မှတ်တမ်းရုပ်ရှင်ကားလေးတခု ကြည့်ဖြစ်တယ်။ ဇာတ်ကားနာမည်က အထူးအဆန်း "ကျနော့်ကိုမဲပေးကြပါ" (Please vote for me.) တဲ့။ http://pleasevoteforme.org/ ၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားလေးပါ။
ဒီမှတ်တမ်းဇာတ်ကားလေး (documentary) က တရုတ်နိုင်ငံ အလယ်ပိုင်း ၀ူဟန်ဆိုတဲ့ မြို့ကလေးက "အမြဲစိမ်း ဆိုတဲ့ မူလတန်းကျောင်းလေးတကျောင်း၊ အဲဒီကျောင်းက ၈-နှစ်ဝန်းကျင် ကျောင်းသားလေးတွေရဲ့ အကြောင်း ပဲ။ အရင်က တရုတ်ပြည်မှာ ကျောင်းစာသင်ခန်းတွေထဲ ကျောင်းသားခေါင်းဆောင် မော်နီတာရွေးကြရင် ဆရာတွေကပဲ တာဝန်ယူ ခန့်လေ့ရှိတယ်။ ဒါပေမယ့် တနှစ်မှာတော့ စမ်းသပ်မှုအနေနဲ့ ၃-တန်းက ၈-နှစ်အရွယ် ကလေးတွေကို မော်နီတာ ရွေးတဲ့ အခါ ကျန်တဲ့ ကျောင်းသားတွေက မဲပေးရွေးချယ်ရမယ်လို့ ဆရာမက ပြော လာတယ်။ ဒီမိုကရေစီကို စမ်းသပ်မှုသဘော လုပ်ကြည့်တာ ထင်တယ်။ အဲဒီမှာ မဲပေးရွေးချယ်ဖို့ ကလေး တွေရဲ့ မဲဆွယ်စည်းရုံးကြပုံကို ဒါရိုက်တာက သေသေသပ်သပ် ရိုက်ပြထားတယ်။
"ကျမ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ့မယ်။ အားလုံးကိုလည်း ပျော်အောင်ထားပါ့မယ်။"
ဒီလိုပြောပြီး ကိုယ်ကိုနှိမ့်ချလို့ လက်ဖ၀ါးနှစ်ဖက်ကို ရှောင်ဖေက ဖြန့်ကားချလိုက်တယ်။
"ကျမကို မဲပေးကြပါ"
"ကျမကို ရွေးချယ်တာ အမှန်ဆုံးပါပဲ" လို့ပြောပြီး ကလေးမက လက်သီးကိုဆုပ် အားပါပါ ထောင်ပြလိုက်တယ်။
ဒါကတော့ မော်နီတာအရွေးခံမယ့် ရှောင်ဖေက သူ့အမေသင်ပြတဲ့အတိုင်း မဲဆွယ်စည်းရုံးရာမှာ မိန့်ခွန်းပြောဖို့ လေ့ကျင့်နေ တာပါ။ တကယ်တော့ မော်နီတာဆိုတာ လုပ်ပိုင်ခွင့်များများ စားစား မရှိလှသလို၊ ကလေးတွေ ကလည်း ငယ်လွန်းလှပါ သေးတယ်။ ဆရာမက အတန်းကို ထိန်းတဲ့နေရာမှာ၊ စည်းကြပ်တဲ့နေရာမှာ ကူညီ ပေးဖို့လောက်ပါပဲ။ နောက်ဆုံးတော့ မော်နီတာအဖြစ် ရွေးရမယ့် စကာတင် ၃ ယောက်ထွက်လာခဲ့တယ်။ သူတို့က မဲဆွယ်ဖို့ အကူအညီ ၂- ယောက်ခေါ် နိုင်တယ်။ သူတို့စွမ်း ရည် တခုခုကို ပြရမယ်။ သီချင်းဆိုတာ ဖြစ်ဖြစ်၊ တူရိယာတခုခုကို တီးမှုတ်တာ ဖြစ်ဖြစ်။ ဒုတိယ အနေနဲ့ လိုအပ်ချက်က အတန်းထဲမှာ အပြန်အလှန် စကားစစ်ထိုး ဒီဘိတ်လုပ်ကြရတယ်။ ပြိုင်ဖက်ရဲ့ အားနည်းချက်တွေ ကို တင်သွင်းဖော်ပြ ပြောကြရတယ်။ တတိယအနေနဲ့တော့ အတန်းသားတွေကို ပြိုင်ကြမယ့် ကလေး ၃-ယောက်က မိန့်ခွန်း ကိုယ်စီ ပြောကြရတယ်။ အဲဒီ လိုအပ်ချက် ၃-ခု ပြီးမှသာပဲ မဲပေးရမယ့်နေရာကို ရောက်လာတယ်။ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ ကလေး တွေ က သဘာဝကျလွန်းလှသလို၊ ဒါရိုက်တာ ဝေဂျွန် ချန်း (Weijun Chen) ကလည်း တော်လွန်းလှတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ကားလေးက နိုင်ငံတကာဆုတွေ အများအပြားရခဲ့တယ်။ အော်စကာဆုအတွက် နာမည်တင် သွင်းတဲ့အထိတောင် ပါခဲ့တယ်။
ကလေးတွေရယ်၊ မိဘတွေရယ် သူတို့ကျောင်းရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပြိုင်ကြိုးစားကြပုံ အကြောင်းပါ။ ဒါပေမယ့် လည်း ဒီဇာတ်ကားလေး ပြောချင်တာက ဒီမျှနဲ့တင် မရပ်သွားဘူး။ သူတို့ မြို့ကလေး၊ သူတို့တရုတ် လူမှုအသိုင်းအ၀ိုင်းရဲ့ ရုပ်ပုံကားချပ်ကို ဖော်ပြလိုက်ချင်တာပါပဲ။ စကာတင် ရွေးချယ်ခံရတဲ့ ကလေး ၃-ယောက် အနေနဲ့ လောင်လီ Luo Lei (ကျား)၊ ချန်ချန်း Cheng Cheng (ကျား) နဲ့ ဇူ ရှောင်ဖေ Xu Xiaofei (မ) တို့ ပါတယ်။ အဲဒီမှာ မော်နီတာဖြစ်ဖို့အရေး မိဘတွေက ကလေးတွေကို အတင်းတွန်းသင်ကြတယ်။ မောင်းကြ တယ်။ ဖိအားပေးကြတယ်။ အလွတ်ကျက်မှတ်တဲ့ အလေ့အထစွဲလာတဲ့ လူမှုအဖွဲ့အစည်းကနေ မထွက်နိုင် သေးတာကိုလည်း တင်ပြချင်တဲ့ပုံရတယ်။ ဒီမိုကရေစီဆိုတာက လူသားတွေအတွက် အလျော်ကန်ဆုံး ကမ္ဘာလုံး ဆိုင်ရာ အခွင့်အရေးပါ။ ဒါပေမယ့် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲတွေ တကယ်တန်း လုပ်ကြတဲ့အခါ မလျော်ကန်မှုတွေ၊ လူလည်ကျ အသုံးချတာတွေလည်း ပါလာတယ်။ မဲဝယ် မဲရောင်းကြ တာတွေလည်း ရှိကြသလို၊ ညစ်တဲ့သူက ညစ်ကြ॥ နောက်ဆုံး အကြမ်းဖက် သတ်ဖြတ်မှုတွေအထိတောင် ရှိခဲ့တာ ကျနော် တို့ လက်တွေ့မှာ မြင်ခဲ့ရပေါ့။
