ရွက်မွန်စာမျက်နှာ

Friday, February 25, 2011

သူကြီးဦးမှုံနဲ့ သူ၏ သစ်ခွပင်များ

ဖိုးမှေးတို့၊ ဖိုးထွေးတို့ အဖွားက ပုံပြောကောင်းသလို သူတို့မမီလိုက်တဲ့ ခေတ်က မှတ်သားစရာတွေ၊ ရယ်စရာ ဇာတ်လမ်းတွေ ကိုလည်း ရှာရှာဖွေဖွေ ပြောပြလေ့ရှိတယ်။ ရွှေယုန်နဲ့ ရွှေကျားတို့၊ ဘီလုံးငှက်မနဲ့ ဗိုလ်ကျတဲ့ ဆင်ကြီးတို့၊ ဘုန်းကြီး တူမ မစာဝါတို့၊ လေလည်လိုက်လို့ စဉ့်အိုးကြီးကွဲသွားတဲ့ ပုံပြင်တို့ စတာတွေကတော့ ကြားရဖန် များလွန်းလို့ ရိုးတောင် နေပြီ။ ဒါကြောင့် အဖွားက အဲဒီပုံပြင်တွေ ပြောတော့မယ်ဆိုရင် သူတို့က တယ်ပြီး နားမထောင်ချင်တော့ဖူး။

အဲသလို အခါမျိုးမှာ ဖိုးမှေးတို့ ဖိုးထွေးတို့က ဘာလုပ်သတုန်း ဆိုတော့ "အဖွား အဖွား၊ သူကြီးဦးမှုံ အကြောင်း ပြောပါဦး။ အဲတာက မပြောတာကြာပြီဗျ" ဆိုပြီး အစဖော်ပေးကြတယ်။ ဒီတော့မှ အဖွားက "အေး ဟုတ်သားဟဲ့။ ဒီလိုကွဲ့ ငါ့မြေး တို့ရဲ့။ အဖွားတို့ နယ်မှာ အင်္ဂလိပ်ခေတ်တုန်းက သူကြီးဦးမှုံ ဆိုတာရှိသကွဲ့" ဟု အစချီပြီး ဇာတ် လမ်းကို ပြောတော့တယ်။

၁။ "မဲတိုင်" ဆိုတဲ့ ရွာဟာ အိမ်ခြေအားဖြင့်တော့ တရာစွန်းစွန်း လောက်ပဲရှိပါတယ်။ ရွာသားအများစုကတော့ လယ်သမား ယာသမားတွေပါ။ အနည်းအပါး လောက်ကတော့ ဆိတ်တို့၊ ဝတ်တို့ မွေးပြီး မြို့ကိုတင်ရောင်းကြ တယ်။ မဲတိုင်ကနေ သုံးတိုင်ခွဲလောက် လမ်းလျောက်ရင် ရိုးမအခြေကို ရောက်တယ်။ အကြမ်းဖျဉ်း ပြောရရင် တတိုင်ဟာ နှစ်မိုင်လောက် ရှိတယ်လို့ ပြောတယ်။ ရွာသားတွေ သစ်ခုတ်ဝါးခုတ်ဖို့ လိုလာရင် အဲဒီရိုးပေါ်ကို တက်ကြ တာပဲ။ ဦးမှုံ ဆိုတာ အဲဒီ မဲတိုင် ရွာ သူကြီးပေါ့။ သူကြီးကတော်က ဒေါ်ပျိုတဲ့။

"မပျိုရေ၊ ရှေ့တပတ် မြို့မှာ ဒါဘာပွဲ ရှိတယ်နော်။ ငါတို့ ဒီနယ်ဖက်က သူကြီးတွေ အားလုံးတက်ရမှာ။ ထူးထူး ချွန်ချွန် ရှိတဲ့ သူကြီးတွေကို ခရိုင်ဝန် မစ္စတာကင်းဘဲလ် ကိုယ်တိုင် နာမည်ကောင်း လက်မှတ်ပေးမှာတဲ့။ ဒါနဲ့ ဟိုမှာ ဆိုင်ရာဆိုင်ရာ တွေကို လက်ဆောင်ပေးဖို့ လိုတဲ့ပစ္စည်းတွေ ထုတ်ပါပိုးပါဟေ့။ အဲ ပျားရည်တို့၊ အမဲ ခြောက်တို့၊ ဆတ်သားခြောက် တို့လည်း မမေ့နဲ့ဦး" ဆိုပြီး သူကြီးမင်းဦးမှုံက သူ့ဇနီးကို မှာနေတယ်။ "ကိုမှုံ ဒါထက် ဟိုမြို့အုပ်ရုံးက စာရေးလေး မောင်ပေါက် တလောက မှာထားတာ ရှိတယ်မို့လား။ ဘာတဲ့တော်။ ဘာအပင်ဆိုလား။ အဲတာကော တောက်ထိန်တို့ကို ခိုင်းထားပြီးပြီလား" လို့ ဒေါ်ပျိုက သူ့ယောက်ျားကို လှမ်းသတိပေးတယ်။

ဦးမှုံက သူ့မိန်းကို အရန်ကောဆိုတဲ့ သဘောနဲ့ လှမ်းငေါက်ရင်း "မင်းကလဲ ဒီလောက်တောင် မသိဖူးလား။ ဘာအပင် ရမှာလဲ၊ သစ်ခွပန်းပင်ကို ပြောတာကွ။ ငါခိုင်းထားပြီးပြီ။ ငါတို့ မြို့မတက်ခင် တရက်လောက်မှာ ရောက်လာပါလိမ့်မယ်။ စောစော ရောက်လာလို့ အိမ်မှာ ကြာကြာထားရင် နွမ်းကုန်မှာစိုးလို့။ ကိုယ်က စပါးကြောင်း၊ ပဲကြောင်း သိပေမယ့် သစ်ခွပင် အကြောင်း သိမှမသိတဲ့ ဥစ္စာ" ဆိုပြီး ရှင်းပြနေသေးတယ်။ ဟုတ်တယ် မြို့အုပ်ရုံးစာရေး မောင်ပေါက်က သူတို့ကို ရိုးပေါ်တက်ဖြစ်ရင်တဲ့ သစ်ခွလှလှ တအုံလောက် ခွာလာပေးပါလို့ မှာထားတာကိုး။ အမှန်ကတော့ ကြုံရင်ယူလာဖို့ မှာတယ် ဆိုတာထက် ခင်ဗျားတို့ ကျုပ်အတွက် သစ်ခွပန်းပင် ယူလာပေးလို့ အော်ဒါထုတ်တဲ့ သဘောပါပဲ။ မောင်ပေါက်က စာရေးလေးဆိုပေမယ့် မြို့ပေါ် မှာတော့ မင်းပေါက်စိုးပေါက် လမ်းတွေကို ဘယ်လိုဝင်ထွက် ရမယ်ဆိုတာ နားလည်သူ ဖြစ်လေတော့ သူတို့လို တောသူကြီးတွေ အတွက်တော့ အားကိုးစရာ ဖြစ်နေတာပေါ့။ နောက်တချက် ကလည်း သူကြီးဦးမှုံ အပါအဝင် တချို့သော သူကြီးတွေဟာ တောသားတွေကို အုပ်ချုပ်နေတဲ့ သူကြီးဖြစ်ပေမယ့် စာကိုဖြောင့်အောင် မရေး တတ်တော့ ဒါ့အတွက်လည်း မြို့ပေါ်ရောက်တိုင်း မောင်ပေါက်ကို အားကိုးနေရတာ။

၂။ ခရိုင်ဝန်ရုံးဘေးက မြေကွက်လပ်ထဲမှာ ရွာပေါင်းစုံက ဒါဘာပွဲလာတက်တဲ့ သူကြီးမင်းတိုရဲ့ လှည်းတွေနဲ့ ပြည့်နှက် နေတယ်။ များလွန်းလှတဲ့ လှည်းဝိုင်းကြီးတွေကို ကြည့်ပြီး မစ္စစ်ကင်းဘဲလ်က သူ့ယောက်ျား ခရိုင် ဝန်ကြီးကို ထူးဆန်းလှတဲ့ မြင်ကွင်းဖြစ်တဲ့ အကြောင်း၊ ဒါမျိုး အင်္ဂလန်မှာ မြင်ရဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောနေသတဲ့။ တော်နေကြာတော့ ခရိုင်ဝန် ကတော် လှည်းဝိုင်းတွေဖက်ကို စပ်စပ်စုစု လုပ်ဖို့ထင်ပါ့ ရောက် လာတယ်။ သူ့နောက်မှာလည်း စာရေးလိုလို ပြာတာလိုလို ဗမာနှစ်ယောက် ပါလာတယ်။ အဲဒီမှာပဲ သူကြီးဦးမှုံရဲ့ လှည်းအိမ်ဘေးမှာ ကြိုးနဲ့ဆွဲပြီး ချိပ်ထားတဲ့ သစ်ခွပန်း အုံလိုက် ကြီးကို တွေ့သွားတယ်။ မိန်းမတို့ သဘာဝ ပန်းမြင်တော့ မနေနိုင်ဘဲ လှလိုက်တာ၊ ဘယ်သူ့ သစ်ခွပန်းတွေလဲ၊ ဘာလုပ် ဖို့လဲ၊ ရောင်းဖို့လား စသဖြင့် မေးတော့မြန်းတော့ တာပေါ့။ မစ္စစ်ကင်းဘဲလ် မေးသမျှကို နောက်ကပါလာတဲ့ စာရေးတယောက်က ဘာသာ ပြန်ပေး ပေါ့လေ။ အဲဒီတော့မှ သူကြီးဦးမှုံလဲ ပြာပြာသလဲနဲ့ "ရောင်းဖို့မဟုတ်ကြောင်းပါ။ ခရိုင်ဝန်မင်းကို လက်ဆောင်ပေးဖို့ နဂိုကထဲက ရည်စူးပြီး ကျနော်မျိုးကြီး ယူလာတဲ့ သစ်ခွပန်းတွေလို့ ပြောပေးပါခင်ဗျာ" ဆိုပြီး စကားပြန်လုပ်တဲ့ စာရေးကို အောက်ကြို့ ရတာပေါ့။ အမှန်က မြို့အုပ်ရုံးက စာရေးလေး မောင်ပေါက်မှာလို့ သူ့အတွက်ယူလာတာ။ သို့သော်လည်း ခရိုင်ဝန်ကတော်ကို အရှင်လတ်လတ် ရှေ့မှာ မြင်နေရမှတော့ ဘောက်မဲ့ကြောင့် မောင်ပေါက်ကို စာရင်းထဲထည့် ထားရဦးမှာလဲ။ တချီထဲနဲ့ သစ်ခွပန်း တအုံလုံးကို ခရိုင်ဝန်ကတော်ကို လက်ဆောင်ပေး ပစ်လိုက်တာပေါ့။

အဲတာအပြင် "ကျနော်မျိုးကြီးက မဲတိုင်ရွာ သူကြီးငမှုံပါ ခင်ဗျာ့။ ကျနော်မျိုးကြီးတို့ ဖက်မှာ သစ်ခွတွေ ပေါလှ ပါတယ်။ အမျိုးလဲ စုံပါတယ်။ ခရိုင်ဝန်ကတော် လိုခြင်တဲ့ ဘယ်သစ်ခွမျိုးမဆို ကျနော်မျိုးကြီးတို့ ရှာပြီး မြို့အထိ ပို့ပေးနိုင်ပါတယ်" စသဖြင့် သူကြီးဦးမှုံက လျှောက်တင် တော့တာပေါ့။ ဘေးက တခြားရွာသူကြီးတွေ ကတော့ ဟန်ကိုမဆောင်နိုင်ဘဲ အဖားလွန်နေတဲ့ ဦးမှုံကို ကြည့်ပြီး စိတ်ပျက်နေကြတယ်။ တအောင့်လောက်နေတော့ ခရိုင်ဝန်ကတော်က နောက်လိုရင် မှာမယ့်အကြောင်း ကျေးဇူးအထူးပါတင်ကြောင်း ပြောပြီး နောက်ပါစာရေးတွေ ကိုတောင် အကိုင်မခံဘဲ သစ်ခွပန်းအုံကြီးကို သူကိုယ်တိုင်ဆွဲပြီး ပြန်သွားတယ်။

၃။ ဒါဘာပွဲမှာ တချို့ သူကြီးတွေ နာမည်ကောင်းလက်မှတ်တွေ၊ တခြားဆုတွေ ရပေမယ့် သူကြီးဦးမှုံကတော့ ဘာဆုမှ မရပါဖူး။ ဆုမရပေမယ့် ဦးမှုံက ဝမ်းမနည်းပါဖူး။ ဘာလို့လဲဆိုတော့ သစ်ခွပန်းပင်တွေကို အကြောင်း ပြုပြီး ရှေ့မှာ ဘာလုပ် ရတော့မယ် ဆိုတာကို သူကြီးမင်း နားလည်သွားလို့ပါ။ ဒါဘာပွဲက ပြန်လို့ ရွာရောက် ကတည်းက သူကြီးမင်းဦးမှုံ ခမြာ ရပ်ရေး ရွာရေးတွေ သိပ်ဂရုမစိုက် နိုင်တော့ဘဲ တပည့်ကျော် တောက်ထိန်တို့၊ ငစူးတို့နဲ့ ရိုးမပေါ်ကို တက်ချီဆင်းချီလုပ်ပြီး သစ်ခွပင်စုဆောင်းရေး စလုပ်တော့တာပဲ။ အဲတာအပြင် သူကြီး မင်းက သူ့ခြံဝင်းထဲမှာ လေးတိုင်စင်တွေ အနှံ့ထိုးပြီး တောထဲက ယူလာသမျှ သစ်ခွပင်တွေကို ချိပ်ထားတယ်။ ခရိုင်ဝန်ကတော်ကို လက်ဆောင်ပေးဖို့ စုထားတဲ့ သဘောလို့ လည်း ပြောနိုင်တာပေါ့။ သို့သော် သူကြီးမင်း ဦးမှုံက သစ်ခွပင်အကြောင်း နားမလည်တော့ ဘယ်လိုပြုစုရမလဲ ဆိုတာ လည်း မသိဖူး။ ချိပ်ထားရုံ ရေလောင်းရုံ လောက်ပဲ သိတယ်။ ဒါကြောင့် သစ်ခွတွေက မှန်းထားသလို အပွင့်တွေ မပွင့်ဖူးတဲ့။

ဒါနဲ့ မြို့တခေါက်တက်ပြီး စာရေးလေး မောင်ပေါက်ကို လက်ဆောင်တွေ ဘာတွေပေးပြီး သစ်ခွပင်ပြုစုရေး နည်းလေး လမ်းလေး ရလိုရငြား ချဉ်းကပ် ရတာပေါ့။ မောင်ပေါက်ကလည်း သူသိသလောက် နားလည် သလောက် သူကြီး ဦးမှုံကို ပြောပြရှာပါတယ်။ တကယ်တန်းတော့ မောင်ပေါက်ကိုယ်တိုင်ကလည်း သစ်ခွပင် အကြောင်း လယ်လယ် ဝယ်ဝယ် သိတာမဟုတ်ဖူး။ မည်သို့ပင် ဆိုစေကာမူ သူကြီးဦးမှုံတယောက် အတွက် ကတော့ သစ်ခွပင်တွေ အကြောင်း နဂိုကထက် ပိုသိသွားပါတယ်။

"တောက်ထိန်တို့ ငစူးတို့ လာကြစမ်း။ မင်းတို့ကို သစ်ခွပင် ဘယ်လိုပြုစုရတယ်၊ မွေးရတယ်ဆိုတာ ငါသင်ထား ပေးမယ်။ ငါ့မှာက သူကြီးဆိုတော့ တခြားအလုပ်တွေလည်း ရှိနေသေးတယ်။ နေ့တိုင်း မကြည့်နိုင်ဖူးကွ။ သစ်ခွ ဆိုတာမျိုးဟာ သစ်ပင်မှာ ကပ်ပြီးစိုက်တာ အကောင်းဆုံး၊ သဘာဝနဲ့လည်း ကိုက်တယ်။ တချိန်ထဲမှာလည်း ရေက လိုတယ်။ ရေလည်းသိပ်ကြိုက်တယ်။ မိုးတွင်းဆိုရင် တောထဲမှာ သစ်ခွတွေ အဆုပ်လိုက်ပွင့်တာ မင်းတို့လည်း တွေ့ဖူးသားဘဲ။ ဒါပေမယ့် သစ်ခွရဲ့ ထူးဆန်းတဲ့ အချက်က နေရောင်တိုက်ရိုက်ထိတာ များရင် လည်း ရေရပေမယ့် အပွင့်ပွင့်ခဲတယ်။ သစ်ခွဟာ အုံ့အိုက်စွတ်စိုတဲ့ သဘာဝကို ကြိုက်တယ်လို့ ပြောလို့ရတယ် .... " စသဖြင့် စာရေးလေးမောင်ပေါက် ပြောပြလိုက်တဲ့ အချက်တွေထဲမှာ သူထင်တာတွေပါ ထည့်ပေါင်းရင်း မဆုံးနိုင်အောင် သူ့တပည့်ကျော် တွေကို သစ်ခွပညာ သင်ကြားတော့တယ်။

"သူကြီး စွတ်စိုတာကတော့ ဟုတ်ပါပြီ။ အုံ့အိုက်တာကို ကြိုက်တယ်ဆိုတာက ဘယ်လိုတုန်းဗျ။ ကျုပ်တော့ နားမလည်ဖူး။ စပါးပင်တွေဆို လယ်ကွင်းထဲမှာ မိုးရွာအစို နေပူအခြောက်ဟာပဲ ဘာဖြစ်တာမှတ်လို့။ မိုးစို တယ်ဖြင့် စိုတယ်၊ နေပူတယ် ဖြင့် ပူတယ်ပေါ့ဗျာ" ဆိုပြီး တောက်ထိန်က အမေးရှိ လာတယ်။ ငစူးကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သူကြီးမင်းကို မော့ကြည့်နေတယ်။ ဒီတော့ သူကြီးမင်းက ကျောင်းအုပ် ဆရာကြီး ဟန်နဲ့ "ဟေ့ကောင် စပါးက စပါးကွ။ သစ်ခွက သစ်ခွပဲ မတူဖူး။ အုံ့အိုက်တယ်ဆိုတာ ရှင်းသွားအောင် ငါတခုပြောမယ်။ မင်း မီးဖိုချောင် ကျဉ်းကျဉ်းထဲမှာ ရေနွေးတည်တယ် ဆိုပါစို့။ ရေဆူလာရင် ရေနွေး အငွေ့ ကြောင့် အခန်းထဲမှာ အုံ့အိုက်လာတယ် မဟုတ်လား။ အေး အဲတာမျိုးကို အုံ့အိုက်တယ်လို့ ခေါ်တာ။ မသေ မချင်းမှတ်ထား" လို့ ရှင်းပြလိုက်တယ်။

ဒေါ်ပျိုက "ကိုမှုံ တော်သစ်ခွစိုက်တာတော့ ဟုတ်ပါပြီ။ ဒါက ဝယ်မယ့်သူ ရှိလို့လားတော့" ဆိုပြီးမေးတယ်။ သူကြီးမင်းက သူ့မိန်းမကို တချက်စိုက်ကြည့်လိုက်ပြီး "ငါ့မိန်းမကလဲ တယ်ရိုးတယ်အ သကိုး၊ မှတ်ထား သစ်ခွကြောင့် အဆင်သင့်ရင် ခရိုင်ဝန်ဆီက နာမည်ကောင်း လက်မှတ်တင်မကဖူး၊ တနေ့ မင့်လင် ဆယ်ရွာ အုပ်သူကြီးတောင် ဖြစ်နိုင်တယ်ကွ" လို့ ခပ်ကြွားကြွား ပြန်ဖြေတယ်။

၎။ သူကြီးမင်းတို့ ဆရာတပည့်တွေ ရိုးမထဲက သစ်ခွတွေ စုလာလိုက်တာဟာ တဖြည်းဖြည်းနဲ့ သူကြီးခြံထဲမှာ သစ်ခွပင် အမျိုးပေါင်းစုံ ရာနဲ့ချီပြီး ရှိလာတယ်။ သို့သော်လည်း အပွင့်တင်တဲ့ သစ်ခွက အခုအထိ အတော် ကလေး နည်းနေ သေးတယ်။ ဒါပေမယ့် ရွာနီးချုပ်စပ် တဝိုက်မှာတော့ မဲတိုင်သူကြီး ဦးမှုံဟာ သစ်ခွစိုက်သူ၊ သစ်ခွကျွမ်းကျင်သူ၊ သစ်ခွအကြောင်း နားလည်သူအဖြစ် နာမည်ကြီးလာတယ်။ သူကြီးဦးမှုံ သစ်ခွပညာရှင်ပေါ့။ ဒါ့အပြင် သစ်ခွပင်တွေ များလာရတဲ့ နောက်တကြောင်းက တခြားသူတွေ တောထဲက ခွါပြီး လာရောင်းတဲ့ သစ်ခွတွေကိုလည်း လှရင် လှသလို ပိုက်ဆံပေး ဝယ်သေးတယ်။ လှလို့ကတော့ သစ်ခွတအုံကို တမတ်၊ ငါးမူး စသဖြင့် ပေးသေးတယ်။ ပုလိပ်သား တယောက်မှ တလကို လစာ ဆယ့်ငါးကျပ်ပဲ ရတဲ့ ခေတ်ကြီးမှာ ငါးမူးဆိုတာ မက်လောက်တယ် မဟုတ်လား။ သစ်ခွတွေနင်းကန် စုနေတာဟာ ခရိုင်ဝန်ကတော်ကို လက်ဆောင်ပေးယုံတင် မဟုတ်ဘဲ နောင်မှာ အဲတာကြောင့် နာမည်ကောင်းလက်မှတ် လိုချင်တဲ့၊ နေရာလိုချင်တဲ့ လောဘကလည်း သူကြီးမင်းမှာ ရှိနေသေး တာကိုး။

တခါတော့ သူကြီးမင်းဦးမှုံ ကိစ္စတခုရှိလို့ တပတ်ဆယ်ရက်လောက် ခရီးထွက်သွားတယ်။ ခရီးကပြန်လို့ ရောက် မဆိုက် သူကြီးမင်းရဲ့ ဒေါသနဲ့ အော်လိုက်တဲ့ မိုးချုန်းသံကို ကြားလိုက်ရတယ်။ "မပျို မင်းကိုယ်တိုင်က မင့်လင်ကို သူကြီးရာထူးက ပြုတ်အောင် လုပ်နေတာလားဟ"။ ဒေါ်ပျိုလည်း ဘာမှန်းမသိဘဲ တုန်တုန်ရင်ရင်နဲ့ "ဘာဖြစ် လို့တုန်း ကိုမှုံရယ် ကျုပ်လည်း ဘာမှမလုပ်ရပါလား" ဆိုပြီး အသံတိမ်ကလေးနဲ့ ဖြေရှာတယ်။ လာလိုက်ခဲ့ဆိုပြီး သူကြီးမင်းက သူ့မိန်းမကို သစ်ခွပင်တွေ ဖက် ခေါ်သွားတယ်။

လားလားလား၊ သစ်ခွပင်တချို့ဟာ စဥ့်အိုးတွေထဲမှာ ရေတွေနဲ့ဘောလော။ ရိသလိုလို ဖြစ်နေတာမို့ အပုတ်နံ့ တောင် ထွက်စပြု နေတယ်။ တန်းပေါ်တွေမှာ ချိပ်ထားတဲ့ သစ်ခွပင်တွေ အတော်များများလည်း ခြောက်ကပ်ပြီး သေသလို ဖြစ်နေ ကြတယ်။ "ကျမလည်း ဘာမှ မလုပ်ရ ပါဖူးတော်။ တော့်တပည့်တွေကို ခေါ်မေးပါဦး" လို့ ဒေါ်ပျိုက ဆိုရှာတယ်။ ဒါနဲ့ သူကြီးရဲ့ လက်သပ်မွေး သစ်ခွသင်တန်းဆင်း တောက်ထိန်နဲ့ ငစူးကို ရှေ့တော် သွင်းရတော့ တာပေါ့။

တောက်ထိန်က အခုလို ရှင်းပြပါတယ်။ "သူကြီးပြောတော့ သစ်ခွက အုံ့အိုက်တာ ကြိုက်တယ်ဆို။ အပွင့် မတင်တဲ့ အပင်ကများနေတော့ မြန်အောင်ဆိုပြီး ကျနော်က ရေနွေးနဲ့ လိုက်လောင်းပေးတာပါ"။ ငစူးကလည်း "သူကြီးမင်းပဲ ကျနော်တို့ကို သင်ပေးတာပဲလေ။ သစ်ခွက ရေကြိုက်တယ် ဆိုတော့ တန်းပေါ်မှာ ချိပ်ထား တာတွေကို ရေလောင်း ရတာ အပင်မှာ ရေကောင်းကောင်း မတင်လို့ ကျနော်က စဉ့်အိုးတွေထဲ ရေဖြည့်ပြီး စိမ်ထားပေးတာပါ ခင်ဗျာ" ဆိုပြီး သနားစဖွယ် ရှင်းပြပါတယ်။ သူတို့ရှင်းပြအပြီး သူကြီးမင်းက နီးရာတုတ် တချောင်း ဆွဲပြီး နှစ်ကောင်လုံးကို ရိုက်မယ် ဆိုပြီး လိုက်တော့ တာပေါ့။ ဟိုနှစ်ယောက်လည်း တပတ်လောက် အိမ်ကို ပြန်မလာရဲဖူး။

နောက်ဆုံးတော့ ခရိုင်ဝန်ကတော်ကို လက်ဆောင်ပေးဖို့ သစ်ခွတွေကို ကိုယ်တိုင်စိုက်မနေတော့ဘဲ ရိုးမထဲက ခွါလာလာခြင်း ပန်းတွေမကြွေခင် အချိန်မဆွဲဘဲ မြို့ကိုသွားပို့ရတာ အလုပ်တခုလို ဖြစ်လာတယ်။ သို့သော်လည်း ရှိလက်စ သစ်ခွပင်တွေကိုတော့ တန်းတွေပေါ်မှာ ဒီအတိုင်း ဆက်ချိတ်ထားတယ်။ ထုံးစံအတိုင်းပါပဲ ပွင့်တာက နည်းပါးတယ်။ လူလာရင် ဟန်လုပ်ပြီး ပြဖို့ ထားထားတာပါ။ သူများတွေက မေးလာရင် ရာသီမဟုတ်သေးလို့ ကောင်းကောင်း မပွင့်သေးတာလို့ သူကြီးမင်းက ရှင်းပြရင်း သစ်ခွဆိုတာ ဘယ်လို သဘာဝ ရှိကြောင်းကိုပါ ထပ်ဖြည့် ပြောပါသေးတယ်။

၅။ "နောက်ဆုံးတော့ ဘယ်လို ဖြစ်သွားသလဲ အဖွား" လို့ ဖိုးထွေးက မေးပါတယ်။ "ကွယ် ဂျပန်တွေ ဝင်လာပြီး အင်္ဂလိပ်ပြေးမှပဲ သူကြီးဦးမှုံ သစ်ခွဇာတ်လမ်း သိမ်းတော့တာပေါ့။ နို့မို့ဆို သူ့မှာ သစ်ခွအုံတွေ လှည်းပေါ် တင်တင်ပြီး မြို့နဲ့ရွာကို တက်ချီဆင်းချီနဲ့ လုပ်နေရတာကိုးကွဲ့။ အင်္ဂလိပ်သာ ပြေးသွားတယ် သူကြီးဦးမှုံတော့ဖြင့် သစ်ခွ လက်ဆောင် အပေးကောင်းလို့ အင်္ဂလိပ် အစိုးရဆီက နာမည်ကောင်း လက်မှတ်ရတယ်လို့ မကြား မိပေါင်" ဆိုပြီး ပြောရင်း အဖွားက တချက်ရယ်လိုက်တယ်။

ဖိုးမှေးက "အဖွား အဖွားပဲပြောတယ်လေ။ ဂျပန်တွေ စစ်ရှုံးပြီး အင်္ဂလိပ်တွေ ပြန်ဝင်လာတယ်ဆို။ အဲတော့ နာမည်ကောင်း လက်မှတ်ရအောင် အင်္ဂလိပ်တွေ ပြန်အလာမှာ သူကြီးဦးမှုံ သစ်ခွလက်ဆောင်ပေးတာ ဆက်မလုပ် ဖူးလား" လို့ စပ်စုလိုက်တယ်။ အဖွားက စိတ်မကောင်းဟန်နဲ့ သက်ပြင်းတချက်ခြလိုက်ပြီး "အင်း ဂျပန်ခေတ်မှာပဲ သူကြီးဦးမှုံ ဆုံးတယ်ကွဲ့။ ကျောက်ကြီးရောဂါနဲ့။ အဲဒီခေတ်တုန်းက ရွာတိုင်းလိုလို ကျောက်နဲ့ သေတာ မနည်းဖူးကိုး။ မဲတိုင်ရွာ ဆိုရင်လည်း ရွာတဝက်လောက်ဟာ ကျောက်နဲ့ သေကြတယ်။ အဲဒီအထဲ ပါသွားတာပေါ့ကွယ်" လို့ ပြောပြတယ်။

တချိန်တုန်းက မသိနားမလည်တဲ့ တောသားတွေကြားမှာ သူကြီးဦးမှုံဟာ သစ်ခွပညာရှင်၊ သစ်ခွကျွမ်းကျင်သူလို့ အထင်ခံခဲ့ရတယ်။ သစ်ခွကို စိုက်တာက ခရိုင်ဝန်ကတော်ကို လက်ဆောင်ပေးဖို့။ လက်ဆောင်ပေးတာက အင်္ဂလိပ် အစိုးရဆီက နာမည်ကောင်း လက်မှတ်လိုချင်လို့၊ ကာရန်သင့်ရင် ဆယ်ရွာအုပ်သူကြီးပါ ဖြစ်ချင်လို့။ ဒါပေမယ့် သူကြီး ဦးမှုံဟာ သစ်ခွစိုက်ပေမယ့် သစ်ခွအကြောင်းကို ဇစ်ဇစ်မြစ်မြစ် တကယ်မသိ။ ဒါကြောင့် သူ့သစ်ခွတွေက အပွင့်မပွင့်။ သစ်ခွပင်အကြောင်း တကယ်မှ နားမလည်တာကိုး။ သူ့သင်တန်းဆင်း တောက်ထိန်နဲ့ ငစူးတို့ကတော့ ပိုဆိုးသေး။ ဒီလိုလူမျိုးတွေဟာ ဟိုခေတ်တုန်းကလည်း ရှိတာပဲ။ အခုခေတ် မှာလည်း ရှိနေဆဲ။

ဇော်မင်း
၂၅ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.