အကျဉ်းသားတွေ ၆ဝဝဝ ကျော် လွှတ်ပေးတယ်ဆိုတော့ ကောင်းတာပေါ့။ အချုပ်အနှောင် ဆိုတာ ဘယ်သူမှ နှစ်သက် မြတ်နိုး တဲ့ အရာမဟုတ်ပါဖူး။ ဘယ်သူမှလည်း အချုပ်အနှောင်ထဲမှာ မနေလိုပါဖူး။ ကလေးဘဝတုန်းကတောင် မိဘတွေက အပြင် မထွက်ရ၊ အိမ်ဝင်းထဲမှာလည်း မဆော့ရ စာပဲကျက်နေလို့ ပြောတာကို မလွတ်လပ်ဖူး၊ အချုပ်အနှောင်ထဲ နေရသလိုပဲလို့ ထင်ခဲ့သေးတာကိုး။ အခု ပြန်လွှတ်ပေးလိုက်တဲ့ သူတွေအထဲမှာ မပါတဲ့သူတွေ အတွက်လည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရ ပါတယ်။
တချို့ကတော့ ပြောပါတယ် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဦးရေက အလွန်နည်းနေတယ်တဲ့။ အဲတာ အတွက် အစိုးရကို ဝေဖန်တာတွေလည်း ရှိပါတယ်။ ဝေဖန်စရာ ရှိရင်တော့ ဝေဖန်ရမှာပေါ့။ သို့သော် ကျနော့်စိတ်ထဲမှာ ပေါ်လာတာ တွေကို ပြောချင်ပါတယ်။ အမှန်က နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းဟာ အတော်လေး အကန့်အသတ် ရှိနေပါတယ်။ ယုံကြည်ချက်ကြောင့် (သို့မဟုတ်) ယုံကြည်မှုတခုကြောင့် (သို့မဟုတ်) ယုံကြည်မှုတခုကို ကိုင်စွဲမိလို့ (သို့မဟုတ်) ကိုင်စွဲထားတဲ့ ယုံကြည်မှုကို မစွန့်လွှတ်လို့ (သို့မဟုတ်) ယုံကြည်မှုတခုကို ကိုင်စွဲထားသူ တဦးဦး ကို ထောက်ခံမိလို့ အားပေးမိလို့ (သို့မဟုတ်) ယုံကြည်မှုတခုကို ