ရွက်မွန်စာမျက်နှာ

Thursday, November 25, 2010

ပါလီမန်ထဲမှာ တိုက်ယူမတဲ့လား

မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးကတဲက အခြေအနေများ တစုံတရာ အတိုင်းအတာ တခုထိ အကောင်းဖက်ကို ဦးတည်ပြီး ပြောင်းတော့မလားလို့ နိုင်ငံတာက အစိုးရများက တွက်နေကြပါတယ်။ အထူးသဖြင့် ဥရောပတိုက်က အစိုးရတချို့နဲ့ အာရှဒေသတွင်းက အစိုးရများက ရွေးကောက်ပွဲ ရှိတာဟာ ဘာပဲပြောပြော တိုးတက်လာတဲ့ လက္ခဏာလို့ မြင်ကြပါတယ်။ ဘာတွေများ မြင်သာထင်သာ တိုးတက်လာသလဲလို့ ဟိုကြည့်ဒီကြည့် လိုက်ကြည့် လိုက်တော့ တွေ့လိုက်ရတဲ့ လတ်လတ် ဆတ်ဆတ် ကိစ္စတခုကတော့ ရခိုင်ပြည်က တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေဖြစ်တဲ့ ဘုရားတွေ စေတီတွေ ပုထိုးတွေ ကျုံးဟောင်းတွေကို ဘူဒိုဇာတွေနဲ့ ဖျက်စီးနေတယ် ဆိုတာကို သွားတွေ့ရပါတယ်။ စိတ်မကောင်းစရာတွေပါပဲ။ လူမျိုးတမျိုးအတွက် ဘယ်လိုမှ ပြန်အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုတွေလို့ ဆိုနိုင်ပါတယ်။

ရခိုင်အမျိုးသားတို့အဖို့ သူတို့ရဲ့ ရှေးဟောင်းအမွေ အနှစ်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ ဘာမှမတတ်နိုင်ဘဲ စစ်အစိုးရ လုပ်ချင်တိုင်း လုပ်နေတာကို ထိုင်ကြည့်နေရပါတယ်။ အခုရွေးကောက်ပွဲမှာ အမတ်နေရာ တချို့ ရထားတဲ့ ရခိုင်ပါတီလည်း ဒီကိစ္စအတွက် ဘာလုပ်နိုင်သလဲလို့ ကြည့်လိုက်တော့ အမတ်မင်းများလည်း ဘာသံမှ မထွက်သလို ဘာမှမလုပ်နိုင်တာကို မြင်ရပါတယ်။ ရွေးကောက်ပွဲပြီးလို့ အမတ်တွေ ဖြစ်လာရင် ကိုယ့်ပြည်နယ် ထဲမှာ ပြည်နယ်ရဲ့ ကောင်းကျိုးကို ဆောင်ရွက် နိုင်မယ်လို့ ထင်ထားတဲ့ တွက်ကိန်းဟာ တက်တက်စင်အောင် လွဲနေတယ် ဆိုတာကို အထင်အရှား မြင်ရပါတယ်။ ဒါဟာ အပြစ်တင်နေတာ မဟုတ်ပါဖူး။ တွက်ရေးက စက်သူဌေး တွက်ကြည့်မှ စက်မရှိ ဆိုတာလို ဖြစ်နေတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။ တခါ ရခိုင်အမတ်မင်း တွေ ဘာမှပြောရဲလို့ မြန်မာ အမတ်မင်းများက ကူပြီး ဒီကိစ္စကို ဝိုင်းဝန်းပေးတယ် ဆိုတာလည်း မကြားရပါဖူး။

စစ်အစိုးရအနေနဲ့လည်း မလုပ်သင့်တာ မလုပ်ထိုက်တာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ တခုကလည်း မြန်မာနိုင်ငံ ဆိုတာ တိုင်းရင်းလူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ စစ်အာဏာရှင်များက အသိအမှတ်ပြုပုံ မပေါ်ပါဖူး။ မြန်မာ လွှမ်းမိုးရေးကိုသာ တစိုက်မတ်မတ် လုပ်နေတယ်ဆိုတာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခြေအနေတွေကို ပြန်ကြည့် တာနဲ့လည်း သိနိုင်ပါတယ်။ တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုတာက တည်ငြိမ် အေးချမ်းဖို့ လိုပါတယ်။ တည်ငြိမ်တယ် ဆိုတာ အကြောက်တရားကြောင့် လူတွေဘာမှာ ပြန်မပြောရဲဘဲ တည်ငြိမ် တာမျိုးကို ဆိုလိုတာ မဟုတ်ပါဖူး။ ဒီမိုကရေစီ ဖြန့်ကျက်မှု၊ တရားမျှမှု တွေကြောင့် တည်ငြိမ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုံနေထိုင်တဲ့ တိုင်းပြည်တပြည်ရယ်လို့ ဖြစ်လာတာဟာ နှစ်ပေါင်း တထောင်ခန့် ရှိပြီလို့ ယေဘုယျ အားဖြင့် ဆိုနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှ ပေါ်ပေါက်လာတဲ့ စင်္ကာကူလို မြို့ပြနိုင်ငံ အသစ်ကလေး တခုတောင်သူ့နိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်နေတဲ့ အိန္ဒိနွယ်ဖွားတွေ၊ တရုတ် နွယ်ဖွားတွေ၊ မူလကတည်းက ရှိခဲ့တဲ့ မလေးနွယ်ဖွား အားလုံးအတွက် ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်အောင် ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနေတာ အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖျဉ်း ပြောရရင် စင်္ကာပူဟာ တည်ငြိမ်တယ် အေးချမ်းတယ်လို့ ပြောရမှာပါပဲ။ ဒီမိုကရေစီ ဖြန့်ကျက်မှု အားမကောင်းသေးတာ၊ ခွင့်ပြုမှု အလွန် နည်းသေးတာကတော့ ချွင်းချက်လို့ ဆိုနိုင်ပါတယ်။

လူမျိုးတိုင်းဟာ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေ စတာတွေနဲ့ ပတ်သက်လို့ မြတ်နိုး တန်ဖိုး ထားကြပါတယ်။ အဲတာနဲ့ ပတ်သက်လို့ ဥပမာတခုကို ပြောလိုပါတယ်။ အင်္ဂလိပ်ကိုလိုနီ လက်ထက်တုန်းက ဘုရားပေါ်ကို အင်္ဂလိပ် အုပ်စိုးသူ အာဏာပိုင်တွေ ဘွတ်ဖိနပ်စီးပြီး တက်လာတဲ့အတွက် မြန်မာတွေဖက်မှာ စွေ့စွေ့ခုန် မဖြစ်ခဲ့ဖူးလား။ ရိုင်းလိုက်တဲ့ ကုလားဖြူတွေ၊ ငဒို့လူမျိုးကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ခဲ့ကြတယ် မဟုတ်လား။ အဲသည့် ဘုရားပေါ်မှာ ကိုလိုနီ အရှင်သခင်တွေ ဖိနပ်စီးပြီး တက်ရာကနေ တဆင့် အမျိုးသားရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ် ဆိုတာကို မမေ့ကြသေးဖူးလို့ ထင်ပါတယ်။ ဒါတောင် ကိုလိုနီ အုပ်ချုပ်သူ အင်္ဂလိပ်တွေဟာ ဘွတ်ဖိနပ်စီးပြီး ဘုရားပေါ် တက်ရုံသာ တက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားတွေကို ဖြိုချဖျက်စီး တာမျိုး မလုပ်ခဲ့ပါဖူး။

အခုမှာက ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ရထားလမ်းဖောက်ဖို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ စစ် အစိုးရက ဘူဒိုဇာတွေနဲ့ ထိုးပြီးဖျက်စီး နေတာကို ရခိုင်အမျိုးသားတွေ မချိတင်ကဲ ဖြစ်မှာ အမှန်ပါပဲ။ ဒေါသထွက်ကြ မှာလည်း အသေအချာပါပဲ။ မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေ ထိုင်တဲ့ တိုင်းပြည်ဆိုတာ အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။ အဲတာကြောင့် မြန်မာတွေ ကိုယ်ရဲ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်တွေကို မြတ်နိုးသလို တခြားသော တိုင်းရင်းသား လူမျိုးများလည်း သူတိုရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုး လိမ့်မယ် ဆိုတာ အထူး သံသယ ဖြစ်စရာ မလိုပါဖူး။ အခုလို မြန်မာစစ်အစိုးရက ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်လိုဖျက်စီး လုပ်နေတာဟာ ရခိုင် အမျိုးသားတွေ ဖက်က ဘယ်လိုမြင်မလဲ။ ရခိုင်တွေဟာ မြန်မာတွေရဲ့ လက်အောက်မှာ ကိုလိုနီကျွန်ဘဝ သဖွယ် နေထိုင်နေရလို့ အခုလိုမျိုး အဖြစ်တွေကို ရင်ဆိုင်နေရတာလို့ သူတို့ဖက်က မြင်မှာ မလွဲပါဖူး။ ဒီလို အကျိုးဆက် တွေကြောင့် မြန်မာမုန်းတီးရေး စိတ်များလည်း တဟုန်းဟုန်းနဲ့ မြင့်တက်လာ ပါလိမ့်မယ်။ ဒီလိုမျိုးသာ ဖြစ်နေ ကြပြီဆိုရင် အနာဂတ် မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းဖို့ လွယ်ကူပါ့ မလား။ ဖွံ့ဖြိုးတိုးတက်ဖို့ကော ဖြစ်နိုင် ပါ့မလား။

ဒါ့အပြင် အခြားသော ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်က ထွက်ရှိ လာမယ့် သဘာဝဓာတ်ငွေ့တွေကို ရခိုင်လူမျိုးတွေ ဈေးချိုချိုနဲ့ သုံးစွဲခွင့် ရပါ့မလား ဆိုတာကလည်း မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။ တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ဖို့ ပိုက်လိုင်းတွေ ဆောက်နေတယ် မဟုတ်လား။ ပြောရမယ်ဆိုရင် အဲသည့် သဘာဝ ဓာတ်ငွေ့တွေကို ဒေသခံ ရခိုင်အမျိုးသားတွေ သုံးစွဲခွင့် ရမှာမဟုတ်သလို မြန်မာအပါအဝင် တခြားသော တိုင်းရင်းသားများလည်း အဖိုးအခ နည်းနည်းနဲ့ သုံးစွဲခွင့်ရဖို့ဆိုတာ ငရဲပြည်က အပ်တစင်းနဲ့ နတ်ပြည်က အပ်တစင်း လိုပါပဲ။

နောက်တချက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စစ်တွေမြို့မှာ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား လုပ်မှာကို စစ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဖူး။ ဦးဥတ္တမဟာ ရခိုင့်အာဏာဇာနည် တပါးဖြစ်သလို မြန်မာ တနိုင်ငံလုံးရဲ့ ပထမ ဆုံးသော အာဇာနည်တဦး ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဖူး။ ဒါကို ဘာသဘောနဲ့ စစ်အာဏာပိုင်တွေက တားမြစ်တာလဲ။ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားရေး စိတ်ဓာတ်တွေ ပိုမိုမြင့်တက် လာမှာကို ချိုးနှိမ်တဲ့ သဘောနဲ့ ရည်စူးပြီး တားမြစ်တယ်လို့သာ စွပ်စွဲရတော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုဖြစ်နေသလို အလားတူ အဖြစ်အပျက်မျိုးတွေ တခြားသော တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ခဲ့တာ ရှိနေပါသေးတယ်။ ဥပမာ တခုကို ပြောရမယ်ဆိုရင် အခုလက်ရှိ စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်က ကျိုင်းတုံဟော်နန်း ကိုလည်း အလာတူပါပဲ ဘူဒိုဇာနဲ့ ထိုးချဖျက်စီး ခဲ့ပါတယ်။ အာဏာပိုင်တွေ အကြောင်းပြတာ ကတော့ အဲသလို ဖျက်စီးရတာဟာ ခရီးသွားနဲ့ ဧည့်ကြိုလုပ်ငန်းအတွက် ခေတ်မီ ဟော်တယ် တည်ဆောက်ဖို့ ဆိုပြီး အကြောင်းပြခြင်း ဖြစ်ပါ တယ်။ ဒီအကြောင်းပြချက်ဟာ မခိုင်လုံပါဖူး။

ကျိုင်းတုံဟော်နန်းဟာ တချိန်တုန်းက ရှမ်းပဒေသရာဇ် စော်ဘွားတွေ နေထိုင်ခဲ့တဲ့ ဟော်နန်း ဖြစ်ပါတယ်။ အခုခေတ်မှာ စော်ဘွားဆိုတာ မရှိတော့ပေမယ့် ဒီအဆောက်အဦဟာ ရှမ်းအမျိုးသားများအတွက် ရှေးဟောင်း ရိုးရာ အမွေအနှစ်များ ထဲက တခုဖြစ်ပါတယ်။ နောင်လာနောက်သား ရှမ်းမျိုးဆက်သစ် လူငယ်များ သမိုင်းရေး ဆိုင်ရာအရ ကြည့်ရှု လေ့လာ နိုင်ဖို့အတွက် ဆက်လက် တည်ရှိသင့်တဲ့ အဆောက်အဦလည်း ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားများအတွက် ဟော်တယ်ဆောက်တာ လွတ်ရာကျွတ်ရာ တနေရာရာမှာ ဆောက်လို့ ရပါတယ်။ ငေါ့တော့တော့ ပြောရရင် အဲဒီ နေရာမှာမှ ဟော်တယ်မဆောက်ရင် တိုးရစ်တွေက လာမတည်း တော့ဖူးလို့ အဆို တင်ထားလို့လား။ မြန်မာတွေ လက်အောက်မှာ ကိုလိုနီသဖွယ် နေနရလို့ အခုလို စော်ကား ခံရတာလို့ ရှမ်းအမျိုးသားတွေဖက်က မြင်မှာမလွဲပါဖူး။ အခုတော့ လူမျိုးတမျိုးအတွက် အစားထိုးလို့ မရနိုင်တဲ့ သမိုင်းဆိုင်ရာ အမွေအနှစ်တွေကို လက်လွတ်စပါယ် လုပ်နေတယ်လို့သာ ပြောပါရစေ။

တကယ်တန်း ပြောမယ်ဆိုရင် အစိုးရဆိုတာမျိုးဟာ လူမျိုးတိုင်းရဲ့ ရှေးဟောင်းသမိုင်း အမွေအနှစ်တွေကို မဖျက်စီး သင့်တဲ့အပြင် ထိန်းသိမ်းစောင့်ရှောက် ထားဖို့တောင် ကူညီဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ရှေးဟောင်း အမွေ အနှစ်ဆိုရင် ထိန်းသိမ်းထား၊ ခေတ်သစ် အဆောက်အဦဆိုရင် ဖျက်ခြခွင့် ရှိတယ်လို့ ဆိုလိုတာလည်း မဟုတ်ပါ။ ဥပမာ တခုပြောရရင် ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းအမျိုးသားများ ကိုးကွယ်ရာဖြစ်တဲ့ အခုခေတ်မှ တည်ဆောက်တဲ့ ခရစ်ယန် ဘုရားကျောင်း များကို ဖြိုချဖျက်စီး မီးရှို့တဲ့ လုပ်ရပ်မျိုးကို စစ်တပ်က အကြိမ်များစွာ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေဟာလည်း မလုပ်သင့်တဲ့ လုပ်ရပ်လို့ ဆိုပါရစေ။ ဒါမျိုးတွေ ချင်းပြည်နယ် နေရာအနှံ့အပြားများ ဖြစ်ပျက်ခဲ့ပါတယ်။ အလွန်အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်များပါ။

နောက်ဆက်ပြီး ပြောလိုတာကတော့ ဥပမာဆိုရရင် မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ မြန်မာပြည် အလယ်ပိုင်းက ရှေးဟောင်း ပုဂံဘုရားတွေကို တရုတ်စီးပွားရေး ကုမ္ပဏီကြီး တခုက ရထားလမ်း ဖောက်တာနဲ့ မလွတ်လို့၊ ဒါမှမဟုတ် တရုတ်ပြည်ကို သွယ်တန်းနေတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့ လမ်းပေါ်မှာ ရောက်နေလို့ ဆိုပြီး ဘူဒိုဇာ တွေနဲ့ ထိုးချဖျက်စီးတော့မယ် ဆိုရင် မြန်မာလူမျိုးတွေ စိတ်ထဲမှာ ဘယ်လိုများ ရှိပါ့မလဲ။ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ ခံပြင်းခြင်းများနဲ့ အတူ တရုတ်မုန်းတီး စိတ်တွေလည်း တဟုန်းဟုန်း တောက်လောင်လာ လိမ့်မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲပါဖူး။

ကိုယ့်လူမျိုးရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ချစ်မြတ်နိုးတာ၊ ထိန်းသိမ်းလိုတာ လူမျိုးတိုင်းရဲ့ အခွင့်အရေး တခုပါ။ အဲသလိုပါပဲ ကိုယ့်ရဲ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေ အနှစ်တွေကို ကိုယ်ချစ်မြတ်နိုးသလို တခြားသော တိုင်းရင်းသား လူမျိုးများလည်း သူတို့ရဲ့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် တွေကို ချစ်လိမ့်မယ် မြတ်နိုးလိမ့်မယ်ဆိုတာ သံသယ ဖြစ်ရာ မလိုပါဖူး။

အခုလို တိုင်းရင်းသားတွေရဲ့ ရှေးဟောင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှု လက်ရာတွေကို မြန်မာ စစ်အာဏာပိုင် တွေက ဖျက်စီးနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ မြန်မာလူမျိုး မုန်းတီးရေးတွေ ဘယ်လောက်များ အထပ်ထပ် ကိန်းအောင်း နေမလဲဆိုတာ တွက်မကြည့်ရဲလောက်အောင် ဖြစ်မိပါတယ်။

ကိုင်းရွေးကောက်ပွဲကြီး ကတော့ ပြီးလို့သွားပါပြီ။ အနာဂတ်မှာ အမတ်မင်းများ ဘာတွေလုပ်နိုင်မလဲ ဆိုတာ ကတော့ မသိသေးပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခုလို အခြေအနေတွေကို ဘယ်သူမှ အကာ အကွယ် မပေးနိုင်ဖူး ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ ပါလီမန်ထဲမှာ တိုက်ယူမယ်ဆိုတဲ့ ပုဂ္ဂိုလ်များ ဘာများ ပြောချင်ကြပါသလဲ။

ဇော်မင်း
၂၅ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

1 comment:

မန်းကိုကို said...

ပါလီမန်ထဲမှာ တိုက်ယူမယ် ဆိုတာက ဟို .. ဟို ..
ဒါနဲ့ ပါလီမန်က ဘယ်နားမှာ ရှိလဲဟင် .. ဘယ်တော့ ပါလီမန်ကို စခေါ်မှာလဲ .. ကြားရင်လည်း (အမတ်မင်း) ဦးတို့ကို ပြောပြကြပါအုံး။ :-)

နောက်တာပါဗျာ။
ဆောင်းပါးလေးကို ကြိုက်ပါတယ်။
ကျနော် တနေရာမှာ ရေးခဲ့ဖူးသလိုပဲ တိုင်းရင်းသားတွေထဲက “သခင်မျိုးဟေ့ ဒို့ရခိုင်၊ သခင်မျိုးဟေ့ ဒို့ရှမ်း၊ သခင်မျိုးဟေ့ ဒို့မွန်” တွေဆိုပြီး ဖြစ်လာကြရင် ဗမာတွေရဲ့ တုန့်ပြန်မှုက အင်္ဂလိပ်တွေနဲ့ ဘယ်လိုများ ကွာလေမလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်ဗျာ။

မြန်မာပြည်သူ ပြည်သားတွေ တစ်ဦးကို တစ်ဦး ကိုယ်ချင်းမစာနာ နိုင်သ၍၊ ကမောက်ကမ စိတ်ဓါတ်၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပြင်ဖို့ မကျိုးစားကြသ၍တော့ ဂျာအေး သူ့အမေရိုက်သလို ချာလပတ်လည် နေရအုံးမှာတော့ သေချာပါတယ်။

ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ရှိသမျှ အထွေထွေသော အရင်းအမြစ်တွေ အားလုံးလည်း အလဟဿ ဖြစ်ခဲ့ရတာ ရှည်ကြာများပြားလွန်းလို့ နှမျောတသ ဝမ်းနည်းတတ်သူဆိုရင် မယ်ပဋာ မြေလူးရလောက်တယ်။

အင်းလေ .. ပြန်မရနိုင်တာတွေကို တမ်းတလို့ မထူးဘူးဆိုတော့ အင်အားနဲ့ လက်နက်ပါတဲ့ သတင်းစကားကိုမှ နည်းနည်းလေး ငဲ့စောင်းကြည့်တတ်တဲ့ ကုလားထိုင်ပေါ်က လူများကို ဘယ်လို လက်တွေ့ကျကျ ရင်ဆိုင်သွားကြရမယ် ဆိုတာကိုပဲ တွေးကြတာ ပိုကောင်းမယ် ထင်ပါရဲ့။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.