ရွက်မွန်စာမျက်နှာ

Tuesday, July 6, 2010

သူခိုးမဖြစ်ပါစေနဲ့

ကျနော်တို့ ငယ်ငယ်တုန်းက ကျောင်းစနေရတဲ့ အရွယ်မတိုင်ခင်ကတည်းက မိဘတွေက သူများပစ္စည်း ခိုးယူတာ မကောင်းတဲ့အကြောင်း သွန်သင်ပါတယ်။ ကျောင်းစနေတဲ့ အရွယ်ရောက်တော့လည်း ကျောင်းမှာ ဆရာ ဆရာမတွေက သူတပါးပစ္စည်းကို ခိုးယူခြင်းဟာ မကောင်းတဲ့ လုပ်ရပ်ဖြစ်လို့ ရှောင်ကျင်ရမယ်လို့ ထပ်ပြီး သွန်သင်ပါတယ်။ အဲသလိုပါပဲ သက်ဆိုင်ရာ ဘာသာအလိုက် ကိုးကွယ်တဲ့ ဘာသာရေးများကလည်း သူတပါး ပစ္စည်း မခိုးယူဖို့ ထပ်ပြီးသင်ကြားပါတယ်။

ငယ်ငယ်တုန်းကတော့ သူများပစ္စည်းခိုးတဲ့ သူခိုးဆိုတာကို ဘယ်လိုမြင်သလဲ ဆိုတော့ မျက်နှာမှာ သူခိုး မျက်နှာ ဖုံးကြီး တပ်ပြီး ပုဆိုးကို ခါးတောင်းကြိုက် ခြေဖျားထောက်ပြီး သွားနေတဲ့ သူကိုသာ သူခိုးလို့ မြင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့မှ သူခိုးဆိုတာ မျိုးစုံရှိကြောင်း ပိုသိလာ ပါတယ်။ ကလေးဘဝမှာ ကျောင်းတက်ခဲ့ရတုန်းက မနက်ကျောင်းတက် ခေါင်းလောင်းထိုးတာနဲ့ အတန်းထဲမှာ အရင်ဆုံး ဘုရားရှိခိုး ရပါတယ်။ ဘာပြောကောင်းမလဲ ကလေးတွေဆိုတော့ သူ့ထက်ငါ အလုအယက် အော်ပြီး ရှိခိုးကြတာပေါ့။ အဲသလို ဘုရားရှိခိုးတိုင်း ငါးပါးသီလကလည်း အမြဲ ထည့်သွင်းအော်ရတဲ့ အထဲပါပါတယ်။ ကလေးတုန်းကတော့ များများ ဘယ်သိမလဲ။ အားလုံး အော်သလို လိုက်အော်ရတာ မို့လား။ သူ့ဥစ္စာမခိုးရ ဆိုတာကို မခိုးရဆိုတာ လောက်ပဲ နားလည်ပါ သေးတယ်။

နောက်အရွယ်ရောက်တော့မှ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကြောင့် ဘယ်လိုဟာမျိုးတွေကပါ ခိုးမှု မြောက်တယ် ဆိုတာကို ပိုပြီးနားလည် လာပါတယ်။ သူ့ဥစ္စာမခိုးရ ဆိုတာတဲ့ အနက်အဓိပ္ပါယ် ထဲမှာ သူတပါး မပေးအပ်သော ပစ္စည်းကိုမယူဆောင်ရ ဆိုတဲ့ သဘောပါ ပါကြောင်း ပိုသိလာ ပိုမြင်လာ ပါတယ်။ ဒါ့ကြောင့် သူ့ဥစ္စာမခိုးရ ဆိုတာကို အင်္ဂလိပ်လို I shall abstain from taking what is not given ဆိုပြီး ဘာသာပြန်လိုက်တော့ သြော်... ဒီလိုမျိုးလည်း ဆိုခြင်းက ပိုပြီး ကျယ်ပြန်တဲ့ သဘောဆောင်တာကိုးလို့ မြင်လာပါတယ်။ ဒါ့ကြောင့် တိတ်တဆိတ် ခိုးယူတာ မျိုးတင် မဟုတ်ဘဲ သူများမပေးတာကို ယူတာကလည်း ခိုးယူခြင်းဆိုတဲ့ အမှုမြောက်ပါတယ်။

လူကြီးမိဘတွေ ဆရာသမားတွေ ပြောတဲ့အထဲမှာလည်း သူများပစ္စည်းကို ခဏငှားယူရင်လည်း အချိန်တန်ရင် ပြန်လည် ပေးအပ်ရမယ်လို့ ဆုံးမပါတယ်။ ကျနော်မေ့သွားလို့ ပြန်မပေးရသေးဘူး ဆိုတာမျိုး မဖြစ်စေနဲ့ ဆိုပြီး သွန်သင်ကြပါတယ်။ ပစ္စည်းရှင်က အချိန်တန်လို့ သူငှားလိုက်တဲ့ ပစ္စည်း ပြန်မရသေးတဲ့ အခါမျိုးမှာ ဟိုလူ ကတော့ ငါ့ပစ္စည်းလေး ပြန်မှပေးပါ တော့မလားလို့ အတွေးဝင်မိတယ် ဆိုရင် ငှားတဲ့သူဟာ အဲသည့်အချိန်မှာ ခိုးမှုမြောက်သွားပြီလို့ ဆိုနိုင်ကြောင်း လူကြီး သူမတွေက သင်ကြားပါတယ်။

သူတပါး မပေးတာကို ယူခြင်းဟာ ခိုးမှုမြောက်တယ်လို့ ဆိုပြီးပါပြီ။ မပေးတဲ့အရာ ဆိုတဲ့နေရာမှာ ငွေကြေးပစ္စည်း ဥစ္စာတင် မကပါဖူး။ အခြားအရာများလည်း ပါပါသေးတယ်။ အများက သဘောတူ အပ်နှင်းထားခြင်း မရှိဘဲနဲ့ အများရဲ့ ခေါင်းဆောင် လိုလို ပြုမှုတာကလည်း ခိုးယူတာ တမျိုးပါပဲ။ အများက အပ်နှင်းထားတာ မဟုတ်ဘဲ အများရဲ့ ကိုယ်စားလှယ်လိုလို အယောင်ဆောင် တာကလည်း ခိုးယူခြင်း တမျိုးပါပဲ။

အခု ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ ဆယ်ကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ညီလာခံမှာ မြန်မာပြည်သူ တွေရဲ့ ကိုယ်စားလှယ် အစစ်အမှန် မဟုတ်တဲ့သူက မြန်မာပြည်တခုလုံးကို ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ တက်ရောက်ပြောကြား တာမျိုးဟာလည်း ခိုးယူခြင်းမြောက်ပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးက အဲသည့် ညီလာခံကို သွားတက်တဲ့ ဒေါက်တာ ခင်ဇော်ဝင်းဟာ မြန်မာပြည်တခုလုံးကိုသော်လည်းကောင်း မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးကိုသော် လည်းကောင်း၊ မြန်မာ့ဒီမိုကရေစီ အင်အားစုကိုသော်လည်းကောင်း ကိုယ်စားမပြုဖူးလို့ ပြောဆိုလိုက် တာဖြစ်ပါတယ်။ ဒေါက်တာခင်ဇော်ဝင်းက သူအလုပ်လုပ်နေတဲ့ အန်ဂျီအို အဖွဲ့ကို ကိုယ်စားပြုပြီး သွားတာ ဆိုရင်တော့ ကိစ္စအထူးမရှိပါ။ သို့သော် မြန်မာပြည်အတွက် ကိုယ်စားပြုပြီး ပြောတယ် ဆိုတယ် ဆိုရင်တော့ ဒါဟာမှားနေပါတယ်။ ခိုးယူခြင်းတမျိုးကို ကျူးလွန်တယ်လို့ ပြောရ တော့မှာပါ။ မြန်မာပြည်ကို အမှန်တကယ် ကိုယ်စားပြုပြောဆို တင်ပြနိုင်တဲ့ သူများကတော့ နိုင်ငံတကာကို ခရီးသွားဖို့ ပတ်စ်ပို့တောင် မရှိကြပါဖူး။ ပတ်စ်ပို့လျှောက်လည်း စစ်အစိုးရက ထုတ်ပေးမှာ မဟုတ်ပါဖူး။ ဒါကိုလူတိုင်းသိပါတယ်။

အဲသလိုပါပဲ နယ်စပ်အခြေစိုက် ဒီမိုကရေစီအုပ်စုတွေမှာလည်း နိုင်ငံခြားမှာ ညီလာခံတွေ အစည်းအဝေးတွေ သွားရင် အားလုံးရဲ့ ခေါင်းဆောင်ဖြစ်သလိုလို၊ ကိုယ်စားလှယ်လိုလို လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ ရှိလည်းရှိနေ တုန်းပါ။ ဒါတွေဟာ မလုပ်အပ်ပါဖူး။ အများက ကိုယ့်ကို သဘောတူ အပ်နှင်းမထားဘဲ ခေါင်းဆောင်လိုလို၊ ကိုယ်စားလှယ်လိုလို ပြုမူခြင်းဟာ ခိုးယူခြင်း ဖြစ်တာမို့ သူခိုးစာရင်းထဲမှာ ပါသွားပါတယ်လို့ ပြောလိုပါတယ်။ သူခိုးမဖြစ်အောင် နေထိုင်ပြောဆို ကျင့်ကြံပါလို့ ဆိုပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၅ ရက် ဇူလိုင်လ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

1 comment:

ဘုန်းကျော် said...

သိပ်မှန်တာပေါ့။ ဒီဘဲတွေကို... စောင့်ကြည့်လေ့လာနေပါတယ်။ တချိန်ချိန်မှာ သူတို့ ကိုယ့်တာဝန်ကိုယ်ယူရပါလိမ့်မယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.