တလောက ဘန်ကောက်ပို့စ် သတင်းစာထဲမှာ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ ဘာတုန်း ဆိုတော့ အမေရိကန် နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတွေမှာ အထက်တန်း အောင်လို့ တက္ကသိုလ်ဝင်တန်း စပြီးတက်ကြတဲ့ ဆယ်ကျော်သက် ကျောင်းသား ကျောင်းသူတွေရဲ့ သမိုင်းနဲ့ဆိုင်တဲ့ ဗဟုသုတ အကြောင်းဖြစ်ပါတယ်။ အထူး သဖြင့် သူတို့ဟာ သူတို့ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးတုန်းက သမိုင်းဝင် သူရဲကောင်းတွေ၊ တောက်ပြောင်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ သိပ္ပံ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ အခြားသော နယ်ပယ် အသီးသီးမှာ ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးခဲ့တဲ့ လူပုဂ္ဂိုလ် တွေကို မသိကြတော့ဖူးတဲ့။ တက္ကသိုလ် ကျောင်းသား ပေါက်စတွေ အဲသလို ဗဟုသုတ ရှားပါးနေတဲ့ အကြောင်းကို သုတေသန ပြုလုပ်တဲ့ အဖွဲ့တခုရဲ့ အစီရင်ခံစာအရ သိရတာ ဖြစ်ပါတယ်။
အင်္ဂလန်က တက္ကသိုလ် ကျောင်းသားပေါက်စတွေကို သုတေသန ပြုလုပ်သူတွေက စစ်တမ်း ကောက်ရင်း မေးပါတယ်။ ချာချီကို သိသလားလို့ မေးတော့ နောက်အသစ်ပေါ်တဲ့ ကွန်ပြူတာ ဂိမ်းလားဆိုပြီး ကျောင်းသား တွေက ပြန်မေးပါတယ်။ စစ်တမ်းကောက်သူတွေ ပက်လက်လန် ကုန်တာပေါ့။
ဝင်စတန် ချာချီကိုတောင် ဗြိတိသျှကျောင်းသားတွေ မသိကြတော့ပါဖူး။ ချာချီဆိုတာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်းက နာဇီတွေရဲ့ ဗုံးဒဏ်အောက်မှာ အလံမလှဲစတန်း သူ့နိုင်ငံသား တွေကို ဦးဆောင်ခဲ့တဲ့ တိုင်းပြည်ခေါင်းဆောင် ဆိုတာ မသိကြတော့ပါဖူး။ ဒါဟာ ဘာမှ သိပ်ကြာ သေးတာမဟုတ်ပါဖူး။ စစ်ကြီးပြီးတာ ၁၉၄၅ ခုနှစ်ဆိုတော့ ပြောရရင် (၆၅) နှစ်ပဲ ရှိပါသေးတယ်။ ချာချီကိုတောင် မသိတော့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂ဝဝ) လောက်က အင်္ဂလန်ကို တိုက်ဖို့လာတဲ့ ပြင်သစ်ရေတပ်ကြီးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တဲ့ လက်တဖက် ပြတ်နေတဲ့ ရေကြောင်း ဗိုလ်ချုပ်ကြီး နယ်လ်ဆင် ဆိုရင် ပိုတောင် ဝေးပါလိမ့် ဦးမယ်။ ဒါတောင် ချာချီရုပ်ထု ဆိုတာ ဗြိတိသျှပါလီမန်ကြီးရဲ့ ရှေ့တဲ့တဲ့မှာ စိုက်ထူထားတာပါ။ နယ်လ်ဆင်ရဲ့ ရုပ်ထုဆိုရင်လည်း လန်ဒန်မြို့ လယ်ခေါင်က အမျိုးသား ပန်းချီပြတိုက်ရဲ့ ရှေ့တဲ့တဲ့ ကျောက်တိုင်အမြင့်ပေါ်မှာ မားမားကြီး တည်ရှိနေပါတယ်။
အမေရိကန် ကျောင်းသားတွေ ထဲမှာတော့ သမတလင်ကွန်းကို ကျောင်းသားတချို့က မသိကြပါဖူးလို့ ဆိုပါတယ်။ သိတဲ့ကျောင်းသား ကြတော့လဲ လင်ကွန်းဆိုတာ သမိုင်းဝင်ပုဂ္ဂိုလ် ဆိုတာလောက်ပဲ အကြမ်းဖျဉ်း သိပါတယ်။ လင်ကွန်းဟာ အမေရိကန်နိုင်ငံရဲ့ သမတကြီး ဖြစ်တယ်ဆိုတာကို မသိကြ ပါဖူး။ ဒါ့အပြင် သုတေသန လုပ်သူ တွေက မေးပြန်ပါတယ်။ ဘာကြောင့် အမေရိကန် ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ ရတာလဲလို့ မေးတော့ ကျောင်းသား အများစုက အမေရိကန်နိုင်ငံရဲ့ မြေကြီးပေါ်မှာ ဘယ်တုန်းကမှ ပြည်တွင်းစစ် မဖြစ်ခဲ့ပါဖူးလို့ ပြန်ဖြေကြတယ်။ အမေရိကန်စစ်သားတွေ သွားတိုက် နေတာက အခု အီရတ်နဲ့ အာဖဂန် မှာပါလို့တောင် မေးတဲ့သူတွေကို ပြန်ပက်လိုက်သေးတယ်။
၁၈၆၁ ကနေ ၁၈၆၅ အထိ ဖြစ်ခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်ကို အမေရိကန် တက္ကသိုလ် ကျောင်းသားငယ်တွေ အတော်များများက မသိကြတော့ဖူး။ အဲသည့် စစ်ကြီးအတွင်းမှာ လင်ကွန်းဟာ သမတတဦး ဖြစ်သလို ကျေးကျွန် စနစ် ပယ်ဖျက်ရေးကို သူကအတည်ပြုတာကြောင့် (အခြားအကြောင်းအရင်းများလည်းပါ) ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာကို သူတို့ မသိတော့ပါ။ ဒီပြည်တွင်းစစ် အတွင်း မြောက်ပိုင်းနဲ့ တောင်ပိုင်း နှစ်ဖက်စလုံး တဖက်နဲ့တဖက် တိုက်လိုက်ကြတာ စစ်သားပေါင်း (၆) သိန်းအထိ သေကြေ ခဲ့တာတွေဆိုရင် သိဖို့ ပိုတောင် ဝေးပါဦးမယ်။
အမေရိကန်နဲ့ အင်္ဂလန်က ကျောင်းသာငယ်တွေဟာ အခြားအခြားသော သူတို့နိုင်ငံရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို မသိတာတင် မဟုတ်ဘဲ တခြားနိုင်ငံက ကမBာကျော် ပုဂ္ဂိုလ်တွေကိုလည်း သိပ်မသိကြ ပါဖူး။ ဥပမာ ပြောရရင် မိုက်ကယ်အိန်ဂျယ်လို ဆိုတာ ဘယ်သူမှန်း သူတို့ မသိပါဖူး။ လီယိုနာဒို ဆိုတာ ရုပ်ရှင်မင်းသားလို့ ထင်နေတဲ့သူ တွေလည်း ပါပါတယ်။ နပိုလီယံ ဆိုတာလည်း ဘယ်သူ ဘယ်ဝါမှန်း မသိကြပါဖူး။ အဲတာအပြင် ဂျူးလူမျိုး ခြောက်သန်းကို သတ်ဖြတ်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကို ဖန်တီးခဲ့တဲ့ ဂျာမဏီက နာဇီဖက်ဆစ် ခေါင်းဆောင် ဟစ်တလာ ကိုတောင် မသိတဲ့ ကျောင်းသား တချို့ ရှိနေသေးတယ်လို့ စစ်တမ်းကောက်သူများက ဆိုပါတယ်။ ဒီကြားထဲ ဂန္ဒီကို ဟစ်ပ်ဟော့ အဆိုတော်လို့ ပြောတဲ့ ကျောင်းသားများလည်း ပါပါသေးတယ်။ ဆီဇာကို ရောမအင်ပိုင်ယာရဲ့ ဧကရာဇ် ဆိုတာ မသိသလို စပါတာကပ် ဆိုတာလည်း ကျေးကျွန်ဘဝကနေ ရောမ အင်ပိုင်ယာရဲ့ အရှင်သခင် တွေကိုခံချခဲ့တဲ့ ကမBာ့အစောဆုံး တော်လှန်ရေးသမား မှန်းတောင် မသိကြ ပါဖူးတဲ့။
