ရွက်မွန်စာမျက်နှာ

Monday, August 22, 2011

ဝက်သတ်သမားများ

ကျနော်တို့ ငယ်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဝက်သတ်ရုံ နှစ်ခုရှိခဲ့တယ်။ မြို့တောင်ပိုင်းက ဝက်သတ်ရုံပိုင်ရှင်ရဲ့ အမည်က ဦးမိုးကောင်းတဲ့။ မြို့မြောက်ပိုင်းက ဝက်သတ်ရုံပိုင်ရှင်ကတော့ ဦးဖဲသာတဲ့။ မင်းတို့မြို့က သေးသေးလေးနဲ့ ဝက် သတ်ရုံက ဘယ်နှယ့်ဖြစ်လို့ နှစ်ရုံတောင် ရှိနေရတာတုန်းလို့ မေးမယ်ဆိုရင်လည်း မေးစရာပါ။ ကျနော်တို့ မြို့သားတွေ စီးပွားရေး ကောင်းနေလို့ လူတွေဟာ နေ့တိုင်းဝက်သားကို လှိုင်လှိုင်ကြီး ဝယ်ချက်စားနေကြလို့လား။ အဲသလို မေးရင် လည်း မဟုတ်ဖူးလို့ ဖြေရမှာပါ။ ကျနော်တို့ မြို့သား အများစုဟာ လက်လုပ်လက်စား ဆင်းရဲသားတွေပါ။ အမှန်ကတော့ ဒီလို။ ဝက်သတ်ရုံ နှစ်ရုံကနေ ပေါ်ထားတဲ့ ဝက်သားတွေကို မနက်တိုင်း မနက်တိုင်း မန္တလေးမြို့တွင်းက ဈေးတွေကို အဓိကထားပြီး တင်တာကြောင့်ပါ။ ဟိုက မြို့ကြီးဟာပေကိုး။ ဝယ်နိုင်တာပေါ့။

အရပ်ထဲက လူကြီးတွေ ပြောပြောနေတာကြောင့် ဦးမိုးကောင်းနဲ့ ဦးဖဲသာတို့ အကြောင်းကို မကြာမကြာ ကြားရလေ့ ရှိပါတယ်။ ဦးမိုးကောင်းက မိရိုးဖလာ အစဉ်အဆက်အတိုင်း ဝက်သတ်ရုံထောင်ပြီး အသက်မွေးလာတာ။ ပိုက်ဆံလည်း အတော်ရှိတယ်။ ဦးဖဲသာကတော့ ဓါးပြဂိုဏ်း အကြီးစားတခုရဲ့ နံပတ်ဝမ်း ခေါင်းဆောင်တဲ့။ ဖဆပလ ခေတ်က အထက် ဗမာပြည်မှာ နာမည်ကြီး ဓားပြဗိုလ်လို့ ဆိုကြတယ်။ ဟိုခေတ်တုန်းက မန္တလေးလေဆိပ်မှာ ရန်ကုန်ထွက်ခါနီး လေယာဉ် ပေါ်အထိ ဓားပြတက် တိုက်တယ်လို့ နာမည်ရှိခဲ့ဖူးတယ်။ နောက်တော့ အဖမ်းခံရပြီး ထောင်ကြတယ်။ ဦးဖဲသာကို အရှင်ဖမ်းလိုက်နိုင်တဲ့ စစ်ဗိုလ်လည်း နာမည်တော်တော် ကြီးသွားတဲ့အပြင် ရာထူးလည်းတက်သွားတယ်။ အဲသည့် စစ်ဗိုလ်ကလည်း နှယ်နှယ် ရရ တော့ မဟုတ်ဖူး။ ဦးဖဲသာ မတိုင်မီက မန္တလေးမေမြို့ ကားလမ်းတကြောမှာ ဓားပြတိုက်နေတဲ့ နာမည်ကြီး လူဆိုးဗိုလ်ကို တော်မီဂန်းနဲ့ဆိုလား အသေပစ်သတ် ဖမ်းခဲ့တဲ့သူ။ အဲသည့် ဓားပြဗိုလ်ကို မန္တလေးတဝိုက်မှာ အဲသည်ခေတ်တုန်းက လူတိုင်းဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်လို့ ဆိုတယ်။ သူ့နာမယ်က ကျားကြီးကျော်ညွှန့်လို့ ခေါ်တယ်။ သေနတ်ပစ် ကောင်းသလို ဓားမြှောင်ပေါက်တာ လက်သိပ်တည့်တယ် လို့လည်းပြောကြတယ်။

ထောင်ကျနေရင်း ဦးဖဲသာဟာ နောင်တတရား ရလို့ မန္တလေးထောင်ထဲမှာ စေတီလေးတဆူတောင် တည်ခဲ့တယ်လို့ ပြောကြ တယ်။ ဦးဖဲသာဘုရားလို့ ထောင်သားတွေက ခေါ်ကြတယ်။ အခု အဲသည့် စေတီလေး ရှိသေးလား မရှိတော့ဘူးလား ဆိုတာ ကတော့ မပြောတတ်ပါ။ ဦးဖဲသာက ထောင်ထဲမှာ သိပ်အကြာကြီး မနေလိုက်ရဘူး လို့လည်း လူကြီးတွေက ပြောတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဖဆပလ ခေတ်မှာ ဓါးပြဂိုဏ်းတွေက မှိုလိုပေါက်နေတော့ အဲသည့် ဂိုဏ်းတွေကို နှိမ်နင်းဖို့ သူတို့ရဲ့ သဘောသဘာဝကို ကောင်းကောင်း နားလည်တဲ့လူ လိုတဲ့အတွက် ဦးဖဲသာကို ထောင်ကနေ ပြန်လွှတ်ပြီး တဆင့်ခံ ခိုင်းတယ်လို့ ဆိုကြတယ်။ ဆိုလိုတာကတော့ ဘယ်နယ်မှာ ဓားပြတိုက်ရင် ဘယ်သူ့ဂိုဏ်း ဖြစ်နိုင်တယ်၊ ဒီနယ်မှာ ဒီလိုပုံမျိုးနဲ့ တိုက်သွားရင် ဟိုလူ့ဂိုဏ်း ဖြစ်နိုင်တယ်၊ ဘယ်သူ့ဂိုဏ်းကတော့ ဓားပြတိုက်ပြီးရင် ဘယ်လိုနေရာမျိုးတွေမှာ ခိုနေတတ်တယ်၊ တိုက်ရာပါ ပစ္စည်းတွေကို ဘယ်သူ့ဆီမှာ ရောင်းချထုခွဲတယ် စသဖြင့် ဦးဖဲသာက ထင်ကြေးပေးရတယ်။ အဲသလို အစိုးရ အတွက် အလုပ်လုပ်ပေးလို့ အပြန်အလှန်အားဖြင့် ဦးဖဲသာဟာ စီးပွားရေးလုပ်ငန်းအဖြစ် ဝက်သတ်လိုင်စင် ရတယ်လို့ ပြောကြတာပဲ။ အစိုးရကို အဲသလို ကူညီရတဲ့အတွက် ဓားပြဂိုဏ်းသားတွေက လက်စားပြန်ချေမှာကို ကာကွယ်ဖို့အတွက် ဓားပြဗိုလ်ဟောင်း ဦးဖဲသာကို လိုင်စင်နဲ့ ခြောက်လုံးပူး တလက်လည်း ထုတ်ပေးထားသေးတယ်လို့ ဆိုတယ်။ ဦးမိုးကောင်း ကော ဦးဖဲသာကော နှစ်ယောက်စလုံးဟာ ဝက်သတ်ရုံ ထောင်ထားပေမယ့် တရုတ်တွေ မဟုတ်ဖူး။ ဗမာတွေပါ။

ဝက်သတ်ရုံအကြောင်း ပြောရတာက တခြားကြောင့်တော့ မဟုတ်ပါဖူး။ ဗမာတွေဟာ ဝက်သားဟင်းကို တော်တော် ကြိုက် ကြတယ်။ အလှူအတန်းဆိုရင်လည်း ဝက်သားဟင်းတခွက်က မဖြစ်မနေ ပါနေရတော့ ဝက်သတ်ရုံတွေလည်း အလုပ်ဖြစ် ပါတယ်။ ဒီကြားထဲ တရုတ်ဆိုင် သွားစားကြပြန်ရင်လည်း ဝက်သားပါတဲ့ ဟင်းလျှာကိုသာ မှာစားကြတယ်။ ဗမာထမင်းဆိုင် တွေ ဆိုရင်လည်း ဝက်သားနီချက်နဲ့ ဝက်သားပုန်းရည်ကြီးက မရှိမဖြစ်မို့လား။ ဒါပေမယ့် သူတို့စားဖို့ ဝက်သတ် ပေးရတဲ့ ဝက်သတ်ရုံ ပိုင်ရှင်တွေနဲ့ ဝက်ထိုးသားတွေ ကိုတော့ အကောင်းမပြောကြဖူး။ ငရဲသား နီးပါးလောက် ထင်ကြ မြင်ကြတယ်။ မကောင်းမှု ဒုစရိုက်ကျူးလွန်နေတဲ့ လူတွေအဖြစ် မြင်ကြတာကို ဆိုလိုတာပါ။ ဒါကြောင့် အရပ်ထဲမှာဆိုရင် ဝက်ထိုးသားကို ကြိုက်မယ့် မိန်းမပျိုဆိုတာ မရှိသလောက် ရှားတယ်။

လူတွေဖက်ကလည်း ပြောစရာတွေက ရှိနေပြန်တယ်။ ဘာတုန်းဆိုတော့ ဝက်သတ်ရုံက ဝက်ထိုးသားတွေဟာ အချိန်ပြည့် ဆိုသလို သောက်ထားကြလို့။ မနက်လင်းလို့ လက်ဖက်ရည်ဆိုင် လာတာတောင် သူတို့ဆီက အရက်နံ့ ရနေသေးတယ်။ တခါ ဝက်ထိုးသားတွေ ဖက်ကလည်း ခိုင်လုံတဲ့ ဆင်ခြေ ရှိနေပြန်တယ်။ သူတို့ပြောတာက မန္တလေးမြို့ထဲက ဈေးတွေဆီကို အချိန်မီ ရောက်အောင် ဝက်ကိုသတ်ရတယ်လို့ ဆိုပါတယ်။ အဲသည်တော့ အရက်သောက်တဲ့ အချိန်ဟာ မနက် နှစ်နာရီ မတိုင်ခင် ဝန်းကျင်လောက် ဖြစ်နေတတ်တယ်။ သည့်ထက်လည်း စောကောင်းစောနိုင် ပါသေးတယ်။ မနက်လေးနာရီ မတိုင်ခင်မှာ သတ်ပြီးသားဝက်တွေကို ရေနွေးလောင်း အမွှေးခြစ်၊ ကလီစာထုတ်၊ ခုတ်ထစ်ပြီးသား ဖြစ်အောင်လုပ်ရ ပါတယ်။ ပြီးတာနဲ့ သက်ဆိုင်ရာဈေးတွေက ဝက်သားသည်တွေက ကားတွေနဲ့ လာတင်သွားပါတယ်။ အဲတာကြောင့် မနက်ခြောက်နာရီလောက် လက်ဖက်ရည်ဆိုင် လာတဲ့အချိန်မှာ သောက်ထားတဲ့ တောအရက်နံ့က မပြယ်သေးဘူး ဖြစ်နေတာပေါ့။

ဟုတ်ပြီပေါ့လေ။ အရက်မသောက်ဘဲ ဝက်သတ်လို့ကော မရဖူးလားလို့ မေးတော့ သူတို့က ဒီလိုရှင်းပြပါတယ်။ ဝက်က တိရိစ္ဆာန်လို့ ဆိုပေမယ့် သူတပါးအသက်ကို သတ်ရတာမို့ တကယ်တန်းတော့ မလွယ်ဘူးလို့ ဝက်ထိုးသားများက ဆိုပါတယ်။ ဝက်ရဲ့ နှလုံးသားတဲ့တဲ့ ရှိတဲ့နေရာကို ချွန်ထက်နေတဲ့ မှိန်းနဲ့ တချက်ထဲ ထိုးရတာတဲ့။ ဝက်ခမြာ အင့်ကနဲ တချက်သာ အသံ ထွက်နိုင်ပြီး သေပါတယ်။ တခါတလေ လက်မှန်းနည်းနည်း လွဲသွားရင် သေငယ်ဇောနဲ့ အော်လိုက်တဲ့ ဝက်ရဲ့အော်သံဟာ တမိုင်လောက် ကတောင် ကြားရတယ်လို့ ပြောပါတယ်။ အရက်သောက်ရတဲ့ နောက်တချက်ကတော့ သူတို့ဝက်သတ်ရုံမှာ ဝက်သရဲတွေ ရှိတယ်လို့ ဆိုပြန်ပါတယ်။ လစ်ရင်လစ်သလို ဝက်သရဲက ပုံစံအမျိုးမျိုးနဲ့ သူတို့ကို ခြောက်တယ်လို့ ရှင်းပြပါတယ်။ တခါတရံ ကိုယ်တပိုင်းမပါတော့တဲ့ အူတွေတွဲလွဲနဲ့ ဝက်သရဲ၊ ခေါင်းသက်သက်ပဲ ရှိနေတဲ့ ဝက်သရဲ၊ ခေါင်းမပါတော့တဲ့ ခန္ဓာကိုယ် သက်သက်ချည်း ဖြစ်နေတဲ့ ဝက်သရဲ စသဖြင့် တွေ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲသည့် ဒဏ်တွေအားလုံးကို ခံနိုင်အောင် ဝက်သတ်ရုံထဲကို ဝင်ပြီဆိုကထဲက အရက်ကိုးမောင်း သောက်ပြီး ဝင်အလုပ်လုပ် ရပါတယ်တဲ့။

အရပ်ထဲက ဝက်သားကြိုက်တဲ့ ဗမာတွေက ထုံးစံအတိုင်း သူတို့ကို အကောင်းမပြောပါဖူး။ ဒီလူတွေဟာ သတ္တဝါတွေရဲ့ အသက်ကို နေ့တိုင်းသတ်နေတာမို့ မသေခင်မှာ ဝဋ္ဋ်လိုက်ဦးမယ်လို့ ပြောခြင်းပါပဲ။ အဲသလို နေရင်းနဲ့ တနေ့တော့ ဦးမိုးကောင်းအိမ် ဓားပြဝင် တိုက်ခံရပါတယ်။ တသက်လုံး ဝက်သတ်ရောင်းပြီး စုဆောင်းလာတဲ့ ရွှေငွေ အတွင်းပစ္စည်းတွေ တော်တော်လေး ပါသွားတယ်လို့ ပြောကြပါတယ်။ ဓားပြတွေက တအိမ်သားလုံးကို စိမ်ပြေနပြေကို ရိုက်နှက်နှိပ်စက်ပြီးမှ တိုက်သွားတာလို့ ဆိုပါတယ်။ ပြီးတော့ ဓားစားခံ ခေါ်သွားတဲ့ အိမ်သားတယောက်ကိုလည်း လမ်းမှာသတ်ပြီး ထားခဲ့ပါ သေးတယ်။ မဟုတ်မှလွဲရော ဓားပြထဲက တဦးဦးကို အဲသည့် အိမ်သားက သိသွားလို့ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် ဓားပြတွေမှာ လူမသတ်ရဘူးဆိုတဲ့ စည်းရှိသတဲ့။ ဓားပြတွေ ဝင်ဝင်လာခြင်း ဝက်ထိုးသား တယောက်က ရဲစခန်းကို စက်ဘီးနဲ့ အမြန်ပြေးပြီး သတင်းပို့ပါတယ်။ ရဲအရာရှိတွေက ဓားပြတွေမှာ ဘယ်လို လက်နက်တွေ ပါသလဲလို့ စုံစမ်းတော့ ဝက်ထိုးသား ကလည်း သူနားလည်သလောက် ပြန်ပြောပြရှာပါတယ်။ ဓားပြနောက်ကို လိုက်မယ့် ရဲတွေ ပြင်ဆင်နေတာ တော်တော်ကြာ တယ်လို့ ဆိုပါတယ်။ ဒီကြားထဲ ရဲမှူးကြီး မြို့ထဲမှာ အရက်လည်သောက်ရင် အမြဲကောင်းနေတဲ့ ရဲကား ကလည်း အဲသည့်ညက စက်နှိုးလို့ကို မရဖူးလို့ ကြားရပြန်ပါတယ်။ အဲတာနဲ့ နောက်ဆုံး ရဲတွေ ဦးမိုးကောင်းအိမ် ရောက်တော့ မိုးတောင် စင်စင် လင်းနေပါပြီ။ နောက် တော်တော်ကြာမှ ပြန်သိကြရတာက ဝက်ထိုးသား ရှင်းပြချက်အရ ဓားပြတွေကိုင်လာတဲ့ လက်နက် တွေဟာ ကာဘိုင်တွေ၊ ဂျီသရီးတွေလို အော်တော်မက်တစ် သေနတ်တွေ ဖြစ်နိုင်တယ်လို့ ရဲကယူဆတယ်။ ဒါကြောင့် ရိုင်ဖယ်နဲ့ စတင်းဂန်း အစုတ်တွေသာ ကိုင်နိုင်တဲ့ရဲတွေက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရတာ ကိုးလို့ မြို့လူကြီးတချို့က သုံးသပ်ပါတယ်။ အဲသည့် ခေတ်တုန်းက ကာဘိုင်လို ဂျီသရီးလို စစ်သုံးလက်နက်မျိုးကို ဘယ်လို လူတန်းစားမျိုးပဲ ကိုင်နိုင်မလဲ စဉ်းစားသာ ကြည့်။ သို့သော်လည်း မြို့သူမြို့သား အများစုကတော့ သတ္တဝါတွေရဲ့ အသက်တွေ သတ်ခဲ့တာများပြီမို့ ဦးမိုးကောင်း တယောက် မသေခင်မှာ ဝဋ္ဋ်လည်တယ်လို့ ပြောကြ ပါတယ်။ နောက်တော့ သိပ်မကြာဘူး တနှစ်နှစ်နှစ်လောက်နေတော့ ဦးမိုးကောင်း လူကြီးရောဂါနဲ့ ဆုံးပါတယ်။ စိတ်ကျသွားတာလဲ ပါမှာပေါ့။

ဦးမိုးကောင်း ဆုံးတော့လည်း ဇာတ်လမ်းနဲ့ ဆုံးတာပါ။ အဲသည့် ဇာတ်လမ်း ဆိုတာကလည်း လူတွေက ပြောတဲ့ ဇာတ်လမ်းပါ။ တကယ် ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိပါ။ ဇာတ်လမ်းက ဒီလို။ တရက်တော့ ဦးမိုးကောင်းဟာ သားသမီးတွေနဲ့ မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော် ဘုရားကြီးကို သွားဖူးပါတယ်။ ဘုရားရောက်တော့ ရှစ်ခိုးမယ် လုပ်တုန်း သူ့သမီးကို မေးပါတယ်တဲ့။

"ဟဲ့ သမီး ဘုရားကိုယ်တော်မြတ်က ဘယ်ဖက်မှာတုန်း အဖေမတွေ့ရပါလား၊ ဒို့များ နေရာမှားနေသလား။"

"မမှားပါဖူး အဖေရဲ့။ အဖေ့ ဒီမှာလေ ဒီဖက်ကို တည့်တည့်ကြည့်၊ ဟိုမှာလေ လူတွေတောင် ဘုရားရုပ်ထုတော်ပေါ် တက်ပြီး ရွှေချနေတာ။"

"ဟုတ်ရဲ့လား သမီးရဲ့ အဖေဘာမှ မတွေ့ပါလား။"

မဟာမုနိဘုရားကြီး ပြန်လာပြီးကတဲက မြို့ထဲမှာ ဖြစ်နေတဲ့ သတင်းက ဦးမိုးကောင်းကြီး အကုသိုလ် ဘယ်လောက်တောင် ကြီးသလဲဆိုရင် ဒီလောက်ကြီးတဲ့ ဘုရားဆင်းတုတော်ကိုတောင် မမြင်ရတော့ဖူး ဆိုပြီး ဖြစ်လာတာပါပဲ။ လူတွေက ဦးမိုးကောင်း တယောက် သတ္တဝါတွေ အသက်ကို သတ်လွန်းလို့ မသေခင်မှာပဲ ဝဋ္ဋ်လိုက်နေပြီလို့ ပြောကြပြန်ရော။ တချို့က ဘုရားတောင် သူ့ကို ကွယ်ပြီလို့ ဆိုကြတယ်။ အဲသည့် ဘုရားကို မမြင်ရတဲ့ စိတ်နဲ့ ဦးမိုးကောင်း သေတယ်လို့ ပြောသူကလည်း ပြောကြတယ်။

ဦးဖဲသာကတော့ ဦးမိုးကောင်းလောက် အဖြစ်မဆိုးဖူး။ သူဆုံးရှုံးတာက သူ့မြေး လူပျိုပေါက်ကလေး သင်္ကြန်မှာ အရက်မူးပြီး ဆိုင်ကယ် မောင်းရာက ဓာတ်တိုင်နဲ့ တိုက်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ သို့သော်လည်း အရပ်ထဲမှာတော့ ဦးဖဲသာ တယောက် မသေခင် အခုကထဲက ဝဋ္ဋ်လိုက်နေပြီလို့ ပြောကြပြန်တယ်။ အဲ ဒါပေမယ့် တခုတော့ ရှိတယ်။ တနှစ်မှာတော့ ဝက်သားလိုင်စင် ပြိုင်ဆွဲရင်း ရှုံးပြီး ဝက်သတ်ခွင့်လိုင်စင် တနှစ်လောက် မရလိုက်တာ ရှိခဲ့ဖူးတယ်။ နောက်တော့လည်း ပြန်ရပါတယ်။ ဦးဖဲသာ ကို အရှင်ဖမ်းခဲ့တဲ့ စစ်ဗိုလ်ကြီးကတော့ နောက်ပိုင်းမှာ အလုပ်ပြုတ်သွားတယ်။ ပြုတ်ပြုတ်ခြင်း မိသားစုတွေနဲ့ နေစရာအိမ် တောင် မရှိလို့ တော်တော် ဒုက္ခရောက်ခဲ့ရတယ်။ အဲတာကို ဦးဖဲသာသိတော့ ငွေတသောင်း သွားပြီး အကူအညီပေးတယ်။ အဲသည့်ခေတ်တုန်းက ငွေတသောင်းက နည်းမှတ်လို့။ ရွှေငါးကျပ်သား လောက် ဝယ်လို့ရတယ်။ သူ့ကို ဖမ်းခဲ့ပေမယ့် အဲတာဟာ တဖက်မှာ သူ့ကို ဓားပြဘဝက ကျွတ်အောင် ကူညီခဲ့တာ ကြောင့် လို့ ဆိုတယ်။ အဲသည့် စစ်ဗိုလ်ကြီး အလုပ် ပြုတ်တော့ ဘယ်သူကမှ ဝဋ္ဋ်လိုက်တယ်လို့ မပြောကြဖူး။ ဝဋ္ဋ်လိုက်တယ်ဆိုတာ ဝက်သတ်သမားတွေ အတွက်ပဲလို့ လူတွေက ထင်ဟန်တူပါရဲ့။

အမှန်တော့ ကျနော်တို့ တတိုင်းပြည်လုံးက လူတွေဟာ ဝက်သတ်ရုံက ဝက်တွေလိုပါပဲ။ တရုတ်ဆီကို ရှိတာတွေ အကုန်ထိုး အပ်၊ အကုန်ရောင်းနေပြီး ကျနော်တို့ကို တဖြည်းဖြည်းနဲ့ မျှင်းသတ်နေသူ တွေကိုတော့ ဝက်သတ်သမားတွေလို့ မပြောရင် ဘယ်လိုပြောရမလဲ။ ဟုတ်လား အဲသလို ဆိုရင်တော့ ဒီလူတွေဟာ ဝက်သတ်ရုံပိုင်ရှင် ဝက်သတ်သမားတွေ ဖြစ်တာမို့ တခေတ်တခါတုန်းက မြို့ကလူတွေ ပြောပြောနေတဲ့ ဦးမိုးကောင်းတို့ ဦးဖဲသာတို့လို သူတို့လည်း မသေခင်မှာ ဝဋ္ဋ်လိုက်ဦး မှာပေါ့။

ဇော်မင်း
၂၂ ရက်၊ သြဂုတ်လ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.