ရွက်မွန်စာမျက်နှာ

Wednesday, March 30, 2011

မမသို့ပေးစာ

မ ကျနော် မဲဇော် စာရေးလိုက်ပါတယ်။ ကျနော်တို့ မောင်နှမတွေ မတွေ့ကြရတာ အနှစ်နှစ်ဆယ် ကျော်ပြီ ဆိုတာ ပြန်တွေ့ ရမှပဲ သတိထားမိတော့တယ်။ ကျနော်က မမ မွေးနေ့အတိအကျကို မမှတ်မိပေ မယ့် မွေးနှစ် ကိုတော့ မှတ်မိတယ်။ ဒါကြောင့် မမ ဒီနှစ်ထဲဆိုရင် မမ ခြောက်ဆယ့်ရှစ်နှစ်မို့လား ဆိုပြီး မေးလိုက်တော့ မမက ဟုတ်တယ်ဟေ့လို့ ဝမ်းသာတဲ့ လေသံနဲ့ ပြန်ဖြေတယ်။ နှစ်ပေါင်းများစွာ မတွေ့ကြရပေမယ့် သူ့အသက် ဘယ်လောက်ရှိပြီ ဆိုတာကို မောင်လုပ်တဲ့သူက မှတ်မိတယ် ဆိုတော့ ငါ့ကိုမမေ့ဖူးဟဲ့ ဆိုပြီး ဝမ်းသာတဲ့ သဘောပါ။ နောက် မမက အသက် ၆၈ နှစ်ဆိုပေမယ့် အပျိုကြီး ဆိုတော့ အရွယ်တင်ပါတယ်။ မားမားကြီး ရှိနေတုန်း။


မမ ကျနော်တို့မှာ မမအပါအဝင် မောင်နှမ တဝမ်းကွဲ ၃၉ ယောက်ရှိတယ် ဆိုတာကိုလည်း ဘယ်တော့မှ မမေ့ပါဖူး။ သူတို့အားလုံးရဲ့ အသက်တွေကို မွေးနေ့အတိအကျ မမှတ်မိပေမယ့် မွေးနှစ်တွေ အားလုံးကိုတော့ ကြီးစဉ်ငယ်လိုက် ကျနော် မှတ်မိနေတုန်းပဲ။ မမကသာ သတိမထားမလို့။ အဲဒီ မောင်နှမတွေထဲမှာ မမက အကြီးဆုံးမို့လား။ အဖွားက သားသမီး ဆယ်ယောက် တိတိ မွေးခဲ့တယ်၊ အဲဒီ ဆယ်ယောက်ထဲမှာ ကြီးဒေါ်နှစ်ယောက်က အပျိုကြီး အဖြစ်နဲ့ အရိုးထုတ်သွားလို့။ နို့မဟုတ်ရင် ကျနော်တို့မှာ မောင်နှမ တဝမ်းကွဲ ၃၉ ယောက်ထက်တောင် များဦးမယ်။ ကိုယ့်အမျိုးတွေ သက်သက်နဲ့တောင် တရွာတည်မယ်ဆို တည်လို့ရတယ်။ ကျနော်တို့ အထက်အညာ ဒေသဟာ အောက်ပြည်လောက် ဆန်ရေစပါး မပေါဘဲ အစစ ရှားပါးတယ်လို့ လူကြီးတွေ ပြောလေ့ရှိတယ် မဟုတ်လား။ ဒီလို ရှားပါးတဲ့ ကြားထဲကတောင် ရှေးတုန်းကလူတွေ မွေးလိုက်တဲ့ ကလေးတွေဟာ နည်းတာမှ မဟုတ်တာ။

အဲနောက်တခုက ဇာတိမြေနဲ့ အနှစ်နှစ်ဆယ်ကျော် ဝေးနေတယ် ဆိုပေမယ့် မောင်နှမ ဝမ်းကွဲတွေထဲမှာ ဘယ်သူတွေ အိမ်ထောင်ကျလို့ သားသမီး ဘယ်နှစ်ယောက်ရပြီ။ ဘယ်သူကတော့ မြေးတောင် ရနေပြီ။ ဒါ့အပြင် ညီဝမ်းကွဲတွေဖြစ်တဲ့ ဖိုးနိုင်တို့၊ ဖိုးထင်တို့ အရွယ်ကောင်းတုန်းမှာ ဆုံးသွားပြီ ဆိုတာလည်း ကျနော်သိနေပါတယ် မမရဲ့။ တူတော်မောင် ငထိုက်ကလေးကတော့ ဆေးဝါးတွေ အသုံးလွန်လို့ အမျိုးထဲမှာ အစောဆုံး သေတာကိုလည်း ကျနော် သိတာပဲ။ မနှစ်ကမှ ဖြုန်းကနဲ ဆုံးသွားတဲ့ ဖိုးကျော်ဆိုရင် ၄၉ နှစ်ကျော်လို့ ၅ဝ ထဲဝင်ကာစပဲ ရှိသေးတာ ကလား။ ဘယ်တူတွေ တူမတွေက ဘယ်နယ်ပြောင်းသွားလို့ ဘာတွေ လုပ်ကိုင်စားသောက် နေတယ်ဆိုတာလည်း ကျနော် အကုန်သိတယ်။ တမြန်တနှစ်က လက်ထပ်လိုက်တဲ့ တူမရဲ့ ယောက်ကျားကတော့ ရုပ်ဆိုးပြီး ဘာပုံမှ မထွက်ဖူး ဆိုတဲ့ ဆွေမျိုးတွေရဲ့ ဝေဖန်ရေး သတင်း မျိုးလည်း ကျနော်သိနေတယ် ဆိုရင် မမ အံ့သြမလားပဲ။ မအံ့သြောနဲ့ မမ။ ဘာဖြစ်လို့တုန်း သိလား။ ဒီခေတ်က အင်တာ နက် ခေတ်ကြီး ဖြစ်နေပြီ။ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း တကမBာလုံးမှာ ဖြစ်နေတာတွေကိုတောင် သိနေရတာ။ ကိုယ့်အမျိုး ကိုယ့်အဆွေတွေ အကြောင်းကတော့ ပိုသိတာပေါ့။ နောက်တခုကတော့ ကျနော့်တို့ တူတော်မောင်တွေထဲမှာ အင်တာနက် သရဲတွေ ရှိနေတော့ ဒီကောင်တွေက ကျနော့်ရဲ့ သတင်းပေးတွေ ဖြစ်နေတာ ကလည်း တကြောင်းလေ။

ဦးကြီးဆိုရင် အသက် ၉၄ နှစ်အထိ နေသွားတဲ့ အကြောင်း။ သေတဲ့အထိ လမ်းကို နေ့တိုင်းမှန်မှန် လျှောက်သလို အရက် ကိုလည်း မှန်မှန် သောက်သုံးသွားကြောင်း တူတော်မောင်တွေက သတင်းပေးပါ့ဗျာ။ ဦးကြီး အကြောင်း ကြားရတော့ ဝမ်းသာရပေမယ့် အငယ်ပိုင်းတွေ စောစော သေကြတာကို သိရတော့လည်း ရှေးလူကြီးတွေ ပြောပြောနေတဲ့ အမှည့် တဝင်းဝင်း အကင်းတဖြုတ်ဖြုတ် ဆိုတာကို သတိရမိပြန်တယ်။ ကြီးဒေါ်လေးယောက်က ကင်ဆာနဲ့ သေကြတယ်ဆိုတော့ ငဒို့အမျိုးတွေထဲမှာ ကင်ဆာဖြစ်စေတဲ့ မျိုးရိုးဗီဇများ ပါနေရော့လား ဆိုပြီးလဲ စိုးရိမ် မိသေးတယ် မမရဲ့။ မမလည်း ဆေးတွေဘာတွေ မှန်မှန်စစ်ဦး။ ကိုင်း အမျိုးတွေအကြောင်း ထားပါဦးလေ။

မမက ကျနော့်ကို တွေ့တွေ့ခြင်း ဟဲ့ မင်းဘာတွေ လုပ်ကိုင်စားနေတုန်း၊ အဆင်ပြေရဲ့လား၊ ဝင်ငွေရော ကောင်းရဲ့လား၊ ကလေးက အခု ဘယ်နှစ်ယောက်တုန်း၊ မင့်မိန်းမက ဘယ်အရပ်သူလဲ၊ မင့်အပေါ် ကြင်ကြင်နာနာ ရှိရဲ့လား စသဖြင့် မေးလိုက်တာ စုံနေတာပဲကိုး။ မမ မေးတာတွေကို မမကျေနပ်တဲ့ အထိ ကျနော်ပြန်ဖြေ ရတာလည်း မှတ်မိမှာပေါ့။ ဒါပေမယ့် မမက ကျနော့်အသက်ကိုတော့ မမှတ်မိဖူးမို့လား။ ဒါကြောင့် ငါ့မောင် အခု အသက်ဘယ်လောက် ရှိပတုန်းဆိုပြီး မေးသေး တယ်လေ။ ရှေ့နှစ်ဆို ငါးဆယ် ဖြစ်တော့မှာလို့ ကျနော်က ပြန်ဖြေတော့ ဟင် ဒါဖြင့် ဒီနှစ်မှာ လေးဆယ့်ကိုးပေါ့ ဆိုပြီး ပြောရင်းနဲ့ ငဒို့မောင်နှမတွေလည်း အသက်တွေ ကြီးလာကုန်ပြီကိုးလို့ တရားရတဲ့ လေသံနဲ့ ပြောသေးတယ်လေ။

မမ မေးစရာကုန်တော့ ကျနော် ပြန်မေးရမယ့် အလှည့်ပေါ့။ မမ ရန်ကုန်မှာ ဘာလုပ်တယ် ဘာကိုင်တယ် ဆိုတာ ကျနော့် ဒလံတွေရှိနေတော့ အားလုံး နီးပါးသိပါတယ်။ သာရေးနာရေး ရှိတိုင်း ပုဝါကြီး စုံချပြီး အမျိုးအဆွေတို့ရဲ့ အကြီးအကဲ တယောက်လို တာဝန်ထမ်းဆောင် နေတယ် ဆိုတာလည်း သိပါရဲ့။ ဒါပေမယ့် မမ ဒီအသက်အရွယ်မှာ နောက်ထပ် ဘာ လုပ်ချင် သေးလဲဆိုတဲ့ ဆန္ဒကို ကျနော်ပိုသိချင်တယ်။

ကျနော်က မေးမလို့ လုပ်နေတုန်း မမနဲ့ အတူပါလာတဲ့ မမရဲ့ တူမကမွေးတဲ့ မြေးကလေးနှစ်ယောက်က ဖွားလေးတို့ အန်ကယ်တို့ စကားပြောတဲ့ လေသံက အတူတူပဲနော်လို့ မေးလာတယ်။ သူတို့ကျတော့ ရန်ကုန်မွေး ရန်ကုန်ကြီးတွေ ဖြစ်လေတော့ သူတို့ ဦးကြီး၊ ဒေါ်ကြီးတွေ အရပ်က ဟန်နဲ့ ပြောတဲ့လေသံကို အထူးအဆန်း ဖြစ်နေကြပြီး သူတို့လေး တွေက ရယ်ကြတယ်လေ။ ကျနော်တို့ မောင်နှမချင်း အားရပါးရ စကားပြောကြတော့ မူလဒေသခံ လေသံက ပြန်ပေါ်လာ တာကိုး။ ဒါနဲ့ ကျနော်က မင်းတို့ဖွားလေးက မင်းတို့ကို အဲဒီလေသံမျိုး စကားပြောဟန်မျိုး သင်မပေးဖူးလားလို့ မေးတော့ နှစ်ယောက်စလုံးက ခေါင်းခါပြရင်း ထပ်ပြီးရယ်ကြ ပြန်ပါလေရော။ ကိုင်း မင်းတို့ကို ကြုံတုန်း ဒို့အရပ်က ပြောပုံလေးတွေ သင်ပေးမယ်ဆိုတော့ အကြီးမလေးက မှတ်စုစာအုပ်လေး ထုတ်ပြီး လိုက်မှတ်မယ်လို့ ပြင်တယ်။ ဒီအရွယ်လေးတွေနဲ့ မှတ်စုစာအုပ်လေး ဆောင်ထားတဲ့ အလေ့အကျင့်ကတော့ ကောင်းသဟ စိတ်ထဲမှာ ဖြစ်မိတယ်။ ဒါနဲ့ ကိုင်း လိုက်ရေးလိုက် ရေးဆိုပြီး “ရှေ့တန်းက နံပါတ်ခွင် ထွင်းလွန် လူကျွင် နေသယ်”၊ “ထွင်းဝန်း ဇွင်းချပါဦးဟ”၊ “ကောင်လေး စားဂျက်ကဒေါ့ လွင်လွင်းသနော နေဆိုးဦးမယ်” စတာတွေကို ပြောပေးရတာပေါ့။ ကလေးနှစ်ယောက်စလုံး ခွက်ထိုးခွက်လန် ရယ်ကြရင်း အကြီးမလေးက မှတ်စုစာအုပ်ထဲမှာ လိုက်မှတ်ရှာတယ်။ သူတို့မှာ ဦးကြီး၊ ဒေါ်ကြီး ခေါ်တဲ့ အလေ့မရှိတော့ဖူး။ ကျနော့်ကို ခေါ်တာကြည့်ဦး အန်ကယ်တဲ့။

ကလေးတွေနဲ့ စကားဖြတ်ပြီးတော့ မမကို ကျနော်မေးပါတယ်။ မမ ဘာများ လုပ်ခြင်တဲ့ ဆန္ဒရှိသတုံးပေါ့။ အဲတော့ မမက ငါ့မောင်ရေ မမကတော့ အသက်လည်း ရလာပြီဆိုတော့ သာသနာပြုမယ်လို့ မှန်းထားတယ်ကွဲ့လို့ ပြန်ဖြေတယ် မို့လား။ ပြီးတော့ လောလောဆယ်မှာ စေတီလေး တဆူလောက် တည်ဖို့အတွက်လည်း ကိုယ့်အရပ် ဇာတိဖက်မှာ မြေနေရာ လိုက်ကြည့်နေတယ်လို့ ပြောသေးတယ်လေ။ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေ အသက်ကြီး လာရင် ဖြစ်လေ့ ဖြစ်ထရှိတဲ့ စိတ်ကူးစိတ်သန်းမျိုးလို့ ကျနော်ကတော့ မှတ်ယူပါတယ်။ မမ သာသနာပြုချင်တာကို ကျနော့်အနေနဲ့ မကန့်ကွက် ပါဖူး။ ဗုဒ္ဓရာဇဝင်မှာလည်း ကျောင်းအမကြီး ဝိသာခါ ဆိုတာ ရှိခဲ့ဖူးတာကိုး။

သို့သော်လည်း မမကို ကျနော် အကြံတခုလောက်တော့ ပေးချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒုက္ခရောက် နေသူတွေ ပိုပိုများလာတယ် ဆိုတာ မမလည်း သိနေတာပဲ။ ပညာသင်ရမယ့် အရွယ်မှာ ပညာမသင်နိုင်ဘဲ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ကလေးတွေ လမ်းပေါ်မှာ များသထက် များလာတာလည်း မမ အမြင်ပဲ မဟုတ်လား။ အဲဒီကလေး တွေထဲမှာ ဗုဒ္ဓဘာသာဝင် ကလေးတွေက အများစုဖြစ်သလို တခြားဘာသာ ကိုးကွယ်တဲ့ ကလေးတွေလည်း ပါပါတယ်။ အဲသလို ဒုက္ခ ရောက်နေတဲ့ ကလေးတွေကို တတ်နိုင်တဲ့ဖက်က ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေနဲ့ ကူညီမယ် ဆိုရင် ဒါကော သွယ်ဝိုက်ပြီး သာသနာပြုတယ်လို့ မခေါ်နိုင်ဖူးလား။ သာသနာပြုတာမှ ဘာသာတရား တခုထဲကိုပဲ သာသနာပြု မဟုတ်ဘဲ ဘာသာပေါင်းစုံ အတွက်တောင် သာသနာ ပြုတယ်လို့ ပြောရင်တောင် ရမလားဘဲ။

ဘာဖြစ်လို့တုန်းဆိုတော့ ဘယ်ကိုးကွယ်ရာ ဘာသာတရားမှာ ဖြစ်ဖြစ် ကိုးကွယ်တဲ့သူ မရှိရင် သာသနာဆိုတာ မတည်တန့် နိုင်ပါဖူး။ တခါ ကိုးကွယ်တဲ့ သူတွေမှာ စားရေး၊ နေရေး၊ ဝတ်ရေး အကြားမှာပဲ ဒုက္ခပင်လယ်ဝေနေ တယ်ဆိုရင် အဲဒီ သာသနာဟာ ထွန်းပြောင်လာဖို့ ခက်ခဲ နေဦးမှာပါ။ နောက်တခုက လမ်းပေါ်က ကလေးတွေမှ မဟုတ်ပါဖူး။ မမကိုယ်တိုင်လဲ ပင်စင်စား ကျောင်းဆရာမပဲ။ အခုကာလမှာ ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘယ်လောက် အတိဒုက္ခ ရောက်ကြရတယ် ဆိုတာ မမကိုယ်တိုင်လဲ မျက်မြင်ပဲ မဟုတ်လား။ အဲဒီ သက်ကြီး ရွယ်အိုတွေထဲမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ပါသလို တခြားဘာသာ ကိုးကွယ်သူတွေလည်း ရှိကြတာပဲ။ သူတို့ကို ကူညီရင်ကော ဒါဟာ သာသနာ ပြုတယ်လို့ မခေါ်ထိုက်ဖူးလား။

နောက်တချက်ကတော့ မမ တူမက မွေးတဲ့ မမရဲ့ မြေးလေး နှစ်ယောက်ကိုလည်း ဒုက္ခရောက်နေသူတွေကို ကူညီချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာအောင်၊ လူမှုဝန်တာ ထမ်းဆောင်လိုတဲ့ စိတ်ဓာတ်မျိုး မြင့်မားလာအောင် လမ်းပြပေး မယ် ဆိုရင်လည်း သိပ်ကောင်းမှာပဲလို့ ကျနော်တွေးမိပါတယ်။ ဒီလို စိတ်ဓာတ်မျိုးတွေ ရင်မှာပိုက်ထားရင်းနဲ့ သူတို့လေး တွေ အရွယ်ရောက်လာရင် ကျနော်တို့ တိုင်းပြည်မှာ လူတဖက်သားကို ကူညီလိုသူတွေ ပိုပြီးတိုးပွား မွေးဖွားပေးသလို ဖြစ်မှာမို့ ဒါမျိုးကိုလည်း အခြားတနည်းနဲ့ သာသနာပြုခြင်းလို့ ဆိုနိုင်ပါသေးတယ်။

မမ သာသနာပြုခြင်တဲ့ ဆန္ဒဟာ လုပ်သင့်တဲ့ အလုပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော့်မှာ တားပိုင်ခွင့် မရှိပါဖူး။ တားလည်း မတားသင့်ပါဖူး။ ဒါပေမယ့် ကနေ့လို ခေတ်ဆိုး ခေတ်ကြပ်ကြီးမှာ ဘယ်လိုဘယ်ပုံနဲ့ ဆောင်ရွက်မယ့် သာသနာ ပြုခြင်းမျိုးက လူသားတွေအတွက် ပိုပြီး အကျိုးရှိနိုင်မလဲ ဆိုတာကိုတော့ မမ အနေနဲ့ အထပ်ထပ် စဉ်းစားစေ ချင်တယ်။

မောင်နှမချင်း မတွေ့တာ အနှစ်နှယ်ဆယ် ကျော်ပြီ။ တွေ့တွေ့ခြင်း သာကြောင်း မာကြောင်း၊ ဆွေရေးမျိုးရေး ပြောနေတဲ့ အချိန်မှာ ကျနော့်အနေနဲ့ မမကို ဆရာလုပ်တာမျိုး၊ ငြင်းခုန်တာမျိုး မလုပ်လိုပါ။ တော်နေကြာ မဲဇော် တယောက် အနှစ်နှယ်ဆယ်ကျော် မတွေ့ရတဲ့ အမကို တွေ့ပြန်တော့လည်း ဂွကောင်ပီပီ ရန်လုပ်လွှတ်လိုက် သတဲ့ ဆိုပြီး ကိုယ့်အရပ်ကလူတွေ ပြန်ကြားရင်လည်း မကောင်းဖူးမို့လား။ ဒါကြောင့် အခုမှ ဒီစာကို ရေးပို့ လိုက်တာပါ။ မမ တယောက် ချောချောမွေ့မွေ့နဲ့ သာသနာပြု လုပ်ငန်းများ လုပ်နိုင်ပါစေသောဝ်။

ဇော်မင်း
၃ဝ ရက်၊ မတ်လ၊ ၂ဝ၁၁ ခုနှစ်

2 comments:

Mon Petit Avatar said...

Very nice post!

prosaiccollector said...

ဘာဖြစ်လို့တုန်းဆိုတော့ ဘယ်ကိုးကွယ်ရာ ဘာသာတရားမှာ ဖြစ်ဖြစ် ကိုးကွယ်တဲ့သူ မရှိရင် သာသနာဆိုတာ မတည်တန့် နိုင်ပါဖူး။ တခါ ကိုးကွယ်တဲ့ သူတွေမှာ စားရေး၊ နေရေး၊ ဝတ်ရေး အကြားမှာပဲ ဒုက္ခပင်လယ်ဝေနေ တယ်ဆိုရင် အဲဒီ သာသနာဟာ ထွန်းပြောင်လာဖို့ ခက်ခဲ နေဦးမှာပါ။ နောက်တခုက လမ်းပေါ်က ကလေးတွေမှ မဟုတ်ပါဖူး။ မမကိုယ်တိုင်လဲ ပင်စင်စား ကျောင်းဆရာမပဲ။ အခုကာလမှာ ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘယ်လောက် အတိဒုက္ခ ရောက်ကြရတယ် ဆိုတာ မမကိုယ်တိုင်လဲ မျက်မြင်ပဲ မဟုတ်လား။ အဲဒီ သက်ကြီး ရွယ်အိုတွေထဲမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ပါသလို တခြားဘာသာ ကိုးကွယ်သူတွေလည်း ရှိကြတာပဲ။ သူတို့ကို ကူညီရင်ကော ဒါဟာ သာသနာ ပြုတယ်လို့ မခေါ်ထိုက်ဖူးလား။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.