စစ်အစိုးရက ဗိုလ်ချုပ်ကြီးများ အမြဲပြောလေ့ရှိတာတွေကို အားလုံးတော့ မှတ်မိမယ် ထင်ပါတယ်။ ဘာတဲ့၊ တပ်မတော် ဆိုတာ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် ပေးနေတယ်လို့ ပထမ ပြောလေ့ရှိပါတယ်။ ဒုတိယ အကြောင်းကတော့ တပ်မတော်ဟာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ရတယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ တတိယ အချက်ကတော့ တပ်မတော်ဟာတဲ့ အာဏာကို အမြဲယူထားဖို့ အစီအစဉ် မရှိပါဖူးတဲ့။ ဒါ့ကြောင့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက်ပေးဖို့ လမ်းခင်းနေပါတယ် ဆိုပြီးလည်း ဖြည့်စွက် ပြောပါသေးတယ်။ အဲတာရဲ့ နောက်ဆက်တွဲအဖြစ် ပါတီစုံရွေးကောက်ပွဲကြီးကို မကြာခင် ကျင်းပပေးမယ် လို့လည်း ပြောထားပါတယ်။
တိုင်းပြည်တခုမှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပေးရုံ၊ ရွေးကောက်ပွဲရှိရုံနဲ့ ဒီမိုကရေစီ ထွန်းကားလာလိမ့်မယ်လို့ ပြောလို့ မရပါဖူး။ ဒီမိုကရေစီ ဖွံ့ဖြိုးလာဖို့ မရှိမဖြစ်တဲ့ အချက်အလက်တွေ အများကြီး ရှိပါတယ်။ အဲသည့် အချက်တွေထဲမှာ အလွန့်အလွန် အရေးကြီးတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ အဲသည့်အထဲမှာ ထင်ရှားတဲ့ အချက်တချက် ကတော့ Rule of law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးမှုရှိဖို့ အထူးလိုအပ်ပါတယ်။ တရားဥပေဒစိုးမိုးမှု မရှိရင် ရွေးကောက်ပွဲ လုပ်ပြီး အစိုးရဖွဲ့လည်း အဲသည့် အစိုးရဟာ ရုပ်သေးအစိုးရ သာသာလောက်ပဲ ရှိမှာပါ။
အခုမြန်မာနိုင်ငံမှာ နယ်ပယ်အသီးသီး ကဏ္ဍအထွေထွေ အတွင်း ဥပဒေစိုးမိုးမှု ဘယ်လောက် ရှိသလဲ ဆိုတာ ဆန်းစစ် ကြည့်ရအောင်ပါ။
လယ်သမားတွေဆီက လယ်ယာမြေတွေကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ သိမ်းယူတာမျိုးဟာ ဥပဒေစိုးမိုးမှု မရှိဖူးဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။ ဥပမာ တခုပြရရင် ရခိုင်ပြည်နယ်က လယ်မြေ ဧကငါးသောင်းကို လက်လွတ်စပယ်သိမ်းပြီး ဘင်္ဂလားဒက်ရှ် နိုင်ငံက ကုမ္ပဏီကို လွှဲလိုက်တာမျိုးကို မြင်နိုင်ပါတယ်။ ဒါ့အပြင် မကြာသေးခင် ကပဲ ရော်ဘာပင်တွေ စိုက်ဖို့ဆိုပြီး ရခိုင်ပြည်နယ်ထဲက မြေဧက တသိန်းကျော်ကို ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတခုကို လွှဲပြောင်းပေးတာမျိုးလည်း အကျုံးဝင်ပါတယ်။ အဲသလို မြေယာတွေကို သိမ်းတဲ့အခါမှာ ကာလပေါက်ဈေးနဲ့ အညီ ပေးလျှော်ပြီးမှ သိမ်းတယ်ဆိုရင် နဲနဲတော့ ခံသာသေးတာပေါ့။ အခုဟာက အထက်အမိန့်အရဆိုပြီး တပြားတချပ်မှ မပေးဘဲ ဇွတ်သိမ်း တာမျိုး ဖြစ်နေပါတယ်။ အကယ်၍ ကာလပေါက်ဈေးနဲ့ အညီ လျှော်ကြေးပေးမယ် ဆိုဦးတော့ ကာယကံရှင် လယ်သမားတွေက တသက်လုံး ဓားမဦးချ လုပ်လာခဲ့တဲ့ ဘိုးဘွားပိုင် လယ်တွေမို့ မရောင်းချင်ဖူး ဆိုရင်လည်း မရောင်းဖို့ အခွင့်အရေး ရှိရမှာဖြစ်ပါတယ်။ အဲသလို အခွင့်အရေး ရှိမှသာ တရားဥပဒေစိုးမိုးမှု အားကောင်း တယ်လို့ ဆိုနိုင်ပါတယ်။
တချိန်ထဲမှာလည်း လယ်မြေဆုံးရှုံးသွားတဲ့ လယ်သမားတွေဟာ သူတို့လယ်တွေမြေတွေ ပြန်ရအောင် ဘယ်ကို သွား တိုင်ကြားရမလဲဆိုတာ မသိကြပါဖူး။ ရဲစခန်းမှာ သွားပြီး တိုင်ချက်ဖွင့်ရင်လည်း ရဲတွေက ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဖူး ဆိုတာကို သိနေကြလို့ပါ။ ရဲတွေဖက်ကကြည့်ရင်လည်း ဒီလို မြေသိမ်း ယာသိမ်း ကိစ္စတွေဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်တွေဆီက ဆင်းသက်လာတဲ့ အမိန့်ဆိုတာ သိပြီးသား ဖြစ်နေပါတယ်။ ဒါ့ကြောင့် ရဲတွေအနေနဲ့ လယ်သမား တွေကို ကိုယ်ချင်းစာလို့ ကူညီ ချင်တယ်ပဲ ထားဦး ဘယ်လိုလုပ်ပြီး နိုင်ငံတခုရဲ့ အမြင့်ဆုံးအာဏာပိုင်တွေနဲ့ ထိပ်တိုက် တွေ့ရဲ ပါ့မလဲ။ ဆိုတော့ကာ ရဲတွေကလည်း ဒီလိုအမှုမျိုးကို ရုံးမတင်ရဲဖူး။ ရုံးတင်ရင်လည်း တရားရုံးက တရားသူကြီး တွေက ဒီလိုအမှုမျိုးကို ကိုင်တွယ်ရဲမှာ မဟုတ်လို့ နောက်ဆုံးအမှု ပိတ်လိုက်ရတာသာ အဖတ်တင်မှာ ဖြစ်ပါတယ်။
နောက်ကိစ္စ တခုကတော့ ရေလုပ်ငန်းနဲ့ ပတ်သက်ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်မှာ ရေလုပ်ငန်း ကုမ္ပဏီတွေ ငါးဖမ်းစက်လှေတွေနဲ့ ငါးဖမ်းတဲ့ ကိစ္စဖြစ်ပါတယ်။ အရင်တုန်းက ပင်လယ်ပြင်မှာ ငါးဖမ်းတယ် ဆိုတာ ရခိုင် ကမ်းရိုးတမ်းမှာပဲ ဖြစ်ဖြစ် တနင်္သာရီ ကမ်းရိုးတမ်းမှာပဲ ဖြစ်ဖြစ် ဒေသခံတွေ လုပ်ခဲ့တဲ့ အလုပ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း အခုကျတော့ တသီးပုဂ္ဂလ ကုမ္ပဏီတွေ ငါးဖမ်းတဲ့ အကွက်တွေထဲမှာ အခြားသူများ ငါးဖမ်းခွင့်မရှိဆိုပြီး လုပ်လိုက်တော့ ဟိုရှေးတုန်းကထဲက ငါးလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ဒေသခံတွေ ဒုက္ခရောက်တော့ တာပေါ့။ အဲသလိုဆိုရင် ငါးလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ဒေသခံတွေ ဘယ်အာဏာပိုင်တွေကို သွားတိုင်ရမလဲ။ ဘယ်သူ့ကို တရားစွဲရမလဲ။ ဘာမှလုပ်လို့ မရပါဖူး။ ငွေကြေးတောင့်တင်းတဲ့ ရေလုပ်ငန်း ကုမ္ပဏီတွေကို အမြင့်ဆုံး အာဏာပိုင်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်တွေက လုပ်ပိုင်ခွင့်အားလုံး ပေးထားလို့ ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေဟာလည်း တိုင်းပြည်မှာ တရား ဥပဒေစိုးမိုးမှု မရှိဖူးဆိုတာကို ထင်ထင်ရှားရှား ပြသနေတာ ဖြစ်ပါတယ်။
တချို့ကိစ္စတွေကတော့ ကြည့်လိုက်ရင် သာမန်အသေးအဖွဲ ကိစ္စလို့ ထင်ရပေမဲ့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတာကို ပြနေတဲ့ အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ပြောရရင်၊ ဗိုလ်ချုပ်သားသမီး တယောက်ယောက်က ကားမောင်းလာရင်း လူတယောက်ကို တိုက်မိတယ် ဆိုပါစို့။ ကားတိုက်ခံရတဲ့ ဖက်က ရဲစခန်းကို သွားတိုင်ကြားရင် သွားတိုင်တဲ့သူတောင် ပြန်ပြီး အမှုလုပ်ခံရတယ် ဆိုတဲ့ ကိစ္စမျိုးတွေပါ။ ဒါမျိုးတွေလည်း တရားဥပဒေစိုးမိုးမှု မရှိဖူးဆိုတာ ထင်ရှားတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။
လူထုက အကြောင်းကိစ္စ တခုခုကို မကျေနပ်လို့ လမ်းပေါ်မှာ ဆန္ဒပြတယ် ဆိုပါစို့။ ကနေ့ မြန်မာပြည်မှာ ကျင့်သုံးတဲ့ စနစ်က လက်နက်ကိုင်ထားတဲ့ ရဲကဖြစ်စေ၊ စစ်တပ်ကဖြစ်စေ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး နှိမ်နင်းပါတယ်။ ဒီမိုကရေစီကို အလေးထားတဲ့ နိုင်ငံတွေမှာတော့ အဲသလို လက်လွတ်စပယ် မလုပ်ပါဖူး။
ဥပမာအနေနဲ့ ပြောရရင် ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ အထူး လေ့ကျင့်ထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုသာ သုံးရပါတယ်။ စစ်တပ်ဝင်လာပြီး ပစ်ခတ်ခွင့် လုံးလုံးမရှိပါဖူး။ အဲသည်တော့ အဓိကရုဏ်း နှိမ်နင်းရေး ရဲက ဆန္ဒပြနေတဲ့ လမ်းပေါ်မှာ စည်းသုံးတန် တားရပါတယ်။ အဲသည့် စည်းတွေကို ကျော်မလာဖို့ တဆင့်ချင်း လော်စပီကာကနေ သတိပေးရ ပါတယ်။ နောက်ဆုံး ဆန္ဒပြသူတွေက မလိုက်နာဘဲ နောက်ဆုံးစည်းကို ကျော်လာပြီဆိုရင် မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲရပါတယ်။ အဲတာကိုမှ ဆန္ဒပြသူတွေက မရပ်တန့်ဘဲ ဆက်ပြီးချီတက် လာမယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့ နှိမ်နင်းရပါတယ်။
အဲတာမှ မရသေးဖူးဆိုရင် ရော်ဘာကျည်ဆံများကို အသုံးပြုပြီး ပစ်ခတ်နှိမ်နင်းရပါတယ်။ ရော်ဘာ ကျည်ဆံနဲ့ ပစ်တယ်ဆိုပေမဲ့ ဒူးအောက်ပိုင်းကိုသာ ပစ်ခတ်ရပါတယ်။ အဲလောက်နဲ့လည်း မရသေးဖူး ဆိုရင်တော့ အဓိကရုဏ်း နှိမ်နင်းရေးရဲက ဒိုင်းတွေကိုင်၊ နံပါတ်ဒုတ်တွေ အသုံးပြုပြီး လူအုပ်ကို ဖြိုခွင်းရပါတယ်။ ဖမ်းဆီးပြီး အချုပ်ကားတွေထဲမှာ ထည့်ရပါတယ်။ အဲတာလည်း မရဘူး လူအုပ်က ရှေ့ကိုတက်သထက် တက်လာပြီဆိုရင် တရားသူကြီးချုပ် (သို့မဟုတ်) အဆင့်မြင့် တရားသူကြီး တဦးဦးက အဓိကရုဏ်း နှိမ်နင်းရေးရဲကို ကျည်ဆံအစစ်နဲ့ ပစ်ခွင့်ပေးဖို့ တရားရုံးအမိန့်စာ ထုတ်ပြန်ပြီး ပစ်ခတ်ခွင့် အတွက် လက်မှတ်ထိုးရပါတယ်။
အဲသလို ကျည်ဆံအစစ်နဲ့ ပစ်ခွင့်ပြုတာတောင်မှ မြေကြီးကို ရှပ်ပစ်ဖို့ (သို့မဟုတ်) ခေါင်းပေါ်တွေကနေ ကျော်ပစ်ဖို့သာ ခွင့်ပြုပါတယ်။ နောက်တချက်ကလည်း ပစ်ခတ်မဲ့ ရဲသား အရေအတွက်ကို သတ်မှတ်ရပါတယ်။ အဓိကရုဏ်းရဲက လမ်းပေါ်မှာ အယောက် ၅ဝဝ ရှိနေလို့ အဲသည့် အယောက် ၅ဝဝ လုံးမှာ ပစ်ခတ်ခွင့် မရှိပါဖူး။ ပစ်ခတ်ခွင့်ရတဲ့ သတ်မှတ်ထားတဲ့ ရဲများကသာ ပစ်ခတ်ခွင့်ရှိပြီး သတ်မှတ်ထားတဲ့ ကျည်ဆံအတောင့် အရေအတွက်ကိုသာ ပစ်ခွင့်ပြုပါတယ်။ ပါလာသမျှ ကျည်ဆံနဲ့ စိတ်ကြိုက် ပစ်ခတ်ခွင့် Fire at will မရှိပါဖူး။ ဆိုလိုတာက ရဲတပ်ဖွဲ့ အနေနဲ့ Excessive force လို့ခေါ်တဲ့ အင်အားကို အလွန်အကျွံ အသုံးပြုခွင့် မရှိဖူးလို့ ပြောတာပါ။ ဘာဖြစ်လို့တုန်း ဆိုတော့ ဆန္ဒပြနေသူတွေဟာ လက်နက်မဲ့ အရပ်သားတွေ ဖြစ်နေလို့ပါ။ အခု ပြောနေတာ တွေဟာ တရားဥပဒေစိုးမိုးမှု ရှိတဲ့ နိုင်ငံတွေက လုပ်ထုံးလုပ်နည်း ယေဘုယျသဘောကို တင်ပြတာဖြစ်ပါတယ်။
၂ဝဝ၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များရဲ့ ရွှေဝါရောင်လှုပ်ရှားမှုကြီးကို စစ်အစိုးရက ဘယ်လို ဖြိုခွင်းခဲ့သလဲ။ နောက် ဘုန်းကြီးကျောင်းတွေကို ဘယ်လို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သလဲ ဆိုတာတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင် ဖြစ်ပါတယ်။
ဒီနှစ် စက်တင်ဘာလထဲမှာ ဆိုရင် ရခိုင်နိုင်ငံရေးပါတီတခုက စစ်တွေမြို့မှာ ဆရာတော်ဦးဥတ္တမ ကွယ်လွန်တဲ့ ၇၁ နှစ်မြောက်နေ့ ကျင်းပဖို့ တောင်းဆိုတာကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဖူး။ ဒါဟာ လွတ်လပ်စွာ စုရုံးခွင့်ရှိတယ် ဆိုတာကို ငြင်းပယ်တယ်လို့ ပြောနိုင်ပါတယ်။ တဖက်မှာလည်း ဆရာတော် ဦးဥတ္တမဟာ မြန်မာတနိုင်ငံလုံးရဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်ရုံမက ရခိုင်အမျိုးသားတို့ရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင် အာဇာနည်တဦးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်ဟာ ရခိုင် အမျိုးသားတွေကို ချိုးနှိမ်လိုက်တယ် ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ဒါမျိုးတွေလည်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ လက္ခဏာထဲမှာ အကျုံးဝင်ပါတယ်။
နောက်တချက်ကတော့ ပဲခူးမြို့မှာ စစ်တပ်က လက်နက်မဲ့ လူငယ်နှစ်ဦး ပစ်သတ်လိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် အကယ်၍ အဲသည့် လူငယ်နှစ်ဦးက ပြစ်မှုတခုခု ကျူးလွန်တယ်ဆိုရင် ဒါဟာ ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ရဲက အဲသည့်လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး တရားရုံးတင်ရ ပါမယ်။ တရားရုံးမှာမှ တရားခံ၊ တရားလို နှစ်ဖက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ရှေ့နေများနဲ့ အမှုကိစ္စကို လျှောက်လဲရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ပြဌာန်းထားတဲ့ ဥပဒေများအရ လူငယ်နှစ်ဦးကို ပြစ်ဒဏ် အကြီးအသေးအလိုက် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ပြစ်မှု မမြောက်ကြောင်း ထင်ရှားရင် ပြန်လွှတ်ပေးရမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ဥပဒေအတိုင်း ဆောင်ရွက်ရမဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
သို့သော်လည်း အခုတော့ အဲသလို မဟုတ်ဘဲ လမ်းပေါ်မှာ လက်လွတ်စပယ် စစ်တပ်က ပစ်သတ် လိုက်တယ်ဆိုတာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်ပါ။ တဆက်ထဲမှာလည်း ကျန်တဲ့ သူတွေအဖို့ အဲသည့် အဖြစ်အပျက်ကြောင့် လုံခြုံမှုမဲ့သလို ခံစားကြရပါတယ်။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ကောင်းဘွိုင်ရုပ်ရှင် တွေထဲကလို ထင်သလို ပစ်ခတ်နေတဲ့ သဘောမျိုးလို့ ဆိုနိုင်ပါတယ်။
ပဲခူးလို အထင်ကရ မြို့ကြီးတမြို့မှာ အဲသလို လွယ်လွယ်ကူကူ စစ်တပ်က ပစ်သတ်ဖို့ ဝန်မလေးဖူး ဆိုရင် တောပိုင်း ကျေးလက် ဒေသတွေ၊ တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ စစ်တပ်က လူ့အခွင့်အရေး ဘယ်လောက် ချိုးဖောက်နေသလဲ ဆိုတာကို တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။
နောက်တချက်ကလည်း နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်ပါတယ်။ ကြံ့ဖွတ်ကိုကျတော့ လုပ်ခြင်သလို လုပ်ခွင့်ပေးထားပြီး တခြား နိုင်ငံရေးပါတီတွေ ကိုတော့ ဘယ်သူမပါရ၊ ဘယ်သူပါရင် ပါတီဖွဲ့ခွင့်မရှိ၊ ဟိုမသွားရ သည်မလာရ၊ ဟိုအခန်းအနား သည်အခန်းအနား လုပ်ချင်ရင် ခွင့်ပြုချက်တောင်း၊ ခွင့်ပြုချက်တောင်းတော့လည်း မပေး၊ အဲသလို လုပ်ချင်တိုင်း လုပ်နေ တာဟာလည်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တယ်ဆိုတဲ့ သက်သေပြချက်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ တွေဟာလည်း ကိုယ့်ဖက်ကိုယက်နေတဲ့ လိပ်လို လုပ်ထားသေးတယ်။
ပြန်ကောက်ရရင် တရားဥပေဒစိုးမိုးမှု ကင်းမဲ့ပြီး လက်နက်ရှိတဲ့သူက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နေရာတိုင်းမှာ လုပ်ချင်တိုင်းလုပ်နေတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်တပ်က ကာကွယ်ပေးနေတယ် ဆိုတာ လိမ်နေတာလို့ ဆိုရမှာပါ။ အဲသလိုပါပဲ နိုင်ငံသားတိုင်း အနေနဲ့ ဒီလောက်နှိပ်စက်နေတဲ့ အစိုးရလက်အောက်မှာ ဘယ်သူနေချင်မလဲ။ ဒီလိုဆိုရင် ပြည်ထောင်စုကြီး မပြိုကွဲအောင် စစ်တပ်က ဆောင်ရွက်နေရပါတယ်ဆိုတာ မှားနေပြီး ပြည်ထောင်စုကြီး ပြိုကွဲအောင် လုပ်နေတဲ့ တရားခံဟာ သူတို့သာ ဖြစ်တယ်လို့ စွပ်စွဲရမှာပါပဲ။
အဲသလို အခြေအနေတွေ အောက်မှာ ရွေးကောက်ပွဲ ကျင်းပလည်း စစ်တပ်က မျက်နှာသာ ပေးထားတဲ့ ပါတီပဲ နိုင်မှာဆိုတာ လူတိုင်းနားလည် နေပါတယ်။ ဒါဆိုရင် နောင်တက်လာမဲ့ အစိုးရ ဆိုတာကလည်း စစ်တပ်ကြိုးကိုင်မှု အောက်မှာပဲ ရှိနေမှာဆိုတော့ ဒီမိုကရေစီဆိုတာ ဝေလာဝေးပဲ ရှိဦးမှာပါ။ ဒါ့ကြောင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေရင် ရွေးကောက်ပွဲ ကျင်းပပေးပေမဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုရတာပါ။
ဇော်မင်း
၁ဝ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
Saturday, September 11, 2010
တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပါက
Subscribe to:
Post Comments (Atom)
2 comments:
ကောင်းတယ် ရိုးရိုးလေး မောင်ဘချစ်လို့ ပြောရမှာ ပေါနော် သိပ်အလုံးကြီးတွေမပါဘဲ ကျုပ်တို့ လို လူတွေနားလည်တယ်လေ
Very good post. How to kil them? I want to kill first the eldest one.
Post a Comment