ဒီနေရာမှာ အမေရိကန်နဲ့ အင်္ဂလန်က တက္ကသိုလ်ဝင်စ ကျောင်းသားငယ်တွေ ဒါတွေကို ဘာကြောင့် မသိရ လဲ ဆိုတော့ အောက်တန်းတွေတုန်းက သူတို့နိုင်ငံသမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေကို ဆရာတွေက ကြပ်ကြပ်မတ်မတ် မသင်ကြားခဲ့လို့ ဖြစ်ရတာလို့ ယူဆပါတယ်။ သင်ရိုးတွေထဲမှာတော့ အနည်းနဲ့ အများဆိုသလို နိုင်ငံကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်များအကြောင်း ပါတယ်ဆိုပေမဲ့ လူငယ်အများစုဟာ ခေတ်မီနည်းနာတွေနဲ့ တက်ကနော် လော်ဂျီကိုသာ အာရုံစိုက်တာက တကြောင်း ဆရာတွေ ဆရာမ တွေကလည်း ဒါတွေကို ကျောင်းသားတွေ ခေါင်းထဲဝင်အောင် မသင်နိုင်တာကလည်း တကြောင်းလို့ ဆိုပါတယ်။ ဒီနှစ်နှစ်နိုင်ငံဟာ ဘာပဲပြောပြော ဖွံ့ဖြိုးတိုးတက် ချမ်းသာပြီး ငြိမ်းချမ်းတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ တဖက်မှာလည်း ကျောင်းပြီးရင် အလုပ် ကောင်းကောင်းရဖို့ သမိုင်းကြောင်းတွေ သမိုင်းဝင် လူပုဂ္ဂိုလ်တွေကို သိပ်သိစရာ မလိုဖူး ဆိုတဲ့ အခြေအနေ ကလည်း ဖန်တီးပေးနေတာကိုး။ အလုပ်ကောင်းကောင်း ရဖို့ ဆိုတာက သူတို့နိုင်ငံမှာ ခေတ်စားနေတဲ့ ဦးစားပေးနေတဲ့ ကွန်ပြူတာ နည်းပညာ အပါအဝင် အခြားသော တက်ကနော်လော်ဂျီ အမျိုးမျိုးကို ကျွမ်းကျင်မှ ဆိုတော့ ကျောင်းသားတွေ အနေနဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကို မသိလည်း ပြဿနာ မဟုတ်ဖူး ဆိုသလို ဖြစ်နေတာပါ။ သို့သော် သူတို့အားလုံးသိတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တဦး ရှိပါတယ်။ သူကတော့ ဘီလ်ဂိတ် ပါ။ ဒီအကြောင်းကတော့ ချမ်းသာတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံနှစ်ခုက ကျောင်းသား ငယ်တွေ အကြောင်းပါ။
ကျနော်တို့ မြန်မာနိုင်ငံမှာကော ကနေ့ခေတ် ဆယ်ကျော်သက်တွေနဲ့ အသက်နှစ်ဆယ်ကျော် လူငယ် တွေရဲ့ အခြေအနေက ဘယ်လိုများ ရှိမယ်ထင်ပါသလဲ။
ကျနော့်ရဲ့ မိတ်ဆွေတဦးက ရေဒီယိုဂျာနယ်လစ် ဖြစ်ပါတယ်။ တခါတော့ ထိုင်းမြန်မာနယ်စပ်မှာ စစ်အစိုးရ စစ်တပ်ကပြေးလာတဲ့ အသက် (၁၅) နှစ်လောက်ရှိတဲ့ ကလေးစစ်သား တဦးကို သွားပြီး အင်တာဗျူး ပါတယ်။ ဘာကြောင့် စစ်ထဲဝင်ရတာတုန်း လို့မေးတော့ လမ်းပေါ်မှာ အတင်းဆွဲခေါ် ခံရလို့ စစ်ထဲရောက်သွားကြောင်း ပြောပါတယ်။ ကျောင်းသွားတုန်း လမ်းပေါ်မှာ အဆွဲခံထိတာလား ဆိုတော့လည်း မဟုတ်ပါဖူးတဲ့။ မိဘတွေက ကျောင်းမထားနိုင်လို့ နှစ်တန်းလောက်မှာ ကတည်းက ကျောင်းကထွက်ပြီး လမ်းပေါ်မှာ ပျံကျဈေးသည်အဖြစ် ဈေးရောင်းနေတုန်း ဖြစ်တာလို့ ဆိုပါတယ်။ ဘာကြောင့် စစ်တပ်က ထွက်ပြေးလာရသလဲ ဆိုတာကို အင်တာဗျူး တော့ စစ်တပ်ထဲမှာ အသက်ကိုရင်းပြီး တာဝန်ထမ်းဆောင် နေရပေမဲ့ ကြီးနိုင်ငယ်ညှင်း အလုပ်ခံရတာတွေ၊ လစာက အလွန်အမင်း နိမ့်ကျနေတာတွေ၊ ပင်ပန်းလွန်းတာတွေ အစရှိတဲ့ အကြောင်းတွေကြောင့် ထွက်ပြေး လာခဲ့ ရတယ်လို့ ကလေးစစ်သားက ဖြေပါတယ်။
အင်တာဗျုးအပြီးမှာ တခြား စကားစမြီတွေ ပြောရင်း မိတ်ဆွေက ကလေးစစ်သားလေးကို မေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို သိသလား ဆိုတော့ ကလေးစစ်သားလေးက သမိုင်းဝင် ပုဂ္ဂိုလ်မှန်းတော့ ရိပ်စားမိ ပါတယ်။ သို့သော် ဗိုလ်ချုပ်က ဘယ်သူလဲ၊ ဘာတွေလုပ်ခဲ့ သလဲဆိုတာတော့ သူ့ခမျာ တိတိပပ မသိရှာပါဖူး။ ဒါနဲ့ ကျနော့်မိတ်ဆွေက နောက်ထပ် မေးခွန်းတခု ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သိသလားလို့ မေးပါတယ်။ အဲသည်တော့ ကလေးစစ်သားလေးက ဒီလိုဖြေပါတယ်။ "ဟာ ... သိတာပေါ့ အကိုရ။ ဒီမိန်းမကြောင့် တိုင်းပြည်ခက်နေရတာလို့ ကျနော်တို့ တပ်ရင်းမှူး ပြောပြောနေတာပဲ။ မသိဘဲ ရှိပါ့မလား" လို့ ဖြေလိုက်တော့ ကျနော့်မိတ်ဆွေ ရေဒီယို ဂျာနယ်လစ်ကြီးခမျာ လိပ်ကြီးပက်လက် လှန်ထားသလို ဖြစ်သွား ရပါတယ်။
အလားတူပါပဲ။ မြန်မာနိုင်ငံသား မျိုးဆက်သစ် လူငယ်တွေ မသိကြတော့တဲ့၊ မေ့လျှော့ခံရတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ခေါင်းဆောင်ကြီးတွေ၊ ပုဂ္ဂိုလ်တွေ၊ စံထားရမယ့် သူတွေ တဖြည်းဖြည်း များလာနေပါတယ်။ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂဠုန်ဦးစောလို လူတွေကိုလည်း မျိုးဆက်သစ်များ အနေနဲ့ မသိကြတော့ ပါဖူး။
မြန်မာပြည်မှာ အဲသလိုမျိုး ဖြစ်နေတာက အမေရိကန်၊ အင်္ဂလန်တို့မှာ ဖြစ်နေတာနဲ့ မတူပါဖူး။ ဟိုမှာက ချမ်းသာတဲ့ ငြိမ်းချမ်းနေတဲ့ တိုင်းပြည်တွေ။ အေးအေးဆေးဆေး ပညာရှာကြ၊ ခေတ်မီ နည်းနာတွေထဲမှာ ပျော်ဝင်စီးမျှောကြဆိုတော့ ရှေးတုန်းက ကိစ္စတွေ၊ လူပုဂ္ဂိုလ်တွေကို တဖြည်းဖြည်း မေ့ပျောက်လာကြ ပါတယ်။ လူငယ်တွေ အဲသလို မသိရအောင် အဲသည့် အစိုးရများက တမင် ဖန်တီးထား၊ တမင်ဖိနှိပ်ထားလို့ မဟုတ်ပါဖူး။
သို့သော် မြန်မာပြည်မှာတော့ စစ်အာဏာရှင်တွေက သမိုင်းဝင် လူပုဂ္ဂိုလ်တွေကို နှောင်းလူတွေ မသိတော့ အောင်၊ သူတို့ရဲ့ တန်ဖိုးကိုလျှော့သွားအောင်၊ မေ့ပျောက်သွားအောင် အစီအစဉ်ရှိရှိ ဖန်တီးနေပါတယ်။ အသိသာဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေကို ငွေစက္ကူပေါ်တွေမှာ မရှိတော့အောင် ဖန်တီးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာသင်ခန်းထဲမှာ ပြောမိတဲ့ ကျောင်းဆရာဟာ ထောင်ချခံရ ပါတယ်။
လတ်တလောလေးမှာ ဖြစ်သွားတဲ့ ကိစ္စဆိုရင်လည်း အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ ဇနီးကွယ်လွန်တော့ ကျန်ရစ်သူ မိသားစုက သတင်းစာမှာ နာရေးကြော်ငြာ ထည့်ပါတယ်။ စာပေစီစစ်ရေးက ရဲဘော်သုံးကျိပ်ဆိုတဲ့ ဝိသေသကို ဖြုတ်ရမယ်လို့ အကျပ်ကိုင် ပါတယ်။ နောက်ဆုံးတော့ နာရေးမှာ ဗိုလ်ဇေယျ ဆိုတာကိုပဲ ဖေါ်ပြခွင့်ပြုခဲ့ပါတယ်။
နောက်တခုကတော့ "အာရုဏ်ဦးမှာဖူးသည့်ကြာ" ဆိုတဲ့ ဝါဒဖြန့် ရုပ်ရှင်ကားကို စစ်အစိုးရ နာမည်ကြီး မင်းသား မင်းသမီးတွေ အများကြီးသုံးပြီး ရိုက်ကူးပါတယ်။ အဲသည့် ကားထဲမှာ ပါလီမန်ခေတ်ကို အပြစ်ဖို့တာ၊ ရှစ်လေးလုံး အရေးတော်ပုံကို သေးသိမ်အောင် လုပ်ထားတာ၊ မြန်မာပြည် မတည်ငြိမ်ခဲ့တာဟာ တိုင်းရင်းသား လက်နက် ကိုင်တွေကြောင့်ဆိုပြီး ထိုးချထားတာ၊ နောက်ဆုံးတော့ စစ်တပ်ကသာ တိုင်းပြည်ကို ကယ်တင်ခဲ့တယ် ဆိုတာတွေကို အသားပေးပြီး ပြထားပါတယ်။ ဒါတွေဟာ ကိုယ်ကျင့်တရား အရရော၊ သမိုင်းအရရော မလုပ်သင့် မလုပ်ထိုက်တဲ့ အရာတွေပါ။
နိုင်ငံရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စာပေနဲ့ အနုပညာနယ်ပယ် တွေမှာ နိုင်ငံကျော်တဲ့အထိ စွမ်းဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ အများအပြား ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ၊ ဘာတွေ လုပ်ခဲ့တာလဲ။ လယ်သမား သူပုန်ခေါင်းဆောင် ဂဠုန်ဆရာစံ ဆိုတာ ဘယ်သူလဲ၊ ဘာကြောင့် သူပုန်ထခဲ့ တာလဲ။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဆိုတာ ဘယ်လိုပညာရှင် ဘယ်လို လူပုဂ္ဂိုလ်မျိုးလဲ၊ ဒါတွေကို မျိုးဆက်သစ်တိုင်း သိထားစေဖို့ လိုအပ်ပါတယ်။
အလားတူပါပဲ မြန်မာတွေကို နိုင်ငံရေး နိုးကြား လာအောင် လက်ဦးဆုံး လမ်းဖွင့်ပေးခဲ့တဲ့ ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမ၊ မြန်မာ လူမျိုးထဲက ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင်၊ ဦးမေအောင်၊ လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ ရွှေဥဒေါင်း၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၊ မီးချစ်ဆံတချောင်း ကဗျာပိုင်ရှင် မောင်သော်က၊ ဦးတင်မိုး၊ ဒါရိုက်တာဦးသုခ၊ သေဒဏ်ကြခံ ခဲ့ရတဲ့ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် တင်မောင်ဦး၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ သခင်စိုး၊ သခင်သန်းထွန်း၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၊ ဆိုရှယ်လစ်အုပ်စု ခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကရင့်ခေါင်းဆောင် စောဘဦးကြီး၊ မြန်မာပြည်ရဲ့ ပထမဆုံး သမတကြီး စပ်ရွှေသိုက် အစရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အကြောင်း တွေကို သိထား သင့်ပါတယ်။ ဒီအထဲမှာ မဖော်ပြမိသော်လည်း မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ အရေးကြီးတဲ့ အရေးပါခဲ့တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များ လည်း ကျန်နေသေးတယ် ဆိုတာ ကိုလည်း ဝန်ခံ ပြောလိုပါတယ်။
အဲသလိုပါပဲ မြန်မာပြည် လွတ်လပ်ရေးရတော့ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ ဆိုတာတွေကို (သူ့အုပ်စု ကိုယ့်အုပ်စုသာ မှန်ကြောင်းကောင်းကြောင်း ငြင်းခုံပြောနေတာထက်) သမိုင်းသင်ခန်းစာ များနဲ့အတူ မျိုးဆက် သစ်များ သိရှိသင့်ပါတယ်။
လူငယ်မျိုးဆက်သစ်တွေ အကြားမှာ ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းဝင် လူပုဂ္ဂိုလ်တွေကို မသိကြတော့တာ အကြောင်း အရင်း မျိုးစုံရှိပါတယ်။ ပထမဆုံး အကြောင်းအရင်းကတော့ အုပ်စိုးသူ စစ်အာဏာရှင်တွေ ကိုယ်တိုင်က အဆိုပါ လူပုဂ္ဂိုလ်များရဲ့ သမိုင်းကို တဖြည်းဖြည်းနဲ့ ဖျောက်ပျက်ပစ်လို့ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ တိုင်းပြည်ဟာ ဆင်းရဲသထက် ဆင်းရလာတော့ စားဝတ်နေရေးကိုသာ အဓိကထား ရုန်းကန်နေရတော့ မိဘတွေကိုယ်တိုင်လည်း သားသမီးတွေကို ဒီအကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး လက်ဆင့်မကမ်း နိုင်တော့ပါဖူး။ တဆက်ထဲမှာလည်း ဆင်းရဲမွဲတေမှုကြောင့် ကလေးတွေဟာ ပညာကိုဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တော့တဲ့ အတွက်လည်း ပါပါတယ်။ တတိယ အချက်ကတော့ စာအုပ်စာပေတွေကနေ တဆင့် လက်ဆင့်ကမ်း အသိပေးဖို့ ဆိုပြန်တော့လည်း စာနယ်ဇင်းလောကဟာ စစ်အစိုးရရဲ့ ဆင်ဆာအောက်မှာ မလှုပ်နိုင်တော့ အဲသလို အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်စရာမှတ်စရာတွေဟာ အသစ်ထပ်ပြီး မထွက်လာ နိုင်တော့ပါဖူး။
တခုတော့ ရှိပါတယ်။ အားကောင်းချက်တခုက ဘာလဲဆိုတော့ အခုကာလက အင်တာနက် ခေတ်ဆိုတော့ လူတွေဆီကို ကိုယ်ပို့ပေးချင်တဲ အကြောင်းအရာတွေကို ပို့ပေးနိုင်ပါတယ်။ စနစ်ကကျ သုတေသနပြုပြီး နယ်ပယ်အသီးသီးက သမိုင်းဝင် လူပုဂ္ဂိုလ်များ အကြောင်းကို ရေးသားနိုင်မယ်ဆိုရင် အလွန်ကောင်းမယ်လို့ ထင်ပါတယ်။ အရင်က ထုတ်ဝေပြီးသား အဲသလိုမျိုး စာအုပ်စာတမ်း တချို့ရှိပါတယ်။ အဲတာတွေကို အင်တာနက်မှာ ဖတ်မှတ်လို့ရအောင် ဆောင်ရွက်နိုင်မယ် ဆိုရင်လည်း ကောင်းပါတယ်။ တခုတော့ ရှိပါတယ် မြန်မာနိုင်ငံအတွင်းမှာ ကွန်ပြူတာကိုင်ပြီး အင်တာနက် သုံးနိုင်တဲ့ လူဦးရေက နည်းသေးတဲ့အပြင် အင်တာနက် ကွန်ယက်စွမ်းရည်က အကန့်အသတ် ရှိနေသေးတော့ စစခြင်းတော့ ထင်သလောက် ပေါက်ချင်မှ ပေါက်ပါလိမ့်မယ်။ သို့သော် လုပ်ထား ကြတယ်ဆိုရင် နောင်အတွက် အကျိုးရှိမှာကတော့ အသေအချာ ပါပဲ။
ခေတ်မီနည်းပညာများ တက်ကနော်လော်ဂျီများဟာ မရှိမဖြစ် အရေးပါသလို Human face လို့ တင်စားပြောဆိုတဲ့ လူသားမျက်နှာ၊ လူသားတို့ အကြောင်းကိုလည်း မမေ့အပ်ကြောင်း ပြောလိုတာပါ။
ဇော်မင်း
၂၆ ရက်၊ သြဂုတ်လ၊ ၂ဝ၁ဝ ခုနှစ်
Thursday, August 26, 2010
သိသင့်တာတွေ သိစေချင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment