ရွက်မွန်စာမျက်နှာ

Monday, February 21, 2011

ရဲမျက်စေ့နဲ့ စစ်မျက်စေ့

၁။
ရဲတွေနဲ့ ပတ်သက်လို့ သတိရတာလေး တခုပေါ်လာလို့ ပြောရဦးမယ်။ ရဲတွေကို နှိမ်ချင်လို့ ဒီစကားမျိုး ပြော တယ်လို့ မအောက်မေ့နဲ့ ဆိုတာကို စကားခံထား ချင်ပါတယ်။ ဖြစ်ပုံက ဒီလိုဗျ။ ဖိုးကျော်တို့ ဖိုးသော်တို့ ညီအကိုများရဲ့ အိမ်နဲ့ ကိုက်နှစ်ရာလောက် အကွာမှာ လက်ဖက်ရည်ဆိုင် တဆိုင်ရှိတယ်။ လက်ဖက်ရည်ဆိုင် ပိုင်ဆိုင်ရှင်က ဦးလေးရွှေမောင်းတဲ့။ သူ့မှာ သားသုံးယောက် ရှိတယ်။ အဲဒီအထဲက သားအငယ် နှစ်ယောက်က ဖိုးကျော်တို့ ဖိုးသော်တို့နဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ။ အိမ်နဲ့ကလည်းနီး ငယ်သူငယ်ချင်း မိသားစုက ဖွင့်ထားတဲ့ ဆိုင်ကလည်းဖြစ် ပဲပလာတာတို့၊ ပေါက်ဆီတို့၊ စမူဆာတို့ကလည်း ကောင်းဆိုတော့ မကြာမကြာ ထိုင်ဖြစ်ကြတယ်။ အဲဒီ လက်ဖက်ရည်ဆိုင်က ဘယ်မှာတုန်းဆိုတော့ မန္တလေးမြို့ရဲ့ အစွန်ဆုံးဆိုတဲ့ ရပ်ကွက် များထဲက တခုသော ရပ်ကွက်ထဲ မှာပါ။

လွန်ခဲ့တဲ့ အနှစ်နှယ်ဆယ်တုန်းက ကြုံခဲ့တဲ့ ရယ်စရာ ဇတ်လမ်းလေးပါ။ အဲဒီတုန်းက ဖိုးသော်က မြေအောက် ကျောင်းသား အဖွဲ့အစည်း တခုမှာ လှုပ်ရှားနေတဲ့ အချိန်။ ဒီမိုကရေစီရေး လှုပ်ရှားသူဆိုလည်း မမှားဖူး။ ဖိုးသော်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တချို့ကတော့ စစ်အစိုးရ ဆန့်ကျင်ရေး စာတွေဖြန့်ဝေရင်း အဖမ်းခံ ရလို့ ထောင် လေးငါးဆယ်နှစ် ကျခံကြရတယ်။ တချို့ကတော့ နယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ဆက်သွယ်တာ သိသွားလို့ အဖမ်းခံရ၊ အနှိပ်စက်ခံရ၊ နှစ်ရှည်ထောင်ကျခံရ တာတွေလည်း ရှိသေးတယ်။ ဖိုးသော်အကို ဖိုးကျော် ကတော့ အရောင်းအဝယ် သမားတဦးပါ။ သူကိုယ်တိုင် လှုပ်ရှားမှုတွေမှာ ဝင်မပါပေမယ့် သူ့ညီ လုပ်တာတွေကို ကြိတ်ပြီးအားပေး ပါတယ်။

၂။ တနေ့တော့ မန္တလေး ဂေါဝိန်သင်္ဘောဆိပ်ကနေ တောင်ဖက် နှစ်မိုင်သုံးမိုင်လောက် အကွာက ဧရာဝတီ မြစ်ထဲမှာ ကျောက်ခြထားတဲ့ မော်တော်တစင်း ပေါ်ကနေ ကချင်ဖက်က တရားမဝင် သယ်လာတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေ ရဲက သိမ်းမိတယ်။ ပိဿာလေးထောင်ကျော်လောက် ရှိတယ်လို့ ဆိုတယ်။ သယ်လာတဲ့ လူတွေလည်း အဖမ်းခံ ရတယ်။ ကေအိုင်အေလို့ လူသိများတဲ့ ကချင်သူပုန်အဖွဲ့ ပိုင်တဲ့ ကျောက်စိမ်းတွေ လို့လည်း တချို့က ပြောကြ သေးတယ်။ ဟုတ်လား မဟုတ်လားတော့ ဘယ်သူမှ တပ်အပ် မသိပါဖူး။ အဲဒီ အချိန်တုန်းက မန္တလေးမြို့တွင်း မြို့ပြင်မှာ အဲဒီကျောက်စိမ်းတွေ အကြောင်းက လူတိုင်းစိတ်ဝင်စားတဲ့ ဇာတ်လမ်း ဖြစ်ခဲ့တာတော့ အမှန်ပဲ။ စိတ်ဝင်စားဆို ကျောက်စိမ်း ပမာဏကလည်း ပိသာလေးထောင် ကျော်လောက် ရှိနေတာကိုး။

နေ့လည်ပိုင်းကျတော့ ဖိုးသော်နဲ့ သူ့အကို ဖိုးကျော်တို့ ဦးလေးရွှေမောင်းတို့ လက်ဖက်ရည်ဆိုင်မှာ ခါတိုင်းလိုပဲ သွားထိုင်ကြတယ်။ လက်ဖက်ရည် သောက်နေတုန်း သူ့အကို ဖိုးကျော်နဲ့ ခင်မင်နေတဲ့ ဒုရဲအုပ် တယောက် သူတို့ဝိုင်းမှာ လာဝင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေကြတယ်။ အဲဒီ ဒုရဲအုပ် နာမည်က သန်းနိုင်တဲ့။ မြို့ထဲမှာ သူ့ကို တွေ့နေတာကတော့ ခဏခဏပါပဲ။ ဒုရဲအုပ် သင်တန်းဆင်းလာတာ သိပ်မကြာသေးဖူး၊ တနှစ် နှစ်နှစ် လောက်ပဲ ရှိဦးမယ်။ တချိန်က မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် ပလေးဘွိုင်း သန်းနိုင် နာမည်နဲ့ တူနေလို့ ဖိုးသော် သူ့နာမည်ကို မှတ်မိနေတာပါ။ ပြောရင်းဆိုရင်း ဘယ်လိုကနေ ဘယ်လို ကျောက်စိမ်းတွေ အကြောင်း ရောက်သွား သလဲတော့ မသိ။ တနေ့က မိသွားတယ် ဆိုတဲ့ ကျောက်စိမ်းတွေ အကြောင်းနဲ့ ပတ်သက်လို့ သူ့ထင်မြင်ချက်ကို ဖိုးသော်က ဟန်ပါပါနဲ့ ပြောနေတယ်။

"ပိဿာလေးထောင်ကျော် ဆိုတော့ ဒီပစ္စည်းတွေဟာ လူတဦးချင်း နှစ်ဦးချင်း ပိုင်တာတော့ မဖြစ်နိုင်ဖူးဗျ။ ကေအိုင်အေနဲ့ တနည်းနည်းတော့ ပတ်သက်နေရမယ်။ စဉ်းစားကြည့်လေ ကေအိုင်အေ နယ်မြေထဲက လာတဲ့ အဲသလောက်များတဲ့ ပစ္စည်းတွေဟာ သူတို့ ခွင့်ပြုချက်မရဘဲ မန္တလေးအထိ အရောက်သယ်ဖို့ ဆိုတာ လူတိုင်း မလုပ်နိုင်ဖူး။ သတင်းတွေ အတိုင်းဆိုရင် ဒီကျောက်စိမ်းတွေကို တရုတ်ပြည်ဖက် ရောင်းမယ်ဆိုပြီး ဗန်းမော် အထိ ပထမ အရောင်ပြ သယ်လာတယ်။ ပြီးတော့မှ ဗန်းမော်ကနေ မြစ်ကြောင်းအတိုင်း တောင်ဖက်ကို ပြန်စုံဆင်း လာတယ်ဆိုတော့ မဟုတ်မှလွဲရော ပင်လယ်ထဲကဖြတ်ပြီး ကော့သောင်ကနေ ရနောင်းဖက်ကို တင်ဖို့ဖြစ်နိုင်တယ်။ ထိုင်းနိုင်ငံ ဖက်မှာ ရောင်းဖို့ဆိုတဲ့ သဘောမျိုး ဆောင်နေတယ်။ အခုလက်ရှိ အနေ အထားမှာ ထိုင်းကျောက်စိမ်း ဈေးကွက်က တရုတ်ဈေးကွက်ထက် ဈေးကောင်းရနေတယ်လို့လည်း ကြားရ တာကိုး"။

၃။ ဒုရဲအုပ်သန်းနိုင် ကတော့ ဖိုးသော် မှင်မောင်းကောင်းကောင်းနဲ့ ပြောနေတာကို တလေးတစား နားထောင် နေတယ်။ ဖိုးကျော်ကလည်း သူ့ညီဖိုးသော် ပြောနေတာတွေ ဟုတ်ကြောင်းမှန်ကြောင်း တချက်တချက်ဝင်ပြီး စကား ထောက်ထောက် ပေးနေသေးတယ်။ တအောင့်လောက်နေတော့ ဒူးယားတလိပ်ခဲရင်း ဖိုးသော် အိမ်ဖက်ကို ပြန်လာခဲ့တယ်။ သူ့အကို ဖိုးကျော်ကတော့ ဒုရဲအုပ်သန်းနိုင်နဲ့ လေကန်ပြီး ကျန်နေရစ်တယ်။ ဖိုးသော် လက်ဖက်ရည်ဆိုင်က ထွက်သွားတာနဲ့ ဒုရဲအုပ်သန်းနိုင်က "စောစောကလူဟာ အာမီက ဖြစ်ရမယ်။ အနဲဆုံး ဗိုလ်ကြီးအဆင့်လောက် ရှိရမယ်။ ကိုဖိုးကျော်နဲ့ သိတာ တော်တော်ကြာပြီလားဗျ" ဆိုပြီး မေးလာတယ်။ ဖိုးကျော်က ရယ်ချင်စိတ်ကို မြိုသိပ်ပြီး "ဟာ သူက တခြားသူမဟုတ်ပါဖူး။ ကျနော့်ညီအရင်းပါ ကိုသန်းနိုင်ရဲ့" လို့ ပြန်ဖြေလိုက်တယ်။ သို့သော်လည်း ဖိုးသော်ဟာ စစ်တပ်က ဟုတ်မဟုတ်၊ ဗိုလ်ကြီးအဆင့် ဟုတ်-မဟုတ် ဆိုတာကိုတော့ ပြန်မဖြေလိုက်ဖူး။ တဆက်ထဲဆိုသလို ဒုရဲအုပ် သန်းနိုင်က "ကိုင်း တွေ့တယ်မို့လား။ ကျနော်တို့ ရဲမျက်စေ့နဲ့ ကြည့်လိုက်ကထဲက ဒီလူဟာ တပ်က ဖြစ်ရမယ်ဆိုတာ ချက်ခြင်း တန်းကနဲသိတယ်ဗျ။ ကိုယ်လုံးကိုယ်ထည် အနေအထား၊ ဆံပင်ပုံစံ၊ နောက် စကားပြောဟန်ကလည်း တပ်မတော်က အရာရှိ တယောက် ပြောတဲ့ ပုံစံဆိုတာ သိသာတယ်"။ ဖိုးကျော်က ဒုရဲအုပ် သန်းနိုင်ကို ဘာမှ ဆက်ပြီး ရှင်းမပြတော့။ ခဏနေတော့ ဖိုးကျော်လည်း အိမ်ကို ပြန်ရောက်လာပြီး သူ့ညီ ဖိုးသော်ကို ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြ လိုက်တယ်။ ညီအကိုနှစ်ယောက် ခွက်ထိုးခွက်လန် ရယ်လိုက်ကြတာ မျက်ရည် တွေတောင် ထွက်လာတယ်။ သြော် ရဲမျက်စေ့၊ ရဲမျက်စေ့။ ဖြစ်မှဖြစ်ရပလေ။

တကယ်တော့ ဖိုးသော်က အငယ်ဆိုပေမယ့် သူ့အကို ဖိုးကျော်ထက် အကောင်ကြီးတယ်၊ အရပ်မြင့်တယ် အားကစားတွေ ဘာတွေ လုပ်တော့ ခန္ဓာကိုယ်က ကျစ်ကျစ်လစ်လစ် ရှိတယ်။ ဆံပင်ညှပ် ထားတာကလဲ ရက်ပိုင်းပဲ ရှိသေးတော့ ဒုရဲအုပ်သန်းနိုင်က သူ့ကို စစ်တပ်ကလို့ ထင်တာကလည်း ထင်လောက်ပါတယ်။ ဒါပေမယ့် ရဲမျက်စေ့နဲ့ ကြည့်လိုက်ရင် ဆိုတဲ့ စကားကို သဘောကျလို့ ရယ်ကြတာပါ။ အမှန်ဆိုရင် ဖိုးသော်က စစ်တပ်မှာ ဗိုလ်ကြီးအဆင့် ရှိဖို့ဝေးစွ ကန့်လန့်တိုက်ပြီး ပြောရရင် ရေကိုတောင် စစ်သောက်ဖူးတာ မဟုတ်ဖူး။ ပြီးတော့ သူက အစိုးရ အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ မြေအောက်ကျောင်းသား အဖွဲ့အစည်းတခုမှာ လုပ်နေတာ မဟုတ်လား။ အမြင်စူးလိုက်တဲ့၊ လျှင်လိုက်တဲ့ ရဲမျက်စေ့ကြီးရယ်လို့ ဖိုးသော်က မှတ်ချက်ချပါတယ်။

၎။ ရှုတ်ထွေးပွေလီလှတဲ့ ခေတ်ကြီးကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဖြတ်သန်းလာရင်း တရက်တော့ ဖိုးသော် တယောက် မတွေ့တာ ကြာပြီဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းဟောင်း တချို့နဲ့ မြို့ထဲက ဘာဘီးကျူး အကင် တွေ ဘာတွေရတဲ့ ဘီယာပန်းခြံ တခုမှာ ပလောင်ထင်း ကြတယ်။ လူစုတယ် ဆိုပေမယ့် များများစားစားတော့ မဟုတ်ပါဖူး။ ဖိုးသော်၊ တင်အောင်ဦး၊ မျိုးကြီးနဲ့ စိုးနိုင်တို့ လေးယောက်ထဲပါ။ ဖိုးသော်က အခုအထိ ကျူရှင်ပြ နေတုန်း။ တင်အောင်ဦးက ရှေ့နေ။ မျိုးကြီးက နိုင်ငံခြားသင်္ဘော တက်လိုက် ဆင်းလိုက်လုပ်နေတဲ့ လှေထိုးသား။ စိုးနိုင် ကတော့ ကျောင်းပြီးကထဲက ဒုရဲအုပ် သင်တန်းတက်ခွင့်ရလို့ ရဲထဲဝင်သွားတာ အခုတော့ မြို့နယ်ရဲမှူးကြီး အဆင့်ဖြစ်နေပြီ။ သောက်ကြစားကြရင်း ရှေးဟောင်းနှောင်းဖြစ် လေးတွေ ပြောလိုက်၊ တယောက်နဲ့ တယောက် မထိခလုတ် ထိခလုတ် စလိုက်နောက်လိုက်နဲ့ ငယ်မူငယ်သွေးလေးတွေကို ရသလောက် လှန်ထုတ်ရင်း ကျောင်းသား ဘဝကအတိုင်း ပြန်ပြီးအရသာ ခံနေကြတယ်။

အဲဒီတုန်းမှာ ရဲမှူးကြီးစိုးနိုင်က "ဟေ့ကောင် ဖိုးသော်၊ မင်းကတော့ ဘယ်သူ့လက်အောက်မှာမှ အမှုမထမ်းဘဲ ကိုယ့်ဟာကို ကျူရှင်ပြနေတယ် ဆိုတော့ ဘဝက လွတ်လပ်တာပေါ့ကွာ။ တခါတခါ ငါတောင် မင့်ကို အားကျ သေးတယ်" လို့ ဆိုလာတယ်။ ဖိုးသော် ပြန်ဖြေတာကတော့ "မင်းထင်လို့ပါ စိုးနိုင်ရာ။ ငါတို့လို ကျူရှင် သက်သက်ပြတဲ့ လူတွေက ဘော်ဒါဖွင့်တဲ့ လူတွေလောက် ဝင်ငွေမကောင်း ဖူးကွ။ အခုဆို တတ်နိုင်တဲ့ သူတွေက ပရိုက်ဗိတ် စာသင်ကျောင်းတွေတောင် ထောင်လာကြပြီ မဟုတ်လား။ ကြူကြူပါအောင် ငြီးနေရင်း ရှင်သန် နေရတဲ့ ကျူရှင်ဆရာဘဝ ပါကွာ"။ ဖိုးသော် အပြောကို သဘောကျလို့ အားလုံးဝိုင်းရယ် လိုက်ကြတယ်။ "တကယ်တန်း အရင်းနည်းနည်းနဲ့ အမြတ်များများ ရနေတာက အောင်တင်ဦးတို့လို့ ရှေ့နေတွေကွ။ အမှုတွေ ဖြစ်ကြလို့ တရားခံဖက်က လိုက်လိုက်၊ တရားလိုဖက်က လိုက်လိုက် ငွေကဝင်နေတော့ ငိုစားရယ်စား လို့တောင် စကားရှိတယ် မဟုတ်လား" လို့ဆက်ပြောရင်း ဖိုးသော်က အောင်တင်ဦးကို တချက် လှမ်းထည့် လိုက်တယ်။

အောင်တင်ဦးက လက်ဝါးကြီးကို ကာပြရင်း "ဟေ့ ဟေ့။ ဒို့ရှေနေတွေကို ငိုစားရယ်စားလို့တော့ မပြောနဲ့။ ဒီအသုံးအနှုန်းက တယ်ရိုင်းသကွ။ တကယ်တမ်းတော့ ငဒို့တွေလည်း အလုပ်လုပ်နေရတဲ့ လုပ်သားတွေပဲ ဟာကိုး။ ဒို့ရှေ့နေတွေကို "လေလုပ်သား" လို့ခေါ်မှ မှန်တာ။ ပါးစပ်ကထွက်တဲ့ လေကိုအရင်းတည်ပြီး လုပ်ရ တာကိုးကွ" လို့ဆိုရင်း တဟားဟား အော်ပြီးရယ်ချ လိုက်တယ်။ မျိုးကြီးကတော့ သူ့ဖက်ရောက်မလာခင် သူကပဲ ဦးအောင် သူ့ကိုယ်သူ နာမည်တပ်လိုက်တယ်။ "အေး အေး။ အောင်တင်ဦး မင်းက လေလုပ်သား ဆိုတော့၊ ငါတို့လို သင်္ဘောသီးက ငါးမဖမ်းတဲ့ ရေလုပ်သားလို့ ပြောရမလို ဖြစ်နေပြီ။ ဒါပေမဲ့ မင်းတို့လည်း သိတယ်နော်။ ငါ သင်္ဘောလိုက်ဖို့ စရင်းခဲ့ရတာ နည်းတာတော့ မဟုတ်ဖူး"။

၅။ ဒီလိုပြောရင်းဆိုရင်း တဖြည်းဖြည်းနဲ့ အရှိန်လေးရလာတော့ ဖိုးသော်က စိုးနိုင်ကို မေးခွန်းတခု မေးလိုက် တယ်။ "စိုးနိုင် မင်းတို့ ကနေ့ခေတ် ရဲလောကရဲ့ အခြေအနေလေး ပြောစမ်းပါဦး။ ငဒို့လည်း သိထားသင့် သလောက် သိရအောင် ပေါ့ကွာ"။ စိုးနိုင်က ဘယ်တုန်းကထဲက ရင်ဖွင့်ချင်နေမှန်းတော့ မသိ။ သူတို့ ရဲအမှုထမ်း လောကအကြောင်း အကြိုအကြား ကိစ္စပါမကျန် ပြောတော့တယ်။ နောက် ဆက်ပြီးလည်း "ဒို့ ရဲလောကဟာ မင်းတို့ သိတဲ့အတိုင်းပဲ။ ဟို ပုလိပ်လို့ ခေါ်တဲ့ ခေတ်ကစပြီး လာဘ်ပေးလာဘ်ယူဆိုတာ ရှိခဲ့တာ ကနေ့အထိ ပဲလေ။ ဒါကို ငါအနေနဲ့ ဖုန်းကွယ်ထားစရာ မလိုပါဖူး။ ဒါပေမဲ့ကွာ လောကကြီးက မတရားဖူးကွ။ ငါတို့ကျတော့ ကိုယ်ယူတဲ့ စားတဲ့ ပမာဏနဲ့ မတန်အောင် လူမုန်းခံရတယ်။ အစိမ်းဝတ်တွေကတော့ သိတယ် မဟုတ်လား ဘယ်လောက် စားသလဲဆိုတာ။ လူတွေကလည်း သူတို့ကို မေတ္တာမရှိပါဖူး။ ဒါပေမဲ့ မေတ္တာ မရှိတာချင်း အတူတူ သူတို့ရတာက သားစဉ်မြေးဆက် စားလို့တောင် မကုန်အောင် ရနေတာ။ ငဒို့ ရဲတွေ ကတော့ သူတို့ ခိုင်းဖတ် သာသာပါကွာ"။ စိတ်နာဟန်နဲ့ စိုးနိုင်က ပြောရင်း မောသွားတယ် ထင်ပါ့၊ သူ့စကားကို ခဏရပ်လိုက်ပြီး ဖန်ခွက်ထဲက ဘီယာကို တကျိုက် ကျိုက်ခြလိုက်တယ်။ ပြီးတော့မှ သူ့စကားကို ဆက်ပြောတယ်။

"မင်းတို့ဖက်ကတော့ နားလည်ရ ခက်ချင် ခက်နေမယ်။ စစ်တပ်က ငဒို့ ရဲတွေများဆိုရင် ခွေးကချီးကို နိုင်သလို ပဲကွ။ ငါ့လို မြို့နယ် ရဲမှူးကြီးကိုတောင် လူ့ရှေ့သူ့ရှေ့မှာ သဟောက်သဟမ်း လုပ်တာ။ ဒုရဲအုပ်လောက်ဆိုရင် တခါတခါ တပ်က ကောင်တွေက ပါးတောင် ရိုက်သွားသေးတာ။ လူလူချင်း စော်ကားလွန်းတယ်ကွာ။ လာဘ်စားတယ် ဆိုတဲ့ ကိစ္စက ငါတို့မှာ ရတဲ့လစာနဲ့ မလောက်လို့ စားတာ။ ဒီထက်ပိုရင်လည်း ပင်စင်မယူခင် အတန်အသင့် အိမ်ကလေး တလုံးလောက် ဆောက်နိုင်ဖို့ စားရတာ။ သူတို့စားတာကတော့ " ရက်စက်ပါ့ သက်လယ်ရယ်" ဆိုတဲ့ စကားအတိုင်းပဲ"။

ဘေးဝိုင်းတွေကို ဖြတ်ကနဲ တချက် အကဲခတ်လိုက်ရင်း စိုးနိုင်က အသံကိုနှိမ့်ပြီး ဆက်ပြောတယ် "အပေါ်ဆုံးက ဗိုလ်ချုပ်ကြီး တွေကို အသာထားဦး။ အရင် မြို့တော်ဝန် ဗိုလ်ချုပ်ဆိုရင် စားတယ်တောင် ပြောလို့မရတော့ဖူး။ စီးပွားရေး သမားတွေကို ဒီလောက်ဒီလောက်ပေး ဆိုပြီး သူ့မိန်းမက ဆက်ကြေး တောင်းသလို တောင်းတာ မောင်။ အခုသူတို့ ပြုတ်သွားတယ် ဆိုပေမဲ့ လက်ထဲမှာ အိမ်တွေမြေတွေ၊ စုထားတဲ့ ရွှေတွေစိန်တွေ၊ နိုင်ငံခြားက ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေအပါ အဝင် အမေရိကန်ဒေါ်လာ သန်းတရာ့ငါးဆယ် ဖိုးလောက် အနည်းလေး တော့ ကျန်ရစ် ခဲ့တယ်ကွ။ အဲ နောက်တက်လာတဲ့ မြို့တော်ဝန် အသစ် ဗိုလ်ချုပ်လည်း ဘာသားနဲ့ ထုထားတာ မို့လိုလဲ။ စားသမှ သိပ်စားသပေါ့ မောင်ရာ။ တပြပ်ပြပ်နဲ့ကို မည်နေရောပဲ"။

ရှေ့နေ အောင်တင်ဦးက ပါးစပ်ကနေ ပွစိပွစိလုပ်ရင်း အမေရိကန်ဒေါ်လာ သန်းတရာ့ငါးဆယ်ကို မြန်မာကျပ်ငွေ ဆိုရင် ဘယ်လောက် ရှိမလဲဆိုပြီး တွက်နေတယ်။ "ခွီးမှပဲ ... မြန်မာငွေဆိုရင် ကျပ်သိန်းပေါင်း ဘယ်လောက် ရှိမလဲ ဆိုတာ ငါလဲ မပြောတတ်တော့ဖူး။ စိုးနိုင် မင့်ဟာကလဲ ဂဏန်းပေါင်းစက်နဲ့ မြှောက်ရင်တောင် ဆန့်မှာ မဟုတ် တော့ဖူး"။ အောင်တင်ဦး အပြောကြောင့် အားလုံး ဝိုင်းရယ်လိုက်ကြ ပြန်တယ်။

"မယုံရင် ပုံပြင်လို့သာမှတ် ငါ့လူရေ" လို့ ဆိုရင်း စိုးနိုင်က ဆက်ပြောတယ်။ "အဲတော့ကွာ ငါတို့ ရဲတွေဖက်က လည်း ခံစားချက် ရှိလာတာပေါ့။ ငါတို့ မြို့နယ်တွေမှာ ဖြစ်ပျက်နေတာတွေကို အစီရင်ခံစာ တင်တဲ့ အခါမှာ ငါတို့ဖက်လည်း မင်းတိုင်းကျေပဲ လုပ်တော့တာပေါ့ကွာ။ ရဲမှူးအငယ်ပိုင်းတွေနဲ့ အက်စ်ဘီက ကောင်တွေဆိုရင် သတင်းကို ဘယ်လို လိုက်သလဲ သိလား။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် ဘီဘီစီတို့၊ အာအက်ဖေတို့၊ ဗွီအိုအေတို့၊ ဒီဗွီဘီတို့က သတင်းတွေကိုနားထောင် လိုအပ်တာကို ဖြတ်ညှပ်ထည့်ပြီး အဲတာကို လချုပ် အစီရင်ခံစာ လုပ်ပြီး တင်လိုက်တာပေါ့ကွာ။ အကြောင်းကြောင်းကြောင့် သတင်းပိုပြီး လိုအပ်လာတယ် ဆိုရင်လည်း အင်တာနက်မှာ တက်ဖတ်ကြည့်ပြီး ထပ်ဖြည့်ပေါ့ကွာ။ လွယ်ပါတယ်။ အထက်ကလူကြီး ဆိုတာ ဘာသိတာ မှတ်လို့"။

၆။ အဲဒီညက သောက်ဝိုင်းအပြီး အိမ်ပြန်ရောက်တော့ ဖိုးသော်တယောက် အတွေး ပင်လယ်ဝေနေမိတယ်။ အောင်တင်ဦး ပြောလိုက်တဲ့ "မင့်ဟာက ဂဏန်းပေါင်းစက်နဲ့ မြှောက်ရင်တောင် ဆန့်မှာ မဟုတ်တော့ဖူး" ဆိုတဲ့ စကားက ထပ်ပြန်တလဲလဲ သူ့နားထဲမှာ ဝင်လိုက်ထွက်လိုက် ဖြစ်နေတယ်။ လောကကြီးဟာ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေ လုပ်ချင်သလို လုပ်လို့ရတဲ့ အောက်မှာ ရောက်နေပါပေါ့လား ဆိုတာကိုလည်း ပိုပြီးသဘောပေါက် လာတယ်။

ဟိုရှေးတုန်းက စကားတခုရှိတယ်မို့လား။ "ယောက်ျားပျင်းတော့ ပုလိပ်၊ မိန်းမပျင်းတော့ ကွိတ်" ဆိုတာလေ။ တချိန်တုန်းက ဖိုးသော်စိတ်ထဲမှာ ရဲတွေဟာ တိုင်းပြည်အတွက် ကောင်းအောင် လုပ်တဲ့သူတွေ မဟုတ်ဖူး၊ အလကားကောင်တွေ၊ လာဘ်စားတဲ့ အခွင့်ထူးခံတွေ၊ ဘာမှ မလုပ်တတ်လို့ ရဲထဲဝင်လာတဲ့ လူဖျင်းလူညံ့တွေလို့ သတ်မှတ် ထားခဲ့တာကိုး။ ရဲမျက်စေ့ ဆိုတာကိုလည်း ဟားတိုက်ခဲ့ဖူးတယ်။ ပြောရရင် အခုခေတ်ကတော့ စစ်မျက်စေ့ ခေတ်လို့ ဆိုရမှာပေါ့။ စစ်မျက်စေ့က ရဲမျက်စေ့ထက် အမြင် ပိုစူးပြီး၊ ပိုလျှင်လေတော့ ဒေါ်လာ သန်းချီပြီး ရတဲ့ အလုပ်တွေပဲ လုပ်ကုန်တော့တာကိုး။

ဇော်မင်း
၂ဝ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၁ ခုနှစ်

1 comment:

Thu said...

စိုးနိုင် ကတော့ ကျောင်းပြီးကထဲက ဒုရဲအုပ် သင်တန်းတက်ခွင့်ရလို့ ရဲထဲဝင်သွားတာ အခုတော့ မြို့နယ်ရဲမှူးကြီး အဆင့်ဖြစ်နေပြီ။
I remember Myo Naing, one of H class guy of IR when I read similar name in your post.I’ve not seen them more than two decades.
Thanks !

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.