ရွာဘုရားပွဲကား နီးကပ်လာချေပြီ။ သီတင်းကျွတ်လ ရောက်တိုင်း ရွာမှာ ဘုရားပွဲက ကျင်းပနေကြ။ ရွာသူ ရွာသားတို့ အုံးအုံးကျွက်ကျွက် ဖြစ်သောကာလဟု ဆိုလည်းမမှား။ ဘုရားပွဲ သုံးရက်နဲ့သုံးည အတွင်း မြို့ပေါ်က ဇာတ်ပွဲတခုကို ငှား၍လည်း ထည့်လေ့ရှိသည်။ နယ်တကာက ဆယ့်နှစ်ပွဲ ဈေးသည်များ လာရောက်တည်ခင်း ရောင်းချကြသည် ကလည်း ဝယ်စရာချမ်းစရာ အမျိုးစုံ။ ဘုရားပွဲ ရက်အတွင်း လာရောက်မည့် ဧည့်သည်များကို တည်ခင်းကျွေးမွေးဖို့ အိမ်တိုင်းလိုလို မုန့်မျိုးစုံကို လုပ်ကြသေးသည်။ ရွာသားတို့ အတွက် ပျော်ရွှင်စရာ အကောင်းဆုံး အချိန်ဟုလည်း ဆိုနိုင်သည်။
သည်နှစ် ဘုရားပွဲတော်အတွက် သူကြီး ဦးတိုင်းအုပ် အပါအဝင် ရွာသားများ အားလုံး အတော်လေး အားခဲထား ကြသည်။ ရွာဦးကျောင်း ဆရာတော် ဦးနန္ဒိယပင် ဘုရားပွဲနှင့် ပတ်သက်၍ ဟန်မဆောင်နိုင်ဘဲ ဘယ်ဇာတ်ငှား မှာတုန်း ဘယ်ဇာတ်ငှားမှာတုန်းဟု မေးရင်း ဖင်တကြွကြွ ဖြစ်နေသည်။ ဘုရားပွဲ အတွက် တရွာလုံး အားခဲ ထားသည့် အကြောင်း ကတော့ သူတို့ရွာတွင် ဘုရားပွဲ မလုပ်ဖြစ်ခဲ့တာ သုံးနှစ်တိတိ ရှိခဲ့သောကြောင့်ပင်။
သုံးနှစ်ဆက်တိုက် ဘုရားပွဲ မလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက နှစ်ခုဖြစ်သည်။ ပထမ တခုကတော့ လွန်ခဲ့သော သုံးနှစ်က စပါးဈေးများ ထိုးကျ၍ ရွာသားများ အားလုံးနီးပါး စီးပွားပျက်သည်က တကြောင်းဖြစ်သည်။ နောက်တကြောင်းကတော့၊ အဲသည့် နောက်တကြောင်းက ဘုရားပွဲ မလုပ်ဖြစ်ဖို့ ဖန်တီးသည့် အဓိက အချက်လို့ တောင် ပြောနိုင်သည်။ တခြားတော့ မဟုတ်ပါ အဲသည့်တနှစ် ထဲမှာပဲ သူတို့နယ် တကြောတွင် ဂဠုန်သူပုန် ထခဲ့သောကြောင့်လည်း ဖြစ်သည်။ ဂဠုန်သူပုန် ထတာက တနှစ်လောက်သာ ကြာခဲ့သည်။ သို့သော် ဂဠုန်သူပုန် အရှိန်ကြောင့် အင်္ဂလိပ်အစိုးရက သူတို့ရွာတွင် သာမက တခြား ရွာနီးချုပ်စပ်များကိုပါ ဘုရားပွဲကျင်းပဖို့ သုံးနှစ် ဆက်တိုက် ပွဲမိန့်ပိတ်ခဲ့၍ ဖြစ်သည်။
ဂဠုန်သူပုန်ဆို၍ ကြုံတုန်းပြောရဦးမည်။ ဂဠုန်သူပုန် ဆိုသူများသည်လည်း သူတို့လို လယ်သမား တွေသာ ဖြစ်သည်။ ဆင်းရဲလွန်းသည့် အတွက် မခံနိုင်သည့်အဆုံး အင်္ဂလိပ်အစိုးရကို ရရာလက်နက်ဖြင့် ပုန်ကန်ခဲ့သူများ ဖြစ်သည်။ ဂဠုန် သူပုန် တန်ခိုးထွားစဉ် ကာလအတွင်းက သူကြီး ဦးတိုင်းအုပ်သည် ဂဠုန်သူပုန်များ လိုအပ် သည်ကို ထောက်ပံ့ရင်း သူပုန်တို့၏ အမာခံကြီး ဖြစ်ခဲ့ ဖူးသည်။ သို့သော်လည်း အတင်းပြောတာတော့ မဟုတ်၊ ဂဠုန်တို့ အခြေအနေ မကောင်း၍ ဖရိုဖရဲ ဖြစ်သည့် အချိန်တွင် ဦးတိုင်းအုပ်သည် အင်္ဂလိပ် စစ်တပ်များအတွက် အရေးကြီးသော ဒေသခံ သတင်းပေးလည်း ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဦးတိုင်းအုပ် ယခုထက်တိုင် သူကြီး ရာထူးတွင် မြဲနေခြင်း ဖြစ်သည်။ ဖြစ်ပြီးသားတွေ ဖြစ်ခဲ့ပြီးပြီမို့ ဒါတွေကို ထားလိုက်ပါတော့။
ထုံးစံအတိုင်း ပွဲတော်ရက် ပထမနေ့အတွက် ရွာဦးကျောင်းသို့ ဆွမ်းကွမ်းနှင့် လှူဒါန်းဖွယ်ရာများကို စီတန်း လှည့်လည်၍ ပို့ဆောင်ရသည်။ ထိုအခမ်းအနားအတွက် ကွမ်းတောင်ကိုင်ရွေးဖို့နဲ့ ဘယ်ဇာတ်ကို ငှားကြမှာလဲ၊ ဘယ်သူက ဘယ်တာဝန်တွေ ယူကြမှာလဲ ဆိုတဲ့ ကိစ္စတွေအတွက် သူကြီးနှင့် ရွာလူကြီးတချို့ သူကြီးအိမ်တွင် အစည်းဝေး ထိုင်နေကြသည်။ ကွမ်းတောင်ကိုင် ဆိုတာ ရွာဓလေ့အတိုင်း ရုပ်ရေချောမောပြီး အိမ်ထောင်မရှိ သည့် အပျိုကိုသာ ရွေးချယ် လေ့ရှိသည်။ လွန်ခဲ့သော သုံးနှစ်က ကွမ်းတောင်ကိုင် အရွေးခံထားရသူ မိစန်းကား အတော်လှသူ ဖြစ်သည်။
သို့သော် မိစန်းက အသက်ကြီးသွား၍ သည်နှစ် ဘရားပွဲအတွက် ကွမ်းတောင် မဖြစ်ထိုက်ဟု သူကြီးက အဆို တင်လာသည်။ လူကြီးတချို့က သူကြီးဦးတိုင်းအုပ်၏ အဆိုကို ထောက်ခံတာလည်း မဟုတ် ကန့်ကွက်တာလည်း မဟုတ်ဘဲ အင်းမလှုပ် အဲမလှုပ် လုပ်နေကြသည်။ တဦးစနှစ်ဦးစက သူကြီး၏ အဆိုကို ထောက်ခံသည်။ တချို့ကတော့ ဘာပြန်ပြော ရင် ကောင်းမည်နည်းဟု မေးကိုပွတ်ကာ စဉ်းစားနေကြသည်။ တချို့ကတော့ ရေနွေးကြမ်းကိုသာ တခွက်ပြီးတခွက် တွင်တွင်ကြီး သောက်နေကြသလို တချို့ကတော့ ပြောင်းဖူးဖက်လိပ် များကို အဆက်မပြတ်ဖွာ၍ အိမ်ခေါင်မိုးကိုသာ မော့ကြည့်နေကြသည်။ ဘာမှဝင်မပြောကြ။ အင်္ဂလိပ် ခရိုင်ဝန်က မျက်နှာသာ ပေးထားသည့် အာဏာစက်ကြီးသော သူကြီးနှင့် အပြန်အလှန် ငြင်းခုန်ဖို့ ဆန္ဒမရှိ ကြသလို ကဏ္ဍကောစ ဖြစ်မှာကိုလည်း ရွာလူကြီးများအနေဖြင့် လိုလားဟန် မတူ။
ထိုအချိန်၌ ရွာထဲတွင် လူသူအလေးစား ခံရဆုံးသူ တဦးဖြစ်သည့် ဦးသာဗျော့က "သူကြီးမင်း ခင်ဗျာ။ ဒီလိုတော့ ရှိပါတယ်။ မိစန်းက တခြားမိန်းကလေးတွေနဲ့ စာရင် အသက်ကြီးသွားပြီ ဆိုပေမဲ့ တကယ်က ၁၉ နှစ်ပဲ ရှိပါ သေးတယ်။ ပြောရရင် ၁၉ နှစ်တောင် မပြည့်တတ်သေးပါဖူး။ နောက်တချက် ကလည်း ဘာဘဲပြောပြော သူက ရွာကအပျိုတွေထဲမှာ အခုအထိ အချောဆုံး အလှဆုံးဆိုတော့ ကွမ်းတောင်ကိုင်လုပ်ဖို့ အသင့်တော်ဆုံးလို့ ကျုပ်ကတော့ ထင်ပါတယ်" ဟု သူကြီး ဦးတိုင်းအုပ်အား တင်ပြ၏။ ဤတွင်မှ စောစောက တောလိုလို တောင်လိုလိုဖြင့် ငြိမ်ချက်သား ကောင်းနေသော ရွာလူကြီးများထံမှ တသောသော အသံများထွက်လာပြီး ဦးသာဗျော့ အဆိုအား ထောက်ခံကြသည်။ သို့သော် သူကြီးကား ဦးသာဗျော့၏ အဆိုကို သိပ်ပြီး သဘောတွေ့ပုံ မရ။ ထို့ကြောင့် "ကိုသာဗျော့ ပြောလာတာလည်း တနည်းတော့ သဘာဝကျပါတယ်။ သို့သော် တခြားသူများရဲ့ အမြင်ကလေးတွေ လည်း သိပါရစေ" ဆိုပြီး သူကြီးက အပျော့ဆွဲ ထိုးလိုက်သည်။
ထို့နောက် သူကြီးဦးတိုင်းအုပ်က သူ့ကိုထောက်ခံသူ တဦးစနှစ်ဦးစဖက်သို့ အဓိပ္ပါယ်ပါသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်လိုက်သည်။ သူကြီးကို အမြဲတန်း ဖော်လံဖားနေသူ တဦးဖြစ်သည့် ဦးဖိုးကိုင်းက နှာခေါင်းသံ ပါသော အသံငယ်လေးဖြင့် "မိစန်းက ချောသေးတယ် လှသေးတယ် ဆိုပေမဲ့ သူကြီးမင်း ပြောသလို ကျုပ်တို့ ရွာထုံးစံအတိုင်းဆို အသက်ကြီးနေပါတယ်။ သည်တော့ကာ မိစန်းထက် အသက်ငယ်တဲ့ မိန်းကလေး တဦးဦးကိုသာ ကွမ်းတောင်ကိုင် ရွေးဖို့ အကြံပြုလိုပါတယ်" ဟု သူကြီးဖက်မှ ပြောင်ပြောင်တင်းတင်း ဘက်လိုက်၍ ပြောလေသည်။
ဦးဖိုးကိုင်း အဆိုကြောင့် သူကြီးမင်း မျက်နှာကား ဝင်းကနဲ ဖြစ်သွားသည်။ နောက် ကျန်သည့် ရွာလူကြီးများ ဖက်သို့ လှည့်၍ ကိုင်းကျုပ်ပြောတယ်မို့လား ဟူသော မျက်နှာပေးဖြင့် မေးဆတ်၍ ပြလေသည်။ ဆက်တိုက် ဆိုသလို ဦးမှောက် ဆိုသည့် ရွာလူကြီး တဦးကလည်း "ဟုတ်တယ်ဗျ။ ကျုပ်ကတော့ ဦးဖိုးကိုင်း ပြောတာကို ထောက်ခံတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ကျုပ်တို့ရွာ ထုံးစံမှာက ကွမ်းတောင်ကိုင်ဆိုတာ အသက် ၁၆ နှစ်လောက်ပဲ ရှိသင့်တယ်မို့လား။ ၁၇ နှစ် ဆိုရင်တောင် ကြီးသွားပြီ" ဟု ဝင်၍ပြောလေသည်။ ဦးမှောက် သည်လည်း မထူး၊ သူကြီးတို့များ လေလည်ရင်တောင် သူများတွေလို ဘယ်တော့မှ မနံဖူးဟု ဦးဖိုးကိုင်းလို ဖားဖားရားရား လုပ်လေ့ရှိသူ တဦးလည်း ဖြစ်သည်။
ဖော်လံဖားနှစ်ဦး၏ အဆိုကြောင့် ပထမတုန်းက ဦးသာဗျော့ကို ထောက်ခံထားသော ရွာလူကြီးများ ငြိမ်ကျ သွားသည်။ ငြိမ်ကျသွားတာ တခြားကြောင့်တော့မဟုတ်၊ သူကြီးမင်း ဘာအကွက် ဆင်နေသလဲ ဆိုတာကို ထင်းကနဲ ရှင်းကနဲ ရိပ်စားမိသောကြောင့် ဖြစ်သည်။ သိတာပေါ့ တရွာတည်း သားချင်းတွေ ဟာကိုး။ ဘယ်သူ့ဆီကမှ နောက်ထပ် အသံထွက်မလာ သောကြောင့် နောက်ဆုံးတွင် ဦးသာဗျော့က "ဦးဖိုးကိုင်းနဲ့ ဦးမှောက်ကို ကျုပ်တခုပြောလိုပါတယ်။ တခြားတော့ မဟုတ်ပါဖူး။ ကွမ်းတောင်ကိုင် ဆိုတာ အသက် ၁၆ နှစ်ထက် မကျော်ရဖူးလို့ စာနဲ့ပေနဲ့ သတ်မှတ်ထားတာ မရှိပါဖူး။ ကျုပ်ပြောတာ မယုံရင် ရွာဦးကျောင်း ဆရာတော်ကို မေးကြည့်လို့ ရပါတယ်။ အိမ်ထောင်မရှိ အပျိုဖြစ်ရမယ်၊ ချောမယ်လှမယ် ဆိုရင် အသက် နှစ်ဆယ် အစိတ်လည်း ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရှိပါတယ်" ဟု လေသံအေးအေးဖြင့် တဆင့်တက်ကာ ရှင်းလေ၏။
သို့သော် အဖားအရှိန်ကို သတ်မရသော ဦးမှောက်က "ဆရာတော်ကို မေးဖို့ ဆိုတာကလည်း ကွမ်းတောင်ကိုင် ရွေးတာက သံဃာတော်တွေနဲ့ မအပ်စပ်တဲ့ ကိစ္စဆိုတော့၊ ကိုင်း ကိုင်း၊ သည်လိုဆိုရင် ကျုပ်ကြားချ ပြောမယ်ဗျာ။ ရွာအနောက်ပိုင်းက ကိုငြိမ်းနု သမီးလေး မိနောက် ဆိုရင် မကောင်းဘူးလား။ သူလည်း အချောသားပဲဟာ။ အသက်ကလဲ ၁၆ နှစ် ဝန်းကျင် လောက်ဆိုတော့ မဆိုးပါဖူး" ဟု အမောတကောဖြင့် သူ့အဆိုကို ထပ်တင်ပြန်သည်။ ရွာလူကြီးအားလုံးက "အင်း" ဟု လေသံရှည်ကြီးများ ဆွဲပြီး ဘာမှဆက် မပြောကြဘဲ ရေနွေးဖိသောက် သူကသောက်၊ ဆေးလိပ်တွင်တွင် ဖွာသူကဖွာနှင့် ဖြစ်နေကြပြန်သည်။ ဦးသာဗျော့ကတော့ ကြားနေနေသော ရွာလူကြီးများကိုရော၊ ကိုယ်လိုချင်ရာ ဇွတ်အတင်းဆွဲ နေသော သူကြီးတို့ တအုပ်လုံးကိုပါ စိတ်ပျက် လာသောကြောင့် ဘာမှထပ်၍ အကြံ မပေးတော့။
သူကြီးမင်းက "ဦးမှောက်ရဲ့၊ အဲသည့် မိန်းကလေးက ချောတယ်၊ အသက်လည်း ငယ်တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အရပ်က ပုလွန်းလှတယ်။ ကွမ်းတောင်ကိုင်ဆိုတာ အဲသလို ပုတက်တက် ဖြစ်နေ ရင်လည်း လူရယ်စရာ ဖြစ်လိမ့်မယ်" ဟုဆိုပြီး ဦးမှောက်၏ အဆိုကို ယဉ်ယဉ်လေးဖြင့် ပယ်ချလိုက်သည်။ သည့်နောက် ရွာလူကြီးများထံမှ နောက်ထပ် ဘာအဆိုမှ တင်သွင်းလာခြင်း မရှိတော့သဖြင့် သူကြီး၊ ဦးဖိုင်းကိုင်းနှင့် ဦးမှောက်တို့ အသံများကသာ အစည်းအဝေး တခုလုံးကို ဖုံးလွှမ်း နေတော့သည်။
အတော်ကြာတွင် ဦးဖိုးကိုင်းက ဤသို့ အဆိုတင်ပြန်သည်။ "ကိုင်း ဒါဖြင့်ရင် ရွာအလယ်ပိုင်းက မိချုပ်ကလေး ဆိုရင်ကော မသင့်တော်ဖူးလား" ဟု ပြောလိုက်သည်နှင့် ဦးမှောက်က "ဟုတ်တယ်၊ ဟုတ်တယ်၊ အဲသည့် ကလေးမက အသက်လည်း ငယ်၊ အရပ်လည်းရှည်တယ်။ ရုပ်ကလေးကလည်း တယ်မဆိုးလှပါဖူး"ဟူ၍ တန်းကနဲ ထောက်ခံလိုက်သည်။
သူကြီမင်း ဦးတိုင်းအုပ်က စက္ကန့် အနည်းငယ်မျှ စဉ်းစားဟန် ပြုနေပြီး "အဟမ်း အဟမ်း" ဟုချောင်းဆိုးလိုက်ရင်း သူ့သဘောထားကို ရွာလူကြီးများအား ပြောလေသည်။ "အင်းပေါ့လေ။ ကျုပ်အနေနဲ့လည်း သည်ကလေးမလေး ဆိုရင်တော့ သင့်တော်တယ်လို့ ထင်တာပဲ။ ကိုင်း အချိန်ကလည်းလင့် ကျန်တဲ့သူတွေကလည်း ဘယ်လိုမှ သဘောမထားဖူး ဆိုရင်တော့ မိချုပ်ကိုပဲ ကွမ်းတောင်ကိုင် အဖြစ် ရွေးလိုက်ပါပြီ" လို့ဆိုရင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်တော့၏။
တကယ်ကတော့ ရွာလူကြီးတွေ အနေနဲ့ သူကြီးအာဏာစက်ကို ကြောက်၍ ပါးစပ်ပိတ် ငြိမ်နေ သည်ကို သူကြီးက သူ့ကိုထောက်ခံသည်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ မိချုပ်သည် အရပ်မပု သော်လည်း ကိုယ်လုံးကိုယ် ပေါက်က မလှ၊ ပြားချပ်ချပ်ကြီးဖြစ်သည်။ ထို့အပြင် အသားအတန်မဲ၍ ရုပ်ရေကလည်း ရွက်ကြမ်းရေကြိုသာ ဖြစ်ရသည့်အထဲ မျက်နှာပေါ်တွင်လည်း ဝက်ခြံများနှင့်။ သို့သော် မေးစရာ ရှိတာက ဒါဖြင့်ရင် ဘာကြောင့် မိချုပ် ကွမ်းတောင်ကိုင် အရွေးခံရတာလဲ ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ တခြားကြောင့်တော့ မဟုတ် မိချုပ်က သူကြီးတူမ ဖြစ်သောကြောင့်ပင်။ အမှန်ကတော့ သည်အစည်းအဝေး မစခင် ကတည်းက သူကြီးမင်းနှင့် သူ့လူနှစ်ယောက် ဇာတ်တိုက်၍ လက်ဝါးရိုက်ထား သော အစီအမံသာ ဖြစ်သည်။ အစည်းအဝေး စစခြင်း ကွမ်းတောင်ကိုင်အဖြစ် မိချုပ်ကို ရွေးမည်ဟု အဆိုတင်ပါက မကောင်းတတ်သောကြောင့် တခြား မိန်းကလေး အမည်များကို လေကုန်ခံ အချိန်ကုန်ခံ၍ အဆိုတင်သွင်း နေကြခြင်းသာ ဖြစ်သည်။
ပွဲနေ့မတိုင်မှီ တရက်အလိုတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ ဦးစီး၍ သူကြီးအိမ်မှ အခိုင်းအစေ လက်သားများဖြင့် ရွာထဲ လှည့်၍ ဘုရားပွဲရက်အတွင်း လိုက်နာရမည့် စည်းကမ်းများကို မောင်းတဒူဒူထု၍ ကြေညာကြသည်။ ထို့အပြင် တခြား ရွာက လူတွေလည်း ဘုရားပွဲ လာမှာဆိုတော့ စည်းကမ်းချက်များကို စာရွက်များပေါ်တွင် ရေးသား၍ ရွာထဲတွင် နေရာအနှံ့ ကပ်ထားပြန်သည်။ ဤသို့မလုပ်၍ မဖြစ်။ အဘယ်ကြောင့်ဆိုသော် မပြောကောင်း မဆိုကောင်း ဘုရားပွဲကို အကြောင်း ပြု၍ ငုတ်နေသော လက်ကျန် ဂဠုန်တပ်သား တချို့တလေ ပေါ်လာပြီး ရုတ်ရုတ်သဲသဲ လုပ်မှဖြင့် အင်္ဂလိပ် ခရိုင်ဝန် သူ့ကို ညိုညင်မှာ သူကြီး ဦးတိုင်းအုပ် စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွှေပွဲလာများ အနေဖြင့် ဘုရားပွဲသုံးရက် အတွင်း ပွဲကြည့်တာ ဈေးဝယ်တာကလွဲ၍ တခြားဟာတွေ မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ရှိသမျှစည်းကမ်းတွေကို သူကြီး ဦးတိုင်းအုပ်က ကြိုထုတ် နေခြင်း ဖြစ်သည်။
သို့သော် ထိုမျှနှင့် အားမရသေး၍ ဇာတ်ကမည့် ပထမညတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ တယောက်တလဲစီ လော်စပီကာ မှတဆင့် လိုက်နာရမည့် စည်းကမ်းများကို မမောနိုင်မပန်းနိုင် ဆယ့်ငါးမိနစ်တခါ နာရီဝက်တခါ ဆိုသလို ကြေညာ နေသေး သည်။ မိုက်ခွက်ကိုင်၍ လူတွေကို ဤသို့ ပြောရသည်ကိုလည်း သူတို့ အနေဖြင့် အတော်လေး ကျေနပ်နေကြသည်။
ကြေညာနေသည့် စည်းကမ်းချက်များ ကတော့ "တောက်၊ တောက်၊ တောက် (မိုက်ခွက် ကောင်း မကောင်း လက်ချောင်းဖြင့် ခေါက်၍ စမ်းသည့်အသံ) ဟဲလို၊ ဟဲလို၊ ဘုရားပွဲလာ ပရိဿတ် အပေါင်းတို့ ခင်ဗျား။ ဘုရားပွဲလာ ပရိဿတ် အပေါင်းတို့ခင်ဗျား။ ခရိုင်ဝန် ညွှန်ကြားချက် အရ သူကြီးမင်း ဦးတိုင်းအုပ် ထုတ်ထားတဲ့ ဘုရားပွဲ စည်းကမ်းတွေကို ဖတ်ပြမှာ ဖြစ်ပါတယ်။ သေသေချာချာ နားထောင်ကြပါ။ ပွဲခင်းအတွင်း ဓားမြှောင်၊ ဓားရှည်၊ ဒုတ်တို၊ ဒုတ်ရှည်နှင့် မည်သည့်လက်နက်မှ ကိုင်ဆောင်ခြင်း မပြုရ။ ပုဆိန်များ၊ ရဲတင်းများ ပွဲခင်းအတွင်း ယူဆောင်မလာရ။ ကြံဆိုင်မှ ကြံချောင်းများကို ဝယ်ပြီးလျှင်ပြီးခြင်း စားသုံးရမည်။ ကြံချောင်းများ ကိုင်၍ ပွဲခင်းအတွင်း သွားလာခြင်း မပြုရ။ ကောက်ညှင်း ကျည်တောက်များကို (ခဲလံချောင်းများ) ဆိုင်မှာပဲ ထိုင်စားပါ။ ၎င်းတို့ကို ကိုင်ဆောင်၍ ပွဲခင်းထဲ သွားလာခြင်း မပြုရ။ ဥသျှစ်သီး၊ သီးသီး၊ အုန်းသီးများကို လွယ်အိတ်ထဲမှာ ထည့်မသယ်ရ။ အုတ်ခဲများ၊ ကျောက်ခဲများ ဖင်ခုထိုင်၍ ပွဲမကြည့်ရ။ ဖျာခင်း၍သာ ပွဲကြည့်ရမည်။ ပွဲခင်းအတွင်း မူးယစ်သောက်စား ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားဖြင်း၊ အမျိုးသမီးများအား သားပြောမယားပြော ပြော၍ နောက်ပြောင်ခြင်း မပြုရ။ မူးယစ်စေသည့် အရာဆို၍ ထညက် (ထန်းလျှက်) တောင် ရေဖျှော် မသောက်ရ။ ပွဲခင်းအတွင်း သကြားထုတ်များ ယူလာပြီး မလျှက်ရ။ ကာလသားများ အထူးမှတ်ရန်။ အကြော်ဆိုင်မှာထိုင်ရင် ကောင်းကောင်း ထိုင်ကြပါ။ ရေနွေးကြမ်းအိုးထဲ အရက် ခိုးထည့်ပြီး မသောက်ရ။ လူကြီးများ အထူးမှတ်ရန်၊ မိမိအိမ်တွင် အရက်သောက် ထားပါက မိမိအိမ်မှာပဲ နေရန်။ ပွဲခင်းထဲသို့ မလာရ။ အမျိုးသမီးများ အထူးမှတ်ရန်၊ ပွဲခင်းထဲတွင် ဖျာလု၍ ရုန့်ရင်းကြမ်းတမ်းစွာ ဖေတော့မောင်တော့ အော်ဟစ်ဆဲဆို ရန်မဖြစ်ရ။ စည်းကမ်း မလိုက်နာဘဲ ဖောက်ဖျက်ပါက မည်သူမဆို ဘုရားပွဲ ပြီးသည့်အထိ ထိပ်တုံးခပ်ခံရမည်" ဟူသတည်း။
သူကြီးမင်း ကိုယ်တိုင်လည်း ရွာထဲက ငမူးငရူး ကာလသား တချို့ကို "ဟေ့ကောင်တွေ၊ ငဖြိုးတို့ ငတိုးတို့၊ ကြွက်နီတို့၊ ဒီကိုလာစမ်း။ သေသေချာချာ နားထောင်။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်ကို တခြားရွာက ကောင်တွေ ရိသဲ့သဲ့ လာလုပ်ရင် တွယ်သာ တွယ်ထည့်လိုက်။ နောက်မှ ငါကြည့်ရှင်းမယ်။ ဟုတ်ပလား" ဆိုပြီး ကြိတ်၍ မြှောက်ပေး ထားသေးသည်။
ထို့အပြင် သူကြီးမင်းက ဇာတ်ခုံတဲ့တဲ့နှင့် မျက်နှာချင်းဆိုင် ပေသုံးဆယ်လောက် အကွာတွင် အထူးပွဲကြည့်စင် တခုကို ဆောက်ထား၍ သူ့တူမ ကွမ်းတောင်ကိုင် မိချုပ်အပါအဝင် ဆွေမျိုးများ၊ သူ့လက်သားများနှင့် ထိုစင်ပေါ်မှ ဇာတ်ပွဲကို ကြည့်၏။ တချိန်ထဲမှာလည်း ဇာတ်ပွဲကြည့်ရင်း ရေနွေးကြမ်း အိုးထဲတွင် အရက်ထည့် သောက် သေးသည်။ သူကိုယ်တိုင် စည်းကမ်းဖေါက်သည်ကို မည်သူမှ မပြောရဲ။ သူကြီးမင်းပေကိုး။ တခါ အထူးပွဲ ကြည့်စင်က အလယ်မှာ ရောက်နေ၍ ပွဲကြည့်ပရိသတ် အများစုက စင်းဘေးဘယ်ညာတွင် ဖြန့်၍ ထိုင်ကြရသည်။ သူကြီး အပြောကတော့ အထူးပွဲ ကြည့်စင်ကို ဆောက်ရခြင်းက ပွဲခင်း လုံခြုံရေးအတွက် ဖြစ်သည်ဟု ဆို၏။
ရွာဘုရားပွဲပြီး၍ ဇမ်းလမ်းကို ချုပ်သော် ဘယ်တရွာသားကမှ သူကြီးတူမ ကွမ်းတောင်ကိုင်ကို ရိသဲ့သဲ့ မလုပ်ကြပါ။ သူကြီးမင်း၏ ကာလသား လူမိုက်များကို ကြောက်၍မဟုတ်။ ကွမ်းတောင်ကိုင်က ပုံမလာ ပန်းမလာနှင့် အကျည်းတန် လွန်း၍ ဖြစ်သည်။ ဦးသာဗျော့ကတော့ ဇာတ်ပွဲနှင့် ဈေးတန်းကို သပိတ်မှောက်သည့် အနေဖြင့် သုံးရက်လုံးလုံး ဦးနန္ဒိယ၏ ရွာဦးကျောင်း၌ သွား၍နေလေသည်။ အစည်းဝေးတုန်းက ဦးသာဗျော့၏ အဆိုကို ထောက်ခံခဲ့သည့် ရွာလူကြီးများထဲမှ သုံးယောက်လောက် ထိပ်တုံးခပ်ခံရသည်။ တဦး၏အိမ်တွင် အရက်သောက်အပြီး နောက်တဦးအိမ်သို့ ပြောင်းသောက်ရန် အကူး လမ်းပေါ်တွင် မူးနေသော သူကြီး၏ ရွာလုံခြုံရေး ကင်းသမားများက တွေ့သွားပြီး ထိုလူကြီးများကို ဖမ်းလိုက်ခြင်း ဖြစ်သည်။ အိမ်တွင်အရက် သောက်ထားပါက ပွဲခင်းထဲသို့ မလာရဆိုသည့် စည်းကမ်းကို ဖေါက်ဖျက်၍ ပွဲခင်းဖက်သို့ သွားရန် ကြံရွယ် သည်ဟု စွပ်စွဲကာ ဖမ်းလိုက်သောကြောင့် ဖြစ်တော့သည်။
ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ကတော့ လော်စပီကာမှတဆင့် စည်းကမ်းတွေကို သုံးညလုံးလုံး အော်ခဲ့ ရသဖြင့် အသံတွေဝင်၊ အအေးတွေပတ်ကာ ဖျား၍ အိပ်ယာထဲတွင် ဘုံးဘုံးလဲနေကြသည်။ သူကြီးမင်း ဦးတိုင်းအုပ်လည်း ဘုရားပွဲမလုပ်ခဲ့ရသည့် သုံးနှစ်စာ အတိုးချ၍ သောက်သောကြောင့် အရက်နာ ကျပြီး တအင်းအင်းသာ အသံထွက်နိုင်၍ အိပ်ယာထဲမှ မထနိုင်။ ဘာခံနိုင်မလဲ သံမဏိနှင့် ထုထားတာမှ မဟုတ်ဘဲ။ ပြီးတော့ အသက်ကလည်း ရပြီဟာကိုး။
ရွာထဲမှ အမျိုးသမီး ပရိဿတ်များကတော့ ဘုရားပွဲ သုံးရက်အတွင်း ကွမ်းတောင်ကိုင် ဖြစ်သင့်ရဲ့သားနဲ့ မဖြစ်လိုက်ရရှာ သည့် မိစန်းကို ဂရုဏာသက်ကာ မိစန်းအိမ်တွင် စုဝေးနေကြသည်။ မိစန်းကား ပိတုန်းရောင် ဆံထုံးထက်တွင် စပယ်ပန်းတို့ဖြင့် ဘုရားပွဲပြီးမှ ပို၍ပင် လှပနေသေး တော့သည်။
ဇော်မင်း
၂၁ ရက်၊ သြဂုတ်လ၊ ၂ဝ၁ဝ ခုနှစ်
Saturday, August 21, 2010
ဒို့ရွာဘုရားပွဲနဲ့ ကွမ်းတောင်ကိုင်
Subscribe to:
Post Comments (Atom)
1 comment:
How much he understand business?
How much he had done real?All the book read and write something is Correct or not.U Nay Win era , U Ba Nyain, Dr.Khin Maung Nyo, Maung Sue San , alot write article.But we still poor. Why?Your knowledge is enough? thin and answer me.Just for political gain win usage is nothing special any more.Ok.
Post a Comment