ဒီရက်ပိုင်းကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေကပဲ စီစီညံနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရွေးကောက်ပွဲ ဟာ ဘာပဲ ပြောပြော မရှိတာထက်စာရင် ကောင်းတယ်လို့ ငြင်းတဲ့သူတွေ ရှိနေသလို ရွေးကောက်ပွဲဝင်ပြီး ပါလီမာန်တွင်းကနေ တိုက်ပွဲဝင်ယူမယ်၊ နောင်မှာ တဖြည်းဖြည်းနဲ့ ပြင်ယူသွားမယ် ဆိုတဲ့ နိုင်ငံရေးပါတီများ လည်း ရှိနေပါတယ်၊။ တချိန်ထဲမှာလည်း ရွေးကောက်ပွဲကို မဝင်ရေး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲရုံကိုသွားပြီး မဲမထည့်ရေးကို အဆိုတင်သူများလည်း ရှိပါတယ်။ အကယ်၍ ရွေးကောက်ပွဲသာ ချောချော မောမော ဖြစ်ခဲ့မယ် ဆိုရင် စစ်အစိုးရက နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက နေရာအတော်များများမှာ အနိုင်ရ ဖို့ကတော့ သေချာသလောက် ရှိနေပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ကလည်း အဲသလို ကြိုတင်သုံးသပ် ကြပါတယ်။
အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ် ဆိုပါတော့။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက် ရေးလား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့် အဖြေကတော့ ရိုးရိုး ရှင်းရှင်းပါပဲ။ မဲမထည့်ဘူး ဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး၊ မဲရုံကိုသွားပြီးလည်း မထည့်ဖူး။
တချို့ကတော့ ဆိုပါတယ်။ စစ်အစိုးရကို မကြိုက်ပေမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာကိုတော့ လက်မခံ နိုင်ပါ ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အလမ်းကနေ နောင်မှာ ကိုယ်လိုချင်တာတွေ ဖန်တီးယူသွား နိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲကို ကျင်းပပေးတာဟာ အကြောင်းရှိပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်းခြင်း စနစ်တကျ ဆုတ်ခွာသွားနေတာလည်း ဖြစ်လို့ပါတဲ့။ အယူအဆ ကတော့ အမျိုးမျိုးပေါ့လေ။ ကိုယ့်အယူအဆကို ကိုယ် တင်ပြတာ တင်ပြခွင့် ရှိပါတယ်။
ကျနော်ဘာကြောင့် မဲသွားမထည့်ဖူးဆိုတာကို ပြောပြလိုပါတယ်။
နိုင်ငံသားတိုင်းမှာ မွေးရာပါ နိုင်ငံသားတဦးရဲ့ အခွင့်အရေးများ ရှိပါတယ်။ အဲသည့် အခွင့်အရေးတွေ ပိတ်ပင် ခံထား ရတယ်ဆိုရင် ပိတ်ပင်တဲ့ အုပ်ချုပ်သူများကို ဝေဖန်ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ကို ဘာမှန်း သေသေချာချာ မသိလိုက်ရဘဲ မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ နိုင်ငံသားတွေ အနေနဲ့ မဲမထည့်ခင် အဲသည့် ဖွဲ့စည်းပုံကို ပြန်လှန် ဆွေးနွေးခွင့်ရခြင်း မရှိခဲ့ပါဘူး။ မရဘူး ဆိုတာကလည်း နိုင်ငံသားတွေဆီကို ချပြခဲ့တာမှ မဟုတ်တာကိုး။ သူတို့ဟာ သူတို့ ညီလာခံလုပ်၊ သူတို့ဟာ သူတို့ ဥပဒေတွေရေး ပြီးတော့မှ လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။ မဲထည့်တော့လည်း မဲညစ်ပတ် တာတွေ အများကြီး တိုင်းပြည်မှာ ဖြစ်ခဲ့တာလည်း လူတိုင်းသိနေပါတယ်။
အခုလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဘာညာဆိုပြီး လုပ်လာပြန် ပါတယ်။ ကျုပ်တို့မှာ ဘာတာဝန် ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ အစကထဲက သူတို့လုပ်ချင်သလို လုပ်ထားတယ်၊ လူတွေကိုလည်း ဘာမှ အသိမပေး၊ လူတွေဆီက သဘောထား တောင်းခံတာလည်း မရှိ၊ လူအများကြားမှာ အကျယ်တဝင့် ရှင်းလင်းပြဆို ခဲ့တာလည်း မရှိ။ လုပ်ချင်သလို လုပ်ခဲ့ပြီးမှ အခုကြတော့ မဲထည့်ဖို့ တာဝန်ရှိ တယ်ဆိုပြီး ပြောတာ နည်းလမ်း ကျပါ့မလား။ အဲတာကိုလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်စုနဲ့ မနီးစပ်ပေမဲ့ ရွေးကောက်ပွဲ ဝင်လိုသူ နိုင်ငံရေး ပါတီ များက ပြောလာပြန်ပါတယ်။
တခါ ရွေးကောက်ပွဲ မဝင်ဖူးဆိုရင် နိုင်ငံရေး အခွင့်အလမ်းတခုကို လက်လွှတ်လိုက်သလို ဖြစ်သွားမယ် ဆိုပြီး ပြောနေတဲ့ ပညာရှင် အုပ်စုဆိုသူများလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခုအတည်ပြု ထားတဲ့ ဖွဲ့စည်းပုံဟာ အမေရိကန် ဖွဲ့စည်းပုံ နဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေ ကြားရင် တက်တောင်သေဦးမယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အသစ်ဟာ အမေရိကန် ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ် ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီအန်အန်တို့၊ အယ်ဂျာဇီးရာ တီဗွီတို့မှာ ကမ္ဘာသိ ပြောရဲ သလား (သို့မဟုတ်) အမြင်မတူသူများနဲ့ ဒီဘိတ် လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင် ပါသေးတယ်။
ဒါတွင်မကသေးပါဖူး။ မြန်မာပညာရှင်များက ဒီရွေးကောက်ပွဲကို နည်းနာတခုအနေနဲ့၊ နည်းဗျူဟာ တခုအနေနဲ့ အကျိုးရှိစွာ အသုံးချဖို့ ဆိုတာလည်း ပြောပါသေးတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အချိန်ကောင်းကို စောင့်ရမယ်လို့လည်း ထပ်ဆောင်း ဆိုပါသေးတယ်။ ဒါဟာ တကယ်စိတ်စေတနာ အမှန်နဲ့ ပြောတာလား (သို့မဟုတ်) ကိုယ်ဖြစ်စေလိုတဲ့ လမ်းကြောင်းကို ချပေးချင်တာလား ဆိုတာကတော့ ကာယကံ ရှင်တွေမှ သိမှာပါ။ နိုင်ငံသားတွေကို ကိုယ်ဖြစ်စေလိုတဲ့ နည်းဗျူဟာ အတိုင်း လိုက်လုပ် စေချင်ရင် အစကတည်းက လူတွေက အသိအမှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့ တော့ လိုတာပေါ့။ အသိအမှတ်ပြုတယ် ဆိုတာ ကလည်း အသိအမှတ်ပြုရ လောက်အောင် ကောင်းမွန်တဲ့ ချီးကြူးခံရ လောက်တဲ့ အလုပ်တွေ ဆက်တိုက် လုပ်ခဲ့မှ ဖြစ်မှာကိုး။
အခုတော့ အဲသလိုမဟုတ်ဘဲ ဘုရားသခင်က ခိုင်းလိုက်လို့၊ တိုက်ရိုက်လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေလိုပဲ။ သူတို့ နည်းဗျူဟာအတိုင်း လူတွေလုပ်ဆောင်သင့်တယ်လို့ ပြောနေကြတာ။ နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပြီး သားပါ။ မဲထည့်ဖို့ လိုအပ်တယ်လို့ ယူဆရင် ထည့်မယ်။ မဲမထည့်သင့်ဘူးလို့ ယုံကြည်စရာ အကြောင်းတွေ ရှိနေရင်လည်း မဲမထည့်နိုင်ခွင့် လူတွေမှာ ရှိနေတယ် ဆိုတာကိုလည်း လက်ခံဖို့လိုတာပေါ့။ ဒီမိုကရေစီမှာ သဘောထား ကွဲပိုင်ခွင့် ရှိတာကိုး ဟုတ်တယ်မို့လား။
အမှန်ဆိုရင် ဖြစ်သင့်တာက ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေ အကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်။ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြခွင့် ပေးခဲ့ဖို့ လိုပါတယ်။ ဘာဆို ဘာမှ လူတွေကို သိခွင့်၊ ကြားခွင့်၊ ဆွေးနွေးခွင့် မပေးခဲ့ဘဲ အခုကျမှ နိုင်ငံသားတိုင်း မဲထည့် သင့်တယ်လို့ ပြောနေတာ အရုပ်ဆိုး လွန်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်တို့ မဲတွေထည့်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ် အပြောင်း အလဲကို လိုချင်ကြလို့ပါ။ ရွေးကောက်ပွဲ ပြီးတာနဲ့ ဟုန်းကနဲ စီးပွားရေးကောင်းလာဖို့ မျှော်မြင်ပြီး မဲကိုထည့်ခဲ့ ကြတာ မဟုတ်ပါ။ သို့သော် အနှစ် ၂ဝ သာကြာခဲ့တယ်။ နိုင်ငံသားတွေ ပေးခဲ့တဲ့ မဲတွေဟာ အမှိုက်တောင်းထဲ အထည့်ခံ လိုက်ရသလိုပါပဲ။ ဘာမှ ဖြစ်မလာခဲ့ပါဖူး။ နိုင်ငံသား လူထုတွေရဲ့ ဆန္ဒထက် သေနတ် ပြောင်းဝကသာ အဆုံးအဖြတ် ပေးတဲ့ ပေါ်လစီကို ကိုင်ထား ခဲ့တာကိုး။ အခုလည်း လာပြန်ပြီ နောက်တခါ၊ ရွေးကောက်ပွဲ အသစ်တဲ့။ အရင်တခါကလည်း အလိမ်ခံထား ရပြီးပြီ။ ဘာဖြစ်လို့ မဲထည့်ရမှာတုန်း။ နောက်တခါ ထပ်လိမ်မယ် ဆိုတာကြီးကို သိနေတဲ့ ဥစ္စာပဲ။ နိုင်ငံရေးနည်းဗျူဟာတို့ ဘာတို့ ပြောပြီး လူတွေကို မဲထည့်ခိုင်းတဲ့ သူတွေကို ဘယ်လို ယုံကြည်ရမှာလဲ။ ပြီးတော့ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေ မှန်းလဲ မသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေ ဖက်ကလား (သို့မဟုတ်) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေ လား ဆိုတာ ကိုယ်တွေမှ မသိတာ။
နောက်တခုက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဆင်းရဲတဲ့ အကျိုးဆက် အဖြစ် ငယ်ငယ် ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ လူဦးရေက များသထက် များလာ နေပါတယ်။ ပညာတတ်တွေ နည်းနည်းလာနေပါတယ်။ လိုအပ်တဲ့ အတိုင်းအတာ တခုအထိ ပညာ သင်ကြားနိုင်ခြင်း မရှိတဲ့ လူ့အဖွဲ့ အစည်း တခု အတွင်းမှာ အသိပညာ ဗဟုသုတ သူများထက် နောက်ကျလေ့ ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟုသုတ နောက်ကြနေတဲ့ ကိုယ့်ရဲ့ နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေကိုတော့ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲတော့ ရောက်လာပြီ၊ ကိုင်း ကိုင်း... မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမိုကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။ အရပ်စကားနဲ့ ပြောရရင် ဘာမှမသိတဲ့ သူတွေကို နှပ်ချတယ်လို့ ကျနော် ကတော့ စွပ်စွဲပါတယ်။
နိုင်ငံသားတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံ့အရေးအရာ ကိစ္စတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုး သားသား လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဖူး။ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး အစရှိတဲ့ ကိစ္စတွေမှာတော့ နည်းနာတို့ ဗျူဟာတို့ကြောင့် အဆုတ်၊ အတက်၊ အကွေ့၊ အပတ်တွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံသားတွေ ကြိုက်ခွင့် မကြိုက်ခွင့်၊ သဘောတူခွင့် မတူခွင့်တွေ ပါရှိနေတဲ့ နိုင်ငံရေးကိစ္စများ မှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရလဒ်ကောင်း ရမှာလည်း ဖြစ်ပါတယ်။ အကောင်း အဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့ အခုမှ တက်ပါဦး၊ ဆုတ်ပါဦး၊ ကွေ့လိုက်ပါဦး ဆိုပြီး လိုင်းချ ပေး နေတဲ့ သူများကို ကျနော်ကတော့ မယုံပါ။ မယုံရတဲ့သူတွေ များနေလို့ ဒီရွေးကောက်ပွဲကို ကျနော်သာဆိုရင် မဲမပေးဖူးလို့ ပြောတာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခွင့် ရှိပါတယ်။ ဒါသာလျှင် ဒီမိုကရေစီရဲ့ အစိတ်အပိုင်း များထဲက တခုဖြစ်ပါတယ်။
ဇော်မင်း
၃ဝ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
Thursday, September 30, 2010
ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခြင်း
Subscribe to:
Post Comments (Atom)
2 comments:
ဝင်ကြည့်သွားပါတယ်။ like.
ကြိုက်တယ် ဆက်ရေးပါ။
zawthwin.
Post a Comment