ရွက်မွန်စာမျက်နှာ

Thursday, July 28, 2011

ဘာလဲဟဲ့ စပ်စတိန်းအေးဘဲလ် ဒီဗဲလော့မန့်

င်္ဂလိပ်လို ပြောပြောနေကြတဲ့ sustainable development ဆိုတာကို ကြုံလို့ အသုံးပြုတိုင်း သတိရတိုင်း ကျနော်တို့ မိသားစုရဲ့ ဟိုတုန်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်မိပါတယ်။ စပ်စတိန်းအေးဘဲလ် ဒီဗဲလော့မန့် ဆိုတာကတော့ လိုရင်းတိုရှင်းပြောရရင် "စဉ်ဆက်မပြတ်သော (သို့) ဆက်တိုက်သွားနေသော တိုးတက်ဖွံ့ဖြိုးမှု" လို့ဆိုနိုင်ပါတယ်။ ကျနော်တို့ မိသားစုဘဝနဲ့ နှိုင်းယှဉ်တယ် ဆိုတာကတော့ ဒီလိုပါ။ ကျနော်တို့ဟာ ဆိုရှယ်လစ် လမ်းစဉ် ကျင့်သုံးတယ်ဆိုတဲ့ စစ်ဗိုလ်တွေ အုပ်ချုပ်တဲ့ အစိုးရလက်အောက်မှာ နေခဲ့ရတုန်းက အခြေအနေကနေ ဆက်စပ်ပြီး ပြောချင်တာ ဖြစ်ပါတယ်။
ကျနော်တို့ နိုင်ငံဟာ ဟိုတုန်းကရော အခုရော လူများစုဟာ မြေယာစိုက်ပျိုးရေးနဲ့ တိုက်ရိုက် အသက်မွေးရသူ တွေ ဖြစ်ပါတယ်။ ကျနော့်မိဘတွေက စိုက်ပျိုးရေးသမားတွေ၊ လယ်သမားတွေ မဟုတ်ခဲ့ပါဖူး။ အဖေက အစိုးရ ဝန်ထမ်း အမေက သူနာပြုဆရာမပါ။ မိဘတွေကော ကျနော်တို့ သားသမီးတွေ အားလုံးပါ တသက်လုံး မြေယာနဲ့ မပတ်သက် ခဲ့ပါဖူး။ ဒါပေမယ့် ကျနော့်အဖေ အစိုးရအလုပ်က ပြုတ်လေတဲ့ အခါမှာ မြေယာနဲ့ စိုက်ပျိုးရေးနဲ့ စပြီး ပတ်သက်ခဲ့ရပါတယ်။ အဖေ အလုပ်ပြုတ်တဲ့ အခါမှာ ကျနော်တို့ မိသားစု အစိုးရပေးတဲ့ အိမ်ပေါ်ကဆင်းလာခဲ့ရ ပြီး မြို့အပြင်မှာ မြေလွတ်တခု ဝယ်လို့ အခြေချရပါတယ်။ မြေကအရိုင်းမှ အရိုင်းသက်သက်ဆိုတော့ အိမ် ဆောက်တာ ရေတွင်းတူးကစလို့ တစ်က ပြန်စရပါတယ်။ အိမ်ဆောက်ပြီး နှစ်နှစ်လောက်ကြာမှ လျှပ်စစ်မီးကို ရပါတယ်။ အဲသည်တော့ မီးမရခင် နှစ်နှစ်အတွင်း အမေစိုက်ခိုင်းတဲ့ သစ်ပင်တွေအတွက် ရေလောင်းဖို့ ရေတွင်း ကနေ စက်သီးနဲ့ ရေငင်ပြီးလောင်းရပါတယ်။ မီးရလာတော့ တရုတ်လုပ် ရေစုတ်စက် အသေးစား ကလေးဝယ်ပြီး ရေတွင်းကရေကို စုတ်တင်ပါတယ်။ ဒါပေမယ့် ကံကဆိုးချင်တော့ အဲသည့် တရုတ်ဖြစ် ရေစုတ်စက်လေးဟာ မကြာခဏ ပျက်ပါတယ်။ မပျက်ပြန်ရင်လည်း စက်ကသွားနေပေမယ့် တွင်းပေါ်ကို ရေတက်မလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရ ပြန်ပါတယ်။ နောက်ဆုံးနဲ့ အကြီးမားဆုံး ပြဿနာကတော့ မီးမှန်မှန် မလာတဲ့အတွက် ခွန်အားကို ဗဟိုပြုပြီး ခါတိုင်းကလို စက်သီးနဲ့ ရေငင်ပြီး သစ်ပင်တွေကို တပင်ချင်းပုံးနဲ့ လိုက်လောင်းရတဲ့ မူလအခြေကိုပဲ ပြန်ဆိုက်ပါတယ်။

အမေက စီးပွားရေးအရလည်း ဝင်ငွေရအောင် ခြံဝင်းအတွင်းမှာလည်း စိမ်းစိုအောင် သစ်ပင်တွေကို တွက်ချက် ပြီး စိုက်ပါတယ်။ စိုက်ခဲ့ရတဲ့ သစ်ပင်တွေကို မှတ်မိသလောက် ပြန်ပြောရရင် နှစ်ရှည်ပင်တွေ အနေနဲ့ အုန်းပင် ၁၅ ပင်၊ သရက်ပင် ၁ဝ ပင်၊ မာလကာပင် ၇ ပင်၊ ရှောက်ပင် ၆ ပင်၊ သံပုရာပင် ၂ ပင်၊ ပိန္နဲက ၂ ပင်၊ ဇီးပင်က ၄ ပင်၊ ဒန့်ဒလွန်ပင်က ၁ ပင် ရှိပါတယ်။ တချို့အပင်တွေကတော့ နေရောင်ရတဲ့ လမ်းကြောင်းကို မှီပြီးမှ ဟိုနား သည်နား စိုက်ထားတာမို့ နာမည်တောင် မေ့ကုန်ပါပြီ။ ငှက်ပျောပင်ကတော့ အပင် နှစ်ဆယ်အစိတ်လောက် ရှိပါတယ်။ ဒါ့အပြင် ရာသီအလိုက် မုံညင်း၊ ဂေါ်ဖီ၊ ခရမ်းသီး၊ ချဉ်ပေါင်၊ ကိုက်လန်၊ နံနံပင်၊ ပူစီနံ ဒါတွေကိုလည်း စိုက်ပါသေးတယ်။ တနှစ်လုံး စိုက်ထားရပြီး အမြဲအပြတ်ရေသွင်း နေရတာကတော့ ကန်ဇွန်းခင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့အရပ်က မိုးခေါင်ရေရှား ဆိုတော့ အောက်ပြည်မှာလို အပင်တွေ ကြီးလာတာနဲ့ ရေလောင်းတာကို ရပ်ပစ်လို့ မရပါဖူး။ ကျနော်တို့ အနေနဲ့ စိုက်ဆို လို့သာ စိုက်ရတာ သစ်ပင်အကြောင်း ကောင်းကောင်း နားလည် တာ မဟုတ်ပါဖူး။ ဟိုမေးသည်စမ်းလုပ်ပြီး သိသလောက် ဗဟုသုတလောက်နဲ့ စိုက်ပျိုး ထိန်းသိမ်းရတာပဲ ဖြစ် ပါတယ်။

အခုနေအခါမှာ ကျနော် စဉ်းစားမိတာက ဒီလိုပါ။ ဘာပဲပြောပြော ကျနော်တို့ဟာ အသေးစား ခြံသမားတွေ ဖြစ်သွားပါပြီ။ မြေအပေါ်မှာ အမှီပြုပြီး အသက်မွေးရတဲ့ ဘဝက စလာပြီလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်က သာတူ ညီမျှ လမ်းစဉ်ကို ဦးတည်တဲ့ ဆိုရှယ်လစ်အစိုးရ အုပ်ချုပ် နေတယ်သာ ဆိုတယ် အစိုးရဆီက ဘာနည်းပညာ အကူအညီမှ မရခဲ့ပါဖူး။ အစိုးရမှာလည်း အသေးစားခြံသမား တွေကို ကူညီရမယ့် ပေါ်လစီမျိုး မရှိခဲ့တာ မှတ်မိ နေပါတယ်။ ဥပမာ အားဖြင့် အစိုးရစိုက်ပျိုးရေး ဌာနက ကျနော်တို့လို ခြံသမားတွေကို ဒီအရပ်မှာ ဘယ်လို အုန်းပင်မျိုး၊ ဘယ်လိုသရက်ပင်မျိုး စိုက်သင့်တယ်။ ဘယ်လို ပြုစုစောင့်ရှောက်ရမယ် ဆိုတဲ့ နည်းပညာမျိုး ပေးဝေထောက်ပံ့ခြင်း ရှိမယ်ဆိုရင် ကျနော်တို့ ခြံထဲမှာ စိုက်ထားတဲ့ သစ်ပင်ပမာဏဟာ ကျနော်တို့ မိသားစုရဲ့ စားဝတ် နေရေးကို ၉၉% အထိ ဖြေရှင်းပေးနိုင်တယ် ဆိုတာ တွက်ချက်မိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ထပ်ရှင်း ပါရစေ။
ကျနော်တို့ အရပ်မှာ ကျနော်တို့ မတိုင်ခင် ပဝေသဏီကထဲက အုန်းပင်စိုက်ပြီး အုန်းသီးရောင်းလာတဲ့ ခြံသမား တွေ တွက်ပြ ထားတာ ရှိပါတယ်။ အုန်းပင်တပင်ဟာ အသီးကောင်းပြီဆိုရင် တနှစ်ကို ဝင်ငွေ ကျပ်ငါးရာခန့် ဖန်တီးပေးတယ်လို့ ဆိုပါတယ်။ အဲတော့ အုန်းပင် ဆယ်ပင် ရှိတယ်ဆိုရင် တနှစ်ကို ကျပ်ငါးထောင် ဝင်ငွေရှိတဲ့ သဘောလို့ ယေဘုယျ ဆိုနိုင်ပါတယ်။ အပင် ၂ဝ ရှိရင် ကျပ်တသောင်းပေါ့။ အဲသည်အချိန်တုန်းက ရွှေတကျပ် သား ၁၅ဝဝ ကျပ်လောက် ရှိတဲ့ ခေတ်ပါ။ ဒါကြောင့် ကျနော်တို့ဖက်မှာ ဆိုရိုးရှိပါတယ်၊ အုန်းပင်နည်းနည်း လောက်သာ ပိုင်တဲ့ မုဆိုးမတယောက်ဟာ လင်မရှိတော့တဲ့ အချိန်မှာ သားသမီးတွေ ကလည်း အားမကိုးရဖူး ဆိုဦးတော့ မျက်နှာငယ်စရာ မလိုပါဖူးတဲ့။ အုန်းသီးဆိုတဲ့ အမျိုးဟာ ကျနော်တို့ အရပ်မှာ ရောင်းမကုန်ဘူးရယ်လို့ မရှိပါဖူး။ စားသုံးမှုအတွက်ရော နတ်တင်ဖို့ ဘာဖို့ ညာဖို့ စသဖြင့်တွေအတွက် ဈေးကွက်က ရှိနေတာကိုး။ တခါ အောက်ပြည်က တက်လာတဲ့ အုန်းသီးကလည်း အထက်ဖက်မှာ လိုသလောက်သုံးဖို့ အတွက် မလောက်ငှ တာလည်း ပါပါတယ်။ အထက်ဖက်လိုတဲ့ demand အတွက် အောက်ပြည်က supply မလုပ်နိုင်ဘူးလို့ ဆိုတဲ့ သဘောပါ။

သို့သော် အုန်းခြံသမားတွေက အခုလို ဆက်ပြီး ရှင်းပြ ပါတယ်။ အုန်းပင်တပင်တိုင်းက တနှစ်ကို ကျပ်ငါးရာ ဝင်တယ်လို့ ဘိုင်သေတွက်လို့ မရဖူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အုန်းပင်ပိုးကျတာ၊ အုန်းပင် ပြုပြင် စောင့်ရှောက်တဲ့ နည်းတွေကို စနစ်တကျ မသိတာ စတာတွေကြောင့်လို့ ဆိုပါတယ်။ အကယ်၍များ အစိုးရ စိုက်ပျိုးရေးဌာနက အုန်းပင်မှာ ကျတဲ့ ပိုးမျိုးတွေက ဘယ်လိုပိုးမျိုးတွေ၊ ဘယ်လိုကာကွယ်ရမယ် စသဖြင့် နည်းနာ တွေ ထောက်ပံ့နိုင်ရင် အသေးစား ခြံသမားတွေ အတွက် အကျိုးရှိတယ်လို့ ဆိုရမှာပါ။ အလားတူ ဆို သလို ကျန်တဲ့ သရက်တို့၊ ရှောက်တို့၊ သံပုရာတို့ စတဲ့ နှစ်ရှည်ပင်တွေ အတွက်လည်း နည်းနာတွေ ရရင် သိပ်ကောင်းမှာပါပဲ။ ကျနော်တို့ဆီမှာ နွေဆိုရင် ရှောက်တို့ သံပုရာတို့ အတော်လေး ရှားပါးလေ့ ရှိပါတယ်။ တခါတရံ သံပုရာသီး တလုံးကို တကျပ်အထိ ပေးရတဲ့ အခါမျိုး ရှိပါတယ်။ ဈေးထဲမှာတောင် သံပုရာသီး ပြတ်လေ့ရှိပါတယ်။ ကျနော်မှတ်မိသလောက် အဲသည်တုန်းက သံပုရာနဲ့ ရှောက်ပင်က ဝင်တဲ့ ဝင်ငွေဟာ ယေဘုယျ ပြောရရင် တနှစ်မှာ စုစုပေါင်း ၁၂ဝဝ ကျပ်လောက် ရှိပါတယ်။ အဲသည်တုန်းက ကုန်ဈေးနှုန်း နဲ့တွက်ရင် ကျနော်တို့ မိသားစုဝင် ၇ဦး အတွက် ငွေ ၁၂ဝဝ ဟာ နှစ်လတာ ကာလ ထမင်းစားဖြစ်ပါတယ်။

စောစောက ပြောသလိုပါပဲ။ ကျနော်တို့မှာ အုန်းပင် ၁၅ ပင်ရှိတယ်။ တပင်ကို တနှစ် ၅ဝဝ ဝင်မယ်။ ဒါကြောင့် တခြား အပင်က ဝင်ငွေတွေ မပါသေးဘဲ အုန်းပင်က ဝင်ငွေ စုစုပေါင်းချည်းပဲ တနှစ်ကို ၇၅ဝဝ ဝင်မယ်လို့ တွက်နိုင်ပါတယ်။ သို့သော် လက်တွေ့မှာ တွက်ထားသလို ငွေက မဝင်ပါဖူး။ အုန်းသီး အနုလေးတွေကို ပိုးကိုက်တာ၊ ငှက်ကိုက်တာ၊ ရှဥ့်ကိုက်တာ အစရှိတာတွေကြောင့် ကိုယ်ထင်ထားသလောက် အုန်းသီးက မတင်ပါဖူး။ တချို့အုန်းပင်တွေကတော့ ဘာကြောင့်မှန်းမသိ လုံးလုံးကို အသီးမတင်တာလည်း ရှိပါသေးတယ်။

နောက်ဆုံးတော့ ခြံစိုက်ပျိုးရေးကနေ မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်တဲ့အတွက် ကျနော့်အမေက သစ်သား သေတ္တာတွေ လုပ်ပြီး မန္တလေးဈေးချိုထဲကို သွင်းဖို့ စီစဉ်ပါတယ်။ သစ်ပွဖြစ်တဲ့ လက်ပံသားနဲ့ လုပ်တဲ့ သေတ္တာတွေပါ။ သို့သော် ဈေးအခေါ်တော့ ထင်းရှုးသေတ္တာပေါ့လေ။ ဆိုတော့ကာ ပထမဆုံး သေတ္တာလုပ်မယ့် လက်သမား ငှားရပါတယ်။ သစ်စက်ကနေ လက်ပံသား ခွဲပြီးသားတွေ ဝယ်ရပါတယ်။ သံတို့၊ ပတ္တာတို့၊ ကော်ပတ်တို့ အပါအဝင် လက်သမားသုံး ပစ္စည်းတွေ အကုန်ဝယ်ရပါတယ်။ သစ်ခွဲသားကတော့ အဟောင်းပေး အသစ်ယူ ပုံစံနဲ့ သစ်စက်ပိုင်ရှင်ကို ငွေချေလို့ ရပေမယ့် အလုပ်သမားခနဲ့ ကျန်တာတွေကတော့ ကိုယ့်ဖက်က လက်ငင်းစိုက်ထား ရပါတယ်။ ကိုယ့်မှာက ဆိုင်ပိုင် မရှိ တော့ လုပ်ပြီးသား သေတ္တာတွေကို ဈေးချိုထဲက ဆိုင်တွေ မှာ အဟောင်းပေး အသစ်ယူ စနစ်နဲ့ သွင်းရပါတယ်။ တချို့ ဆိုင်တွေက အတော်ညစ်တာကို ကြုံရပါတယ်။ အဲသည့် ဆိုင်ပိုင်ရှင်တွေ အထဲက ဦးချစ်ပို ဆိုတဲ့ လူကြီးဟာ အညစ်ပတ် ဆုံးပါ။ အဟောင်းပေး အသစ်ယူ စနစ်ဟာ တကြိမ်စီအတွက်သာ ဖြစ်ပါတယ်။ ဦးချစ်ပိုကတော့ သုံးခါလောက် ယူထားပြီးမှ ပထမ အခါ အတွက် သာ ငွေကိုချေပါတယ်။ နောက်သွင်းထားတဲ့ နှစ်ကြိမ်အတွက် ငွေကို တော်တော်နဲ့ မချေပါဖူး။ အလွန် လက်ခက် တဲ့ လူကြီးပါ။ နောက်ပိုင်း အဲသလို ခဏခဏ ဖြစ်ရတော့ ငွေသွားကောက်ရတဲ့ ကျနော်နဲ့ မကြာခဏ စကားများ ရပါတယ်။ တခါတော့ အမေက အတန်တန် တားပေမယ့် ကျနော်တို့ ညီအစ်ကို သုံးယောက် တုတ်တွေဆွဲပြီး ဦးချစ်ပိုနဲ့ ရိုက်မယ်နှက်မယ် အထိ ဖြစ်ခဲ့ရတာ မှတ်မိပါသေးတယ်။ နဘေး ဆိုင်တွေက လူတွေက ဝိုင်းဝန်း ဖြောင်းဖြလို့သာ သွေးထွက်သံယို မဖြစ်ခဲ့ရတာပါ။ အခုနေအခါ ပြန်စဉ်းစားတော့ Sustainable development ဟာ ကာရန်မသင့် ရင် ရိုက်ပွဲနှက်ပွဲနဲ့ ဆက်စပ်နေပါလားလို့ တွေးမိရင်း ကိုယ့်ဟာကိုယ် ရယ်မိပါသေးတယ်။ ခြုံပြောရရင် သေတ္တာလုပ်ပြီး ဈေးချိုထဲ သွင်းရတာဟာလည်း ကိုယ်ထင်ထားသလို အမြတ်များများ မရလှ ပါဖူး။ စားရေးသောက်ရေးနဲ့ ကျနော်တို့ ကျောင်းစရိတ် ကာမိရုံမျှသာ ဖြစ်ပါတယ်။

သစ်ပင်တွေ အကြောင်း ပြန်သွားပါ့မယ်။ နှစ်ရှည်ပင်တွေကလည်း ကိုယ်ထင်ထားသလောက် ငွေကမဝင်၊ သေတ္တာ လုပ်ငန်းက ဝင်ငွေကလည်း အမြတ်ကလေး ဘာလေး ရဖို့ဆိုတာထက် ဖူလုံရုံလေး။ ဒါပေမယ့် ကျနော် တို့ ညီအစ်ကို တွေဟာ စိုက်ထားတဲ့ သစ်ပင်တွေကို ဆက်ပြီး ရေလောင်း နေရတုန်းပါ။ ဝင်ငွေမကောင်းလို့ သစ်ပင်တွေ ခုတ်ပြစ်လို့ မရသလို ရေမလောင်းဘဲ ထားရင်လည်း အပူပိုင်း ဒေသမို့ ကြာရင် သေကုန်မှာပါ။ ရေတွင်းကနေ လက်နဲ့ ငင်ပြီး ပုံးလိုက် တပင်ချင်း လောင်းနေရဆဲမို့ ဘောဂဗေဒ စကားနဲ့ ပြောရရင် အမြတ် ကောင်းကောင်း မရသလို လုပ်အားခလည်း ဆုံးရှုံးရပါတယ်။ သစ်ပင်ကိစ္စမှာ မောရသလို သေတ္တာကိစ္စမှာလည်း မောရပါတယ်။ နှစ်ခါမောရပါတယ်၊ အဖတ်လည်း မတင်ပါဘူး။

တကယ်တော့ သေသေချာချာ ခွဲခြမ်းစိပ်ဖြာ ကြည့်မယ်ဆိုရင် အသေးစား ခြံသမားတွေ၊ စိုက်ပျိုးရေးသမားတွေ ရေရှည်မှာ အဆင်ပြေပြီး ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည် နိုင်အောင်ဆိုတာ အုပ်ချုပ်တဲ့ အစိုးရများမှာ ကူညီဖို့ တာဝန်ရှိ ပါတယ်။ ဒါဟာ ဟိုတုန်းက ဆိုရှယ်လစ် အစိုးရ အသုံးမကျပုံကို ပြန်ပြောပြတာ ဖြစ်ပါတယ်။ အခု စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးထားတဲ့ လက်ရှိအစိုးရကကော မြေယာအပေါ်မှာ အမှီပြုသူတွေကို ကူညီသလား ကြည့်ရအောင်ပါ။ ဆောရီးပဲ လို့သာ ပြောရမှာပါဘဲ။ ကူညီဖို့ ဝေးစွ လယ်သမားတွေ ပိုင်တဲ့မြေကိုတောင် သိမ်းယူနေတာ တွေ့နေရတာဘဲ မဟုတ်လား။ ဒါ့အပြင် တဖက်တလမ်းကနေ ကူညီဖို့ လာတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အသင်းအပင်း များကိုလည်း ဟိုဖက်ဆို မသွားရ၊ ဒီဖက်ဆို မလာရ၊ ဒါမလုပ်ရ၊ ဟိုဟာမလုပ်ရ ဆိုပြီး ကန့်သတ်နေတော့ မြန်မာပြည်လို ခေတ်နောက်ကျနေတဲ့ စိုက်ပျိုးရေးကို မီခိုနေရဆဲဖြစ်တဲ့ နိုင်ငံတခုမှာ နိုင်ငံ သားတွေအကြား Sustainable development ဖြစ်လာအောင် ဆောင်ရွက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ လုပ်နေတယ်လို့ အစိုးရကပြောရင်လည်း သူတို့ လိမ်နေတယ် လို့သာ စွပ်စွဲရ တော့မှာပါ။

ဇော်မင်း
၂၆ ရက် ဇူလိုင်လ ၂ဝ၁၁ ခုနှစ်

1 comment:

T T Sweet said...

ဖတ်လို့ကောင်းပါတယ်။ ကျွန်မတို့ မိသားစုလဲ အဖေအလုပ်ကထွက်တော့ ခြံဝယ်ပြီး နှင်းဆီပန်းတွေစိုက်ဖူးတယ်။ အစိုးရထံမှ ဘာအကူအညီမှ မရဖူးဘူးထင်တာပါပဲ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.