြာပြီဖြစ်တဲ့ အမေတို့ မြို့ကလေးကို ရောက်သွား တယ်။ ကြီးဒေါ်တွေက ဆီးပြောတယ် ကိုတင်တယောက် သူတို့မြို့ကို အလုပ် ပြောင်းလာတယ် အဲတာ သွားတွေ့ဦးလို့ ဆိုကြတယ်။ ဒါနဲ့ နောက်တရက် ကိုတင့်ရုံးကို သွားပြီးတွေ့ဖြစ်တယ်။ ဖိုးသော် တော်တော်လေး တုန်လှုပ်သွားတယ် ကိုတင့်ကို မြင်တော့။ အရက်ကြောင့် ကိုတင့်ရဲ့ မျက်နှာဟာ အဆီအစ် နီရဲပြီး အန်းထွက်နေတယ်။ နေ့လည်ပဲ ရှိသေးတယ် သူ့ပါးစပ်က အရက်နံ့ထွက်နေတယ်။ အပေါစား ချက်အရက် အနံ့။ ပူတဲ့ အရပ်မှာဆိုတော့ ကုတ်အင်္ကျီတော့ ဝတ်မထားဘူး။ ဘောင်းဘီရှည်ကတော့ အရင်ကလို ဝတ်တုံး။ သို့သော် ကိုတင့်အဝတ်အစားတွေဟာ အတော်လေး နွမ်းနေပါပြီ။
"ညီလေး ဖိုးသော် ဘယ်တုံးက ရောက်လဲဟ။ တရက်လောက်တော့ အိမ်မှာထမင်း လာစားဦးကွာ။ မင်းအမ ကလည်း တွေ့ရင် သိပ်ဝမ်းသာမှာ။ ငါ့သားတောင် ဒီနှစ် ရှစ်တန်း ရောက်နေပြီကွ။ မင့် အဖေတို့ အမေတို့ရော နေကောင်းရဲလား"။ ကျန်းမာရေး သိပ်ကောင်းပုံ မရပေမယ့် ကိုတင်ကား အရင်ကလို သွက်သွက် လက်လက် ဖော်ဖော်ရွေရွေ ရှိတုံး။ "အဖေကတော့ ကျန်းမာရေး သိပ်ကောင်းဘူးဗျ။ အမေကတော့ မာပါတယ်” ဟု ဖိုးသော်က ပြန်ဖြေရင်း ကိုတင့်ကို ကြည့်ကာ စိတ်မကောင်းဖြစ်မိတယ်။ ထွေရာလေးပါးတွေ လျှောက်ပြော နေရင်းက ဖိုးသော် တခုကိုသတိရလိုက်၍ "ကိုတင် ရှမ်းပြည်မှာ နေတုံးက ခင်ဗျား အမြဲကိုင်နေတဲ့ ခြောက်လုံးပူးလေး အခုရှိသေးလား၊ ဒီကိုယူလာသလား" ဟုမေးလိုက်တယ်။ ကိုတင်က "ညီလေးရဲ့ အဲတာ ငါ့ကိုယ်ပိုင်သေနတ် မဟုတ်ဘူးလေကွာ၊ မြို့ထဲက သူဌေးတယောက် လိုင်စင်မဆောင်တာ နှစ်ကျော်လို့ သိမ်းထားတာကနေ နောက်ပြန်မပေးတော့ပဲ ငါကကိုင်နေတာကွ။ ငါဒီကို ပြောင်း လာတော့ ဟိုကရုံးမှာပဲ ပြန် ထားခဲ့ရတာပေါ့ နောက်လူ ဆက်ကိုင်မှာပေါ့ကွာ" လို့ပြန်ပြောပြတယ်။
အိမ်ကို ပြန်ရောက်တော့ အမေ့ကို ကိုတင်နဲ့ တွေ့ခဲ့ကြောင်း အရက်ဖောဖောနေကြောင်း ဖိုးသော်က ပြောပြ တယ်။ အမေကတော့ သက်ပြင်းချရင်း "အင်း ကိုယ့်စိတ်ကို အလိုလိုက်တာများလို့ ဒီလိုဖြစ်တာကွဲ့ ငါ့သားရဲ့။ မင်းအဖေလည်း မောင်တင်နဲ့ သဘောခြင်းအတူတူပါပဲကွယ်" ဟုကောက်ချက်ခြတယ်။ အမေပြောတာ ဖြစ်နိုင်တယ်လို့ ဖိုးသော်စိတ်ထဲမှာ တွေးမိတယ်။ အဖေလည်း အလုပ်က ပြုတ်ပြီးတာနဲ့ အရင်ကလို ဂျော်နီ ဝါကား