ဗမာပြည်မှာ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး လုပ်ကိုင်တော့မယ်တဲ့။ ဘာဖြစ်လို့တုန်း ဆိုတော့ ပါတီရန်ပုံငွေ လိုအပ်တယ်ဆိုတဲ့ အချက်ကနေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေလို့ ဆိုရင်လည်း မှားမယ် မထင်ပါဖူး။ ဒါက နဂို ကတည်းက ပါတီရန်ပုံငွေ အလုံအလောက်မရှိဘဲ ထူထောင်ထားတဲ့ ပါတီတွေရဲ့ ပြဿနာ လို့ ဆိုနိုင်ပါတယ်။ ကြံ့ဖွံ့လို အတော်စောစောကတည်းက အခွင့်အရေးတွေ အမြောက်အများ ရထားတဲ့ ပါတီ မျိုးဟာ ပါတီရန်ပုံငွေ အတွက် ပူစရာ မလိုဖူးဆိုပေမဲ့ ရေရှည်အတွက် သူတို့လည်း စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီး လုပ်ကိုင် လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဖူး။
ဘယ်လိုစီးပွားရေး လုပ်ငန်းမျိုးတွေ ထူထောင် လုပ်ကိုင်ကြမလဲ။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုဟာမျိုးတွေ လုပ်လာ နိုင်ပါတယ်။ စက်မှုလက်မှု လုပ်ငန်းတွေလည်း ပါပါလိမ့်မယ်။ ကန်ထရိုက်စနစ်နဲ့ လုပ်တဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း တွေလည်း ချန်ထားမယ်လို့ မထင်ပါဖူး။ သတ္ထုတူးဖော်ခွင့်တို့၊ သစ်ထုတ်ခွင့်တို့ရော ပါလာ နိုင်ပါသေးတယ်။ ပါတီ အကြီး အသေးကိုလိုက်ပြီး စစ်တပ်က မျက်နှာသာ ပေးရင်ပေးသလို လုပ်ကြမယ်ဆိုတာ တွက်ကြည့်လို့ ရပါတယ်။
ဒီနေရာမှာ မေးစရာ မေးခွန်းတွေ ပေါ်လာပါတယ်။ နိုင်ငံရေးပါတီတွေ ပါတီနာမည်ကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်း ထူထောင်သင့်သလား။ ထူထောင်ခွင့်ကော ရှိသလား။
အမေရိကန်နိုင်ငံမှာ အဓိကပါတီကြီး နှစ်ခုရှိပါတယ်။ ရီပတ်ဗလီကင်နဲ့ ဒီမိုကရက် ပါတီတို့ ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံရေး ပါတီကြီး နှစ်ခုဟာ ပါတီနာမည်ကို အခြေခံထားတဲ့ ပါတီကို ကိုယ်စားပြုတဲ့ စီးပွားရေးလုပ်ငန်းဆိုတာ မလုပ်ကြပါဖူး။ အမေရိကန် ဥပဒေအရလည်း လုပ်ပိုင်ခွင့် မရှိပါဖူး။ ဒါဆိုရင် သူတို့ ပါတီလည်ပတ်ဖို့ ဘယ်က ပိုက်ဆံ ရသလဲဆိုတာ လေ့လာကြည့်ဖို့ လိုလာပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း အခုဆိုရင် အဓိကပါတီကြီး သုံးခု ရှိလာပါတယ်။ ကွန်ဆာ ဗေးတစ်ရယ်၊ လေဘာရယ်၊ လစ်ဘရယ် ဒီမိုကရက်တို့ ဖြစ်ကြပါတယ်။ အဲသည့် နိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးသာ လုပ်ကိုင်ခွင့်ရပါတယ်။ ပါတီကိုမှီပြီး ပါတီနာမည်ခံပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာမျိုး လုပ်ခွင့် မရှိပါဖူး။ ဒါဖြင့်ရင် သူတို့လည်း သူတို့ပါတီတွေ လည်ပတ်ဖို့ ဘယ်ကနေ ပိုက်ဆံရသလဲ။
သူတို့ရဲ့ ပါတီဝင်တွေဆီကနေ ပထမအဆင့် နှစ်စဉ် ပါတီကြေး ကောက်ခံရာကနေ အခြေခံပါတယ်။ ပါတီဝင် တဦးချင်း စီက သူတို့ရဲ ဓနကြွယ်ဝမှုကို လိုက်ပြီး လှူဒါန်းတာတွေလည်း ရှိပါတယ်။ နောက်တဆင့်ကတော့ ပါတီဝင်မဟုတ်တဲ့ ပါတီကို ထောက်ခံသူများ ထံကလည်း လှူဒါန်းငွေတွေ ရရှိပါတယ်။ အဲသလို ငွေကြေး အမြောက်အများ လှူဒါန်းနိုင်တဲ့ သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေက လူတွေဖြစ်ပါတယ်။ သူတို့က ဘာဖြစ်လို့ လှူသလဲ။ အတိုင်းအတာ တခုအထိ အကျိုးရှိလို့ လှူတာဖြစ်ပါတယ်။ ဘယ်လိုအကျိုးရှိသလဲ ဆိုတာ ပြန်ကြည့်ရင်။ ကိုယ်လှူဒါန်းတဲ့ ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖြစ်ရင် ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်း တွေနဲ့ပတ်သက်ပြီး အာဏာရ အစိုးရက သက်ဆိုင်ရာ ဥပဒေဘောင် အတွင်းကနေ ခွင့်ပြုထားတဲ့ အတိုင်း အတာအရ စီးပွားရေးမျက်နှာသာပေး တာမျိုးကို ရရှိနိုင်လို့ ဖြစ်ပါတယ်။ ဥပမာ တခုလောက်ပေးရ မယ်ဆိုရင် ကိုယ်ထောက်ခံ လှူဒါန်းထားတဲ့ ပါတီက အာဏာရလာပြီ ဆိုပါစို့။ အဲသည့် အစိုးရက ခေါင်းဆောင် တွေ နိုင်ငံရပ်ခြားကို ခရီးသွားတဲ့ အခါမျိုးမှာ ငွေလှူထားတဲ့ ကုမ္ပဏီတွေက အဆင့်မြင့် အရာရှိတွေကိုပါ အုပ်စု လိုက် ခေါ်ဆောင်သွားပြီး ရောက်တဲ့ နိုင်ငံက အစိုးရတွေနဲ့ စီးပွားရေးလုပ်ကိုင် နိုင်အောင် ဆက်စပ် ပေးပါတယ်။ တဖက်နိုင်ငံက ယုံကြည်လက်ခံပြီး အလုပ်လုပ်ခြင်လာအောင် ကြားဝင်ပေးပါတယ်။ ဒီလိုမျိုး ဆက်စပ်နေတဲ့ လုပ်ငန်းပေါင်း များစွာ ရှိနေပါသေးတယ်။ ဥပမာ တခုကိုသာ မြင်သာအောင် တင်ပြခြင်း ဖြစ်ပါတယ်။
တခါ အဲသလို စီးပွားရေးအုပ်စုတွေ ပိုပြီးအလုပ်ဖြစ်လာတဲ့ အခါမှာ ပိုပြီးဝင်ငွေများလာပါတယ်။ ဝင်ငွေများလာတဲ့ အကျိုးဆက်အဖြစ် အစိုးရမှာလည်း အခွန်ငွေတွေ ပိုပြီးဝင်လာပါတယ်။ အလားတူပါပဲ အဲသလို စီးပွားရေးအုပ်စု တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံသားတဦးချင်း ဆီကလည်း အစိုးရဟာ အခွန်ငွေတွေ ရရှိပါ သေးတယ်။
နောက်တခုကတော့ သမ္မတလောင်း (သို့မဟုတ်) ဝန်ကြီးချုပ်လောင်း များက သူတို့ရဲ့ ထင်ပေါ်မှုကို ရောင်းချ ရင်းနဲ့ ပါတီရန်ပုံငွေကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဘယ်လိုတုန်းဆိုတော့ ရီပတ်ဗလီကင် ပါတီက ညစာစားပွဲ တခုကျင်းပတယ် ဆိုပါစို့။ အဲသည့် ညစာ စားပွဲကို သမတလောင်း ကလည်း လာတက်ပါတယ်။ သမ္မတလောင်း ကို လူကိုယ်တိုင် တွေ့ဆုံ လိုပြီး ညစာစားပွဲကို တက်လိုတဲ့ ငွေကြေးတတ်နိုင်သူများက ညစာစားပွဲ တနေရာ အတွက် ဒေါ်လာတသောင်း ပေးဝယ်ပြီး (လှူဒါန်းတယ်လို့လဲဆိုနိုင်) တက်ရောက်ပါတယ်။ သမ္မတလောင်းနဲ့ ဓာတ်ပုံတွေ ဘာတွေ တွဲရိုက်ပါတယ်။ ဆိုတော့ကာ အဲသလို ညစာစားပွဲကို လူပေါင်း ၂ဝဝ လောက် လာတက် တယ်ဆိုရင် ရီပတ်ဗလီကင် ပါတီဟာ တညထဲနဲ့ ဒေါ်လာ နှစ်သန်း ရန်ပုံငွေ ရလိုက်ပါတယ်။ ဒါဟာ ဥပဒေ ဘောင်အတွင်းက ခွင့်ပြုထားတဲ့ ပါတီရန်ပုံငွေ ရှာဖွေတဲ့ နည်းနာပေါင်း မြောက်များစွာထဲက တခုနှစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါတယ်။
အထက်က နမူနာပေးထားတဲ့ နိုင်ငံနှစ်နိုင်ငံက ပါတီခေါင်းဆောင်တွေဟာ သူတို့ပါတီကို လူတွေလှူဒါန်းချင် လာအောင် သူတို့ရဲ့ ခေါင်းဆောင်မှုဟာ ဘယ်လောက်ရိုးသား ဖြောင့်မတ်တယ်၊ ဘယ်လောက် ထက်မြက်တယ် ဆိုတာတွေ အတွက် အမြဲတန်း ယှဉ်ပြိုင်ပြသ နေရပါတယ်။ လူထုအကျိုးအတွက် ဘာတွေလုပ်မယ်၊ ဘယ်ကဏ္ဍ တွေကို မြှင့်တင်မယ် အစ ရှိသဖြင့်လည်း စနစ်တကျ တင်ပြနေရပါတယ်။ ပါတီပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်မယ် ဆိုတာမျိုး ပြောသံ လည်း တခါမှ မကြားဖူးပါဖူး။
နောက်တခုကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အကြောင်းကို ပြောလိုပါတယ်။ တချိန်က လျှမ်းလျှမ်း တောက်ခဲ့တဲ့ ဝန်ကြီးချုပ် တပ်စင်ရှီနာဝပ်ဟာ အလွန်အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားကြီး ဖြစ်ပါ တယ်။ သူဟာ သန်းကြွယ်သူဌေးအဆင့်ကို ကျော်လွန်ပြီး ကုဋေကြွယ် သူဌေးကြီးအဖြစ် ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။ သူရဲ့ပါတီက "ထိုင်းရပ်ထိုင်း" လို့ ခေါ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ အမေရိကန်လို အင်္ဂလန်လို မရင့်မာသေးပါဖူး။ သို့သော်လည်း ထိုင်းရပ်ထိုင်းပါတီ နာမည်နဲ့ တိုက်ရိုက်လုပ်ကိုင်တဲ့ စီးပွားရေး လုပ်ငန်းဆိုတာ မရှိခဲ့ပါဖူး။ တဖက်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီး ကိုယ်တိုင်က ဝန်ကြီးချုပ် ဖြစ်နေပြီဆိုတော့ ပါတီနာမည် သုံးပြီး စီးပွားရေး လုပ်ဖို့ မလိုတာလည်း ပါကောင်းပါနိုင်တယ်။ သို့သော်လည်း ဥပဒေအရတော့ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ ပါတီနာမည်သုံးပြီး စီးပွားလုပ်ငန်းတွေ ထူထောင်လို့ မရပါဖူး။
အခုမြန်မာပြည်က အခြေအနေတွေကို ပြန်ကြည့်လိုက်တော့ ကြံ့ဖွံ့အပါအဝင် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ အခြားသော နိုင်ငံရေးပါတီတွေဟာ မြန်မာနိုင်ငံသားတွေ သက်သာချောင်ချိအောင် ဘယ်လို ဆောင်ရွက်မယ်။ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ လယ်သမားတွေကို ဘယ်လို အကူ အညီ ပေးမယ် စသဖြင့် ဘာတခုမှ မပြောနိုင်ဘဲ ပါတီပိုင်စီးပွားရေးလုပ်ငန်း လုပ်ကြဖို့သာ စိုင်းပြင်းနေ တာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။
ဒီအတိုင်းသာဆို နောင်မှာ ဆင်းရဲတဲ့ မြန်မာပြည်မှာ အလုပ်လိုချင်ရင် ကျုပ်တို့ပါတီကိုဝင် ဆိုတဲ့ အခြေအနေ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပါတီက တိုင်းပြည်အရေး မလုပ်ဘဲ ပါတီရဲ့ စီးပွားရေးသာ လုပ်နေတော့မှာကိုး။ တဖက်မှာလည်း အလုပ်ရှင် သူဌေးဆိုတာလည်း ဒီပါတီခေါင်းဆောင်တွေ၊ အစိုးရဆိုတာလည်း ဒီပါတီ ခေါင်းဆောင်တွေ ဆိုသလိုမျိုး ဖြစ်လာနိုင် ပါတယ်။ ဒါဆိုရင် ပါတီတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာဟာ ပါတီအာဏာရဖို့ အတွက်သာ ဖြစ်နေနိုင်ပြီး အာဏာရလာပြန်ရင်လည်း ပါတီစီးပွားရေး ပိုပြီးကောင်းသထက် ကောင်းအောင် လုပ်ဦးမှာမို့ လူများစု ပြည်သူတွေ သက်သာချောင်ချိရာ ဖြစ်ဖို့ကတော့ ဝေးနေပါလိမ့်ဦးမယ်။
ပါတီတရပ်ဟာ အစိုးရဖြစ်လာပြီဆိုရင် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်တော်ငွေတွေနဲ့ တိုင်းပြည် အတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရပါတယ်။ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ ရလာတဲ့ အမြတ်ငွေတွေ အပေါ်ကနေ နိုင်ငံတော်အတွက် မှန်မှန်ကန်ကန် အခွန်တော်ငွေ ပေး-မပေး ဆိုတာကလည်း နောက်ထပ်မေးရမဲ့ မေးခွန်း တခုဖြစ်လာပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နိုင်ငံရေးပါတီတွေကို အာဏာရ အစိုးရက အဲသလောက် အခွင့်အရေး ပေးထားမှ ဟိုပါတီသည်ပါတီတွေဟာ ငြိမ်နေမှာကိုး။ နို့မဟုတ်ရင် သခွတ်ပင်က မီးတကျည်ကျည် ဖြစ်နေမှာကို အာဏာရ အစိုးရကလည်း ဖြစ်ခြင်လိမ့်မယ်လို့ မထင်ပါဖူး။ နောက်ဆုံးပေါင်းလိုက်ရင် အာဏာရ ပါတီရော၊ အာဏာမရတဲ့ ပါတီ ကြီးငယ်လတ်တွေကော အားလုံးဟာ ပုလင်းတူဗူးဆို့များသာ ဖြစ်ကြပါလိမ့်မယ်။
တကယ်တန်း ဖြစ်သင့်တာက အမျိုးသားပိုင်၊ တိုင်းရင်းသားပိုင် လုပ်ငန်းကိုင်ငန်းတွေကို ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာ အောင် အစိုးရ လုပ်တဲ့သူက ကူညီရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ဦးမော့လာအောင် လယ်သမား အစစ်အမှန်တွေကို ကူညီဖို့လည်း လိုပါတယ်။ အစိုးရနဲ့ အလွမ်းသင့်သူတွေကို အခွင့်အရေးတွေ ချပေးနေတာကို ဆိုလိုတာမဟုတ်ပါ။ အစိုးရက ကူညီဖို့ ပျက်ကွက်တယ်ဆိုရင် အဲတာကို အာဏာမရတဲ့ အတိုက်ခံ ပါတီတွေက ထောက်ပြဝေဖန်ရမှာ ဖြစ်ပါတယ်။ အခုကတော့ အဲသလိုမဟုတ်ဘဲ ပါတီတွေ အားလုံးဟာ စားဖားညီညွှတ်ရေး တည်ဆောက်နေသလို ဖြစ်နေပါတယ်။
နိုင်ငံရေး ကစားကွက်ကတော့ ဟိုရှေးတုန်းနဲ့ အခုခေတ် အတူတူလို့ ဆိုရမှာပါပဲ။ ၁၉၈၉ ကစလို့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေ အားလုံးဟာ စီးပွားလုပ်ကိုင်ခွင့်တွေ အများအပြား ရထားပါတယ်။ အဲသလို လုပ်ပိုင်ခွင့် ပေးထား တာကလည်း အပစ်ရပ် ငြိမ်းအဖွဲ့တွေ နားပူနာဆာ မလုပ်အောင် ငြိမ်ဆေး ကျွေးထားတာလို့ ဆိုနိုင်ပါတယ်။ အခုလည်း အလားတူပါပဲ နိုင်ငံရေးပါတီတွေ ဆူပွက်ဆူပွက် ဖြစ်မလာအောင် အခွင့်အရေး ပေးလိုက်တဲ့ သဘောပါနေသလို နောင်တက်လာမဲ့ အာဏာရပါတီ အတွက်လည်း ဆက်ပြီး စီးပွားရေးတွေ လုပ်နိုင်အောင် ကြိုတင်ပြီး လမ်းဖွင့်ထားတဲ့ သဘောလို့ ဆိုနိုင်ပါသေးတယ်။ နိုင်ငံသားတွေအတွက် ဖွံ့ဖြိုး တိုးတက်မှု ဆိုတာကတော့ အရိပ်အရောင်တောင် မမြင်ရသေးဖူးလို့ ပြောရင် လွန်မယ် မထင်ပါဖူး။
ဇော်မင်း
၎ ရက် ဇန်နဝါရီလ ၂ဝ၁၁ခုနှစ်
Tuesday, January 4, 2011
နိုင်ငံရေးပါတီတွေ စီးပွားရေး မလုပ်သင့်
Subscribe to:
Post Comments (Atom)
2 comments:
ကိုဇော်မင်း
သူတို့ပုံစံက မလေးရှားက နိုင်ငံရေးပါတီတွေပုံစံဗျ။ ဆောင်းပါးကောင်းတပုဒ်ပါ။
ကိုဇော်မင်း
သူတို့ပုံစံက မလေးရှားက နိုင်ငံရေးပါတီတွေပုံစံဗျ။ ဆောင်းပါးကောင်းတပုဒ်ပါ။
Post a Comment