၁၉၆၉ ခုနှစ်တုန်းက အာဖရိက နိုင်ငံတခုနဲ့ ပတ်သက်တဲ့ သတင်းမှတ်တမ်းကား တခုထွက်လာခဲ့တယ်။ အဲသည့် ခေတ်တုန်း က ရောင်စုံရုပ်ရှင်တွေ ရှိနေပြီ ဆိုပေမယ့် ဒီကားကတော့ အရောင်ကတော့ ရောင်စုံ မဟုတ်သေးပါဖူး။ အဖြူအမဲ ပါပဲ။ ဘာအကြောင်းတုန်း ဆိုတော့ ကင်ညာနိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ ဘဝအခြေနေ ဖြစ်စဉ်အထွေထွေကို ရိုက်ကူးထား တာဖြစ်ပါတယ်။ အဲတာကို ရိုက်ကူးစေဖို့ ဘဏ္ဍာရေး အကူအညီ ထုတ်ပေးခဲ့တဲ့ အဖွဲ့ကတော့ Save the Children ဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ တခါ အဆိုပါ သတင်းမှတ်တမ်းကားကို ရိုက်ကူးခဲ့တဲ့ သူကတော့ ဗြိတိသျှ ဒါရိုက်တာ တဦးဖြစ်တဲ့ ကင်လုပ်ခ်ျ Ken Loach ဆိုသူ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံသားတွေရဲ့ လက်ရှိဘဝကို ဒါရိုက်တာ ကင်လုပ်ခ်ျက ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း မြင်သာအောင် ရိုက်ကူး နိုင်ခဲ့ပါ တယ်။ ပြကွက်တခုမှာတော့ ကင်ညာနိုင်ငံက လူဖြူလူတန်းစား တစုကို အင်တာဗျူးလုပ်တဲ့ အခန်းပါပါတယ်။ လှလှပပ ဝတ်စားထားတဲ့ လူဖြူအမျိုး သမီးတဦးက ကင်ညာနိုင်ငံဟာ အခုအခါမှာ တည်ငြိမ်တဲ့ နိုင်ငံတခုဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင် သမ္မတကလည်း ခေါင်းဆောင်ကောင်း ပီသပြီး ပြည်သူတွေ အတွက် အလုပ်လုပ်ကြောင်း ပြောပါတယ်။ အင်တာဗျူးခံရတဲ့ လူဖြူအမျိုးသမီးနဲ့ အခြားသော လူဖြူအမျိုးသမီး တွေဟာ အဲသည့်အချိန်မှာ ကိုယ်ပိုင်ရေကူးကန် ဘေးမှာ ဝိုင်းထိုင် ပြီး ကော့တေးလ် သောက်နေရင်းက အဗျူးခံတာ ဖြစ်ပါတယ်။ တဆက်ထဲဆိုသလို လူဖြူအမျိုးသမီးက ပြောပါတယ်။ လူမဲတွေလည်း လက်ရှိအုပ်ချုပ်ရေး အောက်မှာ ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် ရှိကြကြောင်း ထပ်လောင်းပြီး ဆိုပါတယ်။ ကင်ညာက လူမဲတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ ဘဝမှာ အခက်အခဲတွေ ရှိသော်လည်း ပျော်အောင်နေတတ် သူတွေလို့လဲ ဖြည့်စွက် လိုက်ပါသေးတယ်။ ကင်ညာနိုင်ငံမှာ လူဖြူတွေရော လူမဲတွေရော အားလုံး အဆင်ပြေ ပျော်ရွှင်နေ ပါတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
နောက်ထပ် ပြကွက်တခုမှာတော့ ကင်ညာနိုင်ငံက လူမဲတွေ လမ်းပေါ် တောင်းစားနေတာတွေ ပါလာပါတယ်။ သူတောင်းစား တွေထဲမှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေရော အစုံ တွေ့ရပါတယ်။ လမ်းပေါ်မှာ သွားလာနေတဲ့ လူမဲများ အားလုံးနီးပါးရဲ့ ဝတ်စားဆင်ယင်မှုဟာ အတော်ကလေး စုတ်စုတ် နုတ်နုတ် နိုင်တာ ကိုလည်း ဒါရိုက်တာက ရိုက်ပြထားပါတယ်။ ကင်ညာလူမဲတွေဟာ အတော်ကြီး ဆင်းရဲကြတယ် ဆိုတာကို ပေါ်လွင်အောင် တင်ပြထား နိုင်တာကို တွေ့ရပါတယ်။ အင်တာဗျူး ခံရတဲ့ ကင်ညာနိုင်ငံသား လူဖြူအမျိုးသမီး ပြောထားတာတွေနဲ့ ဆန့်ကျင်ဖက်တွေကို မြင်နေရတယ် ဆိုတာကို ဒါရိုက်တာက ပညာသားပါပါနဲ့ တင်ဆက်ထားတာပါ။ အတိုချုံးလို့ ပြောရ ရင်တော့ အုပ်ချုပ်သူ လူမဲ လူတန်းစားရယ်၊ အုပ်ချုပ်သူ လူတန်းစားနဲ့ အလွမ်းသင့်တဲ့ လူဖြူတွေနဲ့ တခြားလူမဲတွေ က ကောင်းစားနေပြီး သာမန်လူမဲ လူတန်းစား နိုင်ငံသားအများစု တွေကတော့ မွဲပြာကျနေတာကို အဲသည့် သတင်းမှတ်တမ်း ရုပ်ရှင်ကားအရ သိရပါတယ်။ တဆက်ထဲမှာ ပြောရရင် အဲသလို မွဲပြာကျနေတဲ့ နိုင်ငံသားတွေဟာ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာ လဲ။ ဒါပေမယ့် အဆင်ပြေ နေတဲ့ လူတန်းစားက အဲသည့် နိုင်ငံသားတွေဟာ ဆင်းရဲမွဲတေ နေပေမယ့် သူတို့နည်း သူတို့ဟန်နဲ့ ပျော်ရွှင်နေတဲ့ လူတွေ ဖြစ်တယ်လို့ ပြောတာဟာ ဖြစ်နိုင်ပါ့မလားဆိုတာကို ဒါရိုက်တာ နိုင်းယှဉ်ပြီး တင်ပြထား တာ ဖြစ်ပါတယ်။
အဲသည့် မှတ်တမ်းကားလဲ ပြီးရော ဘာအကြောင်း တွေကြောင့်လဲဆိုတာ အတိအကျ မသိရပေမယ့် Save the Children အဖွဲ့က ဒါရိုက်တာ ကင်လုပ်ခ်ျကို မှတ်တမ်းဖလင်တွေ သူတို့လက်ထဲ အပ်ဖို့ တောင်းဆိုလာပါတယ်။ နောက်ဆုံးတော့ အပ်လိုက်ရပါတယ်။ အဲတာအပြင် ဒါရိုက်တာ ကင်လုပ်ခ်ျဟာ သတင်းမှတ်တမ်းကားကို အဲသလို ရိုက်ကူးရပါ့မလား ဆိုပြီး ထိုခေတ်ထိုကာလက အစိုးရတချို့၊ လူတချို့နဲ့ အဖွဲ့အစည်းတချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုကို အတော်လေး ခံခဲ့ရပါတယ်။ ဆိုတော့ကာ အဲသည့် သတင်းမှတ်တမ်းကားဟာ အဲသည့် ခေတ်ကာလတုန်းက ကမ္ဘာ့ ပရိတ်သတ်ကြီး သိအောင် ပြသခွင့် မရလိုက်ပါဖူး။ သို့သော် ဒါရိုက်တာက ဖလင် ကော်ပီတခု ကူးပြီး သိမ်းထားနိုင် လိုက်ပါတယ်။ နှစ်ပေါင်း ၄၂ နှစ်အကြာ အခု ၂ဝ၁၁ ခုနှစ်မှာ အဲသည့် ဇာတ်လမ်းဟာ ပြန်လို့ ပေါ်လာပါတယ်။ နိုင်ငံတကာ ပရိတ်သတ်များ မကြာခင် ကြည့်ရှု နိုင်တော့ မယ်လို့ ထင်ပါတယ်။
ကင်လုပ်ခ်ျရဲ့ ၁၉၆၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အဆိုပါ သတင်းမှတ်တမ်းကားနဲ့ ပတ်သက်လို့ ဖြစ်ကြောင်းရယ်ကုန်စင်ကို ဘီဘီစီ တီဗွီက ကာယကံရှင် ဒါရိုက်တာနဲ့ အင်တာဗျူး လုပ်ပြီးတော့ မကြားသေးခင်က ထုတ်လွှင့်ပြသခဲ့ပါတယ်။ ကင်လုပ်ခ်ျဟာ ရုပ်ရှင်ကားကောင်း တွေလည်း ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ Kahty come home ဆိုတဲ့ ရုပ်ရှင်ဟာ လူမှုနယ်ပယ် အတွင်းမှာ ရုန်းကန်နေတဲ့ အမျိုးသမီးတဦးရဲ့ ဘဝကို ထင်ဟပ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။ ၁၉၇ဝ ကျော်နှစ်များက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်တွေထဲက တခုလို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ နာမည်ကြီး နောက်ရုပ်ရှင်တကား ကတော့ Kes လို့ အမည်ရတဲ့ ကားဖြစ်ပါတယ်။ လူငယ်လေးတဦး ဖယ်လ်ကွန်လို့ ခေါ်တဲ့ သိန်းငှက်အမျိုးအစား တကောင်ကို မွေးတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇတ်လမ်းရဲ့ ရည်ရွယ်ချက်က လူတယောက်နဲ့ တိရိစ္ဆာန်တကောင် နားလည်မှု တည်ဆောက်ခြင်းလို့ တင်စား ပြောမယ်ဆိုရင် ရပါတယ်။
တချိန်တုန်းက ဒါရိုက်တာ ကင်လုပ်ခ်ျဟာ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေတာ တွေကို ထိထိမိမိ ရှိလှတဲ့ ရုပ်ရှင်တွေ၊ သတင်းမှတ်တမ်းကားတွေ အဖြစ်နဲ့ ရိုက်ကူးတင်ဆက်မှုကြောင့် ထောက်ခံသူတွေ ရှိခဲ့သလို မလိုတမာ ရှိသူတွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံခဲ့ရပါတယ်။ အဲတာနဲ့ ပတ်သက်လို့ ကင်လုပ်ခ်ျက အခုလိုမှတ်ချက်ချပါတယ်။ Journalist should not be attacked for journalistic work “ဂျာနယ်လစ်တဦးဟာ ဂျာနယ်လစ်အလုပ်ကို လုပ်တဲ့အတွက် အတိုက်ခိုက် အကန့်အသတ် မခံရသင့်ဖူး” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုဟာ မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်။ မီဒီယာသမား တဦးဟာ မီဒီယာအလုပ်ကြောင့် အတိုက်အခိုက်ခံရတယ်၊ အကန့်အသတ် ခံရတယ်ဆိုတာ မဖြစ်သင့်ပါဖူး။
သို့သော်လည်း မီဒီယာသမား တဦးဟာ မီဒီယာအလုပ်ကို မှန်မှန်ကန်ကန် မလုပ်ဘဲ မဆောင်ရွက်ဘဲ မီဒီယာကို အကြောင်းပြပြီး (သိုမဟုတ်) အသုံးပြုပြီး နိုင်ငံရေးအလုပ် လုပ်မယ်၊ အကျိုးစီးပွားအတွက် တဖက်ဖက်ကို ဘက်လိုက်မယ်၊ လူမျိုးရေး သက်သက်ဦးတည်တဲ့ အလုပ်တွေ လုပ်မယ်၊ အုပ်ချုပ်သူ လူတန်းစားကိုသာ အရောင်တင်ပေးမယ်၊ အများပြည်သူ သိရှိခွင့် ရှိရမယ့် ကိစ္စတွေကို အမှန်အတိုင်း မသိရလေအောင် ဖုံးဖိမယ်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မယ်၊ ရလိုမှုတခုခု အတွက် ငွေရေးကြေးရေး အရှုတ်အရှင်းတွေ အလွဲသုံးစား လုပ်တာတွေ စသဖြင့် ပြုလုပ်လာမယ် ဆိုရင်တော့ အတိုက်အခိုက်လည်း ခံရမယ်၊ အဝေဖန်လည်း ခံရပါ့မယ်၊ အဆူ အဆဲလည်း ခံရမှာ မလွဲပါဖူး။ ဒါတွေကို ကျနော်တို့ မြန်မာ သတင်းမီဒီယာ သမားများ မှန်မှန်ကန်ကန် မြင်တတ်ဖို့လိုပါတယ်။ ကင်လုပ်ခ်ျတို့လို အရှိကိုအရှိ အတိုင်း တင်ပြရဲတဲ့ ဂျာနယ်လစ်မျိုး သတင်းမီဒီယာသမားမျိုး တွေရဲ့ အတွေ့အကြုံ တွေကို သင်ခန်းစာယူ အတုယူဖို့ လိုတယ်လို့ ပြောလိုပါတယ်။
နိုင်ငံရေးလုပ်တယ် ဆိုတာကတော့ သတင်းမီဒီယာသမားကိုယ်တိုင် ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဖူး။ အကယ်၍ အဲသလိုသာ လုပ်ခဲ့မယ်ဆိုရင်လည်း သတင်းမီဒီယာ သမား ဘဝကို စွန့်လွှတ်ဖို့လိုပါတယ်။ ကျနော် ဆိုလိုချင်တာကို ဥပမာတခုပေးပြီး ပြောရမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီတုန်းက အခြေအနေတခုကို ကိုးကားပြီး ပြောလိုပါတယ်။ သတင်းသမား တဦး၊ ဂျာနယ်လစ်တဦးဟာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေ မြင်နေရတာ တွေကို အရင်းအတိုင်း တင်ပြဖို့သာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ် မဝင်သင့်ဖူး ဆိုတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာ သမားကကိုယ်တိုင်က ရှေ့နေ့လိုက်စရာ မလိုဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲသလိုမျိုး မဟုတ်ဘဲ သတင်းမီဒီယာ သမားကိုယ်တိုင်က ဘာကြောင့် ရွေးကောက်ပွဲဟာ ဝင်ထိုက်တယ် (သို့မဟုတ်) မဝင်ထိုက်ဖူး ဆိုတာကို အာဘောင်အာရင်း သန်သန်နဲ့ အများပြည်သူကို တင်ပြနေတာဟာ ဂျာနယ်လစ်အလုပ်ကို လုပ်နေတာ မဟုတ်ဘဲ ကိုယ်တိုင် နိုင်ငံရေး လုပ်နေခြင်းသာ ဖြစ်သလို အခွင့်အလမ်း တခုခု ရရလိုမှုကြောင့် ဘက်လိုက်တင်ပြ နေတယ် လို့လဲ ပြောနိုင်ပါတယ်။
မြန်မာသတင်းမီဒီယာ သမားများ ဂျာနယ်လစ် အလုပ်များကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်နိုင်ကြပါစေ။
ဇော်မင်း
၆ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၁ ခုနှစ်။
Thursday, October 6, 2011
မီဒီယာနဲ့ ၎င်း၏အလုပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment