ဦးလူကလေး သည်အိမ်ကို ဆောက်ခဲ့တာ ၁၉၇၅ ခုနှစ်တုန်းကဖြစ်သည်။ အရပ်ထဲက လူတွေကတော့ တိုက်ခံအိမ်လို့ လွယ်လွယ်ခေါ်ကြသည်။ တိုက်ခံအိမ်ဆိုတာက အောက်ထပ်ကို အုတ်နဲ့ခံပြီး ဆောက်ထားလေ့ရှိပြီး အပေါ်ထပ် ပတ်လည် ကိုတော့ သစ်သားနဲ့ ဆောက်ထားတာမျိုး ဖြစ်သည်။ အမှန်ဆိုပါက ဦးလူကလေးရဲ့ အိမ်အောက်ထပ်က အုတ်နှင့် ဆောက်ထား သည် မဟုတ်ပါ။ ကျောက်သားနှင့် ဆောက်ထားသည့် ကျောက်တိုက်ဖြစ်သည်။ အပူပိုင်းဒေသမို့ ကျောက်သားက အုတ်သား ထက် ပိုပြီး အပူဒဏ်ကို ခံနိုင်သည်ဟုလည်း ဆိုသည်။ တခါ ဆောင်းတွင်းကျပြန်တော့လည်း အုတ်တိုက်ထက် ပိုပြီး နွေးသည် ဟုလည်း ဆိုပြန်သည်။
"သည်အိမ်ကို ဆောက်တဲ့နှစ်က မှတ်ရလွယ်ပါတယ်။ အငယ်ဆုံးကောင် လူအောင် မွေးတဲ့နှစ်၊ ၂ဝ ရာစုပြည့်ဖို့ ၂၅ နှစ် အလိုမှာ ဆောက်ခဲ့တာမို့ ၁၉၇၅ ခုနှစ်ဆိုတာ မှတ်ရလွယ်သွားတာပေါ့" ဟု ဦးလူကလေး ပြောလေ့ရှိသည်။ ဦးလူကလေး သူ့အိမ်နဲ့ ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိတဲ့ နောက်တချက်က "အပေါ်ထပ်ပတ်လည်မှာ အိမ်နံရံအဖြစ် သုံးထားသည့် သစ်တွေက ရထား လမ်းက ဇလီဖားတုံးဟောင်းတွေ၊ ဒါကြောင့် ထူထူထဲထဲရှိပြီး သူတကာသစ်တွေထက် ပိုပြီးလည်း ခိုင်တယ်"။ သစ်သားနံရံ တွေက ရေနံဝနေတာကြောင့်လည်း မဲမှောင်နေသေးသည်။ နောက်တချက်က ဦးလူကလေး မိသားစုမှာ လူများသည်။ ဒါကြောင့် သူ့တိုက်ခံအိမ်ကလည်း အတော်လေးကြီးသည်။ သည့်အပြင် နောက်ဖက်မှာ အဆွယ်ထုတ်ပြီး ဆောက်ထားသည့် မီးဖိုချောင်ကပင် လူလေးယောက်လောက် လေးခန်းဖွဲ့ပြီး နေလို့ရသည်အထိ ကျယ်လှသည်။ မီးဖိုချောင်၏ ဖောင်ဒေးရှင်းခေါ် အောက်ခြေက ကျောက်သားများဖြစ်ပြီး မီးဖိုချောင်ပတ်လည်ကလည်း ဇလီဖားတုံးများဖြင့် ဆောက်ထားသည်။
အိမ်အပေါ်ထပ်အတွက် ဆောက်ဖို့ ဇလီဖားတုံးတွေ ဘယ်ကရသလဲဟု မေးရန်ရှိလာသည်။ ရထားသံလမ်း အောက်ခံ အဖြစ် သုံးတဲ့ ဇလီဖားတုံးဆိုတာ အစိုးရပိုင်တာကြောင့် ဖြစ်သည်။ ဦးလူကလေး အပြောအရ သူတို့မြို့က သူဌေးဦးမွန်ကြီး ဆီက တဆင့် ဈေးချိုချိုနဲ့ ရတာကြောင့် ဝယ်ခဲ့တာဟု ဆိုသည်။ သူဌေးဦးမွန်ကြီးကရော အစိုးရပိုင်ဖြစ်တဲ့ ဇလီဖားတုံးတွေ ဘယ်ကရသတုံးဟု မေးရန်ထပ်ဖြစ်လာသည်။ အဲသည်တော့ ဦးလူကလေးက သည်လိုရှင်းပြသည်။
"ဦးမွန်ကြီးက အစိုးရလေလံပစ်တဲ့ ပစ္စည်းဟောင်းတွေကို ပြန်ဝယ်ရင်း ကြီးပွားလာတာကိုး။ မော်တော်ယာဉ်တပ်က ကားဟောင်းတွေ လေလံပစ်တာမျိုး၊ သံတံတားဟောင်းတွေ လေလံပစ်တာမျိုး ကစလို့ သစ်တိုသစ်စတွေအဆုံး သူက လေလံပြိုင်ဆွဲလေ့ရှိတယ်။ အဲတာ တခါတော့ မီးရထားဌာနက အသုံးမလိုတော့တဲ့ ဇလီဖားတုံး အဟောင်းတွေ လေလံပစ်တော့ သူရလာခဲ့တာ။ ငါတို့က အဲတာကို သူ့ဆီကနေ တဆင့်ပြန်ဝယ်တာ။ ဇလီဖားတုံး အဟောင်းဆိုတော့ သစ်ဆိုင်က ကျွန်းသားအသစ် ချတ်ချွပ်ထက် ဈေးကအများကြီး ချိုတာကိုး။ ဒို့ဗမာတွေက အိမ်ဆောက်ရင် သစ် အဟောင်းဆို ခိုက်တတ်တယ်လို့ ယူဆကြတော့ တယ်မသုံးကြဖူးမို့လား။ အဲတော့ များသောအားဖြင့် အိမ်ဆောက် တော့မယ်ဆိုရင် သစ်စက်တွေ သစ်ဆိုင်တွေကနေ သစ်ခွဲသားအသစ်ပဲ ဝယ်ကြတာကိုး။ ငါကတော့ ဒါမျိုးတွေ အယုံ အကြည် မရှိပါဖူး။"
နှစ်ပေါင်းများစွာ သည်အိမ်ကြီးမှာ ဦးလူကလေးတို့ မိသားတစုလုံး တစုတဝေးထဲ နေခဲ့ကြသည်။ ခိုက်တယ် ခက်တယ် ဆိုတာမျိုး တခါမှ မဖြစ်ခဲ့ဖူး။ စီးပွားရေးအရ ကျိကျိတက် ချမ်းသာသူများ မဟုတ်ပေမယ့် အတော်အတန်တော့ စုဆောင်း နိုင်ခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့် ၂ဝ၁ဝ ခုနှစ်တွင် ဦးလူကလေးတယောက် ပြဿနာကြီး တခုနှင့် ရင်ဆိုင်ရတော့သည်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးထဲ ပါမိလို့မဟုတ်။ ညစ်ပတ်လွန်းသော ကြံ့ဖွံ့ပါတီကို ကလော်ဆဲမိလို့လည်း မဟုတ်။ ဇာတ်လမ်းကဒီလို။
တနေ့ မြို့နယ်ရုံးက လူတချို့ရောက်လာသည်။ "ဦးလူကလေး၊ ခင်ဗျားအိမ်မှာ သုံးထားတဲ့ ဇလီဖားတုံးတွေက အစိုးရပိုင် သစ်တွေ၊ မီးရထားနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ပိုင်တယ်ဆိုတာ သိရဲ့လား။ ဘယ်ပုံဘယ်နည်းနဲ့ ဒီသစ်တွေ တရားဝင်ရလို့ ခင်ဗျား အသုံးပြုခဲ့တယ်ဆိုတာကို တင်ပြဖို့လိုတယ်။ မတင်ပြနိုင်ဖူးဆိုရင်တော့ နိုင်ငံတော်ပိုင်အဖြစ် ဖြုတ်သိမ်း ခံရမယ်။ ဟောဒီမှာ မြို့နယ်ရုံးက အမိန့်စာလည်း ပါတယ်။" ဦးလူကလေး တယောက် ငယ်ထိပ်ကို မိုးကြိုးပစ် ခံရသလို ခံစားလိုက်ရသည်။ ထိုလူတွေ ပြန်သွားတော့ သူတို့ပေးသွားသော အမိန့်စာကို သေသေချာချာ ဖတ်ကြည့် လိုက်သည်။ သူတို့ မြို့နယ်က အကြီးဆုံး ဖြစ်သော စစ်ဗိုလ်၏ လက်မှတ်နှင့် ထုတ်ပြန်ထားသည့် အမိန့်စာဖြစ်နေသည်။ တစုံတဦးကတော့ သူ့ကိုညစ်ပတ်ပြီဟု ဦးလူကလေး သဘောပေါက်လိုက်သည်။ အမှန်ကတော့ ဦးလူကလေးဆီက ငွေလိုချင်၍ မြို့နယ် အာဏာပိုင်များ အကြံအဖန်လုပ်ခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် အနှစ်နှစ်ဆယ်ကျော် အတွင်း အာဏာပိုင်များသည် အကြောင်း အမျိုးမျိုးပြ နာမည်အမျိုးမျိုးတပ်ပြီး မြို့ထဲက လူများထံမှ ငွေကြေးကောက်ခံသည်။ လူချမ်းသာရော၊ လူမွဲရော ဘယ်သူမှ မလွတ်။ မွဲရင်လည်း မွဲသလို ချမ်းသာရင်လည်း ချမ်းသာသလို ပေးကြရသည်။
ဦးလူကလေးကား အိမ်ထဲတွင် တောင်လျှောက်မြောက်လျှောက် လျှောက်နေရင်း တောက်လည်း တခေါက်ခေါက် ဖြစ်နေ သည်။ ဦးလူကလေး၏ ဇနီးနှင့် သမီးကြီးဖြစ်သူတို့က သစ်ဟောင်းများဖြင့် အိမ်ဆောက်ခြင်းကြောင့် ခိုက်တတ်သည် ဆိုသည်မှာ အခုတော့ မှန်နေကြောင်း တိုးတိုးတိုးတိုးနှင့် ပြောနေကြသည်။ ဒါကို ဦးလူကလေး ကြားသွားတော့ "ဟေ့ ဒါခိုက်တာ မဟုတ်ဖူးကွ။ ခိုက်တာမဟုတ်ဖူး။ တမင်သက်သက် ညစ်တာ။ ခိုက်ချင်ရင် ပြီးခဲ့တဲ့ ၃၅ နှစ်လုံးလုံးက ခိုက်ပါ့လား" ဟုဆိုရင်း သူ့မိန်းမနှင့် သမီးကို ဖိ၍ငေါက်လေသည်။ ၃၅ နှစ်ကြာမှကွာ၊ ၃၅ နှစ်ကြာမှ ဟု နှုတ်ကလည်း တတွတ်တွတ် ရွတ်နေသေးသည်။
နောက်တရက်နှစ်ရက် နေတော့ ဦးလူကလေး မြို့နယ်ရုံးကိုသွားကာ သက်ဆိုင်ရာ အာဏာပိုင်များကို ရှင်းလင်းတင်ပြ လေသည်။ အာဏာပိုင်များက လက်မခံ။ သူဌေး ဦးမွန်ကြီးဆီက တဆင့် ဝယ်ခဲ့သည်ဟုဆိုလျှင် တရားဝင် လက်ခံ ရရှိသော ဘောက်ချာပြဟု ထပ်ဆင့်၍ ညစ်လေသည်။ ၃၅ နှစ်ကြာမှတော့ ဘောက်ချာက ဘယ်ရှိတော့မည်နည်း။ တခါ သူဌေး ဦးမွန်ကြီးဆီ သွားပြီး ဟုတ်မှန်ကြောင်း ထောက်ခံစာ တောင်းရအောင်ကလည်း ဦးမွန်ကြီး ကွယ်လွန်တာကပင် နှစ်ပေါင်း မနည်းတော့။ ဦးမွန်ကြီး ဇနီးကတော့ ရှိသေးသည်။ ဒါနဲ့ပင် ဦးမွန်ကြီး ဇနီးဆီထံမှ သူတို့ဆီက ဝယ်ယူခဲ့သည့် ဇလီဖားတုံးများ မှန်ကန်ကြောင်း ထောက်ခံစာ ရလို့ရညား သွားတော့လည်း စိတ်ညစ်ပြီး ပြန်လာခဲ့ရသည်။ တခြားကြောင့်မဟုတ် ဦးမွန်ကြီး ဇနီးသည်ကား စိတ်မမှန်တော့။ သူငယ်ပြန်နေခြေပြီ။ ဦးမွန်ကြီး သားသမီးများကလည်း သူတို့ မသိခဲ့သော ကိစ္စများ ဖြစ်နေ၍ ထောက်ခံစာရေး မပေးနိုင်ဟု ဆိုပြန်သည်။ သူတို့လည်း အာဏာပိုင်များနှင့် မပတ်သက်ချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် မင်းနှင့်မီး ဆိုတာကို ဘယ်သူမှ မပတ်သက်ချင်ကြ။ သူတို့အလွန်လည်း မဟုတ်။
ထိုအခြေအနေတွင် ဦးလူကလေး၏သား လူအောင်က သူ့အဖေကို ဤသို့အကြံပေးလာသည်။ "အဖေ အဖေပြော ဖူးသားပဲ၊ အဲသည့်တုန်းက ဦးမွန်ကြီးဆီက ဇလီဖားတုံးတွေဝယ်တာ အဖေ တယောက်ထဲမှ မဟုတ်တာ။ မြို့ထဲက တခြားသူတွေလည်း သူတို့ကိစ္စနဲ့ သူတို့ ဝယ်ကြတယ်မို့လား။ အဲတာ အဲသည့်လူတွေဆီက ထောက်ခံချက်တွေကို သူတို့လက်မှတ်တွေနဲ့ အတူတူ တောင်းပြီး ပြန်တင်ပြရင်ကော မဖြစ်နိုင်ဖူးလား"။ အဲသည်တော့ ဦးလူကလေး အလင်းတချက် ပွင့်သွားသည်။ ဟုတ်ပေ သားကိုး။ ငါ့သား လူအောင်က သည်အိမ်ဆောက်တဲ့ နှစ်မှာမွေးလို့ ရှေးတုန်းကဟာတွေကို မသိမမီလိုက်ပေမယ့် ခေါင်းပြေး တယ်ဟု ဦးလူကလေး စိတ်ထဲတွင် ဖြစ်မိသေးသည်။ ဒါနဲ့ ရသလောက် စာရင်းကောက်၍ အရပ်ကူပါ လူဝိုင်းပါ လုပ်လိုက်ရ သည်။ ထိုစဉ်က ဦးမွန်ကြီးထံမှ ဇလီဖားတုံး ဝယ်ခဲ့သူတချို့က ဦးလူကလေးအတွက် လိုလိုလားလား ထောက်ခံစာ ပေါ်တွင် လက်မှတ်ဝိုင်းထိုး ပေးလိုက်ကြသည်။ ထိုထောက်ခံစာကလေးကို ကိုင်၍ ဦးလူကလေး မြို့နယ်ရုံးသို့ တခေါက် ပြေးရပြန်သည်။
"မရဘူး ဦးလူကလေး။ ဒီလောက်နဲ့တော့ မလုံလောက်သေးဖူး။ ဦးမွန်ကြီး ဆိုတာကလည်း ကျုပ်တို့က တမြို့ထဲ သားချင်းမို့ နောကြေနေပါပြီ။ လေလံရတဲ့ လိုင်စင်ကို ကိုင်ထားပြီး ခိုးရာပါ ဇလီဖားတုံးတွေ လက်ခံဝယ်နေတာ တမြို့လုံးသိတဲ့ ကိစ္စ ပဲဗျ။ နိုင်ငံတော်ပိုင် ပစ္စည်းတွေကို အဲသလို အလွဲသုံးစားလုပ်ပိုင်ခွင့် မရှိဖူး"။ ဦးလူကလေး တောက်တခေါက်ခေါက်နှင့် အိမ်ပြန် ရောက်လာသည်။ မခံချင်စိတ်များကလည်း ရင်ထဲတွင် အလိပ်လိုက် အလိပ်လိုက် တက်လာနေသည်။ တကယ်မှာက မြို့နယ် အာဏာပိုင်များကလည်း ဦးလူကလေးအနေဖြင့် သူတို့ကို ဘယ်ရွေ့ဘယ်မျှ ပေးမည်ဆိုပြီး ညှိစေချင်နေတာ ဖြစ်သည်။ အဲတာကို ဦးလူကလေးက သဘောမပေါက်။ ငါကမှန်ရဲ့သားနဲ့ သင်းတို့တမင်ညစ်တာ ဟူသည့် စိတ်ကသာ လွှမ်းမိုးနေ သည်ကိုး။ နောက်ဆုံး ပိုဆိုးသွားတာက ဦးလူကလေးကို ဝိုင်း၍ထောက်ခံပေးလိုက်သော သူများပါ ဇလီဖားတုံးများ အသုံးပြု ထားခြင်း ရှိ-မရှိ စစ်ကြောရေး အဝင်ခံရတာပင် ဖြစ်သည်။ ထိုအထဲတွင် ဆန်စက်ပိုင်ရှင် ဦးမြလည်း အစိုးရိမ်ဆုံးသူ ဖြစ်နေ သည်။ ဖြစ်ဆို သူ့ဆန်စက် အဆောက်အဦ၊ ဂိုဒေါင်၊ ခြံစည်ရိုး အားလုံးသည် ဦးမွန်ကြီး ထံမှ တဆင့်ပြန်ဝယ်ထားသော ဇလီဖားတုံးများနှင့် ဆောက်လုပ် ထားသောကြောင့် ဖြစ်သည်။
ဦးမြက "ကိုလူကလေးရေ အခုမှ အခက်ကြီးနဲ့ ကြုံရတော့တယ်ဗျာ။ စဉ်းစားစမ်းပါဦး၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာ" ဟု ညီးတွားလိုက်သည်။ ဦးလူကလေးက မေးစေ့ကို လက်ဖဝါးဖြင့် အထပ်ထပ် ပွတ်နေရင်း "နိုင်ငံတော်ပိုင် နိုင်ငံတော်ပိုင် ဆိုတဲ့ စကားနဲ့ ကျုပ်တို့ခင်ဗျားတို့ကို ဒီကောင်တွေက အနိုင်ယူနေတာဗျ။ အခု သစ်ကုမ္ပဏီတွေ သစ်တောတွေကို ခုတ်ချင်သလို ခုတ်ပြီး နယ်စပ်ကနေတဆင့် ရောင်းစားနေတာကြတော့ လူတွေက မမြင်ဖူး။ ရှေးတုန်းက ဇလီဖားတုံးအဟောင်း ဝယ်သုံးမိတာကို အမှုလုပ်နေတဲ့ ကောင်တွေ။ အဲ ကျုပ်တခု စဉ်းစားမိတာက တိုင်းအဆင့်ထိ တက်ပြီး အရေးဆိုမယ်ဗျာ။ အခုလက်ရှိ တိုင်းအဆင့် ဗိုလ်မှူးကြီးက အတော်ကလေး ပျော့ပြောင်းတယ်လို့ ကြားဖူးတယ်။ ပြောရင်တော့ မကောင်းပါဖူး။ စစ်ဗိုလ်ချင်းဗျာ သူတို့အရိုးနဲ့ သူတို့အချင်းချင်း ထိုးခိုင်းတာပေါ့ ကိုမြရဲ့" ဟု ကွက်ကျော် မြင်သည့် ဟန်ဖြင့် ဆိုလေသည်။
