ရွက်မွန်စာမျက်နှာ

Thursday, January 27, 2011

ပညာရေးနဲ့ ဒီမိုကရေစီ လွန်းပျံ

နိုင်ငံတကာက ကျွမ်းကျင်သူများ၊ ပညာရှင်များ ထောက်ပြတဲ့ အဆိုအရ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကား တိုးတက်ဖို့ ဆိုတာ စီးပွားရေး ဦးမော့လာပြီး နိုင်ငံသားတွေရဲ့ ဆင်းရဲနွမ်းပါးခြင်းကို လျော့ချပေးဖို့က အရေး တကြီး လိုအပ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးဆိုတော့ လူတွေရဲ့ နေ့တဓူဝ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာခြင်း ဆိုတဲ့ ကိစ္စကလည်း မဖြစ်မနေ ပါလာ ပါတယ်။ ကောင်းပါပြီး နဂိုကထက် စီးပွားရေး ဦးမော့လာပြီး ဆင်းရဲမွဲတေခြင်းကို လျှော့ချနေတဲ့ တချိန်ထဲမှာ တခြားနယ်ပယ်တွေမှာ လည်း ပိုမိုတိုးတက်လာဖို့ မလိုဖူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ စီးပွားရေး သက်သက်ပဲ တိုးတက်ဖို့ ဝိုင်းဝန်းလုပ် ကိုင်တာနဲ့ မလုံလောက်သေးဖူး ဆိုတာကို မြင်ရပါတယ်။ ဒါ့ကြောင့် တချို့ ပညာရှင်များကတော့ စီးပွားရေးကောင်းလာ အောင်၊ ဦးမော့လာအောင် ဆောင်ရွက်နေတဲ့ တချိန်ထဲမှာလည်း လွတ်လပ် ကောင်းမွန်တဲ့ ပညာရေး စနစ်တရပ် ပေါ်ပေါက်တည်ရှိဖို့ လိုကြောင်းလည်း ထောက်ပြထားပါတယ်။

ပညာရှင်တွေ ကျွမ်းကျင်သူတွေ ပြောမှထောက်ပြမှ မဟုတ်ပါဖူး။ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်တဲ့ နေရာ မှာ ပညာရေးစနစ် ကောင်းမွန်ဖို့ဟာ အလွန်အရေးကြီးတယ် ဆိုတာ လူတိုင်းနားလည် သဘောပေါက်ကြ ပါတယ်။ အထူးသဖြင့် မိဘလုပ်သူတွေ အနေနဲ့ ပိုလို့နားလည်ပါတယ်။ ကိုယ့်သားသမီးတွေကို အဆင့်မြင့် ပညာတတ်တွေ ဖြစ်စေချင်တာကိုး။ ဘာဖြစ်လို့တုန်းဆိုတော့ မိဘတိုင်းဟာ ချမ်းသာကြွယ်ဝသူတွေ မဟုတ် တာကြောင့် သူတို့မသေခင် သားသမီးတွေကို ပညာအမွေ ရစေချင်တာကြောင့်လို့ ဆိုရမှာပါပဲ။ ဗမာ့လူအဖွဲ့ အစည်း မှာလည်း စကားပုံ ရှိတယ်မို့လား။ ပညာမရှိ သူ၏ ဝန်ထမ်းတဲ့။ အဲဒါကြောင့် ပညာရေးစနစ် တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပညာရေး စနစ် တိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်ကြမလဲ။

နိုင်ငံခြားက အကူအညီရမှ ပညာရေးစနစ် ကောင်းအောင်လုပ်နိုင်မှာလား။ ကိုယ့်ဟာကိုကော တည်ဆောက်လို့ မရနိုင်ဖူး လား ဆိုတာ ဒီနေရာမှာ မေးစရာဖြစ်လာပါတယ်။ ကိုယ့်မှာမရှိတဲ့ နည်းပညာကတော့ နိုင်ငံခြားက ယူရမှာ ဖြစ်ပါတယ်။ သို့သော် မူလအခြေခံ လိုအပ်ချက်ကတော့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ပညာရေးစနစ် အဆင့်ဆင့် စနစ်တကျ တည်ရှိဖို့ အတွက် လွတ်လပ်မှု လိုအပ်ပါတယ်။ အဲတာကြောင့် ဗမာ့လူ့အဖွဲ့အစည်း အတွင်းမှာ ပညာရေးစနစ် တည်ဆောက်ခြင်းကို နားလည်တဲ့၊ တတ်ကျွမ်းတဲ့ ပညာရှင်များ လက်ထဲအပ်ပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခွင့် ရှိဖို့လိုပါလိမ့်မယ်။ အာဏာပိုင် အစိုးရက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပညာရေး ပေါ်လစီမျိုးသာ သတ်မှတ်ပေးပြီး အဲဒီပေါ်လစီတွေကို ကျော်လွန်ပြီး ပညာရေးလောကကို မလိုလားအပ်တဲ့ စည်းကမ်းတွေ၊ ချုပ်ချယ်မှုတွေနဲ့ ဘောင်ခတ် မထားသင့်ပါဖူး။

ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ကျနော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်ကို လေ့လာကြည့်ရင် အစိုးရက နေရာ တကာမှာ ဝင်ရောက်စွက်ဖက် နေတာကို တွေ့ရပါတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ အဆင့်ဆင့် ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ ပညာရေး စနစ်တွေကို မကြာခဏ ပြင်ဆင်ပြောင်းလဲ ပြစ်ပါတယ်။ အဲတာတွေအတွက် ဥပမာပေးပြီး ပြောရမယ်ဆိုရင် ကျောင်းတွေမှာ ဘယ်လို သင်ရိုးမျိုးတွေ သင်ကြားရမယ်ဆိုတာကို အတင်းအဓမ္မ ချမှတ်ပေးပါတယ်။ ကောင်းမွန်တဲ့ သင်ရိုးများ ကြပြန်တော့လည်း ပြန်ဖြုတ်ပစ်တာကိုလည်း တွေ့ရပါတယ်။ နောက်တခု ပြောရမယ်ဆိုရင် မြန်မာစာ သတ်ပုံ ကျမ်းကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များ ပြုစုခွင့်မရဘဲ ဘယ်လိုရေးသားပြဌာန်း ရမယ် ဆိုတာတွေကိုလည်း အုပ်ချုပ်သူ ဗိုလ်ချုပ်များက ဝင်ရောက် စွက်ဖက်ပါတယ်။ တခါ ဒါနဲ့တင် အားမရသေးပါဖူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှန် ရေးသားဖို့ ဆိုပြီး ပညာရှင်တွေကို ဖိအားပေးပြီး သမိုင်းကို အုပ်ချုပ်သူများ လိုအင်ဆန္ဒ အတိုင်း ရေးသားစေပါတယ်။

ပညာရေးဟာ လွတ်လပ်ခွင့် ရှိရမယ်လို့ ဆိုတဲ့နေရာမှာ ကျောင်းသားလူငယ်တွေ သူတို့ဆန္ဒရှိတဲ့ အတိုင်း ရွေးချယ်ခွင့် ရှိရမယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ အဲဒီတော့ကာ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် လူများစု သက်သက်ကိုသာ ဦးစားပေးတဲ့၊ လူများစုကိုသာ အခွင့်အရေး ပေးတဲ့ ပညာရေးစနစ်မျိုး မဖြစ်ဖို့လည်း လိုအပ်တယ်ဆိုတာ သွားတွေ့ရပါတယ်။

ဒါ့ကြောင့် တိုင်းပြည်အတွင်းမှာ နယ်မြေဒေသ ပေါင်းစုံက ကျောင်းသား လူငယ်တွေဟာ ပညာရပ်တွေကို အများသုံး ဘာသာစကားနဲ့ လေ့လာဆူးပူးဖို့ လိုအပ်သလို သက်ဆိုင်ရာ မိခင်ဘာသာ စကားများနဲ့ သင်ကြား လေ့လာနိုင်ဖို့ အခွင့် အရေးလည်း ရရှိသင့်ပါတယ်။ ဘာသာစကား အတားအဆီးကြောင့် ပညာသင်ကြားရာမှာ အခက်အခဲ တွေ့တာမျိုးလည်း မဖြစ်သင့်ပါဖူး။ အကယ်၍ အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ကြားဖို့ သက်ဆိုင်ရာ မိခင် ဘာသာစကားများနဲ့ အဆင့်သင့် ဘာသာပြန်ဆို ထားတာတွေ မရှိဖူး ဆိုရင်လည်း အနည်း ဆုံးတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အထိ မိမိလူမျိုးရဲ့ စာပေ ဘာသာစကားတွေကို လွတ်လပ်စွာ သင်ကြားဆည်ပူး နိုင်ခွင့် ရှိဖို့လည်း လိုအပ်ပါတယ်။ တက္ကသိုလ်အဆင့်အထိမှာလည်း မိမိရဲ့ မိခင်ဘာသာစကားကို သင်ကြားလိုတယ် ဆိုရင် သင်ကြားနိုင်ခွင့်ရှိဖို့ ဖန်တီးပေး သင့်လို့ ပြောလိုပါတယ်။

မိမိရဲ့ မိခင်ဘာသာစကားကို ငယ်ရွယ်စဉ်ကထဲက လေ့လာသင်ကြားခွင့် ရမှာသာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုး အသီးသီးဟာ သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ရေရှည်ထိမ်းသိမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် အခွင့်အရေး တရပ်အနေနဲ့ ရှိသင့်ပါတယ်။

နောက်တချက်ကတော့ အခုမြန်မာနိုင်ငံမှာ အဆိုးဆုံး ရင်ဆိုင်နေရတာက ပညာရေးစနစ် တိုးတက်ဖွံ့ဖြိုးဖို့ အစိုးရရဲ့ ငွေကြေး သုံးစွဲမှုဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် နည်းပါးလွန်းလှပါတယ်။ သို့သော်လည်း တချိန်ထဲ မှာတော့ စစ်တပ်ကြီးထွားဖို့အတွက် သုံးစွဲတဲ့ ငွေကြေးဟာ ကြောက်ခမန်းလိလိ မြင့်မားနေပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ သယံဇာတ ရောင်းချလို့ရတဲ့ ငွေတွေကို စစ်စရိတ်အတွက် ပိုမိုသုံးစွဲနေတာကို တွေ့နေရပါတယ်။ နောက်တချက်ကတော့ ကျောင်းဆရာ၊ ဆရာမများရဲ့ လစာနှုန်းထားဟာ အလွန်အမင်း နိမ့်ကျနေတာကလည်း ပညာရေးစနစ် မအောင်မြင်ရတဲ့ အချက်များစွာထဲက တချက်လို့လည်း ဆိုနိုင်ပါသေး တယ်။ ရတဲ့ လခက မိသားစုကို ကြားကန်ပေးဖို့ လိုတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ရတဲ့လခက မိသားစု အတွက် ဘယ်လိုမှ မလောက်ငှရင် နောက်ပိုင်းမှာ ဖြစ်ချင်ရာတွေ ဖြစ်ကုန်တတ်ပါတယ်။ ဖြစ်လည်းဖြစ်နေပါတယ်။

အုပ်စိုးသူအစိုးရကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့ လမ်းခင်းပေးနေတယ်လို့ မကြာခဏ ပြောပါ တယ်။ သို့သော်လည်း ပညာရေးစနစ်က မလွတ်လပ်တော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့်တွေမှာ ကျောင်းသား လူငယ်တွေ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဒီမိုကရေစီရဲ့ တန်ဖိုးဆိုတာဘာလဲ စတာတွေကို သင်ကြားဖို့ ကြပြန် တော့လည်း ခွင့်မပြုပြန်ပါဖူး။ ကျောင်းသားငယ်ဘဝမှာ ဒီမိုကရေစီကို မိတ်ဆက်မပေးနိုင်သေးတဲ့အပြင် တက္ကသိုလ် အဆင့်မှာလည်း လေ့လာ ဆည်းပူးဖို့ အခွင့်အရေး ပေးမထား ပြန်ပါဘူး။

ဒီမိုကရေစီရဲ့ အနှစ်သာရကို ငယ်စဉ် ကျောင်းသားလူငယ်ဘဝထဲက လေ့လာဆည်းပူး နိုင်မှသာ တိုင်းပြည် အတွက် အကျိုး ဖြစ်ထွန်းစေမှာပါ။ ဒီမိုကရေစီရဲ့ လမ်းစဉ်ကို သဘောပေါက်မှသာ မတူကွဲပြားတဲ့ လူမျိုးများ အတွင်း အပြန်အလှန် လေးစားမှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန် လေးစားမှုရှိမှာသာ တဦး အပေါ်တဦး ယုံကြည်လာမှာ ဖြစ်ပါတယ်။ (ယုံကြည်မှုတည်ဆောက်ဖို့ အခြားအကြောင်းအရင်းများလည်း ရှိပါသေးတယ်။ ဥပမာ အကျိုးစီးပွားခွဲဝေခြင်း မျှတမှု ရှိမှလည်း ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ စကားချပ်)

ဒီလိုမျိုး ယုံကြည်မှု တည်ဆောက်နိုင်မှသာ တည်ငြိမ်တဲ့ အေးချမ်းတဲ့ အခြေအနေကို ဖန်တီးနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲတွေကို ပယ်ထုတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လူငယ်မျိုးဆက် အဆင့်ဆင့်တိုင်း ဒီမိုကရေစီရဲ့ တန်ဖိုး ကို လေ့လာ ဆည်းပူးနိုင်မှသာ အနာဂတ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးမှု ပိုမိုခိုင်မာ လာလိမ့်မယ်လို့ ပြောချင်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ဒီမိုကရေစီ ဖွံ့ဖြိုးလာဖို့ အတွက် အမိန့်အာဏာနဲ့ လက်နက်ကို အသုံးပြုပြီး တည်ဆောက် လို့ မရဖူးဆိုတာ အတိတ်က သင်ခန်းစာ များကနေ ကျနော်တို့ မြင်နိုင်ပါတယ်။

အခုခေတ်မှာ တိုင်းရင်းသား လူမျိုးအသီးသီးဟာ သူတိုရဲ့ မိခင်ဘာသာစကားတွေကို လွတ်လပ်စွာ သင်ကြားခွင့် ရသလား ဆိုတာကို လေ့လာကြည့်လိုက်တော့ ဝမ်းနည်းဖွယ်ရာ များကိုသာ တန်းစီပြီး တွေ့ရတယ်ဆိုရင် လွန်မယ် မထင်ပါဖူး။ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား နယ်မြေများမှာ တောင် ငြိမ်းချမ်းရေး ယူထား တယ် ဆိုပေမယ့် ဒေသခံ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ မိခင်ဘာသာ စကား တွေကို လွတ်လပ်စွာ သင်ယူလေ့လာနိုင် ခြင်း မရှိတာကို မြင်ရပါတယ်။ ဥပမာ ဆိုရရင် မွန်ပြည်နယ်မှာ မွန်လူငယ် ကျောင်းသားတွေဟာ မိခင်မွန်ဘာသာ စကားကို ကျောင်းတွေမှာ တရားဝင် သင်ယူခွင့် မရှိပါဖူး။ တိတ်တဆိတ်သာ ကြိတ်ပြီး သင်ကြားလေ့လာနေရပါတယ်။ အလားတူ ပါပဲ၊ ရှမ်းပြည်နယ်ထဲမှာလည်း ရှမ်းလူငယ်လေးတွေဟာ ရှမ်းစာပေကို ကျောင်းတွေမှာ တရားဝင် သင်ကြားခွင့် မရှိပြန်ပါဘူး။ တခြားသော ပြည်နယ်များမှာလည်း အလားတူ အဖြစ်မျိုးတွေ ရင်ဆိုင် နေရပါတယ်။

ဘယ်သူမဆို ဒီနိုင်ငံအတွင်းမှာ ကျောင်းနေရင် မြန်မာစာကိုပဲ အသုံးပြုပြီး ပညာသင်ကြားရမယ် ဆိုတဲ့ ပေါ်လစီ မျိုးဟာ အကျိုးထက် အပြစ်ကိုသာ ပေါ်ပေါက်စေပါတယ်။ လူမျိုးအချင်းချင်း အကြားမှာ စိတ်ဝမ်းကွဲမှုတွေ၊ သံသယ တွေကို ပွားများစေပါတယ်။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် လူမျိုးအချင်းချင်း အကြားမှာ အမယ်စုံ လှတဲ့ ပဋိပက္ခတွေကိုသာ မွေးဖွားစေပါတယ်။ တိုင်းပြည်တပြည် အတွင်းမှာ တိုင်းရင်းသား လူမျိုးအချင်းချင်း ပဋိပက္ခတွေ များနေရင် ဒါဟာ မကောင်းတဲ့ အကျိုးဆက်ဖြစ်နေတဲ့ အတွက် တိုင်းပြည်မတည်ငြိမ်သလို ဒီမိုကရေစီ တည်ဆောက် မှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒီလိုအခြေအနေမျိုး အောက်မှာ ရလဒ် မကောင်းတဲ့ ဖွံ့ဖြိုးမှုကိုသာ မြင်တွေ့ကြရပါလိမ့်မယ်။

မြန်မာကလေးငယ်တွေ အပါအဝင် အခြားသော တိုင်းရင်းသား လူမျိုးတိုင်း လူမျိုးတိုင်းက ကလေးများဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို သက်ဆိုင်ရာ မိခင်ဘာသာစကားနဲ့ စောစောကတည်းက သင်ယူနိုင်ခွင့် ရမယ်ဆိုရင် ဒါဟာ တိုင်းပြည် အတွက် ကောင်းကျိုးကို သယ်ဆောင်လာမယ့် ကိစ္စဖြစ်လို့ အထူးအားပေး သင့်တယ်လို့ ဆိုချင်ပါတယ်။

ဇော်မင်း
၂၇ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.