ရွက်မွန်စာမျက်နှာ

Wednesday, March 17, 2010

အားလုံးပြိုင်တူတွန်းကြရအောင်

စစ်
အစိုးရဟာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုပြီး အနာဂတ်မြန်မာပြည် နိုင်ငံရေးကို ချုပ်လိုက်သည်။ စစ်ဗိုလ်ချုပ်များဟာ ဒါနဲ့တွင် အားမရသေးဘဲ ရွေးကောက်ပွဲ ဥပဒေတွေကို ပြဌာန်းတဲ့ အခါမှာလည်း ထုံးစံ အတိုင်း ညစ်နည်းတထောင် နည်းတွေကို ထုတ်သုံးပြန်၏။ အကယ်၍ လူထုက ကြည်ညိုတဲ့ လေးစားတဲ့ ခေါင်းဆောင်များ ပုဂ္ဂိုလ်များ ရွေးကောက်ပွဲဝင်မှာ ပါဝင်လာရင် ပြည်သူက မဲပေးဦးမှာဆိုတာကို သိနေတော့ အကျဉ်းကျနေသူများ တရားရုံးမှာ တရားတဘောင် ဖြစ်နေဆဲသူများ ပါတီဝင်အဖြစ် နိုင်ငံရေးပါတီမှာ ရှိနေရင် အဲသည့် နိုင်ငံရေးပါတီဟာ ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးလို့ ညစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန် ထွန်းဦး၊ ဦးဆေထင်၊ ကိုမင်းကိုနိုင်နဲ့ ရှစ်လေးလုံးမျိုးဆက်များနှင့် အခြားအခြားသော ခေါင်းဆောင်တွေဟာ လက်ရှိမှာ အကျဉ်းသားတွေ ဖြစ်နေပြန်တော့ သူတို့ညစ်နည်းတထောင် ဥပဒေအတိုင်းဆိုရင် သက်ဆိုင်ရာ ပါတီတွေက ရွေးကောက်ပွဲ ဝင်ချင်ရင် အဲသည့် ခေါင်းဆောင်များကို ပါတီကထုတ် ပစ်ဖို့သာ ရှိတော့သည်။ ကိုမင်းကိုနိုင်တို့ကိုလည်း ဘယ်ပါတီကမှ လက်ခံလို့ မရတော့။

စစ်ဗိုလ်ချုပ်တို့ လုပ်ရပ်ကား ကမ်းကုန်အောင် အစွန်းသို့ ရောက်ခဲ့ချေပြီ။ အပစ်ရပ်ထားသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည်လည်း ပြည်သူ့စစ်လိုလို နယ်ခြားစောင့်တပ်လိုလို အသွင်ပြောင်းဖို့ အပြင်းအထန် ဖိအားပေး ခံနေရသည်။ အဲသလိုမှ မပြောင်းရင် ထိုတိုင်းရင်းသား အဖွဲ့များ ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်ဟု တဖက်မှာလည်း ဆိုထားပြန်သည်

ယခုနိုင်ငံရေး ဖြစ်စဉ်တွင် ဖြစ်ပျက်နေသည်များကို ကြည့်၍ တိုက်တွန်းလိုစိတ်တခု ပေါ်မိသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရင်ဆိုင်နေရသော အခက်အခဲများသည် အပစ်ခတ်ရပ်စဲထားသော အဖွဲ့များ၏ အခက် အခဲလည်း ဖြစ်သည်ဟု မှတ်ယူဖို့ တိုက်တွန်းချင်တာပဲ ဖြစ်သည်။ ထို့အတူ အပစ်ရပ်အဖွဲ့များ၏ အခက်အခဲ များသည်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခက်အခဲ ဖြစ်ကြောင်းလည်း ထပ်တူမြင်မိသည်။

အိမ်ထဲတွင် ရောက်နေသော ကြွက်ထောင်ချောက်သည် ကြွက်တို့အတွက်သာ အန္တရာယ်ရှိသည်မဟုတ် အိမ်တွင်းမှာ အတူရှိနေသော ကြက်၊ ဝက်၊ နွားတို့ အတွက်လည်း နောင်တွင် အန္တရာယ် ရှိလာမည်ကို သတိ မလွတ်စေလိုပါ။ အားလုံး ဤပုံပြင်ကို ကြားဖူးထားပြီး ဖြစ်သောကြောင့် အကျယ်တော့ ပြန်မပြောလိုပါ။

အခုလို စစ်အစိုးရ ပြဌာန်းလိုက်သော ဥပဒေကြီးငယ်တို့သည် သူတို့အုပ်စုတခုသာ အမြင့်ရောက် ကောင်းစားရေး ဖြစ်ပြီး ဒီမိုကရေစီနှင့် လွတ်လပ်မှုကို မြတ်နိုးသော လူထုကထောက်ခံသော နိုင်ငံရေးအဖွဲ့အစည်းများနှင့် အပစ်ခတ် ရပ်စဲထားသော အဖွဲ့အစည်းများကို မျိုးတုန်းအောင် နှိပ်ကွပ်မည်ဆိုသော အမာတိုက်လမ်းစဉ်သာ ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေးပါတီများနှင့် အပစ်ခတ်ရပ်စဲထားသော အဖွဲ့အစည်းများတို့၏ ဂုဏ်သိက္ခာပါ တစစီ မကျန် အောင် အားထုတ်နေသည်။ စစ်အစိုးရ၏ ဖိနှိပ်မှုက ကမ်းကုန်နေပြီ ဖြစ်သောကြောင့် အကျိုးဆက်အဖြစ် နောက်ထပ် ဖြစ်လာနိုင် တဲ့ ကိစ္စတွေကတော့ တိုင်းရင်းသားဒေသများတွင် စစ်အစိုးရ၏ စစ်တပ်များအား ခုခံ တိုက်ခိုက်သော ခုခံရေးစစ်ပွဲများ ပြန်လည်ဖြစ်ပွား လာနိုင်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ တနှစ်ပြီးတနှစ် ပြုတ်လေသူ ဗိုလ်ချုပ်ခင်ညွှန့်၏ အစီအမံဖြင့် တိုင်းရင်းသားဒေသများတွင် အပစ် အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးယူထားခဲ့သည့် အဖွဲ့များမှာ (၁၇) ဖွဲ့ခန့်ရှိသည်။ ထို့အတူ အပစ်အခတ် မရပ်စဲ ဘဲ စစ်အစိုးရကို ဆက်လက် တိုက်ခိုက်နေသည့် အဖွဲ့အစည်းများလည်း ရှိသေးသည်။ ကျန်နေသေးသည်။ အကြမ်းဖျဉ်း တွက်ချက်မှုများ အရ အပစ်ခတ်ရပ်သူများ မရပ်သူများ အားလုံးစုစုပေါင်းတွင် လက်နက်ကိုင် အင်အားသည် ရှစ်သောင်းမှ တသိန်းခန့်အထိ ရှိနေသည်။ အကယ်၍ ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအားလုံး ဘယ်လိုမှသည်းခံ၍ မရတော့သည့် အချိန်၌ မြန်မာပြည်တွင် လက်နက်ကိုင်တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပေါ်လာ နိုင်သည်။

အကယ်၍ ထိုသို့သာ အားလုံးပေါက်ကွဲလာခဲ့ပါက လက်နက်ကိုင်တိုက်ပွဲများသည် တိုင်းရင်းသားများ နေထိုင်ရာ တောင်ပေါ်ဒေသများတွင်သာမက မြန်မာနိုင်ငံအတွင်းရှိ အရေးပါသော မြို့ကြီးများတွင်လည်း ရိုက်ခတ်လာနိုင်သည်။ ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲသည့် ကာလများမှစတင်၍ တိုင်းရင်းသား လက်နကိုင် အဖွဲ့အစည်းများက မြို့ကြီးများ အတွင်းသို့ လက်နက်ငယ်များ၊ ပေါက်ကွဲစေတတ်သည့် လက်နက်များ တစတစ တင်သွင်းမထားဟု မည်သူမှ မပြောနိုင်။

ဤသို့ လက်နက်များ တင်သွင်းထားခဲ့သည် ဆိုပါက တချိန်က အင်္ဂလန်မြို့ကြီးများတွင် အိုင်ယာလန်မှ အိုင်အာ အေခေါ် အိုင်းရစ်တော်လှန်ရေးတပ်မတော်မှ အစိုးရအရာရှိကြီးများနှင့် အစိုးရအဆောက်အဦများကို ပစ်မှတ် ထား၍ တိုက်ခိုက် ဖောက်ခွဲခဲ့သလို ဖြစ်ရပ်မျိုး မြန်မာနိုင်ငံအတွင်းမှာ ပေါ်ပေါက်လာနိုင်သည်။ ထိုအချိန်က လန်ဒန်မြို့တွင် တည်ရှိသော ဝန်ကြီးချုပ် မာဂရက်သက်ချာ၏ ရုံးခန်းသည်ပင် အဝေးမှ မော်တာဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။ အင်္ဂလိပ်တို့၏ နာမည်ကျော် (အမ်အိုင် ၅) အမ်အိုင်ဖိုက်ဟုခေါ်သည့် ထောက်လှမ်းရေး ဌာနချုပ် အဆောက်အဦအား အိုင်အာအေ လျှို့ဝှက် မြို့ပြ အဖွဲ့ဝင်များက သိမ်းမြစ်ထဲအတွင်း စပိဘုတ်များ မောင်းနှင်ရင်း လောင်ချာများဖြင့် ရုပ်ရှင်ဆန်ဆန်တောင် တိုက်ခိုက်ခဲ့ ဖူးသည်။

လူတို့သည် သူတို့၏ လွတ်မြောက်မှု၊ ဂုဏ်သိက္ခာနှင့် ရပိုင်ခွင့်များအတွက် ငြိမ်းချမ်းသောလမ်းကို ရွေးချယ်၍ မရနိုင်သော အခါ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းကို မဖြစ်မနေ လုပ်ကိုင် လာရတော့သည်။ အကျိုးဆက်ကတော့ လူတွေသေကြေမည်။ သူတို့၏ အိုးအိမ် လယ်ယာမြေများကို စွန့်ပစ်၍ လူတွေအမြောက်အများ အိမ်နီးချင်း နိုင်ငံများ အတွင်းသို့ စစ်ဘေး၊ စစ်ပြေး ဒုက္ခသည်များအဖြစ် ဝင်ရောက် ခိုလှုံကြရမည်။

ထို့ကြောင့် မြန်မာပြည်၏ မဝေးတော့သော အနာဂတ်တွင် တောင်ပေါ်မှာရော မြေပြန့်မှာပါ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြင့် စစ်အစိုးရနှင့် သူတို့၏ အပေါင်းအပါများကို တုန့်ပြန်လာခဲ့သည် ရှိသော် ထိုလမ်းထိုနည်းကို ရွေးသူများမှာ တိုင်းရင်း သား ပြည်သူတို့ မဟုတ်ပါ။ စစ်အစိုးရကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းဖြစ်သည်ဟုသာ ပြောရတော့မည်။ ထိုသို့ဖြစ်ပွား ခဲ့သော လက်နက်ကိုင်တိုက်ပွဲများ၊ ဖြစ်လာအံ့သော လက်နက်ကိုင် တိုက်ပွဲ များသည် အခြားနည်းလမ်း မရှိတော့သော ကြောင့် ရွေးချယ်ရသော နောက်ဆုံးလမ်းသာဖြစ်သည်။ တိုင်းပြည်၏ ပြဿနာမျာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသူများအား ငြိမ်းချမ်းစွာ ဖြေရှင်းခွင့် မပေးဘဲ လက်နက်ကိုင်လမ်းစဉ်ကို တွန်းပို့ခြင်းသည် တွန်းပို့သူ၏ တာဝန်သာဖြစ်သည်ဟု ပြော လိုသည်။

လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခြင်းသည် အကြမ်းဖက်ခြင်း တမျိုးဖြစ်သောကြောင့် သွေးထွက်သံယိုမှုများ၊ သေကြေ ဒဏ်ရာ ရမှုများဖြင့် ပြည့်နှက်နေသည်။ မိကွဲဖကွဲ ဖြစ်ကြရသည်။ မည်သူ့အတွက် မည်သည့်ဖက်အတွက်မှ မကောင်းပါ။ သို့သော် ခေါင်းငုံ့ပြီး ခံနေရတာ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာသောအခါ နောက်ဆုံး ရွေးစရာ လမ်းသည် သွေးထွက်သံယို တိုက်ပွဲများသာ ဖြစ်တော့သည်မှာ မြန်မာ့ပြည်တွင်းစစ် သမိုင်းကလည်း ပြဆို ခဲ့ပြီး ပါပြီ။

ထို့ကြောင့် တချိန်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သတိပေးစကား ပြောကြားခဲ့ပါသည်။ ဒိုင်ယာလော့ ဆိုသည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဆိုသည့် လမ်းကို လိုက်မလား (သို့မဟုတ်) အားလုံး အလုံးစုံ ကြေပြုန်း ခြင်း လမ်းကို လိုက်ကြတော့မှာလား ဆိုသည့် စကားစုပင် ဖြစ်ပါသည်။

မိမိအနေနဲ့ကတော့ လူမသေသည့်လမ်း သွေးထွက်သံယိုကင်းသည့် လမ်းကိုသာ အကြိုက်ဆုံးဖြစ်သည်။ သို့သော် မြန်မာပြည်သည် ဘယ်လမ်းကြောင်းထဲကို ရွေးချယ်သွားနေသလဲ ဆိုတာကတော့ စောင့်ကြည့်မှပင် သိရတော့မည် ဖြစ်သည်။ သည်းခံ၍ ကာလကြာရှည် စောင့်ဆိုင်းသော်လည်း ငြိမ်းချမ်းသော လမ်းကိုမှ ရွေးချယ် ဖို့ အခွင့်အရေး မရှိတော့ဟု ဆိုပါက မြို့ရောတောပါ အားလုံးပြိုင်တူတွန်းဖို့သာ လိုတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၇၊ ဝ၃၊ ၂ဝ၁ဝ

1 comment:

မန်းကိုကို said...

ပို့စ်တွေကတော့ ကြိုက်ပါတယ်ဗျာ၊
ဒါပေမယ့် ပြိုင်တူတွန်းဖို့ နေနေသာသာ ကိုယ့်ကိုပြော
စကား နားထောင်ပေးမယ့်သူတွေတောင် မနည်းရှာယူ
ရတာဆိုတော့ ကိုယ့်ဘာသာပဲတွန်းတော့မယ်ဗျာ။
တစ်လက္မရွေ့ရွေ့၊ နှစ်လက္မရွေ့ရွေ့ပေါ့။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.