ရွက်မွန်စာမျက်နှာ

Thursday, January 28, 2010

သေခြင်းကင်းသောမြို့

မြို့
နာမည်က "သေခြင်းကင်းသောမြို့"တဲ့။ ဖိုးလုံးက အဲသည့်မြို့သား။ မြို့ကလေးရဲ့ ပတ်ဝန်းကျင် တခိုကို ကြည့် လိုက်ရင် လည်း တောရိပ် တောင်ရိပ်တွေနဲ့ စိတ်ချမ်းမြေ့ဖွယ် ရှိလှတယ်။ အရှေ့ဖက်ကို မျှော်ကြည့်လိုက်ရင် ခရမ်းပြာရောင် သန်းနေတဲ့ တောင်မြင့်တန်းတွေကို အထပ်လိုက် အထပ်လိုက်တွေ့ရတယ်။ မြို့ကလေးနဲ့ အဲသည့် ခရမ်းပြာရောင် တောင်မြင့်တန်းတွေ အကြားမှာ လက်ပံပင်တွေသာ အများစု ပေါက်နေတဲ့ တောအုပ်ကြီးတခုနဲ့ တံငါလှေငယ်လေးတွေ ပြန့်ကျဲနေတဲ့ အင်းကြီးတခုရှိတယ်။ တခါ အင်းကြီးကနေ တောင်ခြေအထိ ကြားထဲ မှာတော့ စိမ်းစိုနေတဲ့ လယ်ကွင်းတွေကို မျက်စေ့တဆုံး မြင်ရပြန်ရော။ မြို့အနောက်ဖက်မှာ ဆိုရင်လည်း စိမ်းမြ နေတဲ့ မြစ်တစင်းက မြို့ကလေးကို ရစ်ခွေပြီး စီးဆင်း နေသေးတယ်။ မြစ်ရဲ့ တဖက်ခြမ်းမှာလည်း သိပ်မမြင့်လှတဲ့ တောင်စဉ်တခုရှိပြီး အရွယ်အစား မျိုးစုံလှတဲ့ စေတီဖြူဖြူ တွေက တောင်စဉ်ပေါ်မှာ အစီအရီ ရှိနေပြန်တယ်။ နွေရောက်လာပြီဆိုရင် လက်ပံတောကြီး တခုလုံးဟာ လက်ပံပွင့်တွေနဲ့ ရဲရဲနီနေတယ်။ ဖိုးလုံးတို့ မြို့ကလေးကို မြို့ကြီးက ပန်းချီဆရာတွေ လာပြီး ပန်းချီဆွဲလေ့ ရှိကြတယ်။ လက်ပံပွင့်တွေ ရဲပဒေါင်းခပ်နေတဲ့ နွေမှာတော့ ပိုအလာများတယ်။

ဖိုးလုံးတို့ ကလေးများကတော့ လူကြီးတွေ လစ်ရင်လစ်သလို အင်းကြီးထဲမှာ ရေကူးလေ့ရှိတယ်။ နွေရာသီ မှာကတော့ တောစပ်ကို သွားပြီး လက်ပံပင်ပေါ်က ဆက်ရက်တွေ ဘတ်ဂွကိုယ်စီနဲ့ ပစ်ကြတယ်။ နွေရာသီမှာ ကျောင်းကလည်းအား လက်ပံတောကြီးထဲမှာ ဆက်ရက်အပါအဝင် တခြားငှက်တွေလည်း ပေါဆိုတော့ သူတို့အတွက် မုဆိုးရာသီလို့ ပြောရင် တောင် ရတယ်။ တောနက်ထဲအထိတော့ ကလေးတွေ သွားလေ့ မရှိဘူး။ ဂျီတို့ သမင်တို့ ပစ်တဲ့ လူကြီးများသာ သွား ကြတယ်။ လက်ပံပင်ကြီးတွေက မြင့်လွန်းတော့ ဖိုးလုံးတို့ ဘတ်ဂွ တွေဟာ အပင်ထိပ် မှာသာ ကျက်စားတဲ့ ငှက်တွေကို ပစ်လို့ သိပ်မထိရောက်ဘူး။ အဲဒါကြောင့် လေသေနတ် ကလေး တလက်လောက်များ ရှိရင် ဘယ်လောက် ကောင်းမလဲလို့ ခဏခဏ ဖိုးလုံး အာသီသ ဖြစ်မိတယ်။ ဒါပေမဲ့ ဈေးထဲမှာ ငရုတ်သီးမှုန့် လောက်ပဲ ရောင်းတဲ့ သူ့အမေက ဘယ်ဝယ်ပေး နိုင်မလဲ။ ဒါ့အပြင် ဖိုးလုံး အမေက အကောက်ပလောင်တွေ ပစ်တာခတ်တာကို အားမပေးဘူး။ ဘတ်ဂွတောင် ခိုးကိုင် နေရတဲ့ ဥစ္စာကိုး။

ဖိုးလုံးနဲ့ အတွဲဆုံး သူငယ်ချင်းက ထွန်းငွေတဲ့။ ထွန်းငွေတို့ အိမ်က ပိုက်ဆံ အတန်အသင့် ရှိတယ်။ ထွန်းငွေအဖေ ဦးငွေသော်က သေနတ် ပစ်တာ တောလိုက်တာ ဝါသနာပါတယ်။ ထွန်းငွေပြလို့ ရုပ်ရှင်ထဲမှာသာ မြင်ဘူးတဲ့ ခြောက်လုံးပူး ကို အပြင်မှာ ဖိုးလုံး မြင်ဘူးတယ်။ ဦးငွေသော်ရဲ့ သေနတ်ပါ။ လိုင်စင်နဲ့ ကိုင်ရတာပေါ့။ ထွန်းငွေ ကျောင်းမှာ ပြောပြော ပြီး ကြွားနေတဲ့ "စမစ်အင် ဝက်ဆင်" အမျိုးအစားဆိုတဲ့ ခြောက်လုံးပူး။ တော်တော်လှတဲ့ သေနတ်။ သံမဏိအနက်ရောင် ပြောင်နေပြီး ပြောင်းကခပ်ရှည်ရှည်။ ကောင်းဘွိုင် ရုပ်ရှင်တွေထဲက ခြောက် လုံးပူးနဲ့ သိပ်တူတယ်။ အဲဒါအပြင် ပွိုင့်တူးတူး ဆိုတဲ့ သေနတ်အရှည် တလက်လည်း ရှိသေးတယ်။ ဂျီတွေ သမင်တွေ ပစ်ဖို့လို့ ပြောတာဘဲ။ ထွန်းငွေ ကံကောင်းတယ်လို့ ဖိုးလုံးကထင်တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ထွန်းငွေကြီးလာရင် အဲဒီ သေနတ်တွေကို ကိုင်ခွင့်ရမှာကိုး။

တရက်တော့ ထွန်းငွေက "ဟေ့ကောင် ဖိုးလုံး နက်ဖန်အိမ်ဖက်ကို လာခဲ့ပါလား။ ငါတို့အဖေ သေနတ် စမ်း မလို့ကွ။ ကြည့်ရ တာပေါ့" လို့ ဖိတ်ကြားတယ်။ ဘာပြောကောင်းမလဲ နောက်နေ့ မနက်ရောက်တော့ ထမင်း ကြမ်းနဲ့ ပဲပြုတ်ကို အဝစားပြီး ထွန်းငွေတို့ အိမ်ဖက်ကို ထွက်လာခဲ့တယ်။ ထွန်းငွေတို့ နှစ်ထပ်တိုက်ကနေ ဆယ်မိနစ်လောက် လမ်းလျောက်ရင် လက်ပံတောကြီးရဲ့ အစပ်ကို ရောက်ရော။ အဲသလောက် နီးတယ်။ ဖိုးလုံးဧည့်ခန်းထဲကို ဝင်လိုက်တော့ နှစ်လုံးပူး ပြောင်းရှည်သေနတ်ကြီးကို အဝတ်နဲ့ တိုက်ပြီး သန့်ရှင်းရေး လုပ်နေတဲ့ ထွန်းငွေရဲ့ အကို ကိုထွန်းရွှေကို တွေ့လိုက်ရတယ်။ ဖိုးလုံးက "ကိုထွန်းရွှေ ဒါကြီးက အသစ်လား။ အရင်က မမြင်ဘူး ပါလားဗျ" ဆိုပြီး စပ်စုလိုက်တယ်။ "အေး ॥ မနေ့တနေ့ ကမှ အဖေဝယ်လိုက်တာ၊ ဒီကောင်ကြီးက အသစ်၊ ကနေ့စမ်းမှာ ဒီကောင်ကြီးဘဲ" ဆိုပြီး သေနတ်ကြီးကို လက်နဲ့ပုတ်ပြ ရင်း ကိုထွန်းရွှေက အားပါးတရ ပြန်ဖြေတယ်။ တော်နေကြာတော့ အပေါ်ထပ် လှေကားကနေ ဦးငွေသော် ဆင်းလာ တယ်။ ဘောင်းဘီရှည် ဝတ်ထားပြီး ခြောက်လုံးပူးကို သားရေးအိတ်နဲ့ ခါးမှာချိတ်ထားတာ ကြည့်လို့အတော် ကောင်း သားလို့ ဖိုးလုံးစိတ်ထဲမှာ ဖြစ်မိတယ်။ ခဏနေတော့ ဦးငွေသော်က ဦးဆောင်ပြီး လက်ပံတောဖက်ကို ထွက်လာကြတယ်။ ကိုထွန်းရွှေက နှစ်လုံးပူးသေနတ်ကြီးကို ပုခုံးမှာ ထမ်းရင်း သူ့အဖေနောက်က လိုက်တယ်။ ဖိုးလုံးနဲ့ ထွန်းငွေကတော့ ဘတ်ဂွကိုယ်စီကိုင်ရင်း နောက်ဆုံးကနေ လိုက်လာကြတာပေါ့။ သေနတ်ပစ်တာ မြင်ရချည်သေးရဲ့ ဆိုပြီး ဖိုးလုံး တယောက် ရင်တွေတောင် ခုန်နေသေးတယ်။

လက်ပံတောအစပ်ကို ရောက်တော့ ဦးငွေသော်က နှစ်လုံးပူးသေနတ်ကြီးကို ခါးချိုးရင်း သူ့သားနှစ်ယောက်နဲ့ ဖိုးလုံးကို ရှင်းပြတယ်။ "ဒီကျည်ဆံမျိုးကို စရိတ်ကျည်လို့ ခေါ်တယ်။ အထဲမှာ ကျည်စေ့သေးသေးလေးတွေ တရာလောက်ပါ တယ်ကွ။ အင်းထဲက ရေဘဲအုပ်တို့ စနိုက်အုပ်တို့ကို ပစ်ရင်သုံးတာ။ အဲ॥ ညောင်သီးလာစားတဲ့ ငူအုပ်တွေကို ပစ်ရင် လည်း ရတယ်"။ ဦးငွေသော်က ကျည်ဆံနှစ်တောင့်ကို သေနတ်ထဲ ထည့်လိုက်ပြီး လက်ပံပင်ထိပ်ဖျားကို ထိုးချိန်လိုက်ရင်း ကိုထွန်းရွှေကို မေးငေါ့ပြလိုက်တယ်။ ကိုထွန်းရွှေက ဘတ်ဂွနဲ့ လပ်ပံပင်ထိပ်ကို ပစ်ထဲ့လိုက်ရင်း တဟေးဟေးနဲ့လည်း ပါးစပ်က အော်လိုက်သေးတယ်။ တချီတည်း လက်ပံပင်ထိပ်မှာ ဆူညံနေတဲ့ ဆက်ရက်အုပ်လန့်ပြီး ထပြန်ပါရော။ ဆက်ရက်အုပ်တွေ လက်ပံကိုင်းတွေပေါ်ကနေ လေထဲ ရောက်ရောက်ခြင်း ဦးငွေသော်က ခလုတ်ကို ဖြုတ်ချလိုက်တယ်။ "ထိန်း" ဆိုတဲ့ အသံကြီးက ကျယ်လောင်လွန်းလို့ ဖိုးလုံးခမြှာ ရင်တွေပန်းတွေတောင် တုန်တက်သွားတယ်။ ဆက်ရက် တွေလည်း တဖုတ်ဖုတ်နဲ့ အထွေးလိုက်ကြီး မြေကြီးပေါ် ပြုတ်ကျလာတယ်။ ပြုတ်ကျလာတဲ ဆက်ရက်တွေကို ထွန်းငွေနဲ့ ဖိုးလုံးက တပျော်တပါးကြီး လိုက်ကောက်ကြတာပေါ့။ ရေကြည့်လိုက်တော့ အကောင်နှစ်ဆယ်တောင် ကျော်မလားပဲ။ ဖိုးလုံးက ဝမ်းသာအားရလေသံနဲ့ "လေးလေးငွေသော့့်  တချက်ထဲနဲ့ အကောင်နှစ်ဆယ်ကျော် ရတယ်ဆိုတော့ ဒီသေနတ်ကြီးက တယ်ကောင်းပါလား" လို့ ပြောလိုက်တယ်။ "အေး ॥ ဒါပေမဲ့ လက်တည့် ဖို့လည်း လိုသေးတယ်ကွ။ အဲတာအပြင် ငှက်တွေထပျံလို့ လေထဲရောက်တဲ့ အချိန်မှာ ပစ်တာနဲနဲ နောက်ကျ သွားရင် တကောင်မှ မင်းရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ စရိတ်ကျည်က ဝေးဝေး မရောက်ဘူးကွ" ဟု ဦးငွေသော်က ပြန်ရှင်းပြတယ်။ သေနတ်ကြီးကို လေးငါးဆယ်ချက်လောက် စမ်းအပြီး သူတို့အားလုံး အိမ်ကို ပြန်လာခဲ့ကြတယ်။ ထွန်းငွေတို့ ဖိုးလုံးတို့က ကလေးတွေဆိုတော့ တချက်မှ ပစ်ခွင့် မရလိုက်ပါဘူး။ ကိုထွန်းရွှေကတော့ နှစ်ချက်လောက် ပစ်လိုက်ရတယ်။

ထွန်းငွေတို့အိမ် ပြန်ရောက်တော့ သူတို့အမကြီး မခင်ခင်သော် ဖျော်ပေးတဲ လဖက်ရည်ကို သောက်ကြရင်း ဦးငွေသော်က နှစ်လုံးပူးနဲ့ ပတ်သက်ပြီး လက်ချာဆက်ပေးတယ်။ "ဒီကျည်ဆံမျိုးက စရိတ်ကျည်။ မင်းတို့ သိပြီးသား၊ ဟုတ်ပလား။ ဒါမျိုးကိုတော့ ကိုးလုံးကျည်လို့ ခေါ်တယ်။ အထဲမှာ ကျည်စေ့ကိုးလုံးပါတယ်။ ဂျီတို့ သမင်တို့ ပစ်လို့ရတယ်။ လူတောင်ပစ်လို့ရတယ်။ ဒါကတော့ ကျည်မကြီးလို့ ခေါ်တယ်ကွ။ သူကတော့ အကောင်ကြီးတွေဖြစ်တဲ့ ပြောင်တို့ စိုင်တို့ ပစ်ရင်သုံးရတာ။ ကျားလဲ ပစ်လို့ရတယ်"။ ဖိုးလုံးကတော့ ဦးငွေသော်ကို လေးစားပြီးရင်း လေးစားဆိုသလို ဖြစ်နေတာပေါ့။ "လေးလေးငွေသော် အခုလေးလေးတို့ဆီမှာ သေနတ်ကမျိုးစုံ ရှိတော့ တောလိုက်ရင် အကောင်မျိုးစုံ ပစ်လို့ရတာပေါ့နော်" ဟု ဖိုးလုံးက ဆိုလိုက်တယ်။ ဦးငွေသော်က "အင်း .. တောလိုက်လို့ ကောင်းသွားတဲ့ အပြင် တခုလည်း ရှိတယ်ကွ။ ဘာတုံးဆိုတော့ ကိုယ့်မှာလက်နက် ရှိထားတော့ လူခန့်တယ် လူရှိန်တယ်ပေါ့ကွာ။ ကိုယ့်ကို လူမစော်ကားရဲဘူးပေါ့" လို့ ပြန်ရှင်းပြတယ်။ လူခန့်တယ် လူရှိန်တယ်ဆိုတဲ့ ဦးငွေသော်ရဲ့ စကားကို ဖိုးလုံး တော်တော်ခိုက် သွားတယ်။ ဟုတ်တာပေါ့ ကိုယ့်ကို လူတွေခန့်ငြားရတယ်ဆိုတာ ကောင်းတာပေါ့လို့လည်း တွေးမိပြန်တယ်။

အဲသည့်နှစ်က ဖိုးလုံးတို့ ထွန်းငွေတို့ ခွန်နှစ်တန်းအောင်ကြတယ်။ ထွန်းငွေကို သူ့အဖေ ဦးငွေသော်က စာမေးပွဲအောင်လို့ ဆုချတဲ့ အနေနဲ့ လေသေနတ် တလက်ဝယ်ပေးတယ်။ ဖိုးလုံးကတော့ လေသေနတ် ကိုကြည့်ရင်း သွားရေတမြားမြားကျ မတတ်ပဲ။ သူလည်း ထွန်းငွေကို ကပ်ပြီး လေသေနတ်ပစ်ခွင့် ရတော့မှာကိုး။ ဦးငွေသော်က သူ့သားတွေရဲ့ ဝါသနာကို မြေတောင်မြှောက်ပေးတယ်။ အိမ်က အမေတို့များ ကွာလိုက်တာ လို့လည်း ဖိုးလုံး တွေးမိပြန်တယ်။ သူကြီးလာရင် ကိုယ်ပိုင် သေနတ် ဝယ်ကိုင်မယ်လို့လည်း စိတ်ထဲမှာ တေး ထားလိုက်တယ်။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကား ဟာ တယ်မှန်တာဘဲ။

အဲ ॥ တခုပြောဖို့ မေ့သွားတယ်။ ဦးငွေသော်မှာ ဦးငွေကျော်ဆိုတဲ့ ညီတယောက်ရှိတယ်။ ညီအကို အရင်း အခြာ တွေ ဖြစ် ပေမဲ့ တဦးနဲ့တဦး စကား မပြောကြဘူး။ ရုပ်ရေနဲ့ အကျင့်စရိုက်ခြင်းလည်း ကွာလှတယ်။ ဦးငွေသော်က အရပ်ခပ်ပြတ်ပြတ် ဆိုပေမဲ့ သိုင်းတွေ လက်ဝှေ့တွေလည်း ကစားတော့ ဗလကောင်းတယ်။ သူ့သားတွေ ကို လည်း ကိုယ်ခံပညာတွေ သင်ခိုင်းတယ်။ ဦးငွေကျော်ကတော့ စီးပွါးရေးထဲမှာ ခေါင်းစိုက်ထားတဲ့သူ။ လူပုံ ကလည်း ရှည်ကိုင်းကိုင်းနဲ့။ သူ့အကို ဦးငွေသော်ထက် အများကြီးလည်း ချမ်းသာတယ်။ ကားနှစ်စီးတောင် ပိုင်တယ်။ တစီးက အစိမ်းရောင် လင့်ရိုဘာ ကားလေး။ နောက်တစင်းက ထင်းတိုက်တဲ့ လော်လီကားကြီး။ ဦးငွေကျော် သားသမီးတွေ ကျောင်းလာရင် အဲသည့် လင့်ရိုဘာ ကားနဲ့ လိုက်ပို့လေ့ရှိတယ်။ ဖိုးလုံး တခါက စပ်စပ်စုစုနဲ့ ထွန်းငွေကိုမေးတယ် "ထွန်းငွေ မင်းတို့အဖေနဲ့ မင်းတို့ဦးလေး ဘာဖြစ်လို့ စကားမပြောကြတာလဲ"။ ထွန်းငွေက "ငါလဲမသိဘူးကွ။ ငါ့ဦးလေးက ငါ့အဖေကို အထင်မကြီးဘူး။ ငါ့အဖေကလည်း သူ့ကို အထင် မကြီးဘူးကွ" လို့ ခပ်ပြတ်ပြတ် လေသံနဲ့ ပြန်ဖြေတယ်။

သို့သော်လည်း သူတို့ ဝမ်းကွဲမောင်နှမခြင်းကတော့ အချင်းချင်း စကားပြောကြပါတယ်။ ကျောင်းနေတာ က လည်း ဖိုးလုံး တို့နဲ့ တကျောင်းထဲကိုး။ ဦးငွေကျော် သားသမီးတွေက ထွန်းငွေတို့ ဖိုးလုံးတို့လို မဟုတ်ဘူး။ ကျောင်းမှာ စာတော်တဲ့ အထဲမှာပါတယ်။ သူတို့နှစ်ယောက်လို အားအားရှိ အင်းထဲမှာရေကူး၊ ငါးမျှား၊ ဂဏန်းနှိုက် စတာတွေ မလုပ်ဘူး။ ဘတ်ဂွ တလက်နဲ့ ငှက်ပစ်တဲ့ အထဲမှာလည်း မပါဘူး။ သေနတ် ပစ်ဖို့ ဆိုတာကတော့ ဝေလာဝေး။ သူတို့နဲ့ ဖိုးလုံး ခင်ပေမဲ့ တွဲသွားတွဲလာတော့ မဟုတ်ဘူး။

ထွန်းငွေတို့ အဖိုးဆုံးတော့ အမွေခွဲကြတာ ဦးငွေသော်က အကိုကြီးဆိုပြီး ပစ္စည်းတွေ အကုန်လုံးကို မောင်ပိုင် စီးတယ် ဦးငွေကျော် ကတော့ နဲနဲဘဲ ရလိုက်တယ်လို့ မြို့ထဲက လူကြီးတွေက ပြောကြတာဘဲ။ အဲသည် ကတည်းက ညီအကိုခြင်း စကား မပြောတော့တာ အခုအထိလို့ ဆိုတာကိုး။ နောက်ပိုင်းမှာ ကြိုးစားရင်းနဲ့ ဦးငွေကျော်က တော်တော် ချမ်းသာလာ တယ် လို့လည်း ပြောကြတယ်။ ဘာဘဲပြောပြော ဖိုးလုံးကတော့ ဦးငွေသော်ကိုဘဲ သူရဲကောင်းလို့ မြင်တယ်။ ကလေး ဆိုတော့ သေနတ်တွေပိုင်တယ် ယောက်ကျားပီပီ အသတ်အပုတ် တွေလည်း ရတယ်ဆိုတဲ့ အပေါ်မှာ အထင်ကြီးတာပေါ့။ ချမ်းသာတော့ ဘာဖြစ်ရမလဲ လူတိုင်း ထမင်းတော့ စားနေရတာဘဲ ဆိုတဲ့ မိုက်တိမိုက်ကန်း အတွေးကလည်း ဖိုးလုံးမှာ ရှိနေတာ တကြောင်းလို့ ဆိုရမှာပေါ့။

ဖိုးလုံး ကိုးတန်းအောင်လို့ ဆယ်တန်းတက်ရမဲ့ နှစ်မှာ သူ့အဖေဆုံးတယ်။ စီးပွါးရေး အခြေအနေအရ သူ့ အမေ ဖက်က အဖိုးအဖွားတွေ ရှိတဲ့ တခြားတမြို့ကို ပြောင်းကြရတယ်။ သာယာလှပတဲ့ "သေခြင်းကင်းသောမြို့" ကလေးကို ထားရစ် ခဲ့ရတာပေါ့။ နောက်ပိုင်းတော့လည်း တဖြည်းဖြည်း ထွန်းငွေတို့နဲ့ အဆက်ပြတ်သွားတယ်။ ဖိုးလုံးဆယ်တန်းအောင်တော့ ရန်ကုန်မှာ တက္ကသိုလ် ဆက်တက်ဖြစ်တယ်။ ကျောင်းပြီးတော့ အိမ်ထောင်ကျ ဘာကျနဲ့ ဘဝမှာ အဆက်မပြတ် ရုန်းကန်ရတော့ တာပေါ့။ ဘာတွေများ အဲသလောက် ရုန်းကန်ရတာလဲ ဆိုတာတော့ ပြောပြရဦးမယ်။ သူ့ဘကြီး တယောက်ရဲ့ အကူအညီနဲ့ နိုင်ငံခြား သင်္ဘောလိုက်ခွင့် ရခဲ့တယ်။ အဲသည့်ခေတ်တုံးက သင်္ဘောလိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ လူငယ်တိုင်း နိုင်ငံခြားသင်္ဘော လိုက်ခြင်ကြတာ ကလား။ လစာက ဒေါ်လာနဲ့ရတဲ့အပြင် နှစ်နှစ်တခါလောက် ဆိုသလို အိမ်ကို ကားတစင်း ပြန်ပို့နိုင်သေးတယ်။ ကားကို စီးချင်လည်းစီး မစီးချင်လည်း ပြန်ရောင်းပေါ့။ ဒါပေမဲ့ လက်တွေ့မှာကြတော့ ဖိုးလုံးမိသားစု၊ ယောက်ခမတွေ၊ ဖိုးလုံးဖက်က မောင်နှမတွေ၊ သူ့မိန်းဖက်က မောင်နှမတွေ အားလုံးဟာ တနည်းမဟုတ် တနည်းတော့ ဖိုးလုံးဝင်ငွေကို မှီခိုနေရတော့ ရတဲ့ဝင်ငွေက ထင်သေလာက် မစုမိလှဘူး။ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတာပေါ့။ သုံးနှစ်လောက် သင်္ဘောလိုက်လိုက် ခြောက်လလောက် ပြန်နားလိုက်။ နောက်သုံးလေးနှစ် လိုက်လိုက် တနှစ်လောက် ပြန်နားလိုက်နဲ့ လုံးခြာလည် လိုက်နေတယ်။ ဖိုးလုံး အသက်ငါးဆယ် ပြည့်တဲ့နှစ်မှာ သူ့မိန်းမနဲ့ တိုင်ပင်ပြီး ကိုယ့်တိုင်းပြည်မှာ မိသားစုနဲ့ အတူနေဖို့ သင်္ဘော လိုက် တာကို သုံးနှစ်လောက် နားမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ရန်ကုန်မှာ နေရင်းကြာလာတော့ ဖိုးလုံးတယောက် ပျင်းလာတယ်။ ဘာလုပ်ရမှန်းလဲ မသိ။ သင်္ဘောသားဆိုတာ တနိုင်ငံ ဝင် တနိုင်ငံထွက် သွားနေရတယ်ဆိုတော့ နားတာကြာလာတော့ ငါးကိုကုန်းပေါ် ပစ်တင်ထားသလိုမျိုး ဖြစ်နေတာပေါ့။ ဒါနဲ့ သူရဲ့ ဇာတိ ချက်မြုတ်ဖြစ်တဲ့ "သေခြင်းကင်းသောမြို့" ကလေးကို သွားပြန်လယ်ဖို့ စိတ်ကူးရလာတယ်။ ထွန်းငွေ အပါအဝင် ငယ်သူငယ်ချင်းတွေနဲ့ တွေ့ခြင်ဆုံခြင်တဲ့ စိတ်က တာရိုးကျိုးလို့ ပေါက် ထွက်တဲ့ရေလို ဖြစ်နေတာပေါ့။ သူ့မိန်းမက မလိုက်နိုင်တော့ နောက်ဆုံး ဖိုးလုံး တယောက်ထဲ သူ့မြို့ ကလေး ကို အလယ်ပြန်ခဲ့တယ်။

ထွန်းငွေတို့ ခြံဝမှာ မတ်တပ်ရပ်နေရင်းက "လေးလေးငွေသော်၊ လေးလေးငွေသော်၊ ထွန်းငွေရေ ဟေ ॥ ထွန်းငွေ"လို့ အော်ခေါ် လိုက်တယ်။ တိုက်ထဲက ဆယ်ကျော်သက် လူငယ်လေးတယောက် ထွက်လာပြီး "ဦးထွန်းငွေတို့ ဒီမှာ မနေတော့ဘူး ခင်ဗျာ့" လို့ ပြောတယ်။ "သြော် ဟုတ်လား။ ဘယ်ကိုများ ပြောင်းသွား ကြတာလဲ" ဟု ဖိုးလုံးက မေးလိုက်တော့ သူငယ်လေးက "ကျနော်လည်း မသိဘူးခင်ဗျ။ ဒီအိမ်ကို ကျနော်တို့ ဝယ်လိုက်တာ အတော်ကြာပီဗျ" လို့ ပြန်ဖြေတယ်။ ဒါနဲ့ ဖိုးလုံးလည်း သတင်းပလင်း မေးဖို့ ဦးငွေကျော်တို့ တိုက်ဖက်ကို ထွက်လာခဲ့တယ်။

ဦးငွေကျော်ကို အဆင်သင့် တွေ့ရပါတယ်။ အတော်တော့ အိုသွားပြီ။ သို့သော် ခုထိ ကျန်းမာရေး ကောင်းပုံတော့ ရတယ်။ သူ့ကို တွေ့တော့ ဦးငွေကျော်က ဇတ်စုံခင်းပြတယ်။ " မောင်ဖိုးလုံးရေ ॥ မင်းတို့ လေးလေးငွေသော်က သူ့ဝါသနာကလွဲလို့ ဘာကိုမှ စိတ်ဝင်စားတဲ့သူ မဟုတ်ဘူး။ တနေ့တနေ့ သေနတ် အရောင်းအဝယ် ကိစ္စ၊ အလဲအထပ် ကိစ္စ၊ တောလိုက်တဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတာ။ ကလေးတွေရဲ့ ပညာရေးကိုလည်း အလေးထားရမှန်း မသိဘူး။ ကလေးတွေကလည်း ဒီနေရာမှာ ဖအေ့ခြေရာကို အမှီလိုက်နင်း ကြတယ်ကွ။ အားလုံး စီးပွါးပျက်တဲ့ ခေတ်ကြီးမှာ ကိုယ့်စီးပွားရေးကို ကိုယ် ဂရုမစိုက်ဘူး။ ငါတို့လို စီးပွါးရေးကို မျက်ခြေမပြတ်တဲ့ သူတွေတောင် ဒီခေတ်ကြီးမှာ ရှိတာလေးတွေ ပြုတ်မသွားအောင် မနည်းကြားကန် နေရတာကိုး။ တချီတော့ကွာ လိုင်စင်မဲ့ သေနတ်ကို လိုင်စင်အတုနဲ့ လာလိမ်ရောင်းတာ ဝယ်လိုက်မိ တယ်။ နောက်တော့ အမှုတွေ ဘာတွေဖြစ်။ ထောင်မကျအောင် ဟိုပေးရ ဒီကမ်းရနဲ့ အတော်ကုန် သွားတယ်။ သူ့မှာ ရှိတဲ့ သေနတ်တွေလည်း ပြန်ရောင်းစားရ၊ နောက်ဆုံး စီးပွါးရေးက ပျက်သထက် ပျက်လာတော့ မိဘ အမွေ ဖြစ်တဲ့ တိုက်ကိုပါ ရောင်းလိုက်ရတဲ့ အထိ ဖြစ်ကုန်တယ်။ ငါ့အကို ဆုံးတာတောင် ဆယ်နှစ်ရှိသွားပြီ။ တမြို့လုံး စီးပွါးရေး မကောင်းတဲ့ အထဲမှာ သူတို့ မုဆိုးတအုပ်လုံးက ထိပ်ဆုံးက ပါတာပေါ့။ အခု ဒို့မြို့မှာ ကိုယ်ပိုင် သေနတ် ကိုင်ပြီး တောလိုက်နိုင်တဲ့ သူ ဆိုတာ တယောက်မှ မရှိတော့ဘူးကွ။ နောက်တခုကလည်း သေနတ်ကို လိုင်စင်နဲ့ ကိုင်တဲ့ ခေတ်ကကုန်သွားပြီ။ ဒီခေတ်မှာ ဘယ်အရပ်သားမှ သေနတ်ကိုင်ခွင့် မရှိတော့ဘူး။ ထွန်းရွှေကတော့ ရဲထဲဝင်သွားတယ်။ အခု မူဆယ်ဖက်မှာ ရဲတပ်ကြပ်ဆိုလား ဖြစ်နေတယ်လို့ ကြားတယ်။ ခင်ခင်သော် ကတော့ ကလေးငါးယောက်နဲ့ အတော်ကျပ်တည်း ကြတယ်။ ထွန်းငွေကတော့ အခုဈေးထဲမှာ ဆိုင်တွေကို ပစ္စည်း ခေါက်ပြန်သွင်းတဲ့ အလုပ်ကို လုပ်နေတယ်။ ကိုယ်ပိုင်ဆိုင်တော့ မရှိရှာဘူး။ သူလည်း အတော်ရုန်းကန်နေရ တယ်"။ ကြားကြားသမျှကတော့ ဖိုးလုံးအတွက် မသက်သာလှ။

ဦးငွေကျော် တိုက်ဖက်ကနေ ထွန်းငွေကို ရှာဖို့ ဈေးဖက်သွားမယ်ဆိုတော့ ဖိုးလုံးနဲ့ ကျောင်းနေဖက် ဦးငွေကျော် သားက သူ့တို့အိမ်က ကားနဲ့ လိုက်ပို့ပါတယ်။ ဟိုတုန်းက လင့်ရိုဘာကာစိမ်းလေး။ သို့သော် ကားက အတော် လေး ဟောင်းနေပြီး ဂျုံးဂျုံးတောင် ကြတော့ မလားပဲ။

ဖိုးလုံးဈေးထဲရောက်တော့ တချက်အကဲ ခပ်လိုက်တယ်။ သူတို့ ငယ်ငယ်တုံးကလို ဈေးက မစည်ကားတော့ဘူး၊ ခပ်ခြောက်ခြောက်ပဲ။ ကြာကြာ မရှာလိုက်ရပါဘူး ထွန်းငွေကို တွေ့ပါတယ်။ "ဟာ ဖိုးလုံးကြီး ॥ ဟေ့ကောင်။ မင်းဒီ တသက်တော့ ဒို့မြို့ကို ပြန်လာပါဦး မလားလို့" ဆိုပြီး ထွန်းငွေက ဆီးပြီး နုတ်ဆက်ရှာတယ်။ အမှန်ဆိုရင် ထွန်းငွေနဲ့ ဖိုးလုံးက သက်တူရွယ်တူတွေ။ အသက်တွေက ငါးဆယ်တန်း။ ဒါပေမဲ့ ထွန်းငွေကို ကြည့်ရတာ အတော့်ကို အိုစာ လွန်းတယ်။ အသက်ခြောက်ဆယ် အရွယ်လောက်လို့ ထင်ရတယ်။ ဝတ်စားထားတာကလည်း အတော့ကို နွမ်းနွမ်းပါးပါး။ ဈေးထဲက လဖက်ရည်ဆိုင်မှာ ထိုင်ရင်း သူငယ်ချင်း နှစ်ယောက် ရှေးဟောင်း နှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ ဖိုးလုံးက သူ့သူငယ်ချင်းကို အားလဲနာ သနားလဲ သနားတော့ သူတို့ မိသားစုအကြောင်း မမေးပါဘူး။ ဒါပေမဲ့ ထွန်းငွေက သူ့ကို ရှင်းပြနေတယ်။ "အဖေသာ အဲဒီတုန်းက လိုင်စင် အတုနဲ့ သေနတ်ကို မဝယ်လိုက်မိရင် အခုလို ဖြစ်မှာ မဟုတ်ဘူးကွ။ အမှုဖြစ်တော့ကွာ ထောင်မကျအောင် လုပ်ရတာ အတော်လေး ကုန်သွားတယ်။ အဲဒီမှာ စီးပွား စပျက်တာပဲ။ အသက် ကြီးမှ အဖေထောင်ကျမှာကို ဘယ်အဖြစ် ခံနိုင်မလဲကွာ။ ဟုတ်တယ်မို့လား။ အဲဒီ သေနတ်ကို မင်းမြင်စေ့ချင်တယ် အတော့ကို ကောင်း တဲ့ သေနတ်။ အဖေ ဝယ်လိုက်တာလည်း အဆိုးမဆိုသာဘူး။ အရင်တုန်းကလို ဆိုရင် မင်းအခုလို အလည်လာတုန်း ဒို့သူငယ်ချင်း နှစ်ယောက် သေနတ်ကိုယ်စီနဲ့ တောတောင် လည်လို့ရသေး"။

အခုအချိန်အထိ သေနတ်ကို စိတ်မကုန်သေးတဲ့ သူငယ်ချင်းကို ဖိုးလုံးတယောက် အပြစ်တင်ရမလား သနား ရမလား မဝေခွဲတတ်။ သေနတ်ရှိရင် လူရှိန်တယ် လူခန့်တယ်ဆိုတဲ့ အမြင်ကို အခုတော့ ဖိုးလုံး မထောက်ခံ တော့ပါ။ သေနတ်ကိုင်ပြီး တောလိုက်ချင်စိတ်လည်း မရှိတော့ပါ။ "သေခြင်းကင်းသောမြို့" ကလေးမှာ နေထိုင်သူတွေဟာ သေမှာ မဟုတ်ဘူးလို့ ဖိုးလုံး ကလေးဘဝက ထင်ခဲ့မိတယ်။ "သေခြင်းကင်းသောမြို့" ဆိုတာ နာမည် သက်သက်သာ ဖြစ်ကြောင်း နဲနဲကြီးတော့ ဖိုးလုံးနားလည် နေခဲ့ပါပြီ။ သို့သော် ရှေးလူများက ဘာဖြစ်လို့ သူတို့မြို့ကို "သေခြင်းကင်းသောမြို့" လို့ နာမည် ပေးခဲ့တာကိုတော့ အခုအထိ ဖိုးလုံး နားမလည်သေး။ လူဆိုတာ သေမျိုးမို့ သေနေကြတာ မဆန်း။ သို့သော်လည်း စီးပွားရေးပါ လိုက်သေနေတော့ သူတို့မြို့ကလေးက လူ တွေ ဟာ အခုကတည်းက တဝက်သေသလို ဖြစ်နေပါလားလို့လည်း ဖိုးလုံး တယောက် အတွေး ဝင်မိပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၈ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်

1 comment:

k said...

ကိုဇော်မင်းခင်ဗျာ

ကျနော် ဒီတကြိမ်နဲ့ဆို ကွန်မန့်ဝင်ရေးတာ ၂ ခါရှိပြီ။ ရေးပြီးပြန်စစ်ကြည့်တော့ ရီဗျူးမှာ ပေါ်မနေဘူးဗျ။ ခုလဲ အဲဒီလိုပဲထင်ပါရဲ့
ကျနော် ဒီဝတ္ထုတိုလေးကိုလဲ ကြိုက်လှပါသဗျာ။ ဒါလေး ပြောချင်လို့ပါ။
ဇာတ်ကောင်စရိုက်ဖော်တာရော ပေးချင်တဲ့ မက်ဆိပ်ခ်ျကိုရော ပီပီပြင်ပြင် ရေးဖွဲ့ ပေးလိုက်နိုင်ပါပေတယ်။ ခင်ဗျားတို့လို ပညာရှင်တွေက ရသရေးတော့ ၀မ်းသာအားရဖြစ်မိသဗျ

ကျေးဇူးပါပဲဗျာ။ ခုလို ရသဟန်ကဲကဲ စာလေးတွေဖတ်ရတာ တရားဟောစာတွေ ညစ်ကျယ်ကျယ်ဆဲစာတွေဖတ်ရတာထက် အရသာတွေ့သဗျ။ နောက်လဲ ရေးဖြစ်ပါစေဗျာ။ ဒီလက်မျိုးက ပြောစရာ ရေးစရာတွေ ရှိတိုင်း ရေးတတ်မယ့်လက်ဗျ။

အားပေးနေပါတယ်။
ချစ်ခင်မှုဖြင့်
ခင်လွန်း

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.