မိဘတွေက ကိုယ့်သားသမီး အနိုင်ရဖို့အတွက် တိုက်တွန်းနေကြတာလည်း မြင်ရတာမတော် ဖြစ်ရတယ်။ ကလေး တယောက်ရဲ့ အဖေက ရဲအရာရှိ၊ သူတို့က ငွေကြေးတတ်နိုင်တော့ တတန်းလုံးကို မြို့ထဲ ပျော်ပွဲစား ထွက်ဖို့ခေါ်တယ်။ တနည်းတော့ မဲဝယ်တာပေါ့။ တခါ ကလေးတယောက်က တခြားတယောက် ဖျော်ဖြေ နေတုန်းမှာ အတန်းထဲက ကလေး တချို့ကို ဒလံလုပ်ခိုင်းပြီး မကောင်းဘူးဆိုပြီး ၀ိုင်းအော်ကြ၊ ညစ်ကြတာတွေ လည်း တွေ့ရတော့ လူ့သဘာဝကို ထင်ဟပ် ဖော်ပြထားတာလည်း သေချာတယ်။ ကလေးဖြစ်ပေမယ့် သူသာ အတန်းမော်နီတာ ဖြစ်လာခဲ့ရင် မင်းကိုတော့ ဒု ခေါင်းဆောင် နေရာပေးမယ်။ မင်းကိုတော့ စာလေ့လာရေး အုပ်စု ခေါင်းဆောင်ခန့်မယ်॥ စသဖြင့် နေရာအပေးအယူ လုပ်နေတာတွေလည်း ကြည့်ရသေးတယ်။ ဒါဟာ လူမှုအဖွဲ့အစည်းတခုလုံးရဲ့ ပုံကားချပ်လေးလည်း ဖြစ်နေနိုင်သပေါ့။
ဒီရုပ်ရှင်ကလေးကို ကြည့်ဖြစ်ဖို့တော့ တိုက်တွန်းချင်သေးတယ်။ ယူကျုမှာ အပိုင်းလိုက်တင်ထားတာ တွေ့ရတယ်။ http://www.youtube.com/user/VoluntaryStatement
ရှောင်ဖေ။ ။ ချန်းချန်း၊ နင်က မကြာခဏဆိုသလို ကျောင်းနောက်ကျတယ်။ အိမ်စာလည်း မလုပ်ဘူး။
ချန်းချန်း။ ။ အဲဒါအပြင် ဘာပြောစရာ ရှိသေးလဲ။
ရှောင်ဖေ။ ။ အဲဒါပဲ။
ချန်းချန်း။ ။ အခု ငါ့အလှည့်။ နင့်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး။ စွမ်းရည်ပြ ဖျော်ဖြေပွဲ (Talent show) လုပ်တော့ နင်ငိုတယ်။ နင်ဒီလောက် စိတ်ပျော့နေရင် အတန်းကို ဘယ်လိုထိန်းမလဲ။ ပြောလေ..
ရှောင်ဖေ။ ။ ငါ အတန်းကို ထိန်းတဲ့အချိန်မှာ ငါ မငိုပါဘူး။ ငါ ၃- တန်းကို ရောက်ကတည်းက ဒီလောက်ကြီး ခဏခဏ မငိုတော့ပါဘူး။
ချန်းချန်း။ ။ နောက်တခု.. နင်ထမင်းစားရင် သိပ်နှေးတယ်။
ရှောင်ဖေ။ ။ ထမင်းစားနှေးတာကတော့ ကိုယ့်အကျင့်ပဲနော်..
ချန်းချန်း။ ။ အတန်းမော်နီတာ ဆိုတာ စံပြနေရမယ်။ နင် ထမင်းစားတာ မြန်လာရင် ကျန်တဲ့သူတွေလည်း လိုက်ပြီး မြန်မြန်စားလာကြမယ်။ နင်က တမင်းနှေးနှေးစားနေရင် ဘယ်လိုလုပ် ဦးဆောင်မလဲ။
ရှောင်ဖေ။ ။ ဘာပြောချင်မှန်း မသိဘူးနော်..
ချန်းချန်း။ ။ နင်က သိပ်ချေးများတယ်.... (အတန်းဆူညံနေသဖြင့် အော်လိုက်) တိတ်။
ပြော..
ရှောင်ဖေ။ ။ ငါ အခု ချေးမများတော့ပါဘူး။
ချန်းချန်း။ ။ နင်က အမြဲအတင်းပြောတယ်။ အတန်းထဲမှာ အာရုံမစိုက်ဘူး။ ငါ နင့်နောက်မှာ ထိုင်ပြီး အဲဒါကို ကြည့်နေတာ။
ရှောင်ဖေ။ ။ အိုး... ငါ စကားပြောတာ ခဏလေးပါပဲ။
ချန်းချန်း။ ။ အဲဒါဆိုရင် တခါတလေနင်က ချေးများတယ်လို့ ပြောချင်တာလား။
ရှောင်ဖေ။ ။ အင်း။
ချန်းချန်း။ ။ ချေးများတယ်ဆိုတာ တခါများလည်း မှားတာပဲ။ နင်က ကိုယ့်ကိုယ်ကို ချေးများတယ်ဆိုတာကို ဂုဏ်ယူနေ တာလား။ ဒါကြောင့်မို့ နင်က အရည်အချင်းမမှီဘူး။
ရှောင်ဖေ။ ။ ကျမပြောဖို့ တခုကျန်သွားတယ်။ သူက အမြဲတမ်း စကား ဟောင်ဖွာဟောင်ဖွာ ပြောတဲ့သူ။
ချန်းချန်း။ ။ စကားပြောတယ်ဆိုတာ လူအချင်းချင်းဆက်သွယ်တာပဲဟာ။
ကလေးတွေက သူတို့ မော်နီတာအရွေးခံဖို့ လိုအပ်ချက်တခုအဖြစ် စကားစစ်ထိုးနေကြတာပါ။ ဇူ ရှောင်ဖေဆိုတဲ့ ကလေးမ နဲ့ ချန်းချန်းဆိုတဲ့ လူညစ်ကလေးတို့ စကားစစ်ထိုးနေကြတာပါ။ ကျနော်က ရုပ်ရှင်ကိုကြည့်ရင်း လူ့မနော၊ လူ့သဘာဝကို ပြုံးလို့ သုံးသပ်နေမိတယ်။
တိုက်တိုက်ဆိုင်ဆိုင်လေ။ ဒီဇာတ်ကားလေး ကျနော်ကြည့်မိတဲ့အချိန်နဲ့ အခု မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက် ပွဲအပြီး လွှတ်တော်ကျင်းပမယ့် အချိန်၊ သမ္မတ၊ ဒု-သမ္မတတွေ ရွေးကောက်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေ တယ်။ သမ္မတ၊ ဒု- သမ္မတတွေ ရွေးကြတဲ့ အချိန်မှာ ဘာတွေ လိုအပ်ချက်တွေ ရှိလေမလဲ။ ကျနော် စိတ်ကူး ယဉ်ကြည့်နေမိသပေါ့။ မြန်မာ နိုင်ငံမှာ နှစ်တွေအတန်ကြာ လွှတ်တော်မရှိ၊ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်သူ့အစိုးရမရှိဘဲ၊ စစ်အစိုးရအောက်နေ လာရတာ၊ အခုမှ လွှတ်တော်သစ်ကြီးခေါ်မယ်။ သမ္မတ၊ ဒု-သမ္မတ တွေ ရွေးကောက်တင်မြှောက်မယ်ဆိုတော့ စိတ်ဝင်စား ဖို့ မကောင်းပေဖူးလား။
မြန်မာနိုင်ငံမှာ အခု ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတမှာ အာဏာအများကြီး ပေးထားပါတယ်။ ဒါပေမယ့်သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်ရတာ မဟုတ်ပါဘူး။ သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral college) က ရွေးမှာ ပါ။ သမ္မတဖြစ်လာရင် သူက သူကြိုက်တဲ့သူတွေနဲ့ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်စေ၊ မခံထားရဘဲ အရည်အချင်းရှိသူ ဖြစ်စေ၊ အစိုးရ ကက်ဘိနက်ဖွဲ့ အုပ်ချုပ်ခွင့်ရှိပါတယ်။ သမ္မတရွေးမယ့်ပုံက ဒီလိုပါ။ အောက်လွှတ်တော် (ပြည်သူ့လွှတ် တော်) က သမ္မတလောင်း တဦးကို အဆိုပြုရပါမယ်။ အထက် လွှတ်တော် (အမျိုးသားလွှတ်တော်) က သမ္မတလောင်း တဦးကို အဆိုပြုရပါမယ်။ တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်အစုအဖွဲ့က သမ္မတလောင်းတဦးကို အဆိုပြုရပါမယ်။
ပြီးတော့မှ အထက်+အောက်လွှတ်တော်+ စစ်တပ်ကိုယ်စားလှယ်အုပ်စု (ပြည်ထောင်စုလွှတ်တော်) က သမ္မတရွေးချယ် ရေးအဖွဲ့အဖြစ် သမ္မတတစ်ဦးကို မဲပေးရွေးချယ်ရမှာပါ။ သမ္မတဆိုတာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအမြင် ရှိရမယ်စသဖြင့် တော့ အရည်အချင်းသတ်ထားတာလေးတွေတော့ ရှိသပေါ့။
ကျနော်တို့ မြန်မာပြည်က သမ္မတရွေးချယ်ပွဲကတော့ စည်းမျဉ်းစည်းကမ်း ဘယ်လိုလာမယ် မသိဘူး။ ၀ူဟန်မြို့က အမြဲစိမ်း မူလတန်းကျောင်းလေးမှာ မော်နီတာ ရွေးချယ်ပွဲတောင် စည်းမျဉ်းလိုအပ်ချက် ၃-ခု ရှိနေသေးတယ်။ ၁-စွမ်းရည်ပြရမယ်။ ၂- အချင်းချင်း စကားစစ်ထိုးရမယ်။ ၃- အတန်းရှေ့ မိန့်ခွန်းပြော မဲဆွယ်ရမယ်ဆိုတာမျိုး ရှိသေးတယ်။ မြန်မာပြည်မှာလဲ ဘာပဲဖြစ်ဖြစ် သမ္မတ အရွေးခံတော့မယ်ဆိုရင်တော့ နိုင်ငံတော်အပေါ် ကိုယ့်မျှော်မြင်ချက် စိတ်ကူးစိတ်သန်းတွေကို ပြော ပြပြီး စကားစစ်ထိုးကြတာတော့ ကြားလိုလှတယ်။ သူသာ သမ္မတဖြစ်ခဲ့ရင် တိုင်းပြည်ကို ဘယ်လိုပြုပြင်လိုက်မယ်၊ ဘယ် လို ကောင်းအောင် ဖွံ့ဖြိုးအောင် လုပ်မယ် ဆိုတာမျိုး သူတို့ရဲ့ မျှော်မှန်းချက်တွေကို လူထုတွေကြားရဖို့ မသင့်ဖူးလား။ ဒါပေမယ့် မည်သို့ ပြုလိုက်သည်မသိ၊ သမ္မတအဖြစ် ရွေးကောက်ခံရ လေသတည်း ဆိုတာမျိုးတော့ မဖြစ်သင့်ဖူး ထင်ပါ တယ်။ "အင်းဗျာ... ကျနော့်ကို ကိုယ်စားလှယ်တွေ က ရွေးလိုက်လို့သာ သမ္မတဖြစ်ရတာပါ" ဆိုရင်တော့ မနိပ်လှပါဘူး။
ကျနော်ကတော့ ခုန ရုပ်ရှင်ကားကလေးကို ကြည့်လို့ မြန်မာပြည်က သမ္မတရွေးချယ်ပွဲအတွက် စကားစစ်ထိုး တာကို စိတ် ကူးယဉ် ကြည့်နေမိတယ်။ စစ်တပ်ကိုယ်စားလှယ်တွေက နာမည်တင်လိုက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း သမ္မတ လောင်း ဖြစ်လာနိုင်တာပေါ့။ တခါ အနိုင်ရပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အခု ၀န်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးသိန်းစိန်လည်း အောက် လွှတ်တော်က တင်လိုက်လို့ သမ္မတလောင်း ဖြစ်လာနိုင်တာပေါ့။ တခါ အထက်လွှတ်တော်ကတင်လို့ တခြားသူ တဦးဦး၊ ဒါမှမဟုတ် အခုတွင်း-၁၊ ဦး သီဟသူရ တင်အောင်မြင့်ဦးလည်း သမ္မတလောင်း ဖြစ်လာနိုင်သေးတယ်။ ကျနော်က သူတို့ ဘယ်လို စကားစစ်ထိုးကြမလဲလို့ စိတ်ကူးထဲ ပုံဖော်ကြည့်မိနေတယ်။
ဦးသိန်းစိန်။ ။ ဗိုလ်ချုပ်မှူးကြီးခင်များ၊ (ဒါမှမဟုတ် လူကြီးမင်းလို့လည်း ခေါ်ချင်ခေါ်မှာပေါ့) လူကြီးမင်းနဲ့ မိသားစုဟာ အာဏာအလွဲသုံးစားလုပ်လို့၊ အင်မတန် အကျင့်ပျက် ခြစားခဲ့ပါတယ်။ သာဓကအနေနဲ့ လူကြီးမင်းသမီးရဲ့ မင်္ဂလာပွဲကို တောင် စိန်စီတဲ့ညလို့ သမုတ်နေကြပါပြီ။
ဦးသီဟသူရ တင်အောင်မြင့်ဦး။ ။ လူကြီးမင်းဟာ လူထုမျက်ကွယ်ကနေ တိုင်းပြည်ကို အုပ်ချုပ်နေခဲ့ပါတယ်။ ကိုယ့်ကို ကိုယ် ယုံကြည်မှုနည်းလွန်းလို့ ပြည်သူရှေ့ထွက်ပြီး မိန့်ခွန်းပြောဆိုတာတွေ တခါမှ မလုပ်ခဲ့ပါဘူး။
(ဒီလိုတော့ ပြောလို့ ဖြစ်မယ် မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တဦးကို တဦး ပုဂ္ဂိုလ်ရေး ပုတ်ခတ်မပြောဆိုရဘူးလို့ တားမြစ်ထားတယ်လေ။ ဒါဆိုရင်လည်း အပြုသဘော ပြောကြည့်တယ်။)
ဦးသိန်းစိန်။ ။ ကျနော်သာ သမ္မတဖြစ်ရင် တို့တာဝန်အရေး ၃-ပါးကို အစွမ်းကုန် မြှင့်တင်ဆောင်ရွက်ပါမယ်။ အခု အောင်မြင်ပြီးသား စီးပွားရေးအခြေခံကောင်းတွေကနေပြီး စက်မှုနိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်ပါမယ်။ (ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးစဉ်က သဘောထား ကြေညာချက်အတိုင်း ပြောတယ်။)
ဦးသန်းရွှေ။ ။ ကျနော်သာ သမ္မတဖြစ်ရင် တို့တာဝန် အရေး ၃-ပါးကို ဟိုဖက်က လူကြီးမင်းထက် ပိုလုပ်ဆောင်နိုင်တာ ပေါ့။ ခုနက လူကြီးမင်း ဦးသိန်းစိန်ပြောတဲ့ အချက်တွေက ကျနော့်ပြောပြီးသား မိန့်ခွန်း အဟောင်းတွေထဲက အချက်တွေ ကို ကူးချထားတာပါ။ ရယ်ရတယ်..။
(ဒီလို ပြန်ပြောချင်လည်း ပြောမှာပေါ့။ ဒါမှမဟုတ်ရင်လည်း မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး မင်းတော့ နာချင်ပြီထင်တယ်လို့ တလုံးမှ ပြန်မပြောဘဲ ကြည့်နေနိုင်သေးတာပေါ့။)
ကျနော်က သမ္မတလောင်းတွေ စကားစစ်ထိုးတာ MRTV က တိုက်ရိုက်လွှင့်ပေးမလား။ တိုင်းပြည်ကို ဘယ်လိုကောင်း အောင် လုပ်လိုက်မယ်ဆိုတဲ့၊ သူတို့စိတ်ကူး စိတ်သန်း မြော်မြင်ချက်တွေကို ကြားချင်နေ မိတယ်။ ကျနော်ပဲ စိတ်ကူးယဉ် လွန်းနေသလား မသိပါဘူး။ အခုအချိန်အထိ မြန်မာပြည်ထဲက မီဒီယာတွေ၊ ဂျာနယ်တွေတောင် နှစ်ဆယ်စုနှစ်များစွာ ကြာပြီးမှ တခါဖြစ်လာတဲ့ လွှတ်တော်ဖွင့်ပွဲကို သတင်းယူခွင့် ရ-မရ မသေချာသေးဘူးလေ။
အောင်သူငြိမ်း
ဇန် ၃၀၊ ၂၀၁၁။
Sunday, January 30, 2011
ကျနော့်ကို မဲပေးကြပါခင်ဗျာ...
Posted by ရွက်မွန် at 10:40 AM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment