ရွက်မွန်စာမျက်နှာ

Wednesday, November 17, 2010

ဘာတုံးဟဲ့ဖွံ့ဖြိုးရေး

မြန်မာပြည်မှာတော့ ညစ်နည်းတထောင် ရွေးကောက်ပွဲကြီး ပြီးသွားလို့ ကြံ့ဖွတ်ပါတီက နေရာပေါင်း ၈ဝ% ကျော်နဲ့ အနိုင် ရရှိသွားတယ်လို့ ပြောနေကြပါတယ်။ သို့သော်လည်း အခုအထိ ရွေးကောက်ပွဲ ပြီးတာ ၉ ရက် တောင် ရှိသွားပေမဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူတွေ တိတိကျကျ မသိရသေးပါဖူး။ လူထုဆီက ထွက်လာတဲ့ အသံကတော့ ဒီလောက် တောင် ညစ်တဲ့ဟာ သူတို့ပဲ နိုင်မှာပေါ့ဆိုတဲ့ အသံများ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ အစိုးရသစ်လည်း မဖွဲ့နိုင် သေးဖူးဆိုတော့ (နအဖ) တို့ပဲ အာဏာကို ဆက်လက်ကိုင်စွဲ ကျင့်သုံးနေ ပါတယ်။

ထူးခြားတာတခု တွေ့လာရတာကတော့ အစိုးရသစ် မဖွဲ့ရသေးပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် အကြီးစား စက်မှု လုပ်ငန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ စက်ရုံကြီးတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်း အထဲက ထားဝယ်ဒေသ ဖက်မှာ တည်ဆောက် မယ်လို့ တရားဝင်ပြောကြား လိုက်ပါတယ်။ ဥပေဒ သဘောအတိုင်းဆိုရင် ရွေး ကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် အစိုးရ သစ်နဲ့သာ ဒီလိုကြီးမားတဲ့ စီးပွားရေးကိစ္စများကို ဆက်လက် ဆောင်ရွက်သင့်ပါတယ်။ သို့သော်လည်း အာဏာတကယ် ရှိသူက ဘယ်သူလဲဆိုတာ ဒီနေရာမှာ ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။

ထားဝယ်ဒေသဖက်မှာ တည်ဆောက်မဲ့ အကြီးစားစက်မှု လုပ်ငန်း ကုမ္ပဏီများထဲမှာ ထိုင်းနိုင်ငံက PTT လို့ ခေါ်တဲ့ ရေနံစိမ်း ကနေ အခြားရေနံလောင်စာများ ထုတ်လုပ်တဲ့ အဖွဲ့ကြီး ပါဝင်ပါတယ်။ အဲသည့် ကုမ္ပဏီကြီးဟာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ရေနံ ဆိုင်ရာ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ပါတယ်။ တခါ အကြီးစားစက်ရုံများနဲ့ ဘိလပ်မြေ ထုတ်လုပ်နေတဲ့ Siam Cement Group ဆိုတာကလည်း ထားဝယ်ဖက်မှာ စက်ရုံတွေ တည်ဆောက် ပါလိမ့် မယ်။ နောက်ကုမ္ပဏီ တခုကတော့ အမည် ဖော်ပြမထားတဲ့ သံမဏိနဲ့ သံမဏိဆက်စပ် ပစ္စည်းများ ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီ တခုဖြစ် ပါတယ်။

ဆိုတော့ကာ အဲသလို အကြီးစားစက်မှုလုပ်ငန်းတွေ ထားဝယ်မှာ လာရောက်တည်ဆောက်တဲ့အခါ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ လမ်းတွေ၊ တံတားတွေနဲ့ လိုအပ်တဲ့ အဆောက်အဦတွေ တည်ဆောက်ဖို့ အတွက် လိုလာပါတယ်။ အဲသလို ဆောက်လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီကြီးကတော့ ထိုင်းနိုင်ငံ အခြေစိုက် Italian Thai Development ဆိုတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ အဲသည့် အဖွဲ့ဟာ (၁ဝ) နှစ်စာ စီမံကိန်းအတွက် မြန်မာ အာဏာပိုင်တွေနဲ့ သဘောတူ လက်မှတ် ရေးထိုး ခဲ့ပါတယ်။ အဲသည့် စီမံကိန်း ပထမအဆင့်အတွက် ကျသင့်တဲ့ ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း (၈ဝဝဝ) ရှိပါတယ်။ ဒီစီမံကိန်း ပြီးစီးတဲ့အထိ ကုန်ကျမဲ့ စုစုပေါင်းငွေတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၈) ဘီလီယံ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် အကြီးစားစက်မှုလုပ်ငန်း ကုမ္ပဏီကြီးတွေ ဘာဖြစ်လို့ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်လာ ကြတာလဲ။ ပထမ အချက်ကတော့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းဖြစ်လို့ လမ်းပန်း ဆက်သွယ်ရေးမှာ လွယ်ကူ တယ်။ ထားဝယ်မှာ ကလည်း ပင်လယ်ရေနက် ဆိပ်ကမ်း တည်ဆောက်မှာ ဆိုတော့ အနောက်ဖက်ကနေ လာမယ့် ပင်လယ်ကူး ကုန်တင် သင်္ဘောများအနေနဲ့ မလက္ကာ ရေလက်ကြားကို အချိန်အကုန်ခံပြီး ဖြတ်သွားစရာ မလိုတော့ပါဖူး။ ထားဝယ်ဆိပ်ကမ်း မှာတင် ကုန်တင်ကုန်ချ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် သင်္ဘောတွေမှာ လောင်စာဆီ ချွေတာရာ ရောက်ပြီး ငွေကြေးအရ လည်း ဥပမာ ဆိုရရင် သင်္ဘောတစင်းဟာ ဆီလောင်စာဖိုး ဒေါ်လာ တသိန်း လောက် သက်သာသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နောက်ထပ်အကြီးစား စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ တောင်ပိုင်းက ထိုင်းပြည်သူတွေက အကြီးအကျယ် ကန့်ကွက်လို့ ဖြစ်ပါတယ်။ ထိုင်းအစိုးရကိုယ်တိုင်ကလည်း သူ့နိုင်ငံ အတွင်းမှာ နောက်ထပ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှာကို မလိုလားတဲ့ အတွက်လည်း ဖြစ်ပါတယ်။

ဥပမာ တခုပြောပါ့မယ်။ “မဲ့တဖွတ်” ဆိုတဲ့ ချောင်ဘူရီမြို့နယ် အတွင်းက ကျေးရွာအနီးမှာ ရေနံဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကြီး တခုရှိနေပါတယ်။ အဲသည့် စက်ရုံကထုတ်လွှင့်တဲ့ အခိုးအငွေ့တွေကြောင့် ပြီးခဲ့တဲ့ (၁ဝ) နှစ်အတွင်း “မဲ့တဖွတ်” ကျေးရွာက ရွာသားအများအပြား ကင်ဆာရောဂါ ရပြီး အတော်များများ သေဆုံးခဲ့ပါတယ်။ ရွာထဲမှာ လူမသေဖူးတဲ့အိမ် ဆိုတာ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ကင်ဆာရောဂါကို ဆက်လက် ခံစားနေရတဲ့ ရွာသားများ အများအပြား ရှိနေဆဲပါ။ အဲတာအတွက် ရွာသားများအကြားနဲ့ စက်ရုံ ပိုင်ရှင် ကုမ္ပဏီတို့အကြားမှာ တရားတဘောင် ဖြစ်နေတာလည်း နှစ်တွေ မနည်းတော့ပါဖူး။ Mae Ta Phut Case လို့ဆိုလိုက်ရင် ထိုင်းနိုင်ငံမှာ လူတိုင်းသိတဲ့ ကိစ္စကြီး ဖြစ်ပါတယ်။ နောက်တချက်တော့ အကြီးစားစက်မှု လုပ်ငန်းတွေက စွန့်ပစ်သွန်ထုတ်လိုက်တဲ့ အညစ်အကျေးများကြောင့် ချောင်းမြောင်းတွေ ညစ်ပတ်ပျက်စီးလို့ ဒေသခံတွေရဲ့ ရေချိုငါးဖမ်း လုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ စက်ရုံကြီးများ ရှိနေတဲ့ ဒေသတဝိုက်က လယ်ကွင်း တွေလည်း ဓာတုဗေဒ ဓာတ်သင့်ကုန်လို့ စိုက်ပျိုးရေးသမားတွေ ဆုံးရှုံးရတာ တွေဟာလည်း မနည်းလှပါဖူး။

အဲသလို အကြောင်းများကြောင့် အလားတူ စက်ရုံကြီးများ ထပ်မံတည်ဆောက်ဖို့ ထိုင်းအစိုးရကလည်း တွန့်ဆုတ် တွန့် ဆုတ် ဖြစ်နေသလို ထိုင်းနိုင်ငံ တောင်ပိုင်းက ပြည်သူများပါ မလိုလားဘဲ အကြီးအကျယ် ကန့်ကွက် နေတာမို့ မြန်မာပြည် က ရေနက်ဆိပ်ကမ်း တည်ရှိမဲ့ ထားဝယ်ဒေသဟာ အကြီးစား စက်မှု ကုမ္ပကြီးများအတွက် ပစ်မှတ်ကောင်း ဖြစ်နေရ တာပါ။

အထက်က ပြောပြခဲ့တဲ့ သတင်းများနဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်လေးတခုလည်း ဖြစ်ပျက်ခဲ့ပါတယ်။ နိုဝင်ဘာ လ (၇) ရက်နေ့ မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်တဲ့ ကမ္ဘောဇ ဦးခင်ရွှေ (ခေါ်) ဒေါက်တာခင်ရွှေ ဘန်ကောက်မြို့ကို ရောက်လာတယ်လို့ ကြားသိရပါတယ်။ သူရဲ့ ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ဟာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့သာဖြစ်ပြီး တချို့ကလည်း နိုင်ငံခြား တက္ကသိုလ် တခုကနေ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ဟန်ပြဒေါက်တာ ဘွဲ့ကြီးသာ ဖြစ်ကြောင်း ပြောကြ ပါတယ်။ ရောက်လာရတဲ့ အကြောင်း ကတော့ ထိုင်းအခြေစိုက် အကြီးစား စီးပွားရေး လုပ်ငန်းရှင်များနဲ့ လာရောက် တွေ့ဆုံတယ်လို့ ကြားသိရ ပါတယ်။

အဲသည့် အစည်းအဝေးမှာ ဦးခင်ရွှေက သူဟာ အခုဆိုရင် ပြည်သူတွေက မဲနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ် (ကြံ့ဖွတ်အမတ်) ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ပြောပါသတဲ့။ ထိုင်းစီးပွားရေး သမားများက အစိုးရဖွဲ့ရင် ဦးခင်ရွှေ ဘယ်ရာထူးမျိုး ရနိုင်သလဲလို့ မေးကြတယ်လို့ ဆိုပါတယ်။ အဲတော့ ဦးခင်ရွှေက သူအနေနဲ့ အနည်းဆုံး ဒုတိယသမ္မတ ဆိုလား၊ ဒုတိယဝန်ကြီးချုပ်ဆိုလား အဲသလို ရာထူးမျိုးကို ရလိမ့်မယ်လို့ အဖြေ ပြန်ပေးတယ်လို့ ကြားရပါတယ်။ တဆက်ထဲမှာလည်း ဦးခင်ရွှေက ခင်ဗျားတို့ ထိုင်းကုမ္ပဏီကြီးတွေ မြန်မြန် လာပြီး ရင်းနှီးမြှုတ်နှံကြ၊ မဟုတ်ရင် တရုတ်ကုမ္ပဏီတွေက အားလုံး လက်ဝါးကြီး အုပ်သွားလိမ့်မယ်ဆိုပြီး အကြံပေးတယ်လို့လည်း သိရပါသေးတယ်။

ရွေးကောက်ပွဲအပြီး နောက်တရက်မှာ ဘန်ကောက်ကို ချက်ခြင်းထွက်လာပြီး အခုလို စီးပွားရေး ကိစ္စတွေ လုပ်တာဟာ စစ်အစိုးရက မျက်နှာသာပေး ထားလို့သာ လုပ်နိုင်တယ် ဆိုတာကို အထင်အရှား မြင်ရပါတယ်။ နောက်အစိုးရသစ် ဖွဲ့လာမယ့် အချိန်မှာလည်း အနာဂတ်မှာ တကယ်တန်း အာဏာရှိ မှာကတော့ တပ်ချုပ်ကြီး သာ ဖြစ်တယ်ဆိုတာကို ဘယ်သူငြင်းနိုင်မှာလဲ။

နောက်တချက်ကတော့ မြန်မာပြည်က ပြည်သူတွေအနေနဲ့ ရေရှည်မှာ အဲသလို နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုဖြစ်တဲ့ အကြီးစား စက်မှုလုပ်ငန်းကြီးတွေကြောင့် ကိုယ့်တိုင်းပြည်က သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမယ်၊ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်မယ် ဆိုတာတွေအတွက် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြနိုင်ခွင့် မရှိသေးတာကိုလည်း ဝမ်းနည်းဖွယ် မြင်ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီမိုကရေစီ အထိုက်အလျှောက် ထွန်း ကားတဲ့ နိုင်ငံဆိုတော့ အုပ်ချုပ်သူ အစိုးရဟာ နိုင်ငံသား ပြည်သူတွေရဲ့ အသံကို နားထောင်ရပါတယ်။ နိုင်ငံသားတွေ တောင်းဆိုတာကို ပြည်ငဲ့ကြည့်ရ ပါတယ်။ ဒါဟာ မြန်မာပြည် အခြေအနေနဲ့ ဘယ်လောက် ကွာဟနေသလဲ ဆိုတာကို ထင်ဟပ်ပြသရာလည်း ရောက်ပါတယ်။

ကြံ့ဖွတ်အများစု အမတ်တွေရယ် စစ်ဗိုလ်တွေရယ် ပေါင်းပြီး အစိုးရသစ် ဖွဲ့မယ်ဆိုရင် မေးရမဲ့ မေးခွန်းတခု ကတော့ သူတို့ မှာ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့ ခိုင်ခံ့တဲ့ ပေါ်လစီတွေ ရှိရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီး လုပ်ရင်း သဘာဝပတ်ဝန်းကျင်တွေ ဒေသခံ ပြည်သူတွေ အကြီးအကျယ် ထိခိုက်တာမျိုး ဖြစ်ခဲ့ပါတယ်။ လူနည်းစုသာ အကျိုးခံစားရပါတယ်။ အဲသည်တော့ ကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးရေးကို လုပ်မယ်ဆိုရင် သူများနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမှားတွေကို အစိုးရ လုပ်မဲ့သူ တွေက သင်ခန်းယူဖို့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကလည်း မေးထိုက်တဲ့ မေးခွန်းလို့ ဆိုပါရေစေ။

ဇော်မင်း
၁၆ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.