အ
ခွန်ပေးဆောင်တယ်ဆိုတာ ပဒေသရာဇ်မင်းတွေ လက်ထက် ရှေးတုန်းကထဲက ရှိပါတယ်။ တိုင်းသူပြည်သား တွေဟာ မိမိရဲ့ သက်ဆိုင်ရာဝင်ငွေအလိုက် ဘုရင်ကို အခွန်ပေးဆက်ရပါတယ်။ အဲသည့် ခေတ်တွေတုန်း ကတော့ အခွန်ကောက် တယ် ဆိုတာ ဘုရင်ခန့်ထားတဲ့ ဒေသခံ အာဏာပိုင်တွေကနေ တဆင့် ကောက်ယူ တာပါ။ နိုင်ငံတိုင်းလိုလိုမှာ များသော အားဖြင့် အခွန်ထမ်းနေရတဲ့ ပြည်သူအများစုဟာ အဲသည် အချိန်တုန်းက လယ်သမားအများစုလို့ ဆိုနိုင်ပါတယ်။
ဒီဖက်ခေတ်ကို ရောက်လာတော့ အနောက်နိုင်ငံများမှာ အခွန်ကောက်ယူခြင်း၊ အခွန်ပေးဆောင်ရခြင်း စတာ တွေဟာ တိုင်းပြည်တပြည်မှာ အလွန်အရေးကြီးတဲ့ လုပ်ငန်းဌာန တခုဖြစ်လာပါတယ်။ စက်မှုလုပ်ငန်းကလည်း တိုးတက်လာပြီ ဆိုတော့ အခွန်အများစုဟာ ပြောရရင် စက်မှုအရင်းရှင် လုပ်ငန်းပိုင်ရှင်များဆီက ပိုလို့ကောက်ခံ ရရှိလာပါတယ်။ သာမန် တိုင်းသူ ပြည်သားများလည်း ဝင်ငွေအလိုက် သတ်မှတ်နှုန်းထားအတိုင်း အခွန်ကို မပျက်မကွက်ပေးဆောင်ရပါတယ်။ စက်မှုအရင်းရှင် နိုင်ငံတွေဟာ အခုခေတ်မှာ ဒီမိုကရေစီနဲ့ ဈေးကွက်စနစ်ကို ကျင့်သုံးလာကြပါတယ်။ အဲသည်တော့ ဒီမို ကရေစီ နိုင်ငံရေးစနစ်အောက်မှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံး နေတဲ့ တိုင်းပြည်တပြည် တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ စက်မှု လုပ်ငန်းများအပြင် အခြားသော အထွေထွေ စီးပွားရေး လုပ်ငန်းတွေလည်း အောင်မြင်ဖို့ လိုအပ်လာပါတယ်။ ဒီလို အခြေ အနေမျိုးမှာ အမျိုးအစား များပြားလှတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးပါလှပါတယ်။ ဘယ်လို အရေးပါသလဲ ဆိုတာကို ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်ငန်း အောင်မြင်လာတာနဲ့ အမျှ သတ်မှတ်ထားတဲ့ ဥပဒေများနဲ့အညီ နိုင်ငံတော်ကို အခွန်မှန်မှန် ပေးဆောင်ဖို့ လိုပါတယ်။ အဲသလို ပေးဆောင်တဲ့ အခွန်တော်ငွေ များကို အစိုးရက လူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်း စတာတွေမှာ ပြန်လည် သုံးစွဲရ ပါတယ်။
အကယ်၍ စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ နိုင်ငံတော်ကို အခွန်တော်ငွေ မှန်မှန်ကန်ကန် မပေးဆောင်ဘဲ ပျက်ကွက်နေ တယ် ဆိုရင်တော့ နိုင်ငံရဲ့ဘဏ္ဍာတိုက်ထဲမှာ ဝင်ငွေနည်းပါးနေမှာ ဖြစ်တဲ့အတွက် နိုင်ငံသားတွေ လိုအပ်တဲ့ အခြေခံ ကိစ္စရပ်များကို ဆောင်ရွက်ဖို့ ဆိုတာကလည်း ခက်ခဲနေမှာ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီမိုကရေစီ ထွန်းကားတဲ့ အနောက်နိုင်ငံများမှာ အခွန်ပေးဆောင်ရမှာကို ရှောင်တဲ့ (သို့မဟုတ်) အခွန်ငွေ နှုန်း ထားကို လိမ်လည်ပြီး ပေးဆောင်တဲ့ ကိစ္စများကို ကြပ်ကြပ်မတ်မတ် အရေးယူပါတယ်။ မျက်နှာလိုက်ပြီး အထူး အခွင့်အရေး ပေးတာမျိုး မရှိပါဖူး။
အခု ကျနော်တို့ မြန်မာနိုင်ငံကို ကြည့်ရအောင်ပါ။ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းရှင်များ အကြား သန်းကြွယ် သူဌေးတွေ တဖြည်းဖြည်းနဲ့ များပြားလာနေတယ်လို့ သုတေသနလုပ်သူများ၊ လေ့လာသူများက ဆိုထားပါတယ်။ ဒီထက် ပိုပြီး ထောက်ပြရမယ်ဆိုရင် သန်းကြွယ်သူဌေးအဆင့်ထက် ပိုမိုချမ်းသာတဲ့ ကုဋေကြွယ် သူဌေး၊ အင်္ဂလိပ် လို ပြောရရင် ဘီလီယံနာ အဆင့်ရှိတဲ့ သူတွေတောင် မြန်မာပြည်မှာ ရှိလာနေပြီလို့ သိရပါတယ်။ သူတို့ ချမ်းသာ တဲ့ နှုန်းကိုတွက်ချက်တဲ့ နေရာမှာ အမေရိကန် ဒေါ်လာနဲ့ တွက်ချက်ပြီး ပြောတာဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ ချမ်းသာတဲ့ သန်းကြွယ်သူဌေး မျိုးကို ဆိုလိုတာ မဟုတ်တော့ပါဖူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အစိတ် ကာလ တုန်းက မြန်မာပြည်မှာ မြန်မာကျပ်ငွေ သိန်းတရာ သိန်းနှစ်ရာ ချမ်းသာတယ်ဆိုရင် တော်တော်ကြီး ချမ်းသာ တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခုခေတ်မှာတော့ ချမ်းသာကြွယ်ဝမှုကို မြန်မာကျပ်ငွေနဲ့ မတိုင်းတာတော့ဘဲ အမေရိကန်ဒေါ်လာနဲ့သာ တိုင်းတာကြပါတယ်။
ကနေ့ခေတ်မှာ အစိုးရလုပ်သူက စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်ငွေကို ဘယ်လိုကောက်ခံသလဲ၊ စီးပွား ရေး လုပ်ငန်းရှင်များကလည်း သူတို့အနေနဲ့ ဘယ်လိုနှုန်းထားနဲ့ နိုင်ငံတော်ကို အခွန်ပေးဆောင်နေသလဲ ဆိုတာကို နိုင်ငံသား အများစုကြီး အနေနဲ့ ရှင်းရှင်းလင်းလင်း သိခွင့်မရပါဖူး။ နိုင်ငံတော် ထုတ်ပြန်တဲ့ အခွန် စစ်တမ်း ဆိုတာမျိုးကိုလည်း နိုင်ငံသားတွေ ဖတ်ခွင့်မှတ်ခွင့် မရှိပါဖူး။ အခွန်စစ်တမ်း ဆိုတာတောင် ရှိရဲ့လား ဆိုတာကလည်း မေးစရာပါ။ မြန်မာ နိုင်ငံက အချမ်းသာဆုံးလို့ နာမည်ကြီးနေတဲ့ စီးပွားရေးသမားကြီး ဦးတေဇရဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇဟာ သူရဲ့နှစ်စဉ် ဝင်ငွေထဲက ဘယ်လောက် ရာခိုင်နှုန်းကို နိုင်ငံတော်ကို အခွန်တော် ငွေအဖြစ် ပေးဆောင်သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အကယ်၍ မှန်မှန်ကန်ကန် ပေးဆောင် နေတယ် ဆိုရင်လဲ ဘယ်လောက် ရာခိုင်နှုန်းကို ပေးဆောင်တယ်ဆိုတာ လူသိခံ ရဲရမှာ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေဟာ သူတို့ရဲ့ ဓနကြွယ်ဝမှု၊ ပိုင်ဆိုင်မှု အစုစု ဘယ်လောက် ရှိတယ်ဆိုတာကို နိုင်ငံတော်မှာ တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာပြောကြား ထားဖို့ လိုအပ်ပါတယ်။ ဒါမျိုးတွေကို အနောက်နိုင်ငံတွေမှာ ပြုလုပ်လေ့ရှိပါတယ်။ ဥပမာ အားဖြင့် ဘီလ်ဂိတ်ဟာ ဘယ်လောက်ချမ်းသာတယ်၊ ဒေါ်နယ်ထရန့်ဟာ ဘယ်လောက်ချမ်းသာတယ်၊ အင်္ဂလန်က ဘုရင်မကြီး ဘယ်လောက်ချမ်းသာတယ် ဆိုတာတွေကို တရားဝင် ကြေညာထား ကြပါတယ်။ ဆိုလိုတာက လူသိခံရဲပါတယ်။ မိမိရဲ့ ပိုင်ဆိုင်ချမ်းသာ ကြွယ်ဝမှုကို လူသိမခံရဲဘူး ဆိုရင် တရားမဝင်လုပ်ငန်းတွေကနေ ချမ်းသာလာတာမို့ လူသိမခံရဲတာလား (သို့မဟုတ်) ဥပဒေကို လက်တလုံးခြား လုပ်ပြီး ချမ်းသာလာတာမို့ လူသိမခံရဲတာလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ မြန်မာပြည်က သန်းကြွယ်သူဌေးတွေ အနေနဲ့ ဘာကြောင့် ဘယ်လိုလုပ်ငန်း တွေကြောင့် သန်းကြွယ်သူဌေး ဖြစ်လာတယ်၊ နိုင်ငံတော်ကို အခွန်တော်ငွေ ဘယ်လောက်ပေးသွင်း နေတယ် ဆိုတာကို တရားဝင် ကြေညာပြောကြား တာမျိုး မရှိသေးဘူး ဆိုတာ မြင်တွေ့နေရ ပါတယ်။ ဘာကြောင့်ပါလဲ။ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ သဘာဝ သယံဇာတတွေကို ခိုးယူ အမြတ်ထုတ်ထား တာကနေ ချမ်းသာလာတာမို့ ဖွင့်မပြောရဲကြဘူးလို့ စွပ်စွဲနိုင်ပါတယ်။
အဲသည်တော့ကာ မြန်မာလုပ်ငန်းရှင် သန်းကြွယ်သူဌေးတွေ နိုင်ငံတော်ကို အခွန်မှန်မှန်ကန်ကန် မပေးဆောင် ဘူး ဆိုရင် အရေးယူ ခံရတာမျိုး ရှိသလား ဆိုတာ လေ့လာကြည့်လိုက်တော့ အဲသလို အခွန်ရှောင်လို့ အရေးယူ ခံရတဲ့ သန်းကြွယ်သူဌေး ဆိုတာ တဦးတလေတောင်မှ မရှိသေးဖူး ဆိုတာကိုလည်း တွေ့ရပါတယ်။ ဒီလိုဆိုရင် ခေတ်သစ် မြန်မာသန်းကြွယ်သူဌေးတွေ အားလုံးဟာ နိုင်ငံတော်ကို အခွန်မှန်မှန် ဆောင်နေတဲ့ နိုင်ငံသား ကောင်း စီးပွားရေး လုပ်ငန်း ရှင် တွေလို့ ဆိုနိုင်ပါသလား။ တကယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးက အခွန်မှန်မှန် ဆောင်တယ်ဆိုရင် နိုင်ငံတော်ဟာ လက်ခံရရှိတဲ့ အခွန်တော် ငွေတွေကို ဘယ်နေရာ သုံးစွဲ သလဲဆိုတာကလည်း ထပ်ပြီး မေးစရာ ဖြစ်လာပါတယ်။ အထူးသဖြင့် အစိုးရဟာ အခွန်ငွေတွေကို နိုင်ငံသား တွေအတွက် အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးလို နယ်ပယ်တွေမှာ သုံးစွဲသလား မသုံးစွဲ ဖူးလားဆိုတာ လူထုကို ပွင့်ပွင့်လင်းလင်း တင်ပြရမှာ ဖြစ်ပါတယ်။
နိုင်ငံသားတွေ အနေနဲ့ ဘာမှ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း မသိရဘူး သိခွင့်မရဘူးဆိုရင် အစိုးရ အာဏာ ပိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပေါင်းပြီး ပုလင်းတူ ဗူးဆို့ လုပ်နေတယ်လို့ စွပ်စွဲရတော့မှာပါ။ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေမှာ အခွန်ရှောင်တယ်၊ အခွန်ကို လိမ်လည်ပြီး ပေးဆောင်တယ် ဆိုတာ ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက် ပါတယ်။ အဲတာအတွက် နှစ်ရှည် ထောင်ဒဏ်မျိုးအထိ အပြစ်ပေးခံရလေ့ ရှိသလို ပိုင်ဆိုင်မှု တွေကိုလည်း နိုင်ငံတော်က သိမ်းယူခွင့် ရှိပါတယ်။ နိုင်ငံရေး လုပ်ရှားသူတွေကိုတော့ နှစ်တရာကျော် နှစ်ကိုးဆယ် ထောင်ဒဏ်အပြစ်ပေးနေပေမယ့် စီးပွားရေးသမားကြီးတွေ အခွန် ရှောင်လို့ ထောင်ကျတယ်ဆိုတာ အခုအထိ မကြားဖူးသေးပါ။
အခုမြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ စစ်ဗိုလ်ချုပ်များနဲ့ အလွမ်းသင့်သူတွေ ဖြစ်သလို စီးပွား ဖက်တွေ လည်း ဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုးဆုံးကတော့ စစ်ဗိုလ်ချုပ်များရဲ့ မိသားစုဝင်တွေ ကိုယ်တိုင်က စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို မှန်မှန်ပေးသွင်းရမယ့် အခွန်တော်ငွေတွေကို ကိုယ်ကျိုး ကြည့်ပြီး တဖက်လှည့်နဲ့ မပေးသွင်းဘဲ ပျက်ကွက်နေကြတယ်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဖူး။ အခု မြန်မာနိုင်ငံမှာ လူထုရဲ့ ပညာရေး ကျန်းမာရေးဟာ ရုပ်ပျက်ဆင်းပျက် နိမ့်ကျနေပါတယ်။ ဒါတွေကို ပြန်လည်မြှင့်တင်မယ်ဆိုရင် ငွေလို ပါတယ်။ လိုအပ်တဲ့ ငွေကိုရှာဖွေဖို့အတွက် အစိုးရက လုပ်ရမယ့် အလုပ်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက အခွန်တော် ကောက်ခံရာမှာ စနစ်ကျဖို့ လိုလာပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေနဲ့ကလည်း သူတို့ရဲ့ လုပ်ငန်းတွေဟာ ဘာတွေဖြစ်တယ်၊ သူတို့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဘယ်လောက်ရှိတယ်၊ ဓနကြွယ်ဝမှုအစုစု ဘယ်လောက်ရှိတယ် ဆိုတာ တရားဝင် ကြေညာဖို့ လိုပါတယ်။ ရှေ့အရင့်အရင်နှစ်များက အခွန်တော်ငွေ မှန်မှန်မပေး ဆောင်ခဲ့ဘူးဆိုရင် ပျက်ကွက်ခဲ့တဲ့ နှစ်များအလိုက် ပြန်လည်ပေးဆောင်ဖို့ လိုပါတယ်။ ပြီးခဲ့ပြီးသား ကိစ္စတွေမို့ ကျော်သွားလို့ မရပါဖူး။ အခွန်တော် ငွေ ပေးဆောင်ခဲ့တယ် ဆိုပေမယ့် အာဏာပိုင်တချို့နဲ့ ပေါင်းပြီး မဖြစ်စလောက် ငွေကြေးပမာဏာကို အခွန် တော်ငွေ သဘောမျိုး ပေးဆောင်ခဲ့တယ် ဆိုရင်လည်း ဒါမျိုးတွေကို ပြန်ပြီး ဖော်ထုတ် အရေးယူဖို့လိုပါတယ်။
တိုင်းပြည်မှာ သန်းကြွယ်သူဌေးတွေ တိုးပွားလာတယ် များလားတယ် ဆိုပေမယ့် နိုင်ငံသားအများစုဟာ သတ်မှတ်ထားတဲ့ အဆင့်အတန်း တခုအထိ ပညာကိုလည်း မသင်ယူနိုင်၊ ဆင်းရဲတွင်းကလည်း နက် သထက် နက် လာတယ်ဆိုရင် နိုင်ငံရေး စနစ်နဲ့ စီမံခန့်ခွဲရေးစနစ်တွေ အကြီးအကျယ် မှားယွင်းနေပြီလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး မှားယွင်းနေတာကို ပြန်ပြီးပြုပြင် ထိန်းကျောင်းဖို့ အခုတက်လတဲ့ အစိုးရသစ်မှာ အဓိက တာဝန်ရှိ ပါတယ်။ မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံတဲ့ စနစ်ကို ခေတ်နဲ့ အညီဖြစ်အောင် ဘယ်သူ့မျက်နှာကိုမှ မထောက် ထားဘဲ စနစ်တကျ ပြန်လည်ပြုပြင်ဖို့ အထူးလိုအပ်ကြောင်း ပြောလိုပါတယ်။
ဇော်မင်း
၂၁ ရက်နေ့၊ ဇူလိုင်လ၊ ၂ဝ၁၁ ခုနှစ်
Saturday, July 23, 2011
အခွန်စနစ် တိကျဖို့လိုနေပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment