ရွက်မွန်စာမျက်နှာ

Wednesday, February 16, 2011

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လက်ယှက်ထိုး

ညာရေးစနစ် ကောင်းမွန်မှ၊ အဆင့်အတန်းရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နိုင်လိမ့်မယ် ဆိုတာ လူတိုင်း သိပြီးသားပါ။ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ထောက်ပြမှ မဟုတ်ပါဖူး။ အသိဉာဏ်ရှိတဲ့ လူတိုင်း နားလည်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ အဆက်ဆက် များလည်း ဒါကို သိပြီးသားပါ။

ဒါကြောင့် အမှန်တကယ် လွတ်လပ်ပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ ပညာရေးကို အစိုးရ ကိုယ်တိုင်က ပါလီမန် တွေမှာ ကြွက်ကြွက်ညံအောင် ဆွေးနွေးပြီး အလေးထား ဆုံးဖြတ် ဆောင်ရွက် ကြပါတယ်။ ပညာရေး အတွက် ငွေတွေကို ပုံအောပြီး အသုံးပြုကြပါတယ်။ ဒါ့အပြင် ပညာရေးစနစ် အဆင့်မြင့်လာပြီး သူများ တိုင်းပြည် တွေနဲ့ ယှဉ်ဘောင်တန်း နိုင်အောင် အတွက် ပညာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်များကို ဦးစီး ဦးဆောင် လုပ်စေပါတယ်။ လွတ်လွတ် လပ်လပ် ဆောင်ရွက်စေပါတယ်။ အုပ်ချုပ်သူအစိုးရက ပညာရေး အတွက် ဆောင်ရွက်နေတဲ ပညာရှင်များ အကြားမှာ ကန့်လန့်ကန့်လန့်နဲ့ ဝင်ပါခြင်း ဝင်ရှုပ်ခြင်း မလုပ်ကြပါဖူး။ ဆိုလိုတာကတော့ ပညာရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ပညာရှင်များကို လိုအပ်သည်များ ညွှန်ကြားတဲ့ အလုပ်မျိုးကို ဒီမိုကရေစီ အစိုးရများက မလုပ်ပါဖူး။

သို့သော် အစိုးရက ဝင်ပြီး ပါသင့်တဲ့ အခန်းကဏ္ဍ အတွက်တော့ ပါရပါတယ်။ ဘယ်လိုတုန်းဆိုတော့ ဥပမာ တခုအနေနဲ့ ပြောရမယ်ရင် ကျနော်တို့ရဲ့ အိမ်နီးချင်း တိုင်းပြည်တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ (၄၅) အရ ကလေးတွေဟာ အနည်းဆုံး အခြေခံပညာကို ၁ဝ နှစ် အထိ အခမဲ့သင်ယူနိုင်ဖို့ အစိုးရက ထောက်ပံ့ပေးရမယ်လို့ ပါရှိ ပါတယ်။ ဥပဒေပြုခြင်း ဆိုင်ရာများနဲ့ ပတ်သက်လို့တော့ ဝင်ပြီးပါတာမျိုးကို ဆိုလိုတာပါ။ အဲဒီဥပဒေအရ ငါးနှစ်အရွယ်က စပြီး ကျောင်းတက်၊ ပညာသင်တဲ့ ကလေးတယောက်ဟာ အသက် ၁၄၊ ၁၅ နှစ်အထိ မဖြစ်မနေ အခမဲ့ ပညာသင်ကြား ခွင့်ရှိရမယ်လို့ ဥပဒေအရ အခွင့်အရေး ပေးထားခြင်း ဖြစ်ပါ တယ်။

ဒီလိုဥပဒေ ပြဌာန်းထားတာက တခြားကြောင့်တော့ မဟုတ်ပါဖူး။ ကလေးတွေ အခြေခံပညာတောင် မပြီးဆုံး သေးဘဲ ကျောင်းကထွက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်တွေထဲ ရောက်ကုန်မှာကို စိုးရိမ်တဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာပြည် မှာတော့ ဆင်းရဲမွဲတေမှုက ပိုပြီးမြင့်မားလာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းက ထွက်ပြီး လုပ်ငန်းခွင် တွေထဲ ရောက်ကုန်တဲ့ ကလေးတွေ တနှစ်ထက် တနှစ် ပိုများလာပါတယ်။ လွယ်လွယ် မြင်နိုင်တဲ့ ဥပမာတခုကို ပြောရရင် လက်ဖက်ရည်ဆိုင် အတော်များများက စားပွဲထိုးလေးတွေဟာ ကလေးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါက ဒီတနေရာ ထဲကိုသာ ထောက်ပြခြင်း ဖြစ်ပါတယ်။ နောက်တခုကတော့ အသက် ၁၅ နှစ် ၁၆ နှစ် အရွယ် ကလေးတွေ စစ်တပ်ထဲ ဆွဲအသွင်းခံနေရတာ ပိုပြီးများလာနေပါတယ်။ အဲဒါ ကြောင့် နောင်ဆိုရင် ပိုဆိုးဦးမယ်။ စစ်မှုထမ်းဥပဒေက ပြဌာန်း ထားတယ် မို့လား။

ပညာရေးဟာ ကလေးသူငယ်များအတွက် အလွန်အရေးကြီးကြောင်း လူတိုင်းသိသလို အုပ်ချုပ်သူများ ကိုယ်တိုင်လည်း သိရှိကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ အစိုးရကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များရဲ့ သားသမီး မြေးမြစ် တွေဟာ အဆင့်မြင့် ပညာရေးအတွက် နိုင်ငံခြားမှာ ထွက်ပြီး ပညာသင်နေကြပါတယ်။ ငွေကြေး တတ်နိုင်တဲ့ မိဘများရဲ့ ကလေးများလည်း နိုင်ငံခြားမှာ ထွက်ပြီး ပညာသင်ကြပါတယ်။ ထိုင်း၊ စင်္ကာပူ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပညာထွက်သင်ကြသလို ပိုပြီးငွေကြေး တတ်နိုင်တဲ့ သူတွေကတော့ သူတို့ သားသမီးတွေကို အနောက်နိုင်ငံများက တက္ကသိုလ်တွေမှာ ပညာသင်ယူ စေပါတယ်။ မြန်မာနိုင်ငံ အတွင်းက ကောလိပ်တွေ တက္ကသိုလ် တွေကို အုပ်ချုပ်သူ အစိုးရ ကိုယ်တိုင်က အယုံအကြည် မရှိဖူးဆိုတာ ဒီနေရာမှာ မြင်နိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားကိုပို့ပြီး ပညာသင်စေတာ ဖြစ်ပါတယ်။

သာမန်ပြည်သူတွေ လက်လုပ်လက်စားတွေ ကတော့ ကျောင်းဖွင့်ချိန်ရောက်လို့ ကလေးတွေ ကျောင်းအပ်ဖို့ ပြင်ရပြီဆိုရင် စိတ်မောလူမော ဖြစ်ကြရပါတယ်။ ကျောင်းစာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုး၊ ကျောင်းဝင်ကြေး ဒါတွေအပြင် ထိုင်ခုံဖိုးလှူရတာ၊ ဟိုဟာကြေး ဒီဟာကြေး လှူရတာတာတွေက မဖြစ်မနေ ပေးရတဲ့အတွက် ဆင်းရဲတဲ့ အိမ်ထောင်စုက ကလေးတွေဟာ အထက်တန်း ပညာတောင် မဆုံးခင်မှာ ကျောင်းထွက်ပြီး ရရာ အလုပ်ကို ရှာလုပ်ရတာ ပိုများလာနေပါတယ်။ သုတေသန လုပ်သူများ အဆိုအရ အထူးသဖြင့် နယ်တွေမှာ ဆိုရင် မူလတန်းနဲ့ အလယ်တန်းအပြီး ကျောင်းဆက် မတက်နိုင်တော့ဘဲ မိဘတွေနဲ့အတူ ဝမ်းစာရှာဖို့ ကျောင်းထွက်လိုက် ရတဲ့ ကျောင်းသား အရေအတွက်ဟာ များသထက် များလာတယ်လို့ သိရပါတယ်။

ဒီနေရာမှာ မေးစရာမေးခွန်းတွေ ပေါ်လာပါတယ်။ အုပ်ချုပ်သူ အစိုးရကိုယ်တိုင်က ကိုယ့်နိုင်ငံ အတွင်းက ပညာရေးစနစ်ကို ဘာဖြစ်လို့ တိုးတက်သည်ထက် တိုးအောင် မဆောင်ရွက်ဘဲ ပစ်ထားသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရ ကတော့ ပြောမှာပါ။ သူတို့လက်ထက်မှာ ကောလိပ်တွေ၊ တက္ကသိုလ်တွေ ပိုများလာအောင် ဆောင်ရွက်ပေးတယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။ သို့သော်လည်း တက္ကသိုလ်တွေ မှိုလိုပေါက်အောင် နေရာအနှံ့ ထူထောင်ထားကရော အဓိပ္ပါယ် ရှိရဲ့လား ဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။

သဘာဝသယံဇာတ ပေါºကွယ်ဝပါတယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ သစ်တွေကိုအစုလိုက် အပုံလိုက်ခုတ်ပြီး နိုင်ငံခြား ထုတ်ရောင်း ပါတယ်။ သဘာဝဓာတ်ငွေ့တွေကိုလည်း နိုင်ငံခြားတိုင်းပြည်များကို ပိုက်လိုင်း သွယ်ပြီး ရောင်းချနေ ပါတယ်။ ဆန်တွေ နိုင်ငံခြားတင်ပို့ ရောင်းခြတာလည်း တိုးတက်လာတယ်လို့ အစိုးရက ထုန်ပြန်တဲ့ ကိန်းဂဏန်း မျာအရ သိရပါတယ်။ ဒါ့အပြင် ကျောက်သံပတ္တမြားတွေလည်း နိုင်ငံခြားကို ရောင်းချနေပါသေးတယ်။ အဲဒါ တွေကို ကိုင်ပြီး ရောင်းချခွင့်ရနေသူဟာ ဘယ်သူတွေလဲ ဆိုတာကိုလည်း နိုင်ငံသားအားလုံး သိပါတယ်။

အဲသလို သဘာဝအရင်းအမြစ်များကို ရောင်းခြလို့ရရှိတဲ့ ငွေတွေကို ဘယ်လိုအသုံးပြုလဲ (သို့မဟုတ်) ဘယ်ကို ရောက်ကုန်ပြီလဲဆိုတာ စောကြောဖို့ လိုပါတယ်။ တခြားတော့ မဟုတ်ပါဖူး။ သဘာဝအရင်း အမြစ်တွေကို ရောင်းချလို့ ရတဲ့ နိုင်ငံခြားငွေတွေ ရောက်သွားတဲ့ နေရာကတော့ ခေတ်မီစစ်တပ်ကြီး တည်ဆောက်နေတယ် ဆိုတဲ့ စစ်အသုံး စရိတ် ထဲကို ရောက်သွားတာဖြစ်ပါတယ်။ ပညာရေး လုပ်ငန်း တိုးတက်ဖို့အတွက် သုံးတာ မဟုတ်ဖူး ဆိုတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ ညူကလီးယား အိပ်မက်ကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ သုံးစွဲတဲ့ စရိတ်ကလည်း အကြီးမားဆုံးလို့ ပြောနိုင်ပါ သေးတယ်။ အင်အား ကောင်းပြီး ခေတ်မီတဲ့ တပ်မတော်ကြီး ဖြစ်အောင် ဦးစားပေး ဆောင်ရွက်နေတဲ့ အတွက် နိုင်ငံသားတိုင်း လိုအပ်နေတဲ့ ပညာရေး စနစ်ကို ခေတ်မီတိုးတက်အောင် မဆောင်ရွက်ပါဖူး။ ဒါ့ကြောင့် မြန်မာပြည်က ပညာရေးစနစ်ဟာ ခေတ် နောက်ကျပြီး တစစီပြိုကြ နေတယ်လို့ဆိုရင် လွန်မယ် မထင်ပါဖူး။ ပညာရေးက ပြိုကျနေရတဲ့အထဲ အခြေခံ ကျောင်းပညာကိုတောင် အထက်တန်း အဆင့်အထိ မသင်ယူနိုင်တော့ဖူးဆိုတော့ ဒီတိုင်းပြည်ဟာ ဘယ်လိုလုပ် ကောင်းဖို့ရှိတော့မလဲ။

စစ်အင်အားကောင်းမှ တိုင်းပြည် လုံခြုံရေးအတွက် စိတ်ချရတယ်ဆိုတဲ့ အတွေးက စစ်ဗိုလ်ချုပ်တွေမှာ စိုးမိုးနေ ပါတယ်။ အမှန်ကတော့ သေသေချာချာ ပြန်တွက်ကြည့်ရင် ပညာရေးစနစ်အားကောင်းမှ၊ အဆင်အတန်း မြင့်မှသာ တိုင်းပြည် စစ်စစ်မှန်မှန် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး တိုင်းပြည်ကို ပိုမို လုံခြုံစေမှာ ဖြစ်တာကို သူတို့ နားဝေးနေကြပါတယ်။

နောက်တချက်ကလည်း ပညာရေးအတွက် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပို့ချနေရတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းက ဆရာ ဆရာမများရဲ့ ဘဝဟာလည်း ရင်နာဖို့ကောင်းပါတယ်။ ရတဲ့လစာက နည်းလွန်းလှတဲ့ အပြင် ဆရာဆရာမဆိုရင် စစ်ဖက်လူတန်းစားက သူတို့ရဲ့ ကျေးကျွန်များ သဖွယ် သဘောထားတာပါပဲ။ အဲသလို ဆိုလိုက်လို့ တက္ကသိုလ်အဆင့် ဆရာ ဆရာမတွေကော လစာ ကောင်းသလားဆိုတော့ အတူတူနဲ့ အနူနူလို့ ပြောရမှာပါပဲ။ နောက်ဆုံးတော့ ရတဲ့ လစာနဲ့ မလောက်တဲ့အတွက် သူတို့လည်း ဆရာဆရာများ အနေနဲ့ မလုပ်ထိုက်ဖူးလို့ အဆက်ဆက်က ခံယူထားတဲ့ ကိစ္စတွေကို ဝမ်းစာဖူလုံရေးအတွက် ဖောက်ဖျက်ကြရ ပါတော့တယ်။

ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေကတော့ စင်္ကာပူမှာ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ၊ ဟောင်ကောင် မှာ ရှိနေတဲ့ ဘဏ်ကြီးတွေမှာ ဒေါ်လာတွေအပ်ထားပြီး သူတို့သားသမီးတွေကို နိုင်ငံရပ်ခြားက တက္ကသိုလ်တွေ အဆင့်မြင်ပညာတွေကို ဆက်လက် ဆည်းပူးခိုင်းနေပါတယ်။ တချိန်ထဲမှာလည်း သန်းနဲ့ချီပြီး အရေအတွက်ရှိတဲ့ ကျောင်းသားများကတော့ စာသင်ခန်းတွေကို အရွယ်မတိုင်ခင် စွန့်ခွာနေရပါတယ်။

ဇော်မင်း
၈ ရက်၊ ဖေဖဝါရီလ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.