Civil society (စီဗဲဆိုစိုက်တီး) ဆိုတဲ့ "လူထုအခြေပြု လူမှုလှုပ်ရှားမှု" ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်း တရာကျော် နှစ်ရာနီးပါး တိမ်မြုပ်နေရာကနေ ၁၉၆ဝ ကျော် ၁၉၇ဝ ကာလ လောက်ကစပြီး အနောက်နိုင်ငံ တွေမှာ ပြန်လည်ဆန်းသစ် လာခဲ့ပါတယ်။ ၂ဝ ရာစု ကုန်ခါနီး တဝိုက်ကနေ အခု ၂၁ ရာစု ထဲမှာတော့ စီဗဲ ဆိုစိုက်တီး အယူအဆနဲ့ သူရဲ့အသံဟာ ပိုမိုပြီး ကျယ်လောင် အားကောင်းလာပါတယ်။
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် စီဗဲဆိုစိုက်တီး လှုပ်ရှားမှုမှာ အသင်းအပင်းတွေ အဖွဲ့အစည်းတွေ အမျိုးမျိုး အထွေထွေ ရှိကြပေမယ့် အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက လူ့အဖွဲ့အစည်း အကြားမှာ ဦးဆောင်မှုကို ပိုပြီး ရယူ ထားတယ် ဆိုရင်လည်း မမှားပါဖူး။ အခုခေတ်မှာတော့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို အဲန်ဂျီအို NGO တွေလို့ သတ်မှတ်ကြပါတယ်။ Non-Governmental Organizations ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို အတိုကောက် ပြန်ရေးထားတာ ဖြစ်ပါတယ်။ အဲဒီမှာ နောက်ထပ် ဆင့်ပွားထွက်လာတဲ့ စကားလုံးများ ရှိလာ ပါတယ်။ INGOs ဆိုတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ International NGOs များကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ အိုင်အဲန်ဂျီအိုလို့လည်း အတို ကောက် ခေါ်ကြပါသေးတယ်။ အဲဒီ အင်တာနေရှင်နယ်လို့ ခေါ်တဲ့ နိုင်ငံတကာအဆင့် အိုင်အဲန်ဂျီအိုတွေဟာ များသော အားဖြင့် ရန်ပုံငွေ တောင့်တင်း အားကောင်းတဲ့ အဖွဲ့အစည်း များ ဖြစ်ပါတယ်။
အတော်များများသော နိုင်ငံတကာအဆင့် အိုင်အဲန်ဂျီအိုတွေဟာ ပိုက်ဆံချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ အခြေစိုက် လေ့ ရှိပါတယ်။ အဲဒီကနေမှတဆင့် ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာရှိတဲ့ အကူအညီ လိုအပ်နေတဲ့ လူတွေ အတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် သွားရောက်ကူညီပါတယ်။ အဲသလို အခြေအနေမျိုးမှာ ဘာကိုထပ်ပြီး တွေ့လာရသလဲဆိုတော့ Local NGOs ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား မပါဘဲ ဒေသခံလူများနဲ့ ဖွဲ့စည်း ထားတာမို့ ဒေသခံ အဲန်ဂျီအိုလို့ ဆိုလိုတာပါ။ ဒေသခံ အဲန်ဂျီအိုတွေဟာ အိုင်အဲန်ဂျီအိုတွေနဲ့ တွဲပြီး အတူတူ အလုပ်လုပ်ကြပါတယ်။ ယေဘုယျ အားဖြင့် ပြောရမယ် ဆိုရင် အိုင်အဲန်ဂျီအိုက လူများဟာ သူတို့ကိုယ်တိုင် (သို့မဟုတ်) တခြားသော ကျွမ်းကျင်သူများကို ငှားရမ်းပြီး ဒေသခံ အဲန်ဂျီအို လုပ်သားတွေနဲ့ အလုပ်လုပ်ပါတယ်။ ဒေသခံ အဲန်ဂျီအိုတွေ လုပ်ဆောင်မယ့် စီမံကိန်းတွေအတွက် ငွေကြေး ထောက်ပံ့ပါတယ်။ လိုအပ်တဲ့ သင်တန်း တွေ အတွက်လည်း နိုင်ငံခြားက ကျွမ်းကျင်သူများကို ခေါ်ဆောင်လာပြီး ပို့ချခိုင်း ပါတယ်။
အိုင်အဲန်ဂျီအိုတွေ ကိုယ်တိုင်လည်း ဘယ်ကနေ ငွေကြေးရသလဲ။ ချမ်းသာတဲ့ အစိုးရများဆီကနေ ရရှိပါတယ်။ အစိုးရဆီကနေ သူတို့လိုအပ်တဲ့ ငွေကြေးရရှိအောင် အစိုးရများကို လော်ဘီလုပ် (ဆွဲဆောင်) ရပါတယ်။ အဲတာကြောင့် သူတို့ဟာ များသောအားဖြင့် ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ အခြေစိုက်ခြင်း ဖြစ်ပါတယ်။ အစိုးရတွေကလည်း အဲဒီ ပိုက်ဆံ တွေ ဘယ်က ရသလဲ။ သက်ဆိုင်ရာ နိုင်ငံက နိုင်ငံသားတွေ ပေးဆောင်နေတဲ့ အခွန်တော်ငွေများကနေ တဆင့် ရရှိတာ ဖြစ်ပါတယ်။ ငွေကြေး ချမ်းသာတဲ့ အစိုးရများက ဘာဖြစ်လို့ အိုင်အဲန် ဂျီအိုတွေကို ငွေကြေးထောက်ပံ့သလဲ။ စီဗယ် ဆိုစိုက်တီး အတွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားကောင်းလာမှသာ ဒီမိုကရေစီ ဖြစ်ထွန်းမှု ပိုမိုအားကောင်း လာမယ်လို့ ယူဆသတ်မှတ် ထားလို့ ဖြစ်ပါတယ်။ အဲဒီတော့ စီဗယ်ဆိုစိုက်တီးလို့ခေါ်တဲ့ "လူထုအခြေပြုလူမှုလှုပ်ရှားမှု" အဝန်းအဝိုင်းမှာ အန်ဂျီအိုများ ပိုပြီး အားကောင်းလာအောင် ထောက်ပံ့ကူညီရမယ်ဆိုတဲ့ မူပေါ်လစီမျိုးလည်း ရှိထားလို့ ဖြစ်ပါတယ်။
တခါ ဒေသခံ အဲန်ဂျီအိုတွေကနေ တဆင့် ပေါက်ဖွားလာတဲ့ နယ်မြေအလိုက် အောက်ခြေ အဖွဲ့အစည်း သေးသေး တွေ လည်း ရှိပါသေးတယ်။ သူတို့ကိုတော့ (စီဘီအို) CBO တွေလို့ ခေါ်ကြပါတယ်။ Community Based Organizations ဆိုတဲ့ အင်္ဂလိပ်စကားရဲ့ အတိုကောက် ဖြစ်ပါတယ်။ "ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်း များ"လို့လည်း သတ်မှတ်ပါတယ်။ ဒေသခံ အဲန်ဂျီအိုတွေက အဲဒီ စီဘီအို အဖွဲ့အစည်းတွေကို ဆက်ပြီး သင်တန်းတွေ ပေးသလို၊ သက်ဆိုင်ရာ စီမံကိန်းများ အလိုက်လည်း ငွေကြေး ထောက်ပံ့ပါတယ်။ ဒီနေရာမှာ ဖြတ်ပြောလိုတာ တခုကတော့ စီဘီအိုတိုင်းဟာ ဒေသခံ အဲန်ဂျီအို၊ အိုင်အဲန်ဂျီအိုတွေရဲ့ ထောက်ပံ့မှုကို ရယူနေတဲ့ လက်အောက်ခံ အဖွဲ့အစည်းဆိုပြီး သတ်မှတ်လို့ မရပါ။ ဘာကြောင့်လဲ ဆိုတော့ တချို့သော စီဘီအိုများဟာ သူတို့ စွမ်းဆောင်နိုင်တဲ့ ဘောင်ထဲကနေ သူတို့ဘာသာ ကိုယ့်အားကိုယ်ကိုး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးလည်း ရှိနေသေးတယ် ဆိုကို ထောက်ပြခြင်လို့ပါ။ သူတို့ကတော့ ငွေကြေးအနေနဲ့ များများ စားစား တတ်နိုင်လေ့ မရှိပါဖူး။ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကြရအောင်ဆိုတဲ့ မူပေါ်မှာ အခြေခံထားပြီး တနိုင်တပိုင် လုပ်ကိုင် ကြတဲ့ သဘာဝမျိုးနဲ့ ဆောင်ရွက်နေကြ တာပါ။
ဒီနေရာမှာ ဘာတွေ့လာရသလဲ ဆိုတော့ အိုင်အဲန်ဂျီအိုတွေ၊ ဒေသခံအဲန်ဂျီအိုတွေနဲ့ စီဘီအိုတွေ အကြားမှာ ရိုးရိုးသားသား နဲ့ အပြန်အလှန် လုပ်ကိုင်နေကြတာ ရှိသလို အကျိုးစီးပွားကို အခြေခံပြီး လုပ်ကိုင်လာတာတွေ ကိုလည်း တွေ့လာရတာ ပါပဲ။ အကျိုးစီးပွားဆိုတာ ဒီလိုပါ။ အိုင်အဲန်ဂျီအိုမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေက သူတို့ ဝင်ရောက်လုပ် ကိုင်နေတဲ့ နိုင်ငံအတွင်းက စီမံကိန်းတွေဟာ အောင်မြင်မှုရတယ်၊ ကျဆုံးမှုနည်းတယ် ဆိုတဲ့ အခြေအနေမျိုးကို အမြဲ လိုလားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ စီမံကိန်းတွေ ထင်သလောက် အောင်မြင်မှု မရဖူးဆိုရင် ငွေကြေးထောက်ပံ့ နေတဲ့ အစိုးရ ဖက်ကလည်း အဲသလို ငွေကြေး အတိုင်းအတာမျိုး ဆက်ပြီးပေးသင့် မပေးသင့်ဆိုတာ စဉ်းစားလာရလို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒေသခံ အဲန်ဂျီအိုတွေကို သူတို့လိုချင်တဲ့ ရလဒ်အတိုင်း ရာခိုင်နှုန်းများများ ရလာစေဖို့ အမျိုးမျိုး ဖိအားပေးတာ ရှိလာပါတယ်။ ဒေသခံ အဲန်ဂျီအို ခမြာလည်း သူတို့ပုံမှန်ဝင်နေတဲ့ ငွေကြေး ရပ်ဆိုင်းသွားမှာမျိုး၊ လျော့နည်း သွားမှာမျိုး ဖြစ်မှာကို စိုးရိမ်ပါတယ်။ နောက် ဒေသခံ အဲန်ဂျီအိုကလည်း သူတို့ကတဆင့် ငွေလက်ခံယူထားတဲ့ စီဘီအို အဖွဲ့ များကို ဒီလိုလုပ်ပါ ဟိုလိုလုပ်ပါ ဆိုပြီး ဖိအားပေးတာမျိုး ဖြစ်လာပြန်ပါတယ်။ နောက်ဆုံးတော့ ချုပ်လိုက်ရင် သုံးဦး သုံးဖလှယ်လုံး အဆင့်ဆင့် တိုင်းမှာ သူတို့ စီမံကိန်းအောင်မြင်ကြောင်း အစီရင်ခံစာ တင်ကြပါတယ်။ နောက်ဆုံးတော့ အဲဒီ အားလုံးကောင်းပါသည်၊ တိုးတက်မှုတွေ ရှိနေပါသည် ဆိုတဲ့ အစီရင်ခံ စာဟာ ငွေကြေးထောက်ပံ့တဲ့ အစိုးရဆီကို တက်သွားပါတယ်။ ဒီလို ဆင်တူရိုးမှား အဖြစ်အပျက်မျိုး တွေကို ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ အတွေ့ရများလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင်လည်း အဲသလို နီးပါး ဖြစ်နေတာတွေ ရှိလာပါတယ်။ စစ်အစိုးရ လက်ထက်မှာ မြန်မာပြည်ထဲကို ဝင်ရောက်လုပ်ကိုင်တဲ့ အိုင်အဲန်ဂျီအိုတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရကြပါဖူး။ အကန့်အသတ်တွေ ကြားမှာ လုပ်ကြရပါတယ်။ အိုင်အဲန်ဂျီအိုတွေရယ် သူတို့ရဲ့ လက်အောက်ခံတွေဖြစ်တဲ့ ဒေသခံ အဲန်ဂျီအိုတွေရယ်၊ စီဘီအိုတွေရယ်ဟာ သူတို့ စီမံကိန်းတွေ ထင်သလို မအောင်မြင်ဖူးလို့ အမှန်အတိုင်း ဝန်ခံ လိုက်ရင် ဒီစီမံကိန်းတွေ အတွက် နောက်ထပ် ငွေကြေးရရှိဖို့ ခက်ခဲလာမှာ ဖြစ်တယ်ဆိုတာကို သူတို့လည်း သဘောပေါက် နေကြပါတယ်။ ဒါကြောင့် သူတို့ အစီရင်ခံစာတွေမှာ မြန်မာ စစ်အစိုးရဟာ ဒီမိုကရေစီ အစိုးရတရပ် မဟုတ်ပေမယ့် တချို့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း၊ အပြင်က လူတွေထင်နေသလို အဆိုးကြီး မဟုတ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တချို့သော ဗိုလ်ချုပ်ကြီး များက သဘောထား တင်းမာဟန်ရှိသော်လည်း ဘယ်ဗိုလ်ချုပ်များနဲ့ ဘယ်ဝန်ကြီး များကတော့ သူတို့ကို လိုက်လိုက်လျောလျော ရှိတဲ့ အတွက် အတော်ကလေး အလုပ်လုပ်လို့ ရကြောင်း ထည့်သွင်း ရေးသားလေ့ ရှိပါတယ်။ မြန်မာပြည်မှာတော့ ဘယ်လိုလုပ်လို့မှ မစွံဖူးဗျို့ဆိုပြီး အစီရင်ခံစာတင်တဲ့ အိုင်အဲန်ဂျီအိုမျိုး အခုအထိ မတွေ့ဖူးသေးပါဖူး။
နာဂစ်မုန်တိုင်း အပြီးမှာ အိုင်အဲန်ဂျီအိုတွေနဲ့ ဒေသခံ အဲန်ဂျီအိုတွေ မြန်မာပြည်မှာ မှိုလိုပေါက်လာပါတယ်။ တဖက်မှာလည်း အိုင်အဲန်ဂျီအို ဝန်ထမ်းတွေ၊ ဒေသခံ အဲန်ဂျီအို ဝန်ထမ်းတွေဟာ အဖိုးတန်ကားတွေ၊ မိုဘိုင်းဖုန်းတွေ၊ လက်တော့ ကွန်ပြူတာတွေနဲ့ တလွှားလွှား သွားလာနေတာ၊ စားသောက်ဆိုင်တွေမှာ စားသောက်နေကြတာ၊ အိမ်ကြီးအိမ်ကောင်း တွေနဲ့ နေနတာ တွေကို မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသခံလူထုက မြင်နေရပါတယ်။ နာဂစ်တိုက်သွားတာ သုံးနှစ်ထဲတောင် ရောက်ပါတော့မယ်။ အခုအထိ တချို့ရွာတွေမှာ အိမ်တောင် ကောင်းကောင်း ပြန်မဆောက်နိုင်သေးသလို သောက်ရေ လည်း ကောင်းကောင်း မရသေးပါဖူး။ တချို့လယ်တွေလည်း ပြန်ပြီး မထွန်ယက်နိုင်သေးပါဖူး။ သတင်းတွေထဲမှာ အခု အထိ မြင်နေရတာကတော့ ဒေသခံ အဲန်ဂျီအို ဝန်ထမ်းတွေက ဘယ်ရွာတွေအတွက် သောက်ရေသန့် ရရှိအောင် ဆောင်ရွက်ခြင်းဆိုပြီး ဓာတ်ပုံတွေနဲ့ တကွ မြင်နေရ ပါသေးတယ်။ သောက်ရေသန့် ရအောင် ဆောင်ရွက်ရတာတောင် သုံးနှစ်နီးပါး ကြာနေသေးတယ်ဆိုရင် ကျန်တဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မေးဖို့တောင် ခပ်ခက်ခက်ပါ။ ဒေသခံ ရွာသားတွေဖက်မှာလည်း ဘာဆိုဘာမှ ကျန်ရစ်ခဲ့တာ မဟုတ်တော့ လာပေးသမျှလေး ယူထားလိုက်၊ ဘာမှ မရှိတာနဲ့စာရင် တော်သေးတာပေါ့ဆိုပြီး ဖြေတွေးရင်း အဲန်ဂျီအိုတွေ ဓာတ်ပုံရိုက်တာကို ခံကြရပါတယ်။ ရွာသားတွေ အနေနဲ့ ဒါတွေကို အတိုင်းအတာ အခုအထိ ရိပ်စားမိပါတယ်။ နောက်ဆုံးတော့ ဒေသခံ အဲန်ဂျီအို ဝန်ထမ်းတွေကို ရပ်သူရွာသားတွေက ကွယ်ရာမှာ သူတို့လည်း နိုင်ငံခြားသားတွေလို ဒေါ်လာစားတွေပဲလို့ ပြောကြပါတယ်။ ဒီလို ဖြစ်ပျက်နေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဖူး။ စီဗယ်ဆိုစိုက်တီး အတွင်းမှာ အဓိကအားဖြင့် အရေးပါနေတဲ့ အဲန်ဂျီအိုဆိုတဲ့ အဖွဲ့အစည်းများအပေါ် ပြည်သူလူထု အနေနဲ့ အဲသလို မြင်နေတာဟာ စီဗယ်ဆိုစိုက်တီးရဲ့ မူလ အယူအဆ အဓိပ္ပါယ်ကနေ လမ်းလွဲနေပြီလို့ ဆိုချင်ပါတယ်။ တချိန်ထဲမှာလည်း အဲန်ဂျီအိုဆိုတာ ဝင်ငွေကောင်းတဲ့ သီးခြားလူတန်းစား လို့ ပြည်သူတွေဖက်က အမြင်ရှိလာ ကြပါတယ်။
ကျနော်အနေနဲ့ ကြုံခဲ့ဖူးတာ တခုကိုလည်း ထည့်ပြောလိုပါသေးတယ်။ တခါတုန်းက ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ နိုင်ငံခြား အဲန်ဂျီအိုတခု စကားပြောဖြစ်ပါတယ်။ အဲဒီ အဲန်ဂျီအိုက ဒိန်းမတ်နိုင်ငံမှာ အခြေစိုက် ပါတယ်။ ကျနော်တို့က တခု ထောက်ပြပါတယ်။ မြန်မာပြည်မှာ ဝင်လုပ်နေတဲ့ အိုင်အဲန်ဂျီအိုတွေ ယူထားတဲ့ လစာဟာ ဖြစ်သင့်တာထက် အလွန်အမင်း မြင့်မားနေကြောင်း (အတော်အတန်မြင့်မားတာမဟုတ်)၊ တခါ အဖွဲ့အစည်း တခုလုံးရဲ့ အထွေထွေ အသုံးစရိတ်ကလည်း ကြီးမားလှကြောင်း၊ ဒါကြောင့် မြန်မာပြည် အတွက် ဆိုပြီး အစိုးရ တရပ်က ပေးလိုက်တဲ့ ငွေဟာ တကယ် လိုအပ်နေတဲ့ လူထုဆီကို ရောက်တော့ ၂၅% (သို့မဟုတ်) ၃ဝ% လောက်ပဲ ကျန်တော့တာမို့ အဲသလို မဖြစ်သင့်ဖူးလို့ ပြောကြပါတယ်။ သို့သော်လည်း အဲဒီ နိုင်ငံခြား သားဝန်ထမ်းက ဘယ်လောက်ပဲ ကျန်ကျန် အမြတ်လို့သာ သဘောထားပြီး ယူလိုက်ပါလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဖက်က ဈေးဆစ် နေတယ်၊ မယူဖူးဆိုရင် နောင်မှာ အဲသလို ငွေတွေဟာ အာဖရိကတိုက်က ဆင်းရဲတဲ့ နိုင်ငံတွေကိုဆီ ရောက်သွားလိမ့်မယ်လို့ ပြန်ပြီး ချေပပါတယ်။ သူတို့ အိုင်အဲန်ဂျီအို တွေ ဖက်က တနင့်တပိုး လစာတွေယူ နေကြတာကတော့ တရားတဲ့ သဘောမျိုး ဖြစ်မနေဖူးလား။ တကယ်တန်း ပြောရရင် သူတို့ ယူထားတဲ့ ထိပ်တန်းလစာတွေဟာ သူတို့ငွေယူထားတဲ့ နိုင်ငံက နိုင်ငံသားတွေရဲ့ အခွန်ငွေ တွေပါ။ အဲတာကို သက်ဆိုင်ရာ နိုင်ငံသားတွေ သိပါလေစ။ တခါ အဲဒီ အဲန်ဂျီအို အဖွဲ့ဟာ ထိုင်းမြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်း တခုက လုပ်နေတဲ့ ပရောဂျက်စီမံကိန်း တခုအတွက် ငွေကြေးထောက်ပံ့ ထားပါ တယ်။ ကျနော်တို့က မေးပါတယ်။ အဲဒီ စီမံကိန်းကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံသားကို လစာ ဘယ်လောက် ပေးထား သလဲလို့ မေးကြပါတယ်။ သူက အဲဒီ မေးခွန်းကို မဖြေနိုင်ပါဖူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ဒါဟာ သူတို့အဖွဲ့အစည်း အတွင်းကိစ္စ ဖြစ်လို့ပါတဲ့။ အဲတာဆိုရင် အိုင်အဲန်ဂျီအိုတွေ ပြောပြောနေတဲ့ ပွင့်လင်းမြင်သာမှု ဆိုတာ ဘယ်မှာတုန်းလို့ ပြန်မေးရမလို ဖြစ်နေပါတယ်။ အဲတာကို ကျနော်တို့ကတော့ သူတို့ စီမံကိန်း အောင်မြင် တယ်လို့ ကိုယ်စားပြောပေးမယ့် လူယုံမွေးတယ်လို့ပဲ မြင်ပါတယ်။
အခုမြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ တချို့သော အိုင်အဲန်ဂျီအိုတွေနဲ့ ဒေသခံ အဲန်ဂျီအိုတွေကိုပါ မေးချင်တာ ကတော့ သူတို့ရဲ့ လုပ်ရပ်ဟာ စီဗယ်ဆိုစိုက်တီးဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဖျက်ဆီးရာရောက်မနေဖူးလား ဆိုတာပါပဲ။ ပါမောက္ခ မေရီကယ်လ်ဒါ ဆိုတဲ့ အမျိုးသမီးလူမှုသိပ္ပံပညာရှင် တဦးက တလောတုန်းက ပြောခဲ့တာ ရှိပါတယ်၊ အဲတာက ဘာလဲဆိုတော့ "ကနေ့ ကမ္ဘာကြီးတွင် စီဗယ်ဆိုစိုက်တီး၏ အနက်အဓိပ္ပါယ်ကို ထိပ်ဆုံး ကနေ စတင်ဖျက်ဆီး နေသူများမှာ အိုင်အဲန်ဂျီအိုများ ကိုယ်တိုင် ဖြစ်နေတာကို တွေ့ရသည်" လို့ ပြောခဲ့ခြင်းပါ။ ဆင်းရဲတဲ့ တိုင်းပြည်တွေက ပြည်သူတွေ မျက်စေ့ထဲမှာ အဲန်ဂျီအို ဆိုတာ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီနေတယ်ဆိုပေမယ့် ဝင်ငွေကောင်းတဲ့ စီးပွားရေး လုပ်ငန်း တခုလိုမျိုးအဖြစ် မြင်နေကြပါတယ်။ တဖက်မှာ လည်း အဲန်ဂျီအိုတွေ လစာဘယ်လောက် ယူတယ်၊ အသုံးစရိတ် ဘယ်လောက် ရှိတယ်ဆိုတာ လာပြီး ငြင်းခုံ မနေနဲ့။ အတတ အူတူတူ လုပ်မနေနဲ့ ကိုယ့်ဆီ ရောက်လာသလောက် ယူထားလိုက်။ ဘာမှ မရတာထက်စာရင် တခုခု ရထားတာ အမြတ်ပဲ ဆိုတဲ့ အယူအဆတွေ ကြီးမားလာရင် လူမှုအဖွဲ့ အစည်းတွေ အားကောင်းလာမှ ဒီမိုကရေစီ ဖြစ်ထွန်းမှု တိုးတက်မှုကို အားကောင်းစေတယ် ဆိုတဲ့ အယူအဆဟာ မှန်နိုင်ပါဦးမလား။ ဘာဖြစ်လို့ တုန်းဆိုတော့ လူအများစု ပါဝင်တဲ့ လူ့မှုအဖွဲ့အစည်း မျိုးစုံ အားမကောင်းဘဲနဲ့ ငွေကြေး တောင့်တင်းတဲ့ အဲန်ဂျီအို သက်သက် အားကောင်းနေရုံနဲ့တော့ လူမှုလူ့အဖွဲ့အစည်း အားကောင်းပြီလို့ မဆိုနိုင်ပါ။
တဖက်မှာလည်း မပြေးသော် ကန်ရာရှိဆိုတဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် မြန်မာပြည်ဟာ အလွန်အမင်း ဆင်းရဲ နွမ်းပါးတဲ့ အောက်မှာ ရောက်နေတဲ့အတွက် မရတာထက်စာရင် ရသလောက်ပဲယူမယ် ဆိုတဲ့ အမြင်ကို လက်ခံနေသူ တွေလည်း ရှိနေပါတယ်။ အဲန်ဂျီအို လုပ်ငန်းကို အကြောင်းပြပြီး ဒီရေအလား စီးပွားရေးတက်လာ တဲ့ လက်တဆုပ်စာ လူတစုလည်း ဆက်ရှိနေဦးမှာပါ။ ဒဲဒီအချိန်မှာ ကွမ်းတရာ ရေတမှုတ်နဲ့ မာန်လျှော့လိုက်ရတဲ့ ဗျတ်ဝိကို မျက်စေ့ထဲမှာ ဖြတ်ကနဲ ပြေးမြင် လိုက်တယ်။ နောက်ပြီး ငယ်ငယ်တုန်းက ဖတ်ဖူးခဲ့တဲ့ ကဗျာလေး တပုဒ်ကိုလည်း သွားပြီး သတိရလိုက်မိသေး။
ဆေးတံတို တညိုလောက်
ရော့ သောက်တော့ပေး
မယူလိုက်က မိုက်လို့ထင်
ယူလိုက်ပြန်က ကြိုက်လို့ထင်။
ဇော်မင်း
၂၇ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်
Wednesday, April 27, 2011
ဆေးတညို
Subscribe to:
Post Comments (Atom)
1 comment:
NGO ခေတ်ဆိုတော့ NGOအကြောင်း နာနာပြော ထားမှ တော်ခါကျမယ်။ NGO လုပ်ငန်းရှင်တွေ နည်းနည်းလုပ်ပြီး များများကြီးပွါးနေတာတွေကို ထောက်ပြရမှာက မီဒီယာတွေရဲ့တာဝန်။ ခက်နေ တာက မီဒီယာတွေကိုယ်တိုင်က NGOတွေဖြစ်နေ ပြန်ရော။ ဒီခေတ်က ရှင်းရှင်းမြင်အောင် ကြည့်နိုင်မှ မဟုတ်ရင် ရှုပ်လွန်းလို့။ NGO လှိုင်းက ပေါ့သေး သေး မဟုတ်ပါ။ ရည်ရွယ်ချက်ကကောင်းပေမဲ့ လုပ် ပေါက်တွေက လွဲတတ်လွန်းလို့။ အခုလိုစာမျိုး များများ ရေးပါဦးလို့ တောင်းဆိုပါရစေဗျား။
Post a Comment