ရွက်မွန်စာမျက်နှာ

Thursday, April 21, 2011

ဒို့မြန်မာမီဒီယာ

သြော်
မပြောချင်ဘူး ဆိုပေမယ့်လည်း ပြောရဦးတော့မယ်။ တခြားတော့ မဟုတ်ပါဖူး မြန်မာမီဒီယာတွေ အကြောင်းပါ။ အထူးသဖြင့် ပြည်ပမှာ အခြေစိုက်ပြီး သတင်းကိစ္စ လုပ်ကိုင်နေကြတဲ့ သတင်းဆရာတွေ၊ သတင်းဆရာမတွေနဲ့ ပတ်သက်လို့ ပြောပြချင် အကြံပြုချင်တာလို့ ဆိုရင်လည်း ဟုတ်ပါတယ်။

သတင်းသမားဆိုတာ သူများ မျက်ခုံးမွှေးပေါ် စင်္ကြလျှောက်နိုင်တဲ့အထိ လျှင်ရမယ်၊ ပါးနပ်ရမယ်၊ ဗဟုသုတ ကြွယ်ဝရမယ်၊ နှံ့စပ်ရမယ်၊ လိုအပ်ရင် နိုင်ငံအဆင့် ခေါင်းဆောင် ဆိုသူတွေကိုတောင် ဂျွမ်းပစ်ကြအောင်၊ ဂျောက်ကြအောင် မေးခွန်းတွေကို မေးတတ်ရမယ် စသဖြင့် ပြောကြတာတွေကို ကြားဖူးပါတယ်။ ဒါတွေကတော့ တဖက်မှာ သတင်းသမားတွေနဲ့ ပတ်သက်လို့ အကောင်းမြင်နည်းစေတဲ့ အပြောမျိုးလို့ ဆိုနိုင်ပါတယ်။

သို့သော်လည်း သတင်းသမား ဆိုတာကတော့ သတင်းနဲ့ ပတ်သက်တဲ့ ပညာတွေအပြင် အခြားသော ပညာ ဗဟုသုတတွေလည်း စုံဖို့လိုတာ ကတော့ အမှန်ပါ။ ဒါ့အပြင် သတင်းသမား ဆိုတာ လူတဖက်သားကို သူ့ရဲ့သတင်းရလိုမှုနဲ့ အသုံးချသလို မဖြစ်စေရဖူး၊ အမြတ် မထုတ်သင့်ဖူး ဆိုတာလည်း သတင်းသမား ကျင့်ဝတ် အရ လိုက်နာဖို့လည်း လိုအပ်ပါတယ်။
ကိုင်း ကျနော် ကြုံဖူးတာလေးတွေနဲ့ ကျနော့်မိတ်ဆွေများ ကြုံဖူးတာလေးတွေကို ပြောပြရဦးမယ်။
တခါသားမတော့ ကျနော် ရေဒီယိုသတင်းဌာန တခုရဲ့ ရုံး
ထဲကို ဝင်သွားပါတယ်။ ရုံးခန်းထဲက အဖြူရောင် ဘုတ် မှာ လက်ရေးနဲ့ ရေးထားတဲ့ အင်္ဂလိပ် မြန်မာ စာတွေကို တွေ့လို့ ဘာတွေများလဲဆိုပြီး ဖတ်ကြည့်လိုက် မိပါတယ်။ အဲဒီအထဲက တချို့ကို ပြန်ပြောပြရင် coldwar ဆိုတာကို စစ်အေးတိုက်ပွဲ၊ Urban warfare ဆိုတာကို မြို့ပြစစ်ပွဲ စသဖြင့် အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ရေးထားတာကို တွေ့ရပါတယ်။ သူတို့ရေးထားတာ မမှားပါဖူး။ ဒါပေမယ့် ကျနော်က အဲဒီရုံးထဲက မိတ်ဆွေ သတင်းသမား တဦးကို မေးလိုက်ပါတယ်။ ဘာဖြစ်လို့ အဲသလိုရေးထား သလဲပေါ့။ သူပြန်ဖြေတာကတော့ ရုံးထဲက သတင်း သမားများ အကြားမှာ အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ပြီး သတင်းအပေါ်မှာ ပြန်ရေးရင် ဘာသာပြန်တဲ့မူ မကွဲအောင် သိစေဖို့ အတွက် ရေးထားတာလို့ ပြောပါတယ်။ ကောင်းတဲ့ အချက်လို့ ပြောလိုတယ်။

ဒါပေမယ့် ကျနော်တွေးမိတာက စစ်အေးတိုက်ပွဲ ဆိုတာကို ဘုတ်ပေါ်မှာ မြန်မာလိုပြန် ရေးထားရအောင် အဲဒီရုံးထဲက သတင်းသမားတွေက စစ်အေးတိုက်ပွဲ ဆိုတာကို မသိကြဘူးလားပေါ့။ စစ်အေးတိုက်ပွဲ ဆိုတဲ့ စကားလုံးဟာ အသစ် အဆန်းလည်း မဟုတ်ပါဖူး။ စစ်အေးတိုက်ပွဲ ဆိုတာ အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်အုပ်စုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ လက်ဝဲအုပ်စုတို့ရဲ့ ပြိုင်ပွဲကြီး ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် အပြီးကနေ အဲဒီစစ်အေးတိုက်ပွဲကြီး စလိုက်တာ ဘာလင် တံတိုင်းကြီး ၁၉၈၉ မှာပြိုတော့မှ အဆုံးသတ်သွားတယ် ဆိုတာကို သတင်းသမား လုပ်နေပြီး မသိကြတော့ဖူးလားလို့ စိတ်ထဲမှာ ဖြစ်မိပါတယ်။ စစ်ပြီးခေတ် ကမ္ဘာ့ နိုင်ငံရေး သမိုင်းမှာ ရှည်ကြာခဲ့တဲ့ အဲသည့် အရှေ့နဲ့ အနောက်ရဲ့ ပြိုင်ပွဲ ကြီးကို အင်္ဂလိပ်ဘာသာနဲ့ စစ်အေးတိုက်ပွဲလို့ တင်စားခဲ့ပြီး မြန်မာသတင်းလောကမှာလည်း စစ်အေးတိုက်ပွဲလို့ပဲ ခေတ်အဆက်ဆက် သုံးစွဲခဲ့တာပဲ မဟုတ်လား။ အဲတာအပြင် မြန်မာဘာသာပြန် နိုင်ငံရေး စာအုပ်စာတမ်း တွေမှာလည်း စစ်အေးတိုက်ပွဲလို့ သုံးစွဲခဲ့ကြပါသေးတယ်။ အခုတော့ အဲသလောက်တောင် မသိကြတော့လို့ ဘုတ်ပေါ်မှာ သတိပေးရေးထား ရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတော့တာပေါ့။ ကျနော့်အနေနဲ့ သတင်းသမားတွေကို နှိမ့်ချလိုတဲ့ စိတ်နဲ့ ရေးနေတာ မဟုတ်ပါဖူး။ လူတွေကို အသိဗဟုသုတ ရရှိစေတဲ့ သတင်းမီဒီယာ လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သတင်းသမားတွေ ကိုယ်တိုင် ပညာဗဟုသုတ မချို့ငဲ့စေလိုတဲ့အတွက် အကြံပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက်တခုကတော့ ရေဒီယိုသတင်းဌာန တခုက သတင်းထောက်တဦးက ကျနော့်ကို ဖုန်းဆက်လာပါတယ်။ အင်တာဗျူး တောင်းတာ ဖြစ်ပါတယ်။ အဲဒီ သတင်းထောက်က ကျနော်နဲ့လည်း လူပုဂ္ဂိုလ်အရ ရင်းနှီးပါတယ်။ သူက ဘယ်လို ပြောသတုန်းဆိုတော့ “ကြားမှာပေါ့ ဒီကိစ္စကတော့ ဒီလိုဖြစ်နေတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားကို အင်တာဗျူးချင်ပါတယ်။ ကျနော်အနေနဲ့ ခင်ဗျားကို ပြောစေချင်တာက ဒီလိုပါ” လို့ ဆိုပြီး ကျနော့်ကို အရှည်ကြီး ရှင်းပြနေပါတယ်။ ကျနော်က အမေးခံရတဲ့သူ။ ကျနော်ရဲ့ ထင်မြင်ချက်ကိုသာ ကျနော် ပြောမှာ ဖြစ်ပါတယ်။ သူပြောစေချင်တာကို ကျနော် မပြောနိုင်ပါ။ ဒီတော့ ကျနော်က ခင်ဗျားပြောစေချင်တဲ့ အတိုင်းတော့ မပြောနိုင်ဖူးလို့ ပြတ်ပြတ်ကြီး မပြောပဲ သူ့ကို ညှာတဲ့အနေနဲ့ ဒီလိုလုပ်ဗျာ၊ ခင်ဗျားက ကျနော့်ကို မေးလိုတဲ့ မေးခွန်းသာမေး ကျနော်က ကျနော်ရဲ့ ထင်မြင်ယူဆချက်ကို ပြောမယ်၊ အဲသလိုဆိုရင် ပိုကောင်းမှာပေါ့လို့ ဆိုလိုက်ရပါတယ်။ သတင်းသမား တဦးအနေနဲ့ အင်တာဗျူးခံရသူကို သူလိုချင်တဲ့ လိုင်းအတိုင်း လိုက်ပြီးဖြေဆိုဖို့ လမ်းကြောင်းတာ တွန်းအားပေးတာဟာ မသင့်တော်ဖူးလို့ ဆိုလိုချင်တာပါ။

နောက်တခါကြတော့ ကျနော်မြို့ထဲမှာ သွားနေတုန်း ဖုန်းလာတယ်။ ရေဒီယိုသတင်းဌာန တခုကပါပဲ။ အင်တာဗျူး လုပ်ချင်တယ်တဲ့။ အဲတော့ ကျနော်က ဘယ်အချိန်မှာ လုပ်မှာတုန်းဆိုတော့ အခုပဲ လုပ်ချင်ပါသတဲ့။ အချိန်ကလည်း မရတော့တာမို့ပါလို့ အဲဒီ သတင်းသမားက ကျနော့်ကို ပြောပါတယ်။ ဒီတော့ ကျနော်က ဟာ အဲလိုတော့ မဖြစ်သေးဖူးထင်တယ်။ ကျနော်က မြို့လယ် လမ်းမကြီးပေါ်မှာ ကားသံ၊ လူသံ၊ သီချင်းသံတွေနဲ့ ဆူညံနေတယ်။ ခင်ဗျားဖက်က အသံကိုလည်း ကောင်းကောင်း မကြားရဖူးလို့ ပြန်ဖြေပါတယ်။ သူကလည်း ဆိတ်ငြိမ်တဲ့ နေရာတခုလောက် လောလောဆယ် ရှာလို့မရဖူးလား ဆိုတာနဲ့ နောက်ဆုံးတော့ အနီးဆုံး အအေးခန်း ကော်ဖီဆိုင် တခုထဲမှာ ကော်ဖီမှာပြီး ဝင်ထိုင် လိုက်ရတာပေါ့။ ဘယ်လောက် ကို့ရို့ကားယား နိုင်သလဲဆိုတာ အဲတာကိုသာ ကြည့်တော့။ သူ့သတင်း ရလိုမှုကိုသာ ဦးစားပေးပြီး တဖက်လူရဲ့ အခြေအနေ အခက်အခဲကို ထည့်မထွက်တာ ဘယ်လောက်ဆိုးသလဲ ဆိုတာ။

အဲတာနဲ့ မပြီးသေးဖူး။ နောက်တခါမှာလည်း သတင်းသမား တဦးက အင်တာဗျူးချင်တယ်ပေါ့။ ဘယ်တော့ ဗျူးမှာတုန်းလို့ ကျနော်က ပြန်မေးတော့ သူက ခင်ဗျားအားတဲ့ အချိန်မှာ ရပါတယ်လို့ ဆိုတော့ ကျနော်လည်း ဝမ်းသာတာပေါ့။ ချက်ချင်းကြီး မဟုတ်တော့ ကိုယ်လည်း ပြင်ဆင်ချိန်ရတာပေါ့။ ဒါနဲ့ ကျနော်က ဒီလိုဆိုရင် ဒီကစံတော်ချိန် အတိုင်း ညပိုင်း ကိုးနာရီခွဲ ဆယ်နာရီ အကြားမှာ ဆိုရင်တော့ ကောင်းတာပေါ့လို့ ဆိုတော့ တဖက်ကလည်း သဘောတူပါတယ်။ သို့သော်လည်း ညဆယ်နာရီထိုးလည်း ကျနော့်ကို သူကဖုန်းပြန်မခေါ်၊ ညသန်းခေါင်ယံ ကျော်တဲ့အထိလည်း ဖုန်းမခေါ်ပြန်ဖူး။ ကျနော်လည်း ထိုင်စောင့်နေရမလိုလို အိပ်ယာပဲ ဝင်ရမလိုလို ဖြစ်နေတယ်။ နောက်ဆုံးတော့ ကျနော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ခေါ်ချင်ခေါ် မခေါ်ချင်နေ အိပ်တော့မယ်ဆိုပြီး အိပ်ယာထဲ ဝင်လိုက်တယ်။ ဒါပေမယ့်ဗျာ အဲဒီသတင်းသမားက မနက် ၂ နာရီထိုးလောက် ကြမှ ကျနော့်ဖုန်းကို ပြန်ခေါ်တယ်။ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ ဆိုတာ။ ကျနော်က အိပ်နေပြီကိုးဗျ။ စိတ်တိုတာပေါ့။

နောက်တခါ ကြုံရတာကတော့ ရေဒီယိုသတင်းဌာန မဟုတ်ဖူး။ အွန်လိုင်းသတင်း မီဒီယာ တခုရဲ့ လုပ်ပုံကို ပြောပြမလို့။ ကျနော်က ဆောင်းပါးတပုဒ် ရေးပို့ပါတယ်။ ဆောင်းပါးအကြောင်းက ဒီလို။ မန္တလေးမှာ စစ်အစိုးရက မြို့တော်အင်္ဂါနဲ့ ညီအောင် လမ်းတွေကို ချဲ့မယ်ဆိုပြီး ၁၉၉၄ လောက်တုန်းက လုပ်ပါတယ်။ လမ်းချဲ့တော့ မလွတ်တဲ့ အိမ်တွေကို ဖျက်ခိုင်းပါတယ်။ တချို့လည်း တအိမ်လုံး အဖျက်ခံရပါတယ်။ ကျနော့် အဖွားကတော့ တအိမ်လုံး ပါမသွားပေမယ့် အိမ်တခြမ်း ကိတ်မုန့် အလှီးခံရသလို ပါသွားတယ်။ အဖွားအိမ်က နှစ်ထပ်အိမ်။ တဝက် လှီးထုတ်ခံရတဲ့ အိမ်ဟာ အရင်ကလို မဟုတ်တော့ဘဲ ရှည်မျှောမျှော ထောင်ထောင်ကြီး ဖြစ်ပြီး ကျန်ခဲ့တယ်။ ကြည့်မကောင်းတော့ဖူးပေါ့။ ဆိုတော့ကာ ကျနော်က အဲတာကို မျက်စေ့ထဲမှာ ပေါ်အောင် ဒေသသုံး စကားနဲ့ ဒီလိုရေးလိုက်ပါတယ်။ “ကျနော့် အဖွားအိမ်သည် ကြည့်လို့ မကောင်းတော့။ ထောင်ပလိုကြီး ဖြစ်၍ ကျန်ခဲ့သည်”။ အဲတာကို အွန်လိုင်းသတင်း မီဒီယာဆရာများက ဘယ်လို ပြင်လိုက်သလဲ ဆိုတော့ “ထောင်လိုကြီးဖြစ်၍ ကျန်ခဲ့သည်” လို့ ပြင်ပြစ်လိုက်တယ်။ ပစောက်ကို ဖြုတ်ပစ်ခဲ့တယ်ဗျာ။ ကောင်းသေး ရဲ့လား။ ကိုယ့်ရဲ့ ဒေသန္တရ၊ ဘာသန္တရ မြန်မာစာ အသုံးအနှုံးနဲ့ ပတ်သက်ပြီး ဒီလောက်တောင် ဗဟုသုတ မရှိတော့ဖူးလား။ တကယ်လို့ မသေချာဖူး ဆိုရင်လည်း ဆောင်းပါးရှင် ကျနော့်ကို ပြန်မေးလည်း ရရဲ့သားနဲ့။ လုပ်ချလိုက်ပုံက ဆိုးလွန်းတယ်။

ကျနော်တင် ဒီလိုမျိုး ပြဿနာတွေကို ကြုံတာ မဟုတ်ပါဖူး။ ကျနော့်မိတ်ဆွေ တချို့လည်း ဒီလို အောင့်သီး အောက်သက် ဖြစ်ရတာတွေ ကြုံရပါတယ်။ တခါတော့ ကျနော့်မိတ်ဆွေ တဦးကို ရေဒီယို တခုကနေ အင်တာ ဗျူးလုပ်ပါတယ်။ မိတ်ဆွေ နာမည်က ကိုဖြူ ဆိုပါတော့။ သတင်းထောက်က ဒီလိုမေးပါတယ်။ “ကိုဖြူက (ဗကသ) ရဲ့ အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့တာ ဆိုတော့ အဲဒီတုန်းက ဆယ်တန်းကျောင်းသားပေါ့နော်” ဆိုပြီး မေးလိုက်ချင်းပါပဲ။ ကိုဖြူလည်း ပက်လက်လန် သွားတာပေါ့။ (ဗကသ) ဥက္ကဌတို့၊ အတွင်းရေးမှူးတို့၊ တခြားအမှုဆောင် အဖွဲ့ဝင်တွေဆိုတာ တက္ကသိုလ် ကျောင်းသား ဖြစ်မှ အရွေးခံရတယ် ဆိုတာကို အဲဒီ သတင်းထောက်က မသိတော့ဖူးလား။ အထက်တန်း ကျောင်းသားတွေ ဖက်မှာတော့ (အကသ) ဆိုတဲ့ အဖွဲ့အစည်းကနေ နိုင်ငံရေးလှုပ်ရှား ကြတယ်ဆိုတာကို မသိဘူး ဖြစ်နေတယ် ဆိုတာလည်း မြင်ရပါတယ်။ ဆိုတော့ကာ မြန်မာသတင်းသမား ဖြစ်နေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ဗဟုသုတ အဲလောက် ခေါင်းပါးရသလား ဆိုပြီး စိတ်ထဲမှာ ဖြစ်မိတာကတော့ အမှန်ပါပဲ။ နပိုလီယံ အကြောင်း မသိဖူး၊ ဝိတိုရိယ ဘုရင်မကြီး အကြာင်း မသိဖူး ဆိုတာမျိုးက ကိစ္စမရှိပေမယ့် ကိုယ့်တိုင်းပြည် အကြောင်း အဓိကထား တင်ပြနေတဲ့ သတင်းဌာနက သတင်း သမားတဦး အနေနဲ့ အဲသလောက် ရုပ်ပျက် ဆင်းပျက် မဖြစ်သင့်ဖူးပေါ့။

နောက်တခါ ကြုံရတာကတော့ အတော်လေး ဆိုးတယ်။ အားလုံး သိတဲ့အတိုင်း ထားဝယ်ဒေသဖက်မှာ အကြီး စား စက်မှုဇုံ တခုနဲ့ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ နိုင်ငံခြားကုမ္ပဏီတွေ လုံးပန်းနေကြတယ်။ မြန်မာစစ်အစိုးရ ကနေ ဘုရားစူး အရပ်သား အစိုးရစနစ်ကို မပြောင်းခင် ကာလလေးမှာ သဘောတူလက်မှတ် ရေးထိုးထားတဲ့ ကိစ္စပါပဲ။ အဲဒါနဲ့ ပတ်သက်လို့ တနေ့တော့ ထမင်းဆိုင်မှာ ထိုင်ရင်း သတင်းသမားများနဲ့ ပြောဖြစ်ကြပါတယ်။ ကျနာ့် အယူအဆကတော့ အဲဒီ အကြီးစား စက်မှုဇုံနဲ့ ရေနက်ဆိပ်ကမ်းဟာ လက်တဆုပ်စာ လူတစုကိုပဲ အကျိုးဖြစ်ထွန်းပြီး ဒေသခံ ထားဝယ်လူထု တွေအတွက် ရေရှည် အကျိုးမရှိနိုင်ဖူးလို့ ပြောပါတယ်။ အဲသလို ဆွေးနွေးနေတုန်း သတင်းသမားတဦးက ခင်ဗျားပြောနေတာတွေက အဆိုးဖက်တွေ များနေတယ် မြန်မာပြည်အတွက် ကောင်းကွက်ကလေး တခုတလေများ မရှိနိုင်ဖူလားလို့ ပြန်ပြီး ဆွေးနွေးပါတယ်။ ဥပမာ အားဖြင့် ထားဝယ် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ပွင့်မလာနိုင်ဖူးလား၊ မြန်မာပြည် အတွက်လည်း နိုင်ငံခြားငွေ ပိုပြီး ဝင်မလာနိုင်ဖူးလား၊ နောက်ပိုင်းမှာ မြန်မာတွေအတွက် နည်းပညာတွေ မကျန်ရစ်ခဲ့ နိုင်ဖူးလား ဆိုပြီး သူက ပြန်ဆွေးနွေးတာ ဖြစ်ပါတယ်။

ဒီတော့ကာ ဘာကြောင့် လူများစု အကျိုးမခံစား ရနိုင်ဖူးဆိုတာ ကျနော့်ဖက်က ပြန်ရှင်းပါတယ်။ ထိုင်းနိုင်ငံမှာ မဲ့တဖွတ် ဆိုတဲ့ အကြီးစားစက်မှုဇုန် တခုရှိပါတယ်။ စတုရန်း ကီလိုမီတာ ၁၂ဝ အကျယ်အဝန်း ရှိတဲ့ စက်မှု မြို့တော်လို့ ဆိုနိုင်ပါတယ်။ အဲဒီ စက်မှုမြို့တော်က စက်ရုံတွေကနေ ပလပ်စတစ်၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ တခြားသော ရေနံကို အခြေခံတဲ့ ဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်ပါတယ်။ သံနဲ့ သံမဏိကိုလည်း ထုတ်လုပ်ပါသေးတယ်။

အဲဒီ စက်ရုံတွေ စတည်တုံးက မဲ့တဖွတ် ဒေသက ရွာသူရွာသားတွေ အနေနဲ့ အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး ကြိုဆိုခဲ့ပါတယ်။ သူတို့နယ်မှာ စက်မှုထွန်းကားတာ မြင်ရမှာဖြစ်သလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင်တွေ ပေါများ လာမှာကြောင့် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမယ့် ရေရှည်မှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖူးဆိုတာ သိလာရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဲဒီစက်ရုံကြီးတွေဟာ (ဟိုင်းတက်) အဆင့်မြင့်နည်း ပညာတွေနဲ့ လည်ပတ်တဲ့ စက်ရုံကြီးတွေဖြစ်လို့ အဆင့်မြင့် နည်းပညာတတ်သူတွေသာ လစာကောင်းတဲ့ အလုပ်ကို ရရပါတယ်။ ဒေသခံတွေကတော့ ပညာတတ်တွေ မဟုတ်လို့ ပန်းရံတို့၊ သန့်ရှင်းရေးတို့၊ လုံခြုံရေး ဂိတ်စောင့်တို့၊ ဂိုဒေါင်စောင့်တို့၊ ထမင်းချက်တို့၊ ဒရိုင်ဘာတို့ စတဲ့ လစာနည်းတဲ့ အလုပ်တွေကိုပဲ ရပါတယ်။ တခါ ပညာ အများကြီး တတ်စရာ မလိုတဲ့ စက်ရုံအတွင်းပိုင်း ကျတဲ့ အလုပ်မျိုး တွေမှာ ဒေသခံတွေကို ကုမ္ပဏီ ပိုင်ရှင်တွေက တမင်အလုပ်မပေးဘဲ ထားထားပါတယ်။ ဘာကြောင့်လဲ။ တနေ့ ဒီစက်ရုံတွေ ကနေ ထွက်လာတဲ့ ဆိုးကျိုးတွေကို နားလည်လာတဲ့ တနေ့ကျရင် စက်ရုံတွေကို ဖျက်စီးလိမ့်မယ်လို့ စက်ရုံ ပိုင်ရှင်တွေ ဖက်က တွက်ထားလို့ ဖြစ်ပါတယ်။

စက်ရုံတွေ စတင်လည်ပတ်တဲ့ အခါမှာ ပထမဆုံး တွေ့ရတဲ့ ကိစ္စကတော့ ရေပြဿနာ ဖြစ်ပါတယ်။ စက်ရုံကြီး တွေ အအေးခံဖို့ ရေကို အလွန်အကျွံ သုံးရတာမို့ ဒေသခံရွာတွေမှာ ရေမှန်မှန် မရတော့ဘဲ ရေပြတ်လတ်ချင်းကို ရင်ဆိုင်ရပါတယ်။ တခါ စက်ရုံတွေကနေ စွန့်ပစ်ပစ္စည်း နှစ်မျိုးထွက်လာပါတယ်။ ယေဘုယျ ပြောရရင် ဓာတု အဆိပ်သင့်နေတဲ့ စွန့်ပစ်ရေဆိုးတွေနဲ့ အဆိပ်သင့်နေတဲ့ မီးခိုးတွေပဲ ဖြစ်ပါတယ်။ တိုတိုပြောရရင် အဆိပ်သင့် စွန့်ပစ်ရေဆိုး တွေကို နီးရာ မြစ်ချောင်းတွေထဲ စွန့်လိုက်တာကြောင့် ပထမဆုံး ရေချိုငါးလုပ်ငန်း ပျက်စီးပြီး ဒေသခံ တံငါတွေ ဒုက္ခရောက်ပါတယ်။ နောက် အဲဒီ ရေဆိုးတွေ ကြောင့် အဲဒီ ဒေသတဝိုက်မှာ စိုက်ပျိုးရေး လုပ်ငန်းကို ထိခိုက်လာပါတယ်။ တခါ စက်ရုံတွေက ထုတ်လိုက်တဲ့ အဆိပ်သင့် မီးခိုးတွေကြောင့် အက်စစ်မိုး ဆန်ဆန် မိုးတွေ ရွာလာတာကြောင့် စိုက်ပင်ပျိုးပင်တွေဟာ အမြစ်ကတောင် ကျွတ်ထွက်တဲ့အထိ ဖြစ်လာ ပါတယ်။ နောက်တချက်လည်း စက်ရုံကြီးတွေ လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ကျောက် မီးသွေး အသုံးပြုတဲ့ စက်ရုံတွေကနေ ထုတ်ပါတယ်။ ကျောက်မီးသွေး လောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုး တွေနဲ့ ပြာမှုန်တွေကလည်း အက်စစ်မိုး ရွာသွန်းဖို့ တဖက်တလမ်း ထောက်ကူသလို ဖြစ်နေပါသေးတယ်။
အဆိုးတကာ့ အဆိုးဆုံးကတော့ မဲ့တဖွတ် ဧရိယာက လူတွေ နောက်ပိုင်းမှာ ကင်ဆာရောဂါ အဖြစ်များ လာပါတယ်။ ကင်ဆာနဲ့ သေတဲ့သူဟာ အဲဒီဧရိယာမှာ အတော်များလာ နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လည်း ဘာကင်ဆာ၊ ညာကင်ဆာတွေ ခံစားနေရတဲ့ ရွာသူရွာသား အရေအတွက်ကလည်း မနည်းလှပါဖူး။ စက်ရုံပိုင်ရှင် ကုမ္ပဏီတွေကတော့ သူတို့ စက်ရုံတွေဟာ လူတွေရဲ့ သန့်ရှင်းရေး ကျန်းမားရေးကို တွက်ချက်ပြီးမှ လည်ပတ်တာမို့ လူတွေ ကင်ဆာဖြစ်တာ သူတို့ စက်ရုံ တွေကြောင့် မဟုတ်ဖူးလို့ ခုခံကာကွယ် ပါတယ်။ သို့သော်လည်း အဲဒီဒေသက ထိုင်းနိုင်ငံသားတွေ အနေနဲ့ ဒီစက်ရုံကြီးတွေ လည်ပတ်တာ ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ များသထက် များလာပါတယ်။ နောက်ဆုံးမှာတော့ လက်ရှိ ဝန်ကြီးချုပ် အဘိဆစ်ဟာ မဲ့တဖွတ် စက်မှုဇုံကို ထိုင်းနိုင်ငံ တောင်ပိုင်းဖက်ကို ပြောင်းရွှေ့ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်က ပြောကာပဲ ရှိသေးတယ်၊ တောင်ပိုင်းက ပြည်သူတွေက ကြိုကန်ပြီး ဆန္ဒပြကြတဲ့အတွက် တောင်ပိုင်းကို ရွှေ့ဖို့ ဆိုတာကိုလည်း ရပ်ဆိုင်းထားလိုက် ရပါတယ်။

ထိုင်းအစိုးရက ဒီကိစ္စအပေါ် စဉ်းစားရင်း စဉ်းစားရင်းနဲ့ အဆိုပါ စက်ရုံကြီးတွေကို ပြောင်းရွှေ့ဖို့ နေရာတွေ့လာ ပါတယ်။ အဲတာ ကတော့ တနင်္သာရီတိုင်းထဲက ထားဝယ်ဒေသပါပဲ။ မဲ့တဖွတ် အကြီးစား စက်မှုဇုံထက် နှစ်ဆကျော် ပိုကြီးမယ်လို့ သိရပါတယ်။ မြန်မာ အာဏာပိုင် ဗိုလ်ချုပ်တွေကတော့ ငွေမျက်နှာ တခုထဲကြည့်ပြီး လက်ခံတာကိုး။

စောစောက သတင်းသမားတဦးနဲ့ ဒီကိစ္စကို ဆွေးနွေးကြတာ အပေါ်မှာ ပြန်ကောက်ပါ့မယ်။ သတင်းသမား ဖက်က ဘာပဲပြောပြော အကြီးစားစက်မှု လုပ်ငန်းတွေကို လက်ခံချင်းအားဖြင့် ပြည်သူတွေကော တိုင်းပြည်ပါ အကျိုးရှိတာ တချက်ချက်တော့ ရှိလိမ့်မယ်လို့ တွက်ဟန် တူပါတယ်။ ပြီးတော့ ကျနော်က အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေး နောက်ခံရှိတဲ့ ဖက်က လာတဲ့သူဆိုတော့ အစိုးရ ဘာလုပ်လုပ် သူဖြူရင် ငါမဲမယ်ဆိုတဲ့ လူစားမျိုး လို့ လည်း ကျနော့်အပေါ် သူက တွက်ထားဟန် ရှိပါတယ်။ အခု ကိစ္စဟာ အစိုးရကို မုန်းလို့ သူဖြူရင် ငါမဲမယ်ဆိုတဲ့ နိုင်ငံရေး ကိစ္စမျိုး မဟုတ်ပါဖူး။ ထိုင်းပြည်သူတွေတောင် သူတို့အတွက် အကျိုးယုတ်မှန်းသိလို့ အဲဒီ စက်ရုံကြီး တွေ ရပ်ဆိုင်းဖို့ တောင်းဆိုနေတာပါ။ အကျိုးရှိနေတယ် ဆိုရင် ဒီစက်ရုံတွေ သူတို့ ထိုင်းနိုင်ငံထဲက ထွက်မသွားပဲ ဆက်ပြီး လည်ပတ်ဖို့ တောင်းဆိုကြ မှာပေါ့။

သတင်းသမားဆိုတာ ဆန့်ကျင်ဖက် အမြင်တွေ အယူအဆတွေကိုလည်း ထည့်သွင်း တွက်ချက်ဖို့ လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အကြီးစားစက်မှု လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ ထိုင်းနိုင်ငံရဲ့ နမူနာက ကျနော်တို့ကို ထင်ထင်ရှားရှား ပြသပြီးသား မဟုတ်လား။ ကောင်းသလား ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ ထင်မြင်ချက်တွေ ယူဆချက်တွေ ဘယ်သူ့ဆီကမှ ထပ်ပြီး တောင်းခံနေစရာတောင် မလိုတော့ပါဖူး။ အဲဒီ ဒေသက ထိုင်းနိုင်ငံ သားတွေကလည်း လက်မခံ၊ ထိုင်းအစိုးရ ကိုယ်တိုင်လည်း စက်ရုံတွေကို သူ့နိုင်ငံ ပြင်ပကို ပြောင်းဖို့လုပ်နေတာကို ကြည့်ချင်းအားဖြင့် ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီလို အဖြစ်မျိုးက ထိုင်းနိုင်ငံ တခုထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပါဖူး။ ဆင်းရဲတဲ့ ကမBာ့ တောင်ခြမ်းက နိုင်ငံအတော် များများမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဖြစ်လည်း ဖြစ်နေဆဲပါ။

သို့သော် တခုတော့ ရှိပါတယ် ဒီလို ကိစ္စမျိုးတွေကို သတင်းမီဒီယာ သမားတဦးအနေနဲ့ မလေ့လာ ထားဖူးလို့ ကောင်းကောင်း မသိဖူး၊ နားမလည်ဖူး ဆိုရင်တော့ သူ့အနေနဲ့ ကောင်းကွက်ကလေးတော့ ရှိဦးမှာပါဆိုပြီး တခြားသူတွေဆီက ထင်မြင်ချက်တွေ လိုက်ပြီး တောင်းခံနေဦးမှာပါ။ ဒီဆောင်းပါးဟာ ပညာ၊ ဉာဏ်၊ ဗဟုသုတနှင့် ပြည့်စုံပြီး သတင်းသမား ကျင့်ဝတ်ကို စောင့်ထိန်း လိုက်နာတဲ့ သတင်းသမားများကို ရည်စူးချင်း မဟုတ်ပါ။

ဇော်မင်း
၂ဝ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်

4 comments:

Arakan Prince said...

ကောင်းပါတယ်။ ဒါပေမယ့် စီမံကိန်းအကြောင်း ရှင်းပြတာ များသွားတယ် ထင်တယ်။ သတင်းအကြောင်းလား၊ စီမံကိန်းအကြောင်းလား နည်းနည်း ဝေခွဲမရဖြစ်သွားစေတယ်။

Ronald said...

သတင်းဌာန နာမည် သတင်းထောက် နာမည်တွေ ထည့်ရေးသင့်တယ် ထင်ပါတယ်.. ဖတ်ရတဲ့ သူတွေက တခြား သတင်းဌာနတွေလည်း ဒီလိုပဲ နေမှာပဲလို့ ထင်စရာ အကြောင်း ရှိနေပါတယ်..

---- said...

ကိုဇော်မင်း

နာမည်အတိအကျထည့်ရေးဗျာ...နို့မို့ဆိုရင် အထင်လွဲစရာဖြစ်နေမယ်။ အားပေးနေတယ် ကိုဇော်မင်းခင်ဗျား...

SRS said...

အကျိုးရှိပါတယ်။ ကျနော်လဲ တိုင်းရင်းသားကရင်နီသတင်းဌာနမှာလုပ်နေပါတယ်။
ကိုဇော်မင်းရဲ့စာတမ်းကိုကျနော်ပရင့်လုပ်ပြီး ကျနော်တို့ရဲ့ လစဉ်အစီးအဝေးမှာ တခြားလုပ်ဖေါ်ကိုက်ဖက်တွေကို ဖြန့်ပေးမယ်။ လက်ရှိအခြေအနေတွေနဲ့ထင်ဟတ်နေသလို သတင်းထောက်တွေအနေနဲ့သင်ခန်းစာယူစရာတွေဖြစ်နေလို့ပါ။

ခင်မင်လေးစားလျက်...
စေးရယ်စိုး

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.