ရွက်မွန်စာမျက်နှာ

Friday, October 29, 2010

ကြယ်တလုံးနှင့် ပြည်ထောင်စု

ကြယ်
တလုံးဟု ဆိုလိုက်၍ ဟိုခေတ်တုန်းက ပေါ်ခဲ့သော လူရွှင်တော် ကြယ်တလုံးအကြောင်း ပြောနေသည်ဟု မထင် လိုက်ပါနှင့်။ နိုင်ငံရေးကြောင်း ပြောမလို့ ဖြစ်သည်။ ကိုယ်မကြိုက်တာကို မကြိုက်ကြောင်း ပြောလို၍ ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၏ အနာဂတ် လှပတာကို မြင်ခြင်ကြသည်သာ ဖြစ်သည်။

ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုမြင်ချင်ပါသလဲဟု ဆိုလိုက်တိုင်း လူအများစု ပြည်သူအများစုထံမှ ထွက်လာ သော အဖြေကား လူမျိုးတိုင်း လူမျိုးတိုင်းအတွက် တန်းတူညီမျှမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုဟု ဆိုသည့် တုံ့ပြန်ချက် ပင် ဖြစ်သည်။ လှပနွေးထွေးသည့် ရည်မှန်းချက်ဖြစ်ကြောင်း တန်းကနဲ သိနိုင်ပေသည်။ ဖြစ်သင့် ဖြစ်ထိုက်သည့် သဘာဝ ဟုလည်း ထပ်မံဆိုချင်သည်။

ပြည်ထောင်စု ဆိုသည့် အသုံးအနှုံးကို အစိုးရ အဆက်ဆက်တိုင်းက အမြုတ်ထွက်မတတ် ပြောခဲ့ကြသည်။ လက်ရှိ စစ်အစိုးရကလည်း သည်စကားလုံးကို ကြုံတိုင်း တွင်တွင်ပြောနေဆဲ။ သို့သော် ပြည်ထောင်စု ဆိုသည့် စကားလုံးကိုသာ ပြောသည်။ ဖက်ဒရယ် ပြည်ထောင်စုဟု အပြည့်အစုံ ပြောခြင်းမရှိပါ။ တကယ့် ပြည်ထောင်စု ကား ဘယ်ဆီမှာ နေမှန်း မသိ။ ပြည်ထောင်စုဆိုသည့် အရသာကား ဘယ်လိုရှိမှန်းလည်း ဘယ်သူမှမသိ။ မသိရသည့် အကြောင်းရင်းကတော့ ဘယ်တုံးကမှ ဘယ်အစိုးရကမှ ပြည်ထောင်စု ဆိုသည့် အခြေအနေကို စစ်စစ်မှန်မှန် အကောင်အထည် မဖေါ်ခဲ့ကြ၍သာ ဖြစ်သည်။ လိမ်လည် လှည့်ဖျားခြင်းဖြင့်သာ အချိန်တို့ တစတစ ကုန်ဆုံးခဲ့ ရသည်။ ခေတ်ကြီးကား အတုတထောင်၊ အယောင်တသိန်း၊ အပလိန်း အနန္တဟု ဆိုရပေတော့မည်။

မဆလ ဟုခေါ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က တိုင်းသူပြည်သား တိုင်းရင်းသား လူမျိုးများ အားလုံးအတွက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံကို ထူထောင်ရပါသည်ဟု ဆိုခဲ့သည်။ ပါလီမန်ဒီမိုကရေစီ ဆိုတာ အရင်းရှင်လူနည်းစုကိုသာ ကိုယ်စားပြုသောကြောင့်ဟု အကြောင်းပြခဲ့ ကြသည်။ သူတို့ ထိုသို့ ဆိုနေသည့် အချိန် တွင် ပြည်သူတွေအနေဖြင့် ကောင်းမကောင်း ကြိုက်မကြိုက် ပြန်ပြောခွင့် မရှိခဲ့။ မဆလ ခေါင်းဆောင်များ အားလုံး ကလည်း စစ်ဗိုလ်လက်ရှိနှင့် စစ်ဗိုလ်လူထွက် များသာဖြစ်သည်။ အသုံးအနှုံး ကတော့ လှသည်။ ပြည်ထောင်စု ဆိုသည့် စကားလည်းပါသည်။ အများကောင်းစားရေးကို ကိုယ်စားပြုသည့် ဆိုရှယ်လစ် ဆိုသည့် အသုံးအနှုံးကလည်း ပါလိုက်သေး သည်။ အများဆိုတော့ လယ်သမား၊ အလုပ်သမား ဆိုသည့် လူများစုကိုလည်း သည်အသုံးအနှုံးက ကိုယ်စားပြုသယောင် ယောင် ဖန်တီးထားသေးသည်။

ထိုသို့ အများကို ကိုယ်စားပြုသလိုလို ဖန်တီးလိုက်သည့်အတွက် မဆလ အစိုးရဖက်မှ မလုပ်ချင်ဘဲ ပြန်လုပ် ပေးရသည့် အချက်ကတော့ နိုင်ငံတော် အလံတွင်ပါဝင်နေသော သင်္ကေတများပင် ဖြစ်သည်။ တောင်သူ လယ်သမားများ အတွက် စပါးနှံသင်္ကေတကို ထည့်သွင်းရသည်။ အလုပ်သမား လူတန်းစားအတွက် ပင်နီယံကြီး တလုံးလည်း ပါခဲ့ရသည်။ တိုင်းနှင့် ပြည်နယ် (၁၄) ခု အတွက် ကြယ် (၁၄) လုံးကို ထည့်သွင်း သတ်မှတ်ခဲ့ရ သည်။ အနီရောင်နှင့် အပြာရောင်ကိုလည်း ဘယ်လို အဓိပ္ပါယ်နှင့် ထည့်သွင်းခဲ့သည် ကိုတော့ ကာယကံရှင် အစိုးရသာ သိပေလိမ့်မည်။ ထိုခေတ်တခေတ်လုံး ပြည်သူတို့ ပြာယာခတ်ခဲ့ရသည် မဟုတ်လော။ တတိုင်းပြည် လုံးလည်း နီရဲသော သွေးခင်းလမ်း ဖြစ်ခဲ့ရသည်။ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုများနှင့် တိုင်းရင်းသား နယ်မြေများအတွင်း လက်နက်အားကိုး၍ နှိမ်နင်းခဲ့သောကြောင့် သွေး မြေကျ ခဲ့ရသည်ကို ဆိုလိုခြင်းဖြစ်သည်။

ပြောမည် ဆိုလျှင်တော့ အဲသည့် အလံတော်ကိုအခြေပြု၍ သဘောလောက်တော့ ပြောလို့ရသေးသည့် အချက် ကလေး များ ရှိပါသေးသည်။ ကြယ် (၁၄) လုံးသည် ပြည်ထောင်စု ဖြစ်သည်။ သည်ကြယ်လေးကတော့ ဒို့ချင်း ပြည်နယ်၊ သည် ကြယ်တလုံးကတော့ ဒို့ရှမ်းပြည်၊ သည်တလုံးကတော့ ဒို့ကရင်ပြည်နယ် အတွက် စသဖြင့် အဖြစ်သဘောမျိုး ပြောလို့ရနိုင် သေးသည်။ ကြယ် (၁၄) လုံးအတွင်းမှာ ဆိုရင်လည်း ထိပ်ဆုံးက ကြယ်ကတော့ မြေပုံအတိုင်း၊ နာရီလက်တံ အတိုင်း တွက်ချက်မည် ဆိုပါက ဒို့ကချင်ပြည်နယ် ဟုလည်း ဆိုနိုင်ပါသေးသည်။ လယ်သမားများ ကလည်း စပါးနှံသည် ဒို့တောင်သူ လယ်သမားများကို ကိုယ်စားပြုတာဟေ့ဟု ဆိုနိုင်သလို အလုပ်သမားများကိုလည်း မေ့မထားဘဲ ပင်နီယံ သင်္ကေတဖြင့် ပြဆိုထားသည်ဟု အဖြစ်လောက်တော့ ပြောနိုင် သေးသည်။ ပြည်ထောင်စု စစ်တာ မစစ်တာကတော့ ထားလိုက်ပါတော့။ အဲသည့်ကာလ အခြေအနေများဆီက အဆိုပါ နိုင်ငံတော်အလံကို နိုင်ငံတကာမှ လှမ်းကြည့်လိုက် ပြန်လျှင်လည်း၊ သြော်… သူတို့ဆီမှာ တိုင်းရင်းသား လူမျိုးများအား ကိုယ်စားပြုထားတဲ့ သင်္ကေတကို အလံတော်မှာ သေသေချာချာ ဖေါ်ပြထားသားပဲ ဟုလည်း ထင်ကောင်းထင်နိုင်စရာ ရှိသည်။ သို့သော် အလံတော်တွင် ပါရှိသော သင်္ကေတများမှာ လိမ်လည်လည့်ဖျားရုံ အတွက်သာ ဖြစ်သည်။ တကယ့် ပြည်ထောင်စု အနှစ်သာရသည် မရှိ။ လက်တွေ့ မှာက စစ်ဗိုလ်များသာ အုပ်ချုပ်ထားသည်ကိုး။

ခေတ်တွေ ထပ်ပြောင်းခဲ့သည်မှာလည်း အများအသိပင်။ ယခု နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသည့် ဗိုလ်ချုပ်များ က နိုင်ငံတော် အလံအသစ်တခုကို တည်ထွင်ဖန်တီး၍ ညောင်နှစ်ပင်ညီလာခံ၌ အတည်ပြုခဲ့သည်။ ညောင်နှစ် ပင် ညီလာခံက (၁၄) နှစ်ကြာ အချိန်ယူ ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံကို ၂ဝဝ၈ ခုနှစ်၌ ကိုယ့်သဘော ကိုယ်ဆောင်၍ အတည်ပြုခဲ့ ကြသည်။ နိုင်ငံသားတွေမှာဖြင့် ဘာမှန်းတောင် မသိလိုက်ရ။ ထိုအလံတော် အသစ်တွင် အ၀ါ ရောင်က အလျှားလိုက် အပေါ်ဆုံး တွင်ရှိသည်။ အလယ်မှာကအစိမ်းရောင်၊ အောက်ဆုံးမှာကတော့ အနီရောင် ဖြစ်သည်။ အလံတော်၏ အလယ်တည့်တည့် တွင် အဖြူရောင် ကြယ်ကြီး တလုံးရှိနေသည်။ ဘယ်သူတွေ ကြိုက် ကြိုက် မကြိုက်ကြိုက် သူတို့က အနှေးနှင့်အမြန် အတည်ပြုခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ထိုအလံ တော် အသစ်ကို နိုင်ငံသားတွေကို အသိမပေးဘဲ ကိုယ့် သဘောနှင့်ကိုယ် လွှင့်တင်ခဲ့သည်။ ဆိုရှယ်လစ် အစစ်မဟုတ်သော အလံတော်ဟောင်းကား နိတ္ထိတံသွား ခဲ့ချေပြီ။ ပြည်ထောင်စု စစ်စစ်မှန်မှန်ကို ကိုယ်စား မပြုခဲ့သော အလံတော်၏ နေရာတွင် မောင့်သဘော အလံတော်သစ်တခု ထပ်မံ နေရာယူခဲ့ချေပြီ။

မဆလခေတ်က မလွှဲမရှောင်သာ ဖြစ်ခဲ့ရသည်မှာ ကိုယ့်ရှုးကိုယ်ပတ်သွားသဖြင့် ဟန်ဆောင်ပန်ဆောင် ကြယ် (၁၄) လုံး အလံတော်တွင် ထည့်သွင်းခဲ့ရ သေးသည်။ ယခု နဝတ၊ နအဖ ခေတ်တွင် လုပ်ချလိုက်ပုံကတော့ ပြောင်ကျလွန်းလှသည်။ သူတို့၏ သဘောထား တင်းမာသည်ကိုလည်း အလံတော်ကို ကြည့်၍ သိနိုင်သည်။ ပြည်ထောင်စု ဆိုသည့် အသုံးအနှုံး ကိုလည်း ဆက်သုံးချင်သေးသည်။ သို့သော် ပြည်ထောင်စု သဘောကို ထင်ဟပ်စေမည့် သင်္ကေတကိုလည်း အလံတော် တွင် ဘယ်လိုမှ ရှာဖွေလို့မရ။ ကြယ်ကား တလုံးတည်းသာပင် ဖြစ်တော့သည်။ သူတို့သည် ပြည်ထောင်စုကို ကြောက်သော သူများပါတကား။

နိုင်ငံတော်သည် ထိုကြယ်တလုံးသာ ဖြစ်သည်ဟုဆိုပါက တပြည်ထောင်စနစ်ကို ရည်ရွယ်ရင်းသာ ဖြစ်သည်ဟု ဆိုနိုင် သည်။ ဖက်ဒရယ် ပြည်ထောင်စုဆိုသည့် သဘောကိုလည်း မခြုံငုံမိသည့် အပြင် ရိုးရိုး ပြည်ထောင်စု အသွင်ကိုတောင် မဆောင်ကြောင်း မြင်နိုင်သည်။ ဒါ့အပြင် အစိမ်းရောင်က ဗဟိုချက်မမှာ ရှိနေသည့်အတွက် အစိမ်းရောင် ဝတ်ဆင်ထားသည့် စစ်တပ်အပေါ်မှာသာ မှီခိုနေရသလိုလည်း ဖြစ်နေသေးသည်။ အစိမ်းရောင် ဆိုတော့ စစ်တပ်ကိုသာ ကိုယ်စားပြု သည်ဟု လည်း သွယ်ဝိုက်၍ ပြောချင်ပုံရသည်။ အဝါရောင်ကို ရွှေမြေဟု အဓိပ္ပါယ်ဖွင့်မည် ဆိုပါကလည်း ထိုရွှေများကို သူတို့သာ ယူငင်သိမ်းပိုက်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။ အခုလည်း ရသမျှ ခါးကြားလိမ်ထား ကြသည် မဟုတ်လော။ အနီရောင် ကတော့ ဆက်လက် သွေးခင်းသော လမ်းဟု နိမိတ် ဖတ်ရန်သာ ကျန်တော့သည်။ အကောင်းတကွက်မှ မမြင်မိ သေး။ တိုတိုပြောရပါက မြန်မာ နိုင်ငံကို စစ်တပ်က ဆက်လက်အုပ်ချုပ် ဦးမည်ဆိုသော သဘောထားပင် ဖြစ်တော့သည်။ စစ်ဗိုလ်တွေ အုပ်ချုပ်ခဲသော့ ဆိုရှယ်လစ်ခေတ်နှင့် ဘာများကွာ ပါသနည်း။ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည်ကား ဝေးလွန်း လှသော ခရီးဟု ဆိုရပေမည်။

ဤသဘောကို သိမြင်ပြီးသည့် သကာလ၌ မိမိတို့ ဘာဆက်လုပ်ကြမလဲဆိုတာ အချင်းချင်း မေးခွန်းထုတ်ရန်သာ ကျန် တော့သည်။ ဟိုလူ သည်လူများ၊ ဟိုအုပ် သည်အုပ်များ၊ ဟိုပညာရှိ သည်ပညာရှိများ အတော်စောစော ကာလက ထင်ထားသလို တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးသည် နီးစပ် မလာနိုင်တော့ဘဲ ဝေးသထက် ဝေးတော့ မည်ကို မြင်နေရသည်။ နိုင်ငံတကာမှာ ရှိနေသည့် နည်းနာပေါင်း များစွာကို မတတ်ကျွမ်း သည့်အတွက်၊ မသိရှိသည့် အတွက် ဆွေးနွေးရေး စားပွဲသို့ မရောက်နိုင်ဘဲ ဖြစ်နေသည်ဟု ထင်နေသည့် သူများလည်း ပြန်လည်သုံးသပ်ဖို့ လိုနေပြီဟု အကြံပေးလိုသည်။ ယနေ့ မြန်မာပြည် ပြဿနာသည် နည်းနာ ပြဿနာ မဟုတ်ပါ။ စေတနာ ပြဿနာ ဟုသာ မြင်မိသည်။ နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသည့် စကားပုံမှာ ရှေးလူများ အလကား ထားရစ်ခဲ့သည် မဟုတ်။

အလံတော်အသစ်ကို အသက်သွင်းရေး လုပ်နေရင်းဖြင့် မြို့တော်အသစ်ကား တည်ပြီးလေပြီ။ မြို့တော်အသစ်ဟု မမြင်မိပါ။ ခံတပ်အသစ် ဆောက်လုပ်ခြင်းဟုသာ မြင်မိသည်။ သူတို့သည်လည်း သူ့တို့ အနာဂတ်အတွက် ပြင်နေခြင်းသာ ဖြစ်သည်။ သည်ခံတပ်ထဲ ကနေ ဘာလာလာ ခံချမည် ဆိုသည့် သဘောလည်း ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်တော့သည်။ ယခင် မဆလ ခေါင်းဆောင်များတို့တွင် သည်လိုခံတပ်မျိုး မရှိခဲ့။ ထို့ကြောင့် အပြောင်းအလည်း ကာလများနှင့် ကြုံသောအခါ ပြေးစရာ မြေမရှိဖြစ်ခဲ့ ရသည်။ အကြံတူ နောက်လူ သာစမြဲဟု ဆိုကြသည်။ ပါလီမန်ထဲတွင် နောင်မှာ တဖြည်းဖြည်းချင်း တိုက်ယူမည် နေရာချဲ့ယူမည်ဟု ဆိုသည့် သူများ လည်း အခုကတည်းက အလံသစ်နှင့် ပတ်သက်၍ ဘာတလုံးမျှ မပြော နိုင်ကြ။ ရေငုံနေကြသည်။ အချိန်ကောင်း ကို စောင့်ခြင်းလော သို့မဟုတ် ကြောက်၍လော။

မိမိတို့သည်လည်း မိမိတို့လုပ်ရန် ရှိသည်များကို မတိမ်းမစောင်းဘဲ ဆက်လုပ်ရန်သာလိုသည်။ လွတ်မြောက်ရေး လုပ်ငန်း များ မှန်သမျှသည် ပြည်သူ့အားပါမှသာ မောင်းနှင်အားကို ကောင်းစေသည်။ နိုင်ငံသူ နိုင်ငံသားများ အပြည့်အဝ ပူးပေါင်းမှု မရှိဘဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားသော၊ လွတ်မြောက် သွားသော နိုင်ငံ ဆိုသည်မှာ တခါမျှမကြား ဖူးသေး။

ဇော်မင်း
၂၉ ရက် အောက်တိုဘာလ ၂ဝ၁ဝ ခုနှစ်

(ယခုဆောင်းပါးသည် လွန်ခဲ့သော သုံးနှစ်ကျော်က ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထပ်မံ၍ ဖြည့်စွက်ပြီး ပြန်လည်တင်ဆက် လိုက်ခြင်းဖြစ်သည်။)



Share/Bookmark

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.