ဒီလိုနဲ့ ဦးလူကလေးနဲ့ ဦးမြတို့ တိုင်းအဆင့် အထိတက်ပြီး ဖြစ်ကြောင်းရယ်ကုန်စင်ကို ရှင်းလင်းတင်ပြရင်း သူတို့အမှု နိုင်ခဲ့သည်။ သို့သော်လည်း တိုင်းအဆင့်အထိ တက်ပြောဖို့ဆိုတာ ကြားလူပွဲစားတွေ လိုသေးတာကိုး။ အဲသည့် ပွဲစားတွေကို ပေးရကမ်းရတာ အပြင် ဗိုလ်မှူးကြီး ကတော်အတွက် ဘာတွေလက်ဆောင် ဝယ်ပေးရမယ် ဆိုတာတွေ အတွက်လည်း ကုန်ကြရသေးသည်။ ဗိုလ်မှူးကြီး ကတော်ဆိုတာကိုလည်း သူတို့ကိုယ်တိုင် တွေ့ခွင့်ရသည်မဟုတ်။ ကြားပွဲစားများ အပြောတိုင်း အကုန်လိုက်လုပ် ရခြင်းဖြစ်သည်။ နောက်ဆုံး ချုပ်လိုက်ရင် ဦးလူကလေးနဲ့ ဦးမြ နှစ်ယောက်ပေါင်း ငွေ ၁၄ သိန်းလောက် ကုန်သွားသည်။ အမှန်က မြို့နယ်အာဏာပိုင်တွေနဲ့ ညှိမယ်ဆိုရင် တဦးကို နှစ်သိန်းခင်းလောက်သာ ကုန်မှာဖြစ်သည်။ မြို့နယ် အဆင့်ဆိုတော့ ဟိုလူတွေကလည်း နှစ်သိန်းသုံးသိန်းလောက်ရရင် ကျေနပ်ပြီးသားဖြစ်သည်။ ဦးလူကလေးတို့မှာ မခံချင်စိတ်ဖြင့် တုံ့ပြန် သောကြောင့် အမှုနိုင်ခဲ့သော်လည်း ငွေရေး ကြေးရေးအရ ပိုကုန်သွားသည်။ အမှုနိုင်၍ ငွေကုန်ခဲ့ သော်လည်း ဦးလူကလေးကား အခုအထိ တစက်မှ မလျှော့ပါ။
ဦးလူကလေးသည် သူ့အယူအဆကို အခုလိုပြောလေ့ ရှိသေးသည်။ "ဟေ့ ငွေကုန်သွားတာ ပြန်ရှာလို့ရတယ်။ မင်းတို့ မြို့နယ်အဆင့်က စစ်ဗိုလ်ထက် ပိုရာထူးကြီးတဲ့ စစ်ဗိုလ်ကို ငါတို့က ပိုင်တယ်ဆိုတာကို ပြလိုက်နိုင်တာပေါ့ကွာ။ စစ်ဗိုလ်ခြင်း သူတို့အရိုးနဲ့ သူတို့ကို ပြန်ထိုးလိုက်တာပေါ့။ နောင်မှာ ကိုယ့်ကို မြို့နယ်အဆင့် ကောင်တွေလောက်က မနှောက်ယှက် ရဲတော့ဖူးပေါ့"။ သူတို့အရိုးနဲ့ သူတို့ကိုယ် ပြန်ထိုးဖို့ ဆိုတာကလည်း လိုအပ်တာ အမှန်ပင်။ နည်းလမ်းတွေ ရှာဖို့လိုသည်။ ဒါပေမယ့် ဦးလူကလေးတို့လို ငွေကုန်ရတာ မျိုးတော့လဲ မဖြစ်သင့်။
ဇော်မင်း
၂၉ ရက်၊ သြဂုတ်လ၊ ၂ဝ၁၁ ခုနှစ်
Monday, August 29, 2011
သူ့အရိုးနဲ့ သူ့ကိုထိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment