အ
ခုက ၂ဝ၁၁ ခုနှစ်။ ၂ဝ၅ဝ ခုနှစ်မှာ ကမ္ဘာကြီးမှာ ဘာတွေနဲ့ ရင်ဆိုင်လာရမလဲ။ ဘယ်လို ကိစ္စမျိုးတွေကို အဆိုးဆုံး ရင်ဆိုင်ကြရ မလဲ။ ၂ဝ၅ဝ ခုနှစ် ရောက်ဖို့ ၃၉ နှစ်တောင် လိုသေးတော့ ဒီလူ အူကြောင်ကြောင်နဲ့ ဘာတွေရေးဦး မှာလဲလို့ တချို့ကတော့ ထင်ပါလိမ့်မယ်။ ၃၉ နှစ်ဆိုတာ ခဏကလေးနဲ့ ရောက်လာမှာပါ။ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ခဲ့တာ တောင် ၂၃ နှစ်ထဲ ဝင်လာပြီပဲ။ ဘာကြာတာ မှတ်လိုက်လို့။ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းပြီး ဒီမိုကရေစီ အစိုးရကို ဖြုတ်ချခဲ့တာတောင် အခုဆိုရင် ၄၉ နှစ်တောင် ရှိပြီမို့လား။
၂ဝ၅ဝ ခုနှစ်မှာ အဆိုးဆုံး ရင်ဆိုင်ရမယ့် ကိစ္စကတော့ ကမ္ဘာနဲ့အဝှမ်း ရိက္ခာပြတ်လတ်မှုကို ကြီးကြီးမားမား ရင်ဆိုင်ရလိမ့် မယ်လို့ ကျွမ်းကျင်သူများက စတင်ပြီး သတိပေးနေကြပါတယ်။ အဲသလို ရိက္ခာပြတ်လတ်ပြီး ငတ်မွတ် ခေါင်းပါးလာတဲ့ ဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေကလူတွေ ပိုပြီး ခံစားရလိမ့်မယ်။ သို့သော်လည်း အမေရိကန် နိုင်ငံလို တိုးတက်ချမ်းသာတဲ့ နိုင်ငံမျိုးလည်း မလွတ်ဖူးလို့ ဟောကိန်းထုတ်ထား ကြပါတယ်။ ၂ဝ၁ဝ ခုနှစ် အတွင်းမှာပဲ အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့တော်မှာ ဆာလောင်မွတ်သိပ်နေတဲ့ လူတွေ ပိုပြီးတိုးတိုး လာတယ်လို့ ဆိုထားပါတယ်။ အဲသလိုဆိုတော့ ၂ဝ၅ဝ ဆိုရင် ပိုများလာနိုင်တယ် ဆိုတာ တပ်အပ် ပြောနိုင် တာပေါ့။
၂ဝ၅ဝ မှာ ဘာ့ကြောင့် ရိက္ခာပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်ရမှာလဲ။ ကမ္ဘာနဲ့အဝှမ်း အပူချိန် တဖြည်းဖြည်း မြင့်တက် လာမှုရဲ့ အကျိုးဆက်ကြောင့်လို့ ဆိုထားပါတယ်။ ဘာ့ကြောင့် အပူချိန်က ပိုပြီးမြင့်တက် လာရသလဲ။ သဘာဝ ပတ်ဝန်းကျင်တွေ နေရာအနှံ့ ပိုပြီးပျက်သုဉ်းလာတာရဲ့ နောက်ဆက်တွဲလို့ သိရပါတယ်။ ဘာ့ကြောင့် သဘာဝ ပတ်ဝန်းကျင်တွေ အစားထိုး မရလောက်အောင် ပျက်စီးလာရသလဲ။ တိုးတက်ချမ်းသာချင်တဲ့ လောဘ ကြောင့်လို့ တိုတိုပဲ ဆိုပါရစေတော့။ အမြင်သာ ဆုံးကတော့ သစ်ပင်တွေကို တောပြုန်းတဲ့အထိ မဆင်မခြင် ခုတ်ပြီးရောင်းတယ်။ နောက်တချက် ကတော့ ဘိုင်အို လောင်စာဆီ Bio Fuel ထုတ်လုပ်ဖို့ သစ်တောတွေကို မတန်ရင်ကာ ခုတ်ပြီး ပြောင်းဖူးတို့၊ ဆီအုန်းတို့၊ ကြံတို့ စိုက်ပျိုးလာခြင်းရဲ့ ပြဿနာလို့လည်း ထောက်ပြနိုင် ပါတယ်။
သို့သော်လည်း ဘိုင်အိုလောင်စာဆီ ထုတ်ဖို့ သစ်တောတွေကို ခုတ်တာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မဟုတ်ပါဖူး။ ဆင်းရဲတဲ့ နိုင်ငံများမှာပါ။ ဒါ့ကြောင့် သစ်တောပြုန်းတဲ့ ဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက အခံရဆုံး ဖြစ်ပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဲသလို သီးနှံတွေ စိုက်တော့ အဲဒီနိုင်ငံသားတွေ ပိုက်ဆံမရပေဖူးလား၊ ဝင်ငွေပိုကောင်း မလားပေဖူးလားလို့ စောဒက တက်မယ့် သူလည်း ရှိနိုင်ပါတယ်။ အဲသလိုထင်နေရင် လွဲနေဦး မှာမို့ ပြောပါရစေ။
သစ်တောတွေကို ခုတ်ပြီး ဧကသောင်းနဲ့ သိန်းနဲ့ ချီပြီး စိုက်ပျိုးတဲ့ သူတွေက ချမ်းသာတဲ့ နိုင်ငံများက ကော်ပို ရေးရှင်းကြီး တွေသာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူတို့သာ အမြတ်ထွက်သွားပါတယ်။ တခါ အဲဒီ ကော်ပိုရေး ရှင်းကြီး တွေကို အခုလို လာရောက်စိုက်ပျိုးဖို့ ခွင့်ပြုတဲ့ သက်ဆိုင်ရာ နိုင်ငံတွေက အုပ်ချုပ်သူ လူနည်းစု အတွက် လည်း ငွေတွေအောလပုံ ရလိုက်ပါတယ်။ သာမန်ပြည်သူတွေကတော့ လက်ခစား လုပ်ခစား အဆင့်ကပဲ မတက်နိုင်သေးပါဖူး။
အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံအတွင်းမှာပဲ ဘိုင်အိုလောင်စာဆီ ထုတ်လုပ်ဖို့ အတွက် ပြောင်းဖူးတွေ စိုက်ပါ တယ်။ သူများနိုင်ငံမှာလည်း မြေငှားပြီး စိုက်ပါတယ်။ အမေရိကန် ပြည်တွင်း တခုထဲမှာပဲ တနှစ်ကို ပြောင်းဖူး အစေ့တန်ချိန် သန်းပေါင်း ၂၅ဝ ထွက်ရှိပါတယ်။ အဲသည့် ပြောင်းစေ့တွေကို ကားတွေမှာသုံးဖို့ အတွက် လောင်စာဆီအဖြစ် ပြောင်းလဲ ထုတ်ယူပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မြေအောက်ကထွက်တဲ့ ရေနံကို ဆက်တိုက်အသုံးများလာရင် နောင်မှာ ရေနံပြတ်လတ်မှုကို မကြုံတွေ့အောင်ဆိုပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက ဘိုင်အိုလောင်စာဆီ ကို အသုံးပြုရင် ရေနံလောင်စာကို သုံးတာထက် လေထု ညစ်ညမ်းမှုကို သက်သာစေတယ်လို့ တွက်ချက်ခဲ့တာကိုး။ ဟုတ်သင့်သလောက်လဲ ဟုတ်ပါတယ်။ ဒါပေမယ့် ရေနံလောင်စာကို လျှော့ခြဖို့အတွက် တဖက်မှာလည်း ပြောင်းဖူးတွေ အကြီးအကျယ် စိုက်ပျိုးရတော့ သဘာဝ အတိုင်း ရှိနေတဲ့ မြေတွေကို လယ်ယာ တွေအဖြစ် အသွင်ပြောင်းခဲ့တော့ သဘာဝပတ်ဝန်းကျင်ကို နောင်မှာ ထိခိုက်လာခြင်းပါ။ ဦးနင်းတော့ ပဲ့ထောင်၊ ပဲ့နင်းတော့ ဦးထောင် ဆိုသလို ဖြစ်ရပါတယ်။ တခါ ပြောင်းဖူးစေ့ တန်းပေါင်း ၂၅ဝ ထွက်ဖို့ အသုံးပြုရတဲ့ ရေပမာဏ ကလည်း ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။
အာရှတိုက် အတွင်းမှာလည်း အပူချိန် တဖြည်းဖြည်း မြင့်တက်လာတဲ့ ဒဏ်ကို အခုပဲ ခံစားနေရပါပြီ။ သစ်တော ပြုန်းတီးမှုမဟာ တောင်အမေရိကတိုက် ကနေ အာဖရိကတိုက်ကို ဖြတ်လို့ အာရှတိုက်အထိ ဖြစ်ပျက် နေတာပါ။ အဲသလို သစ်တောပြုန်းတီးမှုရဲ့ တရားခံတွေကတော့ သစ်ပင်ခုတ်တာ ခွင့်ပြုတဲ့ အစိုးရဆိုးများနဲ့ သူတို့ရဲ့ စီးပွား ဖက် အဖွဲ့အစည်း ကြီးတွေပဲ ဖြစ်ပါတယ်။
အပူချိန်မြင့်တက်လာတဲ့ အကျိုးဆက်အဖြစ် ဝင်ရိုးစွန်းက ရေခဲတွေ တဖြည်းဖြည်းနဲ့ အရည်ပျော်လာပါတယ်။ အဲတာကြောင့် ပင်လယ်ရေမျက်နှာပြင် တဖြည်းဖြည်း မြင့်တက်လာပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာတော့ အာရှတိုက်က စပါးစိုက်ပျိုးတဲ့ နိုင်ငံများရဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ရေငံတိုးဝင်လာမှာ ဖြစ်တာကြောင့် စပါးစိုက် ဧက တဖြည်းဖြည်း လျှော့နည်းလာခြင်းကို ဒီ ၃၉ နှစ်အတွင်းမှာ ရင်ဆိုင်ရပါလိမ့်မယ်။ နောက်တချက် ကတော့ မိုးကခေါင်သထက် ခေါင်လာတဲ့အတွက် ရေများများလိုတဲ့ စပါးစိုက်ပျိုးရေးကို ထိခိုက်လာပါတယ်။ ကမ္ဘာမှာ ဆန်တင်ပို့နှုန်း မြင့်မားတဲ့ ထိုင်းနိုင်ငံမှာတောင် မိုးခေါင်တဲ့အတွက် စပါးအထွက် သိသိသာသာ ကျဆင်းလာတာ သုံးလေးနှစ်လောက် ရှိနေပါပြီ။ စပါးအထွက်နှုန်းက လျှော့နည်းလာတာက ၁% ကျော်ကျော်သာ ရှိသေးတဲ့အတွက် ရုတ်တရက်တော့ မသိသာလှပါဖူး။ သို့သော် နှစ်တိုင်းသာ မိုးခေါင်နေရင် နောင်လာမယ့် ၃၉ နှစ် အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ဆန်ထွက်နှုန်းဟာ ကြောက်စရာ ကောင်းလောက်အောင် ကျဆင်းသွားတော့မှာ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးကို ထိုင်းတနိုင်ငံထဲသာ ရင်ဆိုင်ရမှာမဟုတ်ပါဖူး။ အရှေ့ တောင် အာရှနိုင်ငံတွေ အားလုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်းက လယ်သမားတွေကတော့ မိုးခေါင်တာကို သုံးနှစ်လောက် ဆက်တိုက်ရင်ဆိုင် လိုက်ရ တဲ့ အတွက် သူတို့ဟာ အခုဆိုရင် လက်လွတ်ခွက်ကျွတ် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့လယ် တွေဟာ ဆည်ရေပေးဝေမှုနဲ့ ဝေးတဲ့ နေရာတွေဖြစ်လေတော့ မိုးသက်သက်ကိုပဲ တသက်လုံး အားကိုးလာ ခဲ့ရတာပါ။ အခုတော့ မိုးကလည်းခေါင် ဆည်ရေနဲ့လည်းဝေး၊ အစိုးရဆီကလည်း မယ်မယ်ရရ အကူအညီ မရပါဖူး။
ဒီကြားထဲမှာ ဖြတ်ပြောခြင်တာ တခုကတော့ မနှစ်က ဖိလစ်ပိုင်နိုင်ငံမှာလည်း ဆန်အထွက် လျှော့နည်းတာကို ကြုံရ ပါတယ်။ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာကတော့ မိုးခေါင်တာ မဟုတ်ပါဖူး။ မိုးကောင်းပါတယ်။ ဒါပေမယ့် မိုးအုံ့နေတဲ့ လတွေ များလာတဲ့အတွက် လိုအပ်တဲ့ ပမာဏအတိုင်း နေရောင်ခြည်ကို မရတဲ့ အခါမှာ စပါးတွေဟာ ဆန်နို့ရည် မဝင်တော့တဲ့ အတွက် အဆန်ချောင် စပါးများသာ ထွက်ရှိခဲ့လို့ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများ အဆိုအရ မဲခေါင်မြစ်ဝှမ်းက နိုင်ငံတွေရဲ့ စပါးအထွက်နှုန်းဟာ နောင်မှာ လျှော့သထက်လျှော့ လာဖို့ရှိတယ်လို့ ထောက်ပြ ထားပါတယ်။
ကနေ့ တကမ္ဘာလုံးရဲ့ ထမင်းစားသုံးမှုဟာ တရက်ကို ထမင်းပန်းကန်ပေါင်း ၉ ဘီလီယံ ရှိပါတယ်။ သန်းပေါင်း ကိုးထောင်လို့ ပြောရရင် ပိုပြီး မျက်စေ့ထဲမှာ မြင်လွယ်မယ် ထင်ပါတယ်။ အဲဒီ သန်းပေါင်းကိုးထောင် ရှိတဲ့ အထဲမှာ ၉ဝ% သော ထမင်းတွေကို အာရှတိုက်က လူတွေစားသုံးပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အာရှတိုက် တခုလုံးရဲ့ လူဦးရေဟာ ကျန်တဲ့ဒေသများထက် ပိုများတဲ့အပြင် ဆန်တခုကိုသာ အဓိကထား စားသုံးတာ ကလည်း တကြောင်းလို့ ဆိုနိုင်ပါတယ်။ မြန်မာတနိုင်ငံထဲကိုပဲ ကြည့်မယ်ဆိုရင် တနေ့ကို တပန်းကန်နှုံးနဲ့ ထမင်း နှစ်နှပ်ပဲ စားတယ်ထား။ လူဦးရေက သန်း ၆ဝ လောက် ရှိတယ်ဆိုတော့၊ တရက်မှာစားတဲ့ ထမင်းပန်းကန် ပေါင်းဟာ သန်းပေါင်း ၁၂ဝ ရှိနေပါပြီ။ တရုတ်တို့၊ အိန္ဒိယတို့၊ ဘင်္ဂလားဒက်ရှ်တို့၊ အင်ဒိုနီးရှားတို့၊ ဂျပန်တို့လို မြန်မာပြည်ထက် လူဦးရေများတဲ့ နိုင်ငံတွေကို ထည့်မတွက်ရသေးပါဖူး။
နောက်တချက်ကတော့ မိုးခေါင်တဲ့ ဒဏ်ကို မြန်မာနိုင်ငံလည်း ခံနေရပါတယ်။ တဆက်ထဲမှာလည်း ဧရာဝတီ မြစ်ရေ ကျဆင်းမှုဟာ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်နေတယ် ဆိုတာလည်း သိနေရပါတယ်။ အဲသလို အချိန်မှာ မြစ်ကိုပိတ်ပြီး ဆည်ဆောက်တဲ့ လုပ်ငန်းတွေကလည်း လုပ်နေဆဲပါ။ အဲတာအပြင် ဒီနှစ် လာမယ့် မိုးတွင်းမှာ မိုးမကောင်းတာကိုလည်း ရင်ဆိုင်ရဦးမယ်တဲ့။
ပြန်ကောက်ရရင် ကမ္ဘာကြီးမှာ အပူချိန်တွေ ပိုတက်လာနေတာကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ တဖြည်းဖြည်းနဲ့ ရပ်ဆိုင်းကုန်မယ်။ စိုက်ပျိုးရေး ကျဆင်းလာတာကြောင့် လူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျွမ်းကျင် သူ ပညာရှင်များက စေတနာရှေ့ထားပြီး ဆော်သြောနေပါတယ်။ ဒါကို အလေးထားပြီး ကြိုတင်ဖြေရှင်းဖို့ ပြင်ဆင် နေတဲ့ အစိုးရများ ရှိသလို ကရုမစိုက်တဲ့ အစိုးရများလည်း အများကြီး ရှိပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်များကတော့ ပါလီမန်ထဲမှာ ဥပဒေတွေ ရေးဆွဲဖို့ဆိုပြီး စုထိုင်နေကြတာ တလတောင် ကျော်ပါ တော့မယ်။ အခုအချိန်အထိ တိုင်းသူပြည်သားတွေ အတွက် စားနပ်ရိက္ခာ လုံလောက်အောင်၊ သက်သာ ချောင်ချိအောင် ဘယ်လို ဆောင်ရွက်မယ် ဆိုတာ ပြောသံလည်း တချက်မှာ မကြားရသေးပါ။ နိုင်ငံသားတွေ အပေါ်မှာ မတန်တဆ ပိနေတဲ့ စားဝတ်နေရေး ဆိုတဲ့ ဝန်တွေကို ဘယ်လိုဘယ်ပုံ လျှော့ချမယ်ဆိုတာကို မပြောတဲ့ အစိုးရမျိုးကတော့ ရွေးကောက်ပွဲ အစစ်နဲ့ တက်တက်၊ ရွေးကောက်ပွဲ အတုနဲ့တက်တက် ဘယ်လိုမှ ယုံကြည်ဖွယ်ရာ မရှိကြောင်း ပြောလိုပါတယ်။
ဇော်မင်း
၈ ရက်၊ မတ်လ၊ ၂ဝ၁၁ ခုနှစ်
Wednesday, March 9, 2011
အငတ်ဘေးနဲ့ ၂ဝ၅ဝ ခုနှစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment