ရွက်မွန်စာမျက်နှာ

Monday, October 25, 2010

ကိုယ့်အလှည့်တော့ မနွဲ့စတမ်း

ဒီမိုကရေစီ တစတစ ဖွံ့ဖြိုးလာဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ပါလီမန်တွင်း၊ လွှတ်တော်တွင်းကနေ တစတစ တိုက်ယူရမယ်ဆိုတာ မှားတဲ့ နည်းလမ်းမဟုတ်ပါ။ သွေးမြေမကျတဲ့ တိုက်ပွဲ ဖြစ်တဲ့အတွက် နိုင်ငံသား အားလုံးအတွက် လည်း ပိုပြီးအကျိုး ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။

သို့သော်လည်း ဒီမိုကရေစီ ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းတဲ့ နေရာမှာ ရွေးကောက်ပွဲ ကျင်းပပေးယုံ၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် ရယုံနဲ့တော့ မလုံလောက်သေးပါဖူး။ အိန္ဒိယနိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် ဒါတွေကို တွေ့ရပါတယ်။

၁။ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံးပိုင်ခွင့် ရှိခြင်း။ လက်ရှိ အုပ်စိုးနေဆဲ အစိုးရများမှ နိုင်ငံ ရေးပါတီ များကို ဖိနှိပ်မှုခြင်းမရှိ။
၂။ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရှိခြင်း။ ဥပမာ ဆိုရပါက အစိုးရ ဖက်တော်သား သတင်းစာများ၊ နိုင်ငံရေး ပါတီ လက်ဝေခံ သတင်းစာများ မှိုလိုပေါက် ရှိနေကြသော်လည်း အမှန်ကို အမှန်အတိုင်း တင်ပြနေ သည့် ဂုဏ်သိက္ခာ ကြီးမားသော သတင်းစားများလည်း အများအပြား ရှိနေခြင်း။
၃။ မတူကွဲပြားတဲ့ အသင်းအပင်းအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် လုပ်ကိုင်ခွင့် ရှိခြင်း။
၎။ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်များ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှု မရှိခြင်း။
၅။ တရားဥပဒေစိုးမိုးမှု အားကောင်းခြင်း.... လွတ်လပ်သော တရားစီရင်ရေးရေး တည်ရှိခြင်း စတာတွေ အပြင် အခြား အချက်အလက်များလည်း အများအပြား ရှိနေပါသေးတယ်။

အထက်က တင်ပြထားတဲ့ အချက်မျိုး မြန်မာနိုင်ငံမှာ တခုမှ မရှိပါ။ အခုလာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးရင် ကြံ့ဖွတ် အမတ်များက ပါလီမန်မှာ အများစု ဖြစ်နေလိမ့်မယ်ဆိုတာ အားလုံး သိထားပြီးသားပါ။ လောလောဆယ် ရသလောက် ကနေ တိုက်ယူမယ်၊ နောက်မှ တဖြည်းဖြည်းချင်း ချဲ့ယူမယ်ဆိုတဲ့ ပါလီမန် အမတ်များကတော့ အနည်းစုပဲ ဖြစ်ပါတယ်။ ကြံ့ဖွတ် အမတ်များကတော့ စစ်သားလူထွက်၊ လက်ရှိစစ်သားနဲ့ စစ်သားနောက်လိုက် အရပ်သားတွေ ဖြစ်နေတာမို့ ထူးပြီး သူတို့အကြောင်း မပြောလိုတော့ပါ။ နောင်မှ တဖြည်းဖြည်းချင်း ချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများကို ပြောလိုခြင်းသာ ဖြစ်ပါ တယ်။ သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ သတ္တိရှိရှိ ပြောရဲဆိုရဲ၊ တောင်းဆိုရဲမလဲ ဆိုတာကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။

မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရေးပြိုင်ဖက် နှစ်ဦးအကြား အုပ်စုလိုက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ပါ တယ်။ လူ ပေါင်း ၅၂ ဦးကို သေနတ်သမားများက နေရာမှာပဲ ပွဲခြင်းပြီး ပစ်သတ်ခဲ့ပါတယ်။ သတ်ဖြတ်မှုအပြီး သေဆုံးသူများကိုရော၊ မသေမရှင် ဖြစ်နေသူများကိုပါ ကျင်းကြီးတခုထဲမှာ ထည့်မြုတ်ခဲ့ပါတယ်။ ကျင်းကြီးတူးဖို့ ဘူဒိုဇာကိုတောင် အဆင်သင့် ထားပြီး လုပ်ကြံခဲ့တဲ့ လူသတ်မှုကြီး ဖြစ်ပါတယ်။ အသတ်ခံရတဲ့ ၅၂ ဦးထဲမှာ သတင်းထောက်က အယောက် ၂ဝ ကျော်ပါ တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင် တနိုင်ငံလုံး ဆူပွက်သွားခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အမျိုးသမီး သမ္မတ ဖြစ်သူ အာရိုယို အနေနဲ့လည်း ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေး ပြီး တာဝန်ရှိတဲ့ အပြစ်ရှိတဲ့ သူကို အရေးယူဖို့လည်း ဖိအားများ ပြင်းထန်ခဲ့ပါတယ်။ သို့သော်လည်း သမ္မတ လုပ်သူက လူသတ်ပွဲကြီးကို နောက်ကွယ်ကနေ စီစဉ်ခဲ့တဲ့ နိုင်ငံရေးသမားကို အရေးမယူနိုင်ခဲ့လို့ နောက်တခါ ရွေးကောက်ပွဲမှာ မဲမရတော့ဘဲ သမ္မတ ဘဝကနေ ဆင်းပေးလိုက်ရပါတယ်။

မြန်မာပြည်မှာကော နောင်မှာ အဲသလို အဖြစ်မျိုးတွေ မကြုံဖူးလို့ မပြောနိုင်ပါ။ အကယ်၍ အဲသလိုမျိုး ကြုံခဲ့မယ် ဆိုရင် တဖြည်းဖြည်းခြင်း နေရာချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများ တိုင်းသိပြည်သိ ပြောကြားဖို့၊ အပြစ်ရှိသူကို အရေးယူဖို့ ဒေါင်းတင် မောင်းတင် တောင်းဆိုရဲတဲ့ သတ္တိရှိပါ့မလား။

တခါ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကနေ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးသာ လိုတော့ တာမို့ စစ်တပ် ကနေ အာဏာထပ်သိမ်းမယ်၊ ပါလီမန်ကို ဖျက်သိမ်းမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် တဖြည်းဖြည်းချင်း နေရာချဲ့ ယူမယ်ဆိုတဲ့ အမတ်မင်းများက စစ်ဗိုလ်တွေကို ဒါမျိုးမလုပ်ဖို့ ချက်ခြင်း နောက်ကို ဆုတ်ဖို့ ရဲရဲတင်းတင်း ပြောရဲမယ့် သတ္တိ မျိုး ရှိပါ့မလား။ နောက်တချက်ကလည်း တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကနေ လူသတ်၊ မုဒိမ်းကျင့်၊ အမျိုးစုံနှိပ်စက် နေတာတွေ ဆက်ပြီး ကျူးလွန်နေသေးရင် ဒါမျိုးတွေ ရပ်တန်းကရပ်ဖို့ တဖြည်းဖြည်းချင်း နေရာချဲ့ယူမယ်ဆိုတဲ့ အမတ် မင်းများ အနေနဲ့ ပြောရဲတောင်းဆို ရဲပါ့မလား။

တဖက်မှာလည်း အမတ်မင်းတွေသာ မကပါဖူး။ တဖြည်းဖြည်းချင်း နေရာချဲ့ယူသွားမယ်ဆိုတဲ့ အိုင်ဒီယာကို နှစ်သက်တဲ့ မြန်မာပြည်တွင်းက မြန်မာပညာရှင် အဖွဲ့အစည်းများ အနေနဲ့လည်း ဒါမျိုးတွေကို ကြုံလာခဲ့ရင် ပညာရှင်ရှု့ထောင့်ကနေ သတ္တိရှိရှိ ထောက်ပြရဲပါ့ မလား ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက တခုသော ရွေးကောက်ပွဲ ကာလအတွင်းမှာ မုံရွာနယ်မှာ ခြောက်လောင်း ပြိုင် လူသတ်မှုဆိုတာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီကြီး တခုက နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ လူသတ်မှုကြီး ဖြစ်ပါတယ်။ နိုင်ငံသားများ အကြားမှာ အုတ်သော်အောင်းနင်း ဖြစ်ခဲ့တဲ့ သတင်းလည်း ဖြစ်ပါ တယ်။ သတင်းစာများက အဲသည့် လူသတ်မှုကြီးကို နိုင်ငံသိ ရေးကြသားကြပြီး ပြည်သူတွေကို တင်ပြ နိုင်ခဲ့ပါ တယ်။ သတင်းစာ များကလည်း တာဝန်ရှိသူ များကို အရေးယူဖို့ပါ သတ္တိရှိရှိ တောင်းဆိုခဲ့ပါတယ်။ အဆိုပါ နိုင်ငံရေးပါတီကြီးလည်း နောက်ဆုံး ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ (အဆိုပါ လူသတ်မှုကြီး အပြင် ပြည်သူများ မကြိုက်နှစ်သော အခြားကိစ္စများလည်း ပါဝင်နေ)။ အဲသည့် ခေတ်တုန်းက သတင်းမီဒီယာ ဆိုတာ အတော်ကြီး လွတ်လွတ်လပ်လပ် ရေးနိုင်သားနိုင်တဲ့ အခွင့် အရေးများ ရှိနေလို့ ဖြစ်ပါတယ်။

မြန်မာပြည်က သတင်းမီဒီယာ သမားများ အနေနဲ့ ဆင်ဆာကို ရှောင်ပြီး အလုပ်လုပ်ရတာကို အားလုံးက သဘောပေါက် နားလည်မှု ပေးထားပါတယ်။ သို့သော်လည်း ဖိလစ်ပိုင်ကလို အစုလိုက် အပြုံလိုက် လူသတ် မှုကြီးတွေ၊ မုံရွာခြောက် လောင်းပြိုင် လူသတ်မှုတွေ၊ အခြားအခြားသော ကျော်မကောင်း ကြားမကောင်း အဖြစ်အပျက်တွေကို ရင်ဆိုင်လာရရင်၊ နောင်အနာဂါတ်မှာ ဖြစ်လာခဲ့ရင် ဘယ်လိုဘယ်ပုံ ရပ်တည်ပြီး ပြည်သူတွေသိအောင်၊ ကမ္ဘာကသိအောင် တင်ပြမလဲ ဆိုတာကလည်း စောင့်ကြည့်ရမဲ့ စိတ်ဝင်စားဖွယ် အချက်တချက် ဖြစ်ပါတယ်။ ဆင်ဆာဘုတ်က ခွင့်မပြုလို့ မရေးရဲဖူး ဆိုရင်လည်း သတင်းစာ၊ ဂျာနယ်များရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ပြန်ကောက်ပါ့မယ်။ တဖြည်းဖြည်းချင်း နေရာကို ချဲ့ယူသွားမယ်ဆိုတဲ့ အချက်ကို မကန့်ကွက်ပါ။ ဘယ်လို ချဲ့မှာလဲ။ တပါးသူက တဖြေးဖြေးချင်း ပေးသမျှကို ယူပြီးမှ ဆက်ချဲ့မယ်ဆိုတဲ့ သဘောလား။ မပေးမခြင်း ပါလီမန်ထဲမှာ ထိုင်စောင့်နေကြမှာလား။ မပေးမခြင်း ဂျာနယ်တိုက်မှာ ထိုင်စောင့်ပြီး ဘေးလွတ်ရာတွေပဲ ရေးနေကြမှာလား။ သို့မဟုတ် ဆိုရေးရှိကဆို၊ ပြောရေးရှိကပြော ဆိုတဲ့ မူကို လက်ကိုင်ထားပြီး သတ္တိရှိရှိ တင်ပြပြောဆို ချဲ့ယူတာမျိုးကို လုပ်မှာလား။ ပညာရှင် အဖွဲ့ဆိုတာတွေ ကရော အစိုးရညိုညင်တဲ့ ကိစ္စတွေကို ဆက်ပြီးလက်ရှောင် နေကြဦးမှာလား။

ဟိုတုန်းကတော့ အန်အယ်ဒီ အနေနဲ့ ဟိုဟာမလုပ်ခဲ့ဖူး၊ ဒါမလုပ်ခဲ့ဖူး၊ ဒီနေရာမှာ အားနည်းတယ်၊ ဟိုနေရာမှာ ဦးဆောင်မှု မရဲတင်းဖူး အစရှိတာတွေကို ပြောခဲ့ဝေဖန်ခဲ့တဲ့ သူများ မကြာမီ ကိုယ့်အလှည့် ရောက်တော့မယ် ဆိုတကာကို သတိချပ်ဖို့ လိုလာပါပြီ။ နောက်လာမဲ့ ကာလမှာ ပါလီမန် အမတ်မင်းများရော၊ မြန်မာပညာရှင် များရော၊ သတင်းမီဒီယာများရော စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်ရတော့မယ်ဆိုတာ မမေ့ဖို့လိုကြောင်း ပြောလို ခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ထွန်းကားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဇော်မင်း
၁၉၊ ၁ဝ၊ ၂ဝ၁ဝ



Share/Bookmark

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.