အရက်များ လက်ဆောင်ပေးမဲ့ကမ်းမဲ့ လုပ်ငန်းရှင်တွေ သူဌေးတွေ မရှိတော့။ ပင်စင်ကလည်း များလှတာ မဟုတ်တော့ ဘီအီးလို့ ခေါ်ကြတဲ့ အရက်ဖြူနဲ့သာ နေ့တိုင်း နှစ်ပါးသွားခဲ့ရတယ်။ နောက်ဆုံး ဆရာဝန်က အရက်ဖြတ်ခိုင်းလို့ ဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျန်းမာရေးက အရင်လို ပြန်ကောင်း မလာတော့ဘဲ ဂီလာနဘဝကို ရောက်သွားခဲ့ရတယ်။ ကိုတင်လည်း ဒီအတိုင်းဆို သူ့အဖေလမ်းစဉ် အတိုင်းဖြစ်မလားပဲ။
"အမေ ကျနော်တော့ ဒီလိုတွေးမိတယ်" ဟု ဖိုးသော်က စကားစလိုက်သည်။ "ဘာများလဲ ငါ့သားရဲ့"။ "အော် ဒီလိုပါ၊ ကျနော်တို့ ငယ်ငယ်တုံးက ရှမ်းပြည်မှာ နေတုံးက ကိုတင်ကို အဖေ ပြောပြော နေတာလေ။ အထည် မကြီးဖူးဘဲနဲ့ အထည်ကြီးပျက် ဖြစ်မဲ့ကောင် ဆိုတာလေ။ အခုဆိုရင် ကျနော်တို့က အထည်ကြီးပျက်၊ ကိုတင်ကတော့ အထည်လေးပျက်လို့ သမုတ်ရင် ကောင်းမလားလို့။ အမှန်တော့ ကျနော်တို့အားလုံး ရှိထားတဲ့ အထည် တခုတခုတော့ ပျက်လာတဲ့ သူတွေချည်းပါပဲ"။ ဘဝအမောများကို ယခုတိုင် ရင်ဆိုင်နေရသော်လည်း အမေကား ဖိုးသော် အပြောကို သဘောကျလွန်း၍ မျက်ရည်များ စို့တက်လာတဲ့ အထိ ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။
ကိုတင်နှင့် တွေ့ခဲ့သည်မှာ အဲတာနောက်ဆုံးပါပဲ။ နှစ်ပေါင်းအစိတ် လောက်တော့ရှိပြီ။ ကိုတင်တယောက် သက်ရှိထင်ရှား ရှိပါ့ဦးမလား။ မသေချာ။ ဖိုးသော်တို့ရဲ့ ဗမာဂျိန်းစ်ဘွန်းကို သတိရပါရဲ့ဗျာ။
ဇော်မင်း (လူ့ဘောင်သစ်)
၂ဝ ရက် နိုဝင်ဘာလ ၂ဝဝ၉ ခုနှစ်
Friday, November 20, 2009
အထည်ကြီးပျက်နှင့် အထည်လေးပျက်
Posted by ရွက်မွန် at 8:25 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
ဝတ္ထုတိုကောင်းလေးတပုဒ် ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။
ဆရာဇော်မင်းကို ရသစာပေအရေးသမားလို့ မမျှော်လင့်ထားခဲ့ပါဘူး၊ ခုလို ရသကောင်းလေးတွေ ဖန်တီးပြလိုက်တော့လဲ ဟာနေတဲ့နေရာအတွက် အားဖြစ်ရပါတယ်။
အဆုံးပိုဒ်မှာ စကားပြောဟန်ကနေ စာဟန်လေး ညှပ်သွားတာကလွဲလို့ ပေးချင်တဲ့ message ကို အရောက်ပို့လိုက်နိုင်တယ်လို့ မြင်မိပါတယ်။
အင်း ကျနော်ကိုယ်တိုင်လဲ အထည်လေးပျက်သမားထင်ပါရဲ့ ခပ်တည်တည်နဲ့ ဆရာဝင်လုပ်သလိုများဖြစ်သွားမလားမသိ။
Post a Comment