ရွက်မွန်စာမျက်နှာ

Thursday, September 15, 2011

ပုဏ္ဏားမဟုတ်သော ပုဏ္ဏားများ

မြို့ထဲက လက်ဖက်ရည်ဆိုင် တခုမှာ မိတ်ဆွေတစု ဝိုင်းထိုင်ပြီး စကားပြောနေကြတယ်။ ပြောတဲ့ အကြောင်းအရာတွေကတော့ စစခြင်းမှာ အလုပ်အကိုင်နဲ့ စီးပွားရေး အကြောင်းတွေပါဘဲ။ သို့သော်လည်း နောက်ဆုံး ပြောစရာကုန်တော့ ထုံးစံအတိုင်း နိုင်ငံရေးဖက်ကို ရောက်သွားပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း သန်ရာသန်ရာတွေကို ပြောကြပြန်ပါတယ်။ တချို့ ကတော့ တွေ့ဆုံဆွေးနွေးရေးတဲ့၊ တခို့်ကေတာ့ ဖက္ဒရယ္မူတဲ့၊ တခို့်ကေတာ့ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လုပ်ရ မယ်တဲ့၊ တချို့ကတော့ မီဒီယာလွတ်လပ်ခွင့် မရသမျှ တိုင်းပြည်မှာ မှောင်ကြီးကျနေဦးမယ်တဲ့၊ တခိျု့ကတော့ စစ်တပ်ထဲမှာ သူတို့ချင်း အကြီးအကျယ် ကွဲနေပြီတဲ့။ ပြောတာတွေကတော့ စုံမှစုံပဲ။ တဦးနဲ့တဦးလည်း သဘောထားခြင်း အယူအဆခြင်း မတူကြတာကလည်း အများကြီးပါ။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးမှာ တူတာတခုတော့ ရှိပါတယ်။ အဲ တကယ် တိတိကျကျ ပြောရရင် နှစ်ခုပေါ့။

ဘာတုန်းဆိုတော့ ကိုယ့်တိုင်းပြည်ကို တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ချင်တာရယ်၊ နောက်တချက် ကတော့ ဧရာဝတီမြစ်ဆုံမှာ ဆည်ကြီးဆောက်မှာကို မထောက်ခံကြတာရယ်ပါ။ အဲသည့် နှစ်ချက်မှာတော့ လူတိုင်း သဘော ထားချင်း တိုက်ဆိုင်ကြပါတယ်။ တဆက်ထဲမှာလည်း အစိုးရသစ်နဲ့ ပတ်သက်လို့ ပြောကြ၊ ထင်ကြေးပေးကြ တာတွေလည်း သောသောညံ နေပါတယ်။

ပထမတဦးက ဒီလိုဆိုပါတယ်။ ယူနီဖောင်းချွတ် အစိုးရ (သို့မဟုတ်) စစ်ဗိုလ်တွေဟာ နောက်ထပ် အနှစ်နှစ်ဆယ်ထက် မနည်း ဖြစ်တဲ့နည်းနဲ့ အာဏာကို ဆက်ပြီး ယူထားလိမ့်မယ်လို့ သူ့ထင်ကြေးကို ပြောပါတယ်။ တသက်လုံး ကိုင်ထားလို့ ရမယ်ဆိုရင် လည်း မလွှတ်တမ်း အာဏာကို ကိုင်ထားဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားလိမ့်မယ် မြန်မာနိုင်ငံမှာ အတိုက်ခံ အင်အားကောင်းဖို့ လက်ခံလိမ့်မယ် မဟုတ်ဖူးလို့ တင်ပြလာပါတယ်။ အဲတော့ ဘာကို သက်သေပြသလဲဆိုရင် မယုံရင် ၂ဝဝ၈ အခြေခံ ဥပဒေကို ကြည့်ထားကြ အဲတာကြီးက အလာကား ထားထားတာ မဟုတ်ဖူးလို့ သတိပေးပါတယ်။ ဆိုလိုတာ ကတော့ အစိုးရဟာ အခြေအနေ မဟန်ရင် စစ်တပ်ကို အာဏာသိမ်းခိုင်း ဦးမယ်လို့ ပြောခြင်တာပါ။ နောက်တချက် ကလည်း အာဏာအမြဲတန်း ရှိနေရင် တိုင်းပြည်ရဲ့ စီးပွားရေးခွင်မှန်သမျှကို သူတို့ အုပ်စီးချင်သလို အုပ်စီးနိုင်တာကိုလည်း ထဲ့တွက်ဖို့ မမေ့နဲ့လို့ သတိပေး ပါသေးတယ်။ သန့်ရှင်းတဲ့ အစိုးရဖြစ်ရမယ်၊ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဖူး၊ ဒေါ်စုနဲ့ တွေ့တယ် စကားပြောတယ် ဘာညာဆိုတာ လူမြင်ကောင်းအောင် အာပလာ လုပ်တာလို့လည်း ဆိုပါတယ်။ အာဏာကို ဘယ်လို အရပ်သားမျိုးမှ မပေး ရေးချ မပေး ဆိုတဲ့ ပေါ်လစီ ဗိုလ်ချုပ်တွေဆီမှာ ရှိနေပါ သေးတယ်တဲ့။ စားပွဲကို လက်ညိုးနဲ့ တဒေါက်ဒေါက် ခေါက်ရင်း အဲသလို သဘောထား တင်းမာတဲ့ ဗိုလ်ချုပ်တွေက အများစု ဖြစ်တယ်လို့ ပြောရင်း သူ့စကားကို အဆုံးသတ်လိုက်ပါတယ်။

ဒုတိယ တဦးကတော့ ပထမလူရဲ့ အဆိုကို ခေါင်းခါရင်း အဲသည်လို့တော့ မဟုတ်သေးဖူး ထင်တယ်ဟု ပြောရင်း သူ့အမြင်ကို ပြောပါတယ်။ ဒုတိယလူက သူကြားထားတယ် ဆိုတာတွေကို ရှင်းပြပါတယ်။ သူက စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တယ် ဆိုတော့ စစ်ဗိုလ်ချုပ်တွေအကြောင်း၊ သူတို့ကြားထဲမှာ ရှိနေတဲ့ အတွင်း ပြဿနာတွေကို ထိုက်သင့်သလောက် သိကြောင်း လည်း စကားခံပါတယ်။ စစ်တပ်ထဲမှာ အုပ်စုကွဲနေတာ အမှန်ပဲတဲ့။ သူသိထားတဲ့ အားကောင်းတဲ့ ဗိုလ်ချုပ်အုပ်စု တခုကတော့ နောက်တကြိမ် ၂ဝ၁၅ ရွေးကောက်ပွဲအထိ အနိုင်ရပြီး အာဏာကို ကိုင်ထားဖို့ လိုတယ်လို့ ဆိုသတဲ့။ အဲသည့် ဗိုလ်ချုပ်အုပ်စုက ၂ဝ၂ဝ ခုနှစ်လောက်ကြမှ ဒေါ်စုနဲ့ အတိုက်ခံ ပေါင်းစုံကို နည်းနည်းလောက် ခေါင်းထောင်ခွင့် ပြန်ပေးသင့်တယ်လို့ တွက်ချက် ထားတယ် ဆိုပဲ။ ခေါင်းပြန်ထောင်ခွင့် ပေးတယ်ဆိုတာ ကလည်း တကမ္ဘာလုံးမှာ ဒီမိုကရေစီ အော်နေတော့ ရေရှည်မှာ ဒါကို လွန်ဆန်ဖို့ ဆိုတာ မဖြစ်နိုင်မှန်းလည်း သူတို့က သိထားလို့ပါတဲ့။ သို့သော်လည်း အတိုက်ခံတွေကို ခေါင်းထောင်ခွင့် ပြန်ပေးတဲ့ ၂ဝ၂ဝ ခုနှစ် မရောက်ခင် စားစရာရှိထားတွေ စားထားကြ၊ ဝါးစရာ ရှိတာတွေ မြန်မြန် ဝါးထားကြ၊ ခါးကြားလိမ်ထားရမယ့် ဟာတွေ လူမသိအောင် လိမ်ကျစ်ထားကြ ဆိုပြီး သူတို့ အချင်းချင်း လက်တို့ ထားတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဒုတိယလူရဲ့ သီအိုရီပါ။

တတိယလူကလည်း သူ့အမြင်ကို ဆွေးနွေးလာပါတယ်။ သူကတော့ နည်းနည်းလေး အကောင်းမြင်တတ်တယ်လို့ မိတ်တွေများ အကြားမှာ သတ်မှတ်ခံရပါတယ်။ ပထမလူနဲ့ ဒုတိယလူဟာ အဆိုးဖက်မြင်တာက နည်းနည်းကဲနေတယ်လို့ သူကတချက်လှမ်း ထောက်လိုက်ပါ သေးတယ်။ သူလည်း စစ်တပ်နဲ့ နီးစပ်တယ်လို့ ဆိုပါတယ်။ စစ်တပ်အသိုင်းအဝိုင်း ဖက်ကနေ သူကြားထား တာက ဒီလိုတဲ့။ အခုစစ်ဗိုလ်ချုပ်တွေထဲမှာ တချို့က အန်အဲဒီကို တရားဝင် ပြန်လည်ဖွဲ့စည်းဖို့ ဆန္ဒရှိနေကြသတဲ့။ အဲတာ ကြောင့် ဒေါ်စုကိုလည်း အဲတာနဲ့ ပတ်သက်ပြီး ကြိတ်ဆွေးနွေး ကြိတ်ညှိထားတယ်လို့ ကြားရကြောင်း ဆိုပြန်ပါတယ်။ ဒါမှ ဒေါ်စု နဲ့ သူရဲ့ပါတီဟာ လာမယ့် ၂ဝ၁၅ မှာ ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ်လို့ ထပ်လောင်း ပြောပါတယ်။ အဲသည့် ဗိုလ်ချုပ်တချို့က ဘာဖြစ်လို့ ဒေါ်စုနဲ့ အန်အယ်ဒီကို နိုင်ငံရေး စင်ပေါ် ပြန်တင်ပေးချင်တာလဲ။ အကြောင်းရှိပါတယ်တဲ့။ ဒေါ်စုနဲ့ ပူးပေါင်းအလုပ်လုပ်ပြီး ကာလတခု ရောက်လို့ စစ်ဗိုလ်အများစုက နိုင်ငံရေးကနေ ခွာရင် သူတို့ လုံခြုံရေးနဲ့ စည်းစိမ်ဥစ္စာကို ဒေါ်စုကသာ အကာအကွယ် ပေးနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲသည့် အုပ်စုကို သမ္မတဦးသိန်းစိန်က ဦးဆောင်နေတယ် လို့လည်း သူက ရဲရဲကြီး ပြောလိုက်သေးတယ်။ တဆက်ထဲမှာလည်း ဦးသိန်းစိန်က အဲသည့် လိုင်းကို အစပျိုးနေတာနဲ့ ပတ်သက်ပြီး သဘောမကျတဲ့ တခြားစစ်ဗိုလ်ချုပ်တွေ နည်းနည်းတော့ ရှိသေးကြောင်း ဆက်ရှင်းပြ ပါတယ်။ ကျန်တဲ့သူတွေက သူ့အယူအဆကို မထောက်ခံဘဲ သူပြောပုံဟာ ရဲဘော်တို့ မကြာမီ ရောင်နီ လာတော့မယ်လို့ ပြောတာမျိုးနဲ့ တူကြောင်း ဝိုင်းပြောကြပါတယ်။

စတုတ္ထလူကတော့ သူသိရ ကြားထားရတာတွေက ဘယ်သူနဲ့မှ မတူဘူးလို့ ဆိုပြန်ပါတယ်။ သူလည်း စစ်တပ်တွင်းက သတင်း ပလင်းတွေ အမြဲရလေ့ရှိတယ်လို့ ပြောပါတယ်။ စစ်တပ်ထဲက လူငယ်ခြေတက် အုပ်စုတစုကတော့ စစ်ဗိုလ်အိုကြီး တွေကို ကြည့်မရတော့ဖူးတဲ့။ ကြိတ်ပစ်ချင်နေတာ ကြာလှပြီလို့ ပြောပါတယ်။ ကြည့်မရတာ ကလည်း ဒီလို။ တိုင်းပြည်ရဲ့ သယံဇာတ တွေကို ကိုယ့်အိတ်ထဲထည့် အောက်ခြေတပ်သားတွေနဲ့ ပြည်သူတွေကိုတော့ ပစ်ထား။ စစ်ဗိုလ်အိုကြီးတွေဟာ အလွန် တကိုယ် ကောင်း ဆန်တာမို့ မကြိုက်ကြတာပါလို့ ပြောပါတယ်။ အခြေအနေ ပေးတာနဲ့ အဲသည့် လူငယ်ခြေတက် စစ်ဗိုလ် အုပ်စုက ဗိုလ် အိုကြီးတွေ ဆီက အာဏာကို သိမ်းယူလိမ့်မယ်၊ အတုအယောင် အရပ်အသား အစိုးရကို ဖျက်ပစ်မယ်၊ ပြီးတော့ ဒေါ်စုနဲ့ပေါင်း မယ်၊ စစ်မှန်တဲ့ ပါတီစုံ ရွေးကောက်ပွဲ ပြန်ကျင်းပလိမ့်မယ်တဲ့။ အဲသည့်အတွက် လူငယ်ခြေတက် စစ်ဗိုလ်တွေကို ကယ်တင်သူ သူရဲကောင်းတွေ အဖြစ် ပြည်သူတွေက ကြိုဆိုလိမ့်မယ်။ ပြောရရင် တချိန်တုန်းက ဖိလစ်ပိုင် နိုင်ငံက ဗိုလ်ချုပ်ရာမို့စ် လက်သစ် အသေးစားလေးတွေလို့တောင် ကင်ပွန်းတပ်လိုက်သေးတယ်။ အဲသည်တော့ ကျန်တဲ့ မိတ်ဆွေများက သူ့ကို ဘယ်သူတွေက လူငယ်ခြေတက်စစ်ဗိုလ် အုပ်စုလဲလို့ ဝိုင်းမေးကြပါတယ်။ စတုတ္ထလူက မေးစေ့ကို သူ့လက်နဲ့ ပွတ်ရင်း ဒါကိုတော့ အခု ချက်ခြင်းကြီး ပြောဖို့ စောသေးကြောင်း၊ အချိန်တန်ရင် သိရမှာ ဖြစ်ကြောင်း သူ့မိတ်ဆွေ များကို နှစ်သိမ့်ပါတယ်။

အာဘောင်အာရင်း သန်သန်နဲ့ စကားတွေ ပြောလို့ဝတော့ မိတ်ဆွေ လေးဦးစလုံး လက်ဖက်ရည်ဖိုး ငွေရှင်းပြီး ထပြန်ကြ ပါတယ်။ လက်ဖက်ရည် ဆိုင်ကို ကျောပေးပြီး ထွက်သွားတဲ့ သူတို့ကိုကြည့်ပြီး ကောင်တာနောက်မှာ ထိုင်နေတဲ့ ဆိုင် ပိုင်ရှင်လူကြီးက “သြော် ပုဏ္ဏားကြီးတို့ အုပ်စု ပြန်မှကိုး” လို့ ရေရွတ်ပါတယ်။

ဒါကို ကြားသွားတဲ့ စားပွဲထိုးကောင်လေးက မျက်မှောင်ကြုတ်ပြီး “ဦးလေး အဲတာ ဘာပြောတာလဲ။ သူတို့က ပုဏ္ဏား လူမျိုး တွေမို့လား၊ ဒါပေမယ့် ရုပ်တွေကတော့ မြန်မာရုပ်တွေပါဗျ” ဆိုပြီး စပ်စုလိုစိတ်နဲ့ မေးပါတယ်။ ဆိုင်ပိုင်ရှင်က စားပွဲထိုးလေးကို ဒီလိုမေးပါတယ် “မင်းတို့ ငယ်ငယ်တုန်းက ကျောင်းမှာ ဆင်ကိုစမ်းတဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက် အကြောင်း သင်ရတယ်မို့လား”။ စားပွဲထိုးလေးက “ဟင့်အင်း ဦးလေး ကျနော်က သူငယ်တန်းကနေ ကျောင်းထွက်လာတာ” လို့ ပြန်ဖြေ တယ်။ ဆိုင်ပိုင်ရှင်က စိတ်မသက်မသာဟန်နဲ့ “အင်း ဒီလိုဆိုရင် မင်းလည်း သူတို့ဝိုင်းက ပြောစကားတွေ နားထောင်ရင်း နားထောင်ရင်းနဲ့ ပုဏ္ဏား နောက်တယောက် တိုးလာမှာ မြင်ယောင်မိသေးကွာ” ဟုဆိုပြီး ဂဏန်း ပေါင်းစက်လေးဖြင့် ကောင်တာမှာ ပေသီးခေါက်နေ လေတော့၏။

ဇော်မင်း
၁၄ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၁ ခုနှစ်

1 comment:

Hmoo said...

ပုဏ္ဏားနဲနဲပိုများပေးပါဗျိုး၊ဗမာပြေကဆင်တွေများသား..
... :)

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.