ရွက်မွန်စာမျက်နှာ

Saturday, June 19, 2010

မွေးနေ့

လူတိုင်းလူတိုင်း မွေးနေ့ရောက်လာပြီဆိုရင် အသက်တနှစ်တော့ ကြီးပြန်ပြီလို့ စိတ်ပျက်လက်ပျက် ညီးညူလေ့ မရှိကြ ပါဖူး။ မွေးနေ့ဆိုတာ မင်္ဂလာရှိတဲ့နေ့လို့ သတ်မှတ်ကြတာကိုး။ မွေးနေ့ရှင်ရဲ့ မွေးနေ့အတွက် ဘေးလူတွေ ကလည်း သူ့နည်းသူ့ဟန် သူ့ယဉ်ကျေးမှုလျှောက် ကောင်းချီးပေးကြပါတယ်။

တချို့ကတော့ မွေးနေ့ဆိုတာ လူတဦးရဲ့ ပုဂ္ဂိုလ်ရေးနေ့ အဖြစ် မြင်ပါတယ်။ မှန်ပါတယ်။ မွေးနေ့ဆိုတာ မွေးနေ့ ကျရောက် လာတဲ့ လူပုဂ္ဂိုလ်ရဲ့ တသီးပုဂ္ဂလ အရေးအရာဖြစ်ပါတယ်။ သူကြိုက်သလို မွေးနေ့ကို ဆင်နွဲနိုင် ပါတယ်။ ဘုန်းကြီးတွေ ပင့်ဖိတ်ပြီး ဆွမ်းကြွေးတဲ့သူရှိသလို သူငယ်ချင်းတွေကိုပဲ အိမ်မှာ မုန့်ဟင်းခါးကြွေး အုန်းနို့ခေါက်ဆွဲကြွေးတဲ့ သူများလည်း ရှိပါတယ်။ တချို့ကတော့ ညနေခင်းမှာ အပေါင်းအသင်းများနဲ့ စား သောက်ဆိုင်တခုခုမှာ စားသောက်ရင်း ဆင်နွဲကြ ပါတယ်။ ကနေ့ခေတ် မှာတော့ ပိုပြီးတတ်နိုင်တဲ့ သူတွေက အဆင့်မြင့် ဟော်တယ်ကြီးတွေမှာ ကျင်းပကြပါတယ်။ ကိုယ်ကြိုက်သလို ပုံစံနဲ့ ကိုယ့်မွေးနေ့ကိုယ် ဆင်နွဲကြတာမို့ မင်္ဂလာယူကြတာမို့ ဘာမှထူးပြီး အပြစ်တင်ဖို့ ဝေဖန်ဖို့လည်း ရှိတယ်လို့ မထင်ပါဖူး။

သို့သော် အပြစ်တင်ဖို့ပဲဆိုဆို ဝေဖန်ဖို့လိုတယ်လို့ပဲ ပြောရပြောရ မင်္ဂလာမရှိတဲ့ မွေးနေ့ရှင်များရဲ့ မွေးနေ့တွေ လည်း ရှိပါသေးတယ်။

ဟိုတလောက ရန်ကုန်ကဟိုတယ်ကြီး တခုမှာ ကျင်းပသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် (ခေါ်) မျောက်လောင်း (ခေါ်) ဖိုးလောက်လန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရှင်နဲ့ သူရဲ့ အပေါင်းအသင်းများ မွေးနေ့ပွဲကို ဟော်တယ်ကြီးတခုမှာ ဆင်နွဲကြတာ ဘာအပြစ်ရှိလို့တုန်း။ ခင်ဗျားတို့ တဆိတ်ရှိ ဝေဖန်ဖို့ အပြစ် တင်ဖို့ပဲ။ သူ့အဖိုး ဗိုလ်ချုပ်မှူးကြီးကို စစ်အာဏာရှင်မို့ မကြိုက်တာနဲ့ သူ့မြေးရဲ့ မွေးနေ့ကိုပါ မျက်စေ့ဒေါက် ထောက်ကြည့်ပြီး လိုက်ဝေဖန်တာ မတရားဖူးလို့ ပြောမဲ့ သူတွေရှိနိုင်ပါတယ်။ ယေဘုယျ ပြောရရရင်တော့ ဟုတ်ပါတယ်။

ရုပ်ရှင်မင်းသမီးတဦး သိန်းတရာလောက် အကုန်ခံပြီး မွေးနေ့ပွဲကျင်းပတာက သူအကုန်ခံနိုင်လို့ လုပ်တာပဲ ဘာမှပြောစရာ မရှိပါ။ ဝေဖန်ဖို့လည်း မရှိပါ။

သို့သော် ဖိုးလောက်လန်းရဲ့ မွေးနေ့ကိုတော့ ကျနော်က ဝေဖန်ရမှာပါပဲ။ ဘာဖြစ်လို့တုန်းဆိုတာ ဆက်ပြော ပါ့မယ်။ ဖိုးလောက်လန်းတို့ မိသားတစုလုံးဟာ အစိုးရဝန်ထမ်းတွေပါ။ သူ့အဖိုး ဗိုလ်ချုပ်မှူးကြီး ဆိုတာလည်း တကယ်တန်း ပြောရ ရင် ပြည်သူ့ဝန်ထမ်း လခစားတဦးပါ။ သူတို့က ပြည်သူ့ဝန်ထမ်း လခစားတွေဖြစ်ပေမဲ့ အလွန်ဈေးကြီးတဲ့ ဟော်တယ်ကြီးမှာ ငွေကုန်ကျေးကြခံပြီး မွေးနေ့ပွဲကျင်းပတယ်ဆိုတော့ ဘယ်က ပိုက်ဆံ တွေရနေလို့ လုပ်နိုင်တာလဲဆိုတာ မေးစရာ ဖြစ်လာ ပါတယ်။ သူတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် ချမ်းသာတဲ့ မျိုးရိုးတွေမို့လို့လား။

အားလုံးသိပြီးသားပါ။ နိုင်ငံသားတွေပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို ဖင်ခုထိုင်ပြီး ကိုယ်ကျိုး ရှာနေတဲ့ မိသားစုမို့ ဒီလိုငွေတွေကို သုံးနိုင်ဖြုံးနိုင်နေတာ ဖြစ်ပါတယ်။ တတိုင်းတပြည်လုံး ငတ်နေတဲ့ အချိန်မှာ၊ သာမန် မိသားစုတွေက ကလေးတွေ ကျောင်းမှန်မှန်တက်ပြီး ပညာမသင်နိုင်တဲ့ အခြေအနေ မျိုးအောက်မှာ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ထားတဲ့ အာဏာရှင်ကြီးရဲ့မြေး မွေးနေ့ကုန်ကျစရိတ်ဟာ ပြည်သူတွေက ပေးလိုက်ရတဲ့ ပြည်သူ့ ပိုက်ဆံတွေ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ တချိန်က ပြင်သစ်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ လူဝီ ၁၆ ဘုရင်နဲ့ မိဖုရား မေရီ အင်တွိုင်းနက် တိုလို့ လူစား တွေပါ။ ငတ်မွတ်မှုကို ရင်ဆိုင်နေရတဲ့ ပြင်သစ်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေတာကို မိဖုရား မေရီအင်တွိုင်းနက် တွေ့တော့ "ဒီလူတွေဘာဖြစ်လို့ ဆန္ဒပြနေကြသလဲ" လို့ သူရဲ့ အပါးတော်မြဲ တယောက်ကို မေးပါတယ်။ အပါးတော်မြဲက "စားစရာပေါင်မုန့်မရှိလို့ ဆန္ဒပြနေကြတာပါ" လို့ ဖြေပါတယ်။ အဲဒီတော့ မေရီအင်တွိုင်းနက်က "လူတွေကလည်း တော်တော်ခက်တာပဲ ပေါင်မုန့် မရှိရင် ကိတ်မုန့်စားကြပေါ့" လို့ ပြောပါတယ်။ လူဝီ ၁၆ ဘုရင်နဲ့ မိဖုရား မေရီအင်တွိုင်းနက် တို့ကတော့ ပြည်သူ့ဘဏ္ဍာငွေတွေ အပေါ်မှာ ဖင်ခုထိုင်းရင်း နန်းတော်အတွင်းမှာ ပါတီပွဲတွေ ကပွဲတွေကို ငွေကုန်ခံပြီး အပျော်ကြူးနေသူတွေလည်း ဖြစ် ပါတယ်။ နောက်ဆုံးတော့ ပြည်သူတွေ သူတို့ကို ဖြုတ်ချလိုက်ပြီး "ဂယ်လိုတင်း" လို့ ခေါ်တဲ့ ခေါင်းဖြတ်စက်နဲ့ ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ (စကားချပ်။ ဂယ်လိုတင်း ခေါင်းဖြတ်စက်ကို တည်ထွင်စေခဲ့သူက လူဝီ ၁၆ ဘုရင် ကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ကို အတိုက်ခံ လုပ်မဲ့သူတွေကို သတ်တဲ့နေရာမှာ သုံးဖို့ဖြစ်ပါတယ်)

မြန်မာပြည်က ဖိုးလောက်လန်းကတော့ သူရဲ့မွေးနေ့မှာ ဈေးကြီးပေးရတဲ့ ကိတ်မုန့်ကြီးကို ဓားနဲ့လှီးပြီး မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။ ပြည်သူတွေက စားရာဆန်တောင် အနိုင်နိုင်ဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေရဲ့ ငွေတွေနဲ့ ကျင်းပတဲ့ မွေးနေ့ဖြစ်တာမို့ ဖိုးလောက်လန်းရဲ့ မွေးနေ့ဟာ လူထုအတွက် ပြည်သူတွေ အတွက် နိုင်ငံသားတွေ အတွက် မင်္ဂလာ မဟုတ်ပါဖူး။ အမင်္ဂလာ သာဖြစ်တယ်လို့ ပြောပါရစေ။ သူ့အဖိုးမွေးနေ့ဆိုရင် သာပြီးတော့တောင် ကျက်သရေယုတ်ပါ လိမ့်မယ်။ အဲသလိုပါပဲ အာဏာရှင် ကြီးငယ်လတ် အားလုံးရဲ့ မွေးနေ့ပွဲတွေဟာ ကျနော်တို့ မြန်မာ နိုင်ငံသားတွေအဖို့ မင်္ဂလာမရှိတဲ့ ကျက်သရေတုံးတဲ့ နေ့တွေပါ။

တဖက်မှာလည်း မင်္ဂလာအလွန်ရှိတဲ့ မွေးနေ့တွေလည်း ရှိသေးလို့ အားတက်ရပါသေးတယ်။

ကျနော်တို့ တတိုင်းပြည်လုံးအတွက် မင်္ဂလာအရှိဆုံး မွေးနေ့ကတော့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒေါ်စု အသက် ၆၅ နှစ် ပြည့်ပါတော့မယ်။ သာမန်အားဖြင့် အကျဉ်းစံနေရတဲ့ အကျဉ်းသား တဦးရဲ့ မွေးနေ့ကို ဘယ်သူက အရေးလုပ်မှာလဲ။ အဖက်လုပ်မှာလဲ။ ဘယ်သူက တခုတ်တရလုပ်ပြီး ကောင်းသော မွေးနေ့ဖြစ်ပါစေ၊ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေလို့ အကျဉ်းသားတဦးအတွက် ဆုတောင်းပေးမှာလဲ။

သို့သော် သူဟာ အများအတွက် သူ့ဘဝကို အရင်းတည်ပြီး လူ့အဖွဲ့အစည်းရဲ့ လွတ်လတ်ခြင်းနဲ့ လွတ်မြောက်မှု အတွက် တိုက်ပွဲဝင်နေသူဖြစ်လို့ သူ့မွေးနေ့ဟာ ကျနော်တို့အားလုံးအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တနေ့ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတခုထဲမှာ မဟုတ်ဘဲ နိုင်ငံတကာမှာ ဒေါ်စုမွေးနေ့ ကို ဒေါ်စုချစ်သူများက ကျင်းပ ပါလိမ့်မယ်။ တချို့နေရာများမှာ ကြိုတင်ပြီးတောင် ကျင်းပတာမျိုးလည်း တွေ့ရပါသေးတယ်။ သူတို့ဟာ ဒေါ်စု ကျန်းမာစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးကြပါ လိမ့်မယ်။

တဆက်ထဲ ပြောလိုတာကတော့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် အနစ်နာခံ ဆောင်ရွက်နေတဲ့ ဒေါ်စု အပါအဝင် သူရဲကောင်းများ အားလုံးရဲ့ မွေးနေ့တွေဟာ ကျနော်တို့အတွက်တော့ အလွန်ပဲ တန်ဖိုးရှိတဲ့၊ မင်္ဂလာရှိတဲ့ မွေးနေ့များ ဖြစ်တယ်လို့ ပြောရင်း ဒီစာကို အဆုံးသတ်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)

Share/Bookmark



1 comment:

ZIN MINN said...

19 june is also birthday of ashin Gambira who is one of leader of Saffron Revolution and he is still in Prison for our burmese people.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.