ရွက်မွန်စာမျက်နှာ

Wednesday, February 24, 2010

မဂ္ဂနာမာဆဲ (သို့မဟုတ်) ကျိန်စာသင့်ခဲ့ဖူးသည့်ရွာ

ရွာ
ရဲ့ အမည်က ခပ်ဆန်းဆန်း။ မက်ဂ္ဂနာမာဆဲ တဲ့။ အမည်က အင်္ဂလိပ်မဆန်လှ။ အိမ်ခြေကတော့ ငါးရာ လောက် ရှိမည်။ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ကွန်းဝေါဆိုသော အရပ်က တံငါရွာလေး ဖြစ်သည်။ တံငါရွာ ဆိုသော်လည်း စုတ်စုတ်ဖတ်ဖတ် မဟုတ်။ အင်္ဂလိပ်ကျေးလက်ပုံစံ ဆောက်ထားသော အိမ်များကား ကြည့်၍ ကောင်းလှသည်။ အဝေးမှ ကြည့်ပါက ပန်းချီကား တချပ်သဖွယ်။ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော တိုင်တွေ ထိုးထိုးထောင်ထောင်နှင့် ဖြူနီဝါပြာ အရောင်စုံလှသည့် ငါးဖမ်းစက်လှေ များကလည်း နောက်ထပ် ပန်းချီကား တချပ်ဟုဆိုလျှင် မမှား။ အင်္ဂလန်မှာ ရောက်နေတုံး ဘဇော် မဂ္ဂနာမာဆဲကို လာလည်ရသည့် အကြောင်းက သည်လိုဖြစ်သည်။

ဘဇော် ငယ်ငယ်တုံးကတည်းက သည်ရွာအကြောင်း မကြာခဏကြားခဲ့ဖူးသည်။ သူငယ်ချင်းဖြစ်သူ ကောင်းဇံ၏ အဖိုးထံမှ ဖြစ်သည်။ အဖိုးကြီး၏ နာမည်က ဦးကျော်ဖြူဟုခေါ်သည်။ ထိုအဖိုးကြီးသည် ဒုတိယကမ္ဘာစစ် မဖြစ် ခင် စစ်ကြိုခေတ်က အင်္ဂလန်နိုင်ငံမှာ ပညာသင်ခဲ့ဖူးသည်။ ဘဇော် စတွေ့ဖူးသည့် အချိန်က ဦးကျော်ဖြူ ပင်စင် ယူပြီး ခါစဖြစ်သည်။ အခြား ပင်စင်စားများလို ဘုရားကျောင်းကန် သွားသည်ကို မတွေ့ရ။ တချိန်လုံး အိမ်တွင် ပန်းချီဆွဲ နေလေ့ရှိသည်။

"ဒီလိုကွဲ့ ॥ အဲသည့် ရွာကို အဖိုးရောက်သွားတဲ့ အကြောင်းက ပန်းချီဆွဲချင်လို့။ အဖိုးတို့စာသင်နေတဲ့ တက္ကသိုလ်က ပန်းချီဝါသနာရှင် ဆရာတွေက ပြောလို့။ ဆမ်းမားလို့ ခေါ်တဲ့ အင်္ဂလိပ်နွေရာသီမှာ ပန်းချီဆရာ တော်တော် များများဟာ အဲသည့်တောင်ပိုင်း ကွန်းဝေါနယ်ထဲက ပင်လယ်စပ် ရွာတွေမှာဆင်းပြီး ပန်းချီ ရေးကြ တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပန်းချီဆရာတွေ သိပ်လိုချင်တဲ့ နေရောင်ခြည်မျိုး အလင်းရောင်မျိုးကို အဲသည့် အရပ်မှာ နွေဆိုရင် ရလို့တဲ့ကွ။ သူတို့ အယူအဆပေါ့ကွာ။ ဒါနဲ့ တနှစ်နွေကျောင်းပိတ်တော့ အတန်းဖော် သူငယ်ချင်း အင်္ဂလိပ်က အဖေါ်စပ်လို့ အဲသည့်ရွာကို ပန်းချီဆွဲဖို့ ရောက်သွားကြတာ" အတိတ်က ကျောင်းသား ဘဝကိုလွမ်းမောသည့် ဟန်ဖြင့် ဦးကျော်ဖြူက ဆိုသည်။

သူတို့ရောက်သွားသည့် အချိန်တွင် မဂ္ဂနာမာဆဲရွာ၌ မြို့ကဆင်းလာသည့် ပန်းချီဆရာဆို၍ သူတို့နှစ်ဦးသာ ရှိသည်။ ဘာကြောင့်များပါလိမ့်။ ကွန်းဝေါနယ်ထဲက အခြားရွာများတွင် နွေကာလ၌ လန်ဒန်အပါအဝင် အခြား မြို့ကြီးများမှ ဆင်းလာသည့် နာမည်ကြီး ပန်းချီဆရာများ၊ နာမည်မရသေးသော ပန်းချီဆရာများ၊ ပန်းချီဆရာ ပေါက်စများ လက်သင်များ ပေါင်းစုံတို့ဖြင့် ရှုတ်ရှက်ခတ်နေသည်။ သို့သော် မဂ္ဂနာမာဆဲ၌ လူစိမ်းဆိုလို့ သူတို့နှစ်ဦးသာ။ ရွာခံလူများ ကလည်း သူတို့ကို အထူးအဆန်း ဖြစ်နေကြသည်။ ဦးကျော်ဖြူ၏ အတန်းဖော် အင်္ဂလိပ် ကျောင်းသား၏ အဆိုအရ ဘယ် ပန်းချီဆရာမှ မသွားကြသော ရွာဖြစ်နေ၍ နေရေးစားရေး ဈေးသက် သာသည်။ ထိုအချက်က ပိုက်ဆံကို အမြဲတွက်နေရ သော သူတို့လို ကျောင်းသားပန်းချီရူးများ အတွက်လည်း အဓိကဖြစ်နေသည်။

ထိုရွာတွင် ဦးကျော်ဖြူနှင့် သူ၏သူငယ်ချင်းတို့ တလခန့်နေ၍ ပန်းချီဆွဲခဲ့ကြသည်။ ထိုတလအတွင်း ရွာခံလူများ နှင့်လည်း အတော်ကြီး ခင်မင်သွားခဲ့ကြသည်။ ဦးကျော်ဖြူတို့ ရောက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း (၇ဝ) ကျော် က မဂ္ဂနာမာဆဲသည် အိမ်ခြေအားဖြင့် လေးဆယ်တောင် မရှိသေး။ ရွာထဲတွင်လည်း ပတ်(ဘ်)ဟုခေါ်သည့် အင်္ဂလိပ်ရိုးရာ အရက်ဆိုင်က တဆိုင်တည်းသာ ရှိသည်။ နေ့အလင်းရောင် ကုန်၍ ပန်းချီဆွဲခြင်းကို ရပ်နားပြီး တိုင်း ထိုအရက်ဆိုင်၌ သူငယ်ချင်း နှစ်ယောက် ဝင်ထိုင်ကာ အေး (လ်) ဟု ခေါ်သော အင်္ဂလိပ်ရိုးရာ ဘီယာ တမျိုးကို မှာသောက်ရင်း ရွာခံတံငါသည်များနှင့် စကားလက်ဆုံ ကြလေ့ရှိသည်။

ဘဇော်နှင့် ကောင်းဇံက "အဖိုး တခြားပန်းချီဆရာတွေက အဲသည့်ရွာကို ဘာဖြစ်လို့ မသွားကြတာလဲ" ဟုစပ်စု သည်။ ထိုအခါ ဦးကျော်ဖြူက "အင်း ... အဲသည့်ရွာဟာ ကျိန်စာသင့်နေတယ်လို့ ကွန်းဝေါနယ်က လူတွေက ယူဆထား လို့ကွ။ ဒါ့အပြင် ရွာသားတွေကလည်း စရိုက်အလွန် ဆိုးတယ်လို့ ပြောကြတယ်။ နယ်ခံတွေတောင် အရောင်းအဝယ် ကိစ္စမျိုး က လွဲလို့ မဂ္ဂနာမာဆဲဖက်ကို သွားလေ့သွားထ မရှိကြဘူး။ အေး ဘာဖြစ်လို့ ကျိန်စာ သင့်နေတဲ့ ရွာလို့ ခေါ်တာတုံး ဆိုတာက ဒီလိုကွ ငါ့မြေးတို့ရဲ့"။

ကွန်းဝေါအရပ် တကြောရှိ ရွာများအား ရှေးတုံးက စပိန်ပင်လယ်ဓားပြများက လစ်ရင်လစ်သလို ဝင်ရောက်၍ တိုက်ခိုက် လုယက် ကြသည်။ နောက်ပိုင်းတွင် စပိန်ပင်လယ်ဓားပြတချို့ မဂ္ဂနာမာဆဲ ဖြစ်လာမည့် နေရာတွင် ဒေသခံ အမျိုးသမီးများ နှင့် ယူ၍ အခြေချခဲ့သည်ဟု ဆိုသည်။ သို့သော် တခါ၌ သရောကြီးခိုင်း၍ တရွာလုံးနီးပါး သေဆုံးခဲ့ ဘူးသည်။

နောက်တချီကတော့ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်မှစ၍ ပင်လယ်ဓားပြ ဖြစ်ခဲ့ဘူးဟန်တူသော အိုင်းရစ်လူမျိုး တဦး ဦးဆောင်သည့် အုပ်စုတစု ရောက်လာကာ နဂိုလက်ကျန် စပိန်နွယ်ဖွားများနှင့် ပေါင်း၍ အခြေခြပြန်သည်။ ထိုဦးဆောင်သူ အိုင်းရစ်လူမျိုး အမည်က မဂ္ဂိုင်းယားဟု ခေါ်သည်။ ထိုသူတို့က စပိန်ဓားပြများ၏ နေရာဟောင်း တွင် ရွာထပ်တည်၍ စတင် အခြေခြသည့် နောက်ပိုင်းမှစ၍ ထိုနေရာအား မဂ္ဂနာမာဆဲရွာဟု ခေါ်ဝေါ်ခဲ့ကြ သည် မှာ ယခုတိုင်ဖြစ်သည်။ မဂ္ဂနာမာဆဲ ရွာသားများသည် တံငါသည်လုပ်ငန်းဖြင့် အသက်မွေးကြသည်။ သို့သော် စရိုက်ကြမ်း စရိုက်ဆိုးသော ပင်လယ်ဓားပြ အဆက်အနွယ်များ ဖြစ်သောကြောင့် ငွေရမည်ဆိုပါက မဟုတ်တာ အကုန်လုပ်သည် ဟုလည်း အခြားရွာများမှ စွပ်စွဲကြသည်။

အဖိုးဦးကျော်ဖြူက သည်လိုရှင်းပြ၏။ "လှိုင်းလေထန်လေ့ရှိတဲ့ ရာသီတွေမှာဆိုရင်တဲ့၊ ညအချိန် ရွာဘေးက တောင်ကုန်း လေးပေါ်မှာ ရွာသားတွေက မီးပြတိုက်အတု သဘောမျိုး လုပ်ပြီး မီးပြတယ်လို့ ဆိုတယ်ကွ။ မီးအချက်ပြတဲ့ အချက်ပြ စနစ်က ဒီဖက်ကကပ်သွား အန္တရာယ်မရှိဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ အဲသည့် မီးအချက်ပြ အတိုင်း လိုက်မိတဲ့ ရွက်သင်္ဘောဟာ မကြာခင်ဘဲ ကျောက်ဆောင်နဲ့ တိုက်မိပြီး ကျောက်ဆောင်တွေ အကြားမှာ ကျိုးပဲ့ပြီး သောင်တင်တော့ တာပဲ။ အဲ လှိုင်းလေနဲနဲစဲတာနဲ့ ရွာသားတွေက လှေတွေနဲ့ ထွက်လာပြီး ကျိုးပဲ့သောင်တင်နေတဲ့ သင်္ဘောက ပါလာသမျှ ကုန်ပစ္စည်းတွေကို ရသလောက် ယူကြတယ်လို့ ဆိုတယ်။ သူတို့က ဒေသခံတွေ ဆိုတော့ ကျောက်ဆောင်တွေနဲ့ မတိုက်မိ အောင် သွားတတ်တာပေါ့ကွာ။ တကယ်လို့ သင်္ဘောပျက်က မသေမရှင် ဖြစ်နေတဲ့ သူတွေကို တွေ့ရင်လည်း ကယ်ရမဲ့ အစား သတင်းမပေါက်အောင် တခါ တည်း လက်စတုံး ပစ်လိုက်တယ်လို့ ပြောကြတယ်။ အဲလောက် ရက်စက်တယ်လို့ ဆိုတယ်။"

ထို့အပြင် ရှေးခေတ်က မဂ္ဂနာမာဆဲ ရွာသားများသည် ကွန်းဝေါနယ်အတွင်း မြင်းခိုးခြင်း၊ နွားခိုးခြင်း ခိုးလာသော မြင်းများ နွားများကို လက်ခံ၍ ပြန်ရောင်းခြင်း၊ လှေငယ်များ လှေအရွယ်လတ်များကိုလည်း အခြားနေရာများမှ ခိုးယူလာကာ ဆေးပြောင်းသုတ်ပြီး ပြန်ရောင်းခြင်း အစရှိသော လုပ်ငန်းများကိုလည်း လုပ်ကြသည်ဟု ဒေသခံ ဇာတ်လမ်းများအရ သိရပြန်သည်။

"ငါတို့ သူငယ်ချင်းနှစ်ယောက် တည်းတဲ့အိမ်က အိမ်ရှင်ရဲ့ နာမည်က ဂျွန် မဂွိုင်းယားတဲ့။ သူကလည်း ရိုးရိုးကြီးနဲ့ ပွင့်ပွင့် လင်းလင်း ပြောပြပါတယ်။ ရှေးတုန်းက မဂွိုင်းယားမျိုးနွယ်တွေဟာ ခိုးတဲ့ဆိုးတဲ့သူ များသတဲ့။ သို့သော် ကနေ့ခေတ်မှာ တော့ အဲသလို မရှိတော့ပါဘူးတဲ့။ ရိုးရိုးသားသား တံငါသည် အလုပ်နဲ့ အသက်မွေးကြတယ်လို့ ငါတို့ကိုရှင်းပြ ရှာပါတယ်။ သို့သော် ရှေးတုံးက နာမည်ပျက် ရှိခဲ့ဘူးတဲ့ အရှိန်ကြောင့် တော်ရုံလူတွေ သူတို့ရွာ ဖက်ကို လာလေ့မရှိကြဘူး။ အဖိုးတို့ အဲသည်ကို စရောက်သွားတာ မှတ်မှတ်ရရ ၁၉၃၆ ခုနှစ်ပေါ့။ ဥရောပမှာ စစ်ကြီးမဖြစ်ခင် သုံးနှစ်လောက် အလိုကကွ" ဟု ဦးကျော်ဖြူက ပြောပြ၏။

အဖိုးဦးကျော်ဖြူ ပြောပြသည်မှာ ထိုအချိန်က ရွာသူရွာသား အားလုံးနီးပါး၏ နောက်ဆုံးနာမည်သည် များသော အားဖြင့် မဂွိုင်းယား ဆိုသည့် အမည်ပင် ဖြစ်ကြသည်။ ဥပမာအားဖြင့် မေရီ မဂွိုင်းယား၊ အင်ဒရူး မဂွိုင်းယား၊ ဘာမဂွိုင်းယား ညာမဂွိုင်းယား အစရှိသည့် နာမည်များဖြစ်သည်။ တရွာလုံး အမျိုးတော်စပ်နေသည့် သဘောဟု ဆိုနိုင်သည်။ သူတို့တည်းနေသည့် အိမ်ရှင်ဖြစ်သူ ဂျွန်မဂွိုင်းယား အဆိုအရ ၎င်း၏အဖေမှလွဲ၍ အဖိုး၊ အဘိုး၊ အဘိုး၏ဖခင်နှင့် ထို့ထက်ရှေးကြသူ အမျိုးသား အားလုံးနီးပါးသည် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်ရင်း တချီ မဟုတ်တချီ မုန်တိုင်းမိကာ သေဆုံးခဲ့ကြသည်ဟု ဆိုသည်။ တခြားမိသားစုများလည်း ထိုနည်းတူ အဖြစ်များနှင့် ရင်ဆိုင် ရသည်ဟုလည်း ဆိုသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာ မဂွိုင်းယား အမျိုးအနွယ်များသည် ရှေးတုံးက ရွက် သင်္ဘောများအား ကျောက်ဆောင်နှင့် တိုက်မိအောင် လုပ်ခဲ့ခြင်း၊ ပစ္စည်းများကို လုယက်ခြင်း၊ သင်္ဘောပေါ် ပါလာ သူများကို သတ်ဖြတ်ခြင်း၊ ခိုးဆိုးလိမ်ကောက် ခြင်း အစရှိသည်တို့ကြောင့် ကျိန်စာသင့်တာ ဖြစ်နိုင် ကြောင်းလည်း ပြောပြသည်။

"အဲသည့်အဖိုးကြီး ဂျွန်မဂွိုင်းယားက မယုံရင် ရွာထိပ်က သင်းချိုင်းမှာ သွားကြည့်ဆိုလို့၊ ငါတို့နှစ်ယောက် သွား ကြည့်တော့၊ သူပြောတာ ဟုတ်တယ်ဟေ့။ သင်းချိုင်းမှတ်တိုင် အများစုဟာ အမျိုးသမီး နာမည်တွေချည်းပဲ။ သူ ပြောသလိုဘဲ ယောက်ျားအများစုဟာ ပင်လယ်ထဲမှာ သေခဲ့ကြတော့ သင်းချိုင်းမှာ မြုပ်စရာ မလိုတော့ဘူး ပေါ့ကွာ။ ဒါပေမဲ့ ဇာတ်လမ်း ဟာ ဒီမှာ မပြီးသေးဘူး။ မဂွိုင်းယားနွယ် အမျိုးသမီးတွေဟာလည်း များသော အားဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာများ တယ်လို့ ဆိုပြန်သေးတယ်။ ဒါနဲ့ ငါတို့နှစ်ယောက် သင်းချိုင်းကို တခေါက်ပြန်သွားပြီး ကြည့်တော့၊ အမျိုးသမီးတွေရဲ့ အုတ်ဂူက မှတ်တိုင်တွေမှာ အသက်အကြီးအဆုံးက ငါးဆယ်အရွယ် တဦးပဲရှိတယ်။ များသောအားဖြင့် သုံးဆယ်ကျော် လေးဆယ်မတိုင်ခင်လောက်မှာ သေတာက များနေတယ်။ သင်းချိုင်းက ခပ်သေးသေးဆိုတော့ မှတ်တိုင်မှန်သမျှ ငါတို့ အကုန်လိုက်ဖတ် ကြည့်တာပေါ့။" ဤသည်ကား အဖိုးဦးကျော်ဖြူ ပြောပြသော ကျိန်စာသင့်ခဲ့သည့် မဂ္ဂနာမာဆဲ အကြောင်း ဖြစ်သည်။

အဖိုးကြီး ဦးကျော်ဖြူတို့ ပန်းချီလာဆွဲသည့် ခေတ်တုံးက မဂ္ဂနာမာဆဲသည် အိမ်ခြေ လေးဆယ်လောက်သာ ရှိခဲ့သည်။ ကျိန်စာသင့်နေသည့်ရွာ စရိုက်ဆိုးသည့်ရွာဟု သတ်မှတ်ခံရသောကြောင့် ဘယ်သူကမှ အရေးလုပ်၍ သွားလာ လည်ပတ်ခြင်း မရှိခဲ့ကြ။ မဂ္ဂနာမာဆဲရွာကဟု ဆိုလျှင် ဒေသခံများက နှာခေါင်းရှုံ့ချင်သည်။ သိပ်အဖက် မလုပ်လိုကြ။ သို့သော် ယခု ဘဇော်ရောက်သည့် အချိန်၌ အရာရာ ပြောင်းလဲ့ခဲ့ပြီဖြစ်သည်။ ရွာလေးတွင် အိမ် ခြေ ငါးရာကျော်ခန့် ရှိနေလေပြီ။ နွေရာသီ အပန်းဖြေလာသည့် ဧည့်သည်များဖြင့် စည်ကားနေသည်။ ပန်းချီ အရောင်း ပြခန်းများသည်ပင် ကိုးဆိုင်ဆယ်ဆိုင်ခန့် ရှိနေသည်။

ဦးကျော်ဖြူတို့ ထိုင်ခဲ့သည် ဆိုသော အရက်ဆိုင်အတွင်းသို့ ဘဇော်ဝင်၍ ဘီယာတပိုင့် မှာလိုက်သည်။ ဒေသခံ အဖိုးကြီး နှစ်ဦးက အာရှမျက်နှာပေါက်နှင့် ဘဇော်ကို မိတ်ဆက်လာ၍ မြန်မာပြည်က ဖြစ်ကြောင်း ရှင်းပြရင်း စကားလက်ဆုံ ကျ ဖြစ်သည်။ အဖိုးကြီး တဦးက ဤသို့ရှင်းပြသည်။ "ကျုပ်တို့ရွာ သည်လို စည်ကားလာတာ အဲသည့် ကျောင်းသား နှစ်ယောက် ကျေးဇူးကြောင့်လို့ ပြောရင်လည်း မမှားဘူး။ တယောက်က ကိုယ့်လူတို့ မြန်မာပြည်က။ ကျုပ်တို့ရွာကို လူစိမ်းတွေ ညအိပ်ညနေလာတာ ရွာသမိုင်းအရ အဲတာ ပထမဆုံး အကြိမ်ပဲ။ ၁၉၃၆ ခုနှစ်ကပေါ့။ နောက်နှစ်တွေမှာ လည်း နွေရောက်တိုင်း သူတို့ ပန်းချီဆွဲဖို့ လာကြတယ်။ တခြား ကျောင်းသား တွေလည်း သူတို့နဲ့ ပါပါလာကြတယ်။ နောက်ပိုင်း ကျုပ်တို့ရွာလည်း တဖြည်းဖြည်းနဲ့ ပန်းချီ ဆရာတွေ အလာများပြီး စည်းကားလာတယ် ဆိုပါတော့။ အခုဒီဖက် ခေတ်မှာတော့ ပန်းချီဆရာတွေတင် မဟုတ်တော့ဘူး။ နွေရာသီ အပန်းဖြေလာတဲ့ ဧည့်သည်တွေကြောင့် ဧည့်ကြို လုပ်ငန်းကပါ စီးပွားဖြစ်လာတယ်။ ဧည့်သည်တွေ ဘာဖြစ်လို့ ကျုပ်တို့ရွာကို လာကြသလဲ မောင်ရင်သိလား။ " ဘဇော်က "ဟုတ်ကဲ့ တဆိတ် လောက် ရှင်းပြပါလား" ဟုစကား ထောက်လိုက်သည်။

နောက်အဖိုးကြီး တဦးက နုတ်ခမ်းမွှေးကြီး ကားလာသည်အထိ တဟဲဟဲဖြင့် ရယ်လိုက်ရင်း ဤသို့ရှင်းပြ၏။ "ကျိန်စာ သင့်ခဲ့ဖူးတဲ့ မဂ္ဂနာမာဆဲဟာ ဘယ်လို ရွာမျိုးပါလိမ့် ဆိုတာ သိချင်လို့ စပ်စုချင်လို့ လာတဲ့သူကများ တယ်။ ရွာထိပ်က ရှေးဟောင်း သင်းချိုင်းဟာဆိုရင် ပြတိုက်လို ဖြစ်နေလို့ ရှေးမူမပျက်အောင်တောင် ထိန်း သိမ်းထားရတယ် ကိုယ့်လူရေ။ ဒါ့အပြင် ပန်းချီဆရာ တွေကြောင့်လည်း ဆိုင်တွေမှာ ပန်းချီကားတွေ ရောင်း ရတာက နောက်စီးပွားရေး တခုပေါ့။ စားသောက်ဆိုင်တွေ တည်းခိုခန်းတွေလည်း နည်းမှမနည်းတာ။ နွေရာသီ ဟာ ကျုပ်တို့အတွက် စီးပွားရေး ကာလပဲ။"

အဖိုးဦးကျော်ဖြူက မဂ္ဂနာမာဆဲရွာသားများကို ပုံပမာထား၍ သူတို့ကို ဆုံးမခဲ့ဘူးသည်။ "လူကလေးတို့ မှတ် ထားကြ။ မကောင်းမှုဆိုတာ တဦးချင်း တယောက်ချင်းပဲ လုပ်လုပ်၊ အုပ်စုဖွဲ့ပြီးပဲ ကျူးလွန်ကျူးလွန် ကိုယ်ပြုခဲ့ တာအတွက် ပြန်ပေး ဆပ်ရတယ်။ မကောင်းမှုကို ရှောင်ကြကွဲ့။"

မဂ္ဂနာမာဆဲတွင် ဘဇော် နှစ်ညအိပ်နေခဲ့သည်။ ရွာမှမပြန်ခင် အမှတ်တရအဖြစ် ပန်းချီပြခန်း အရောင်းဆိုင် တဆိုင်မှ ဆီဆေး ပန်းချီကားတချပ် ဝယ်ခဲ့သည်။ ပန်းချီကားထဲတွင် တွေ့ရသည်ကတော့ ကျောက်ဆောင်ပေါ် တွင် ထက်ပိုင်း ကျိုး၍ တင်နေသော ရွက်သင်္ဘောတစင်းနှင့် ထိုရွက်သင်္ဘောဆီသို့ ဦးတည်၍ လှိုင်းများအကြား တွင် လှော်ခတ် နေသော လှေငယ်လေးများပင် ဖြစ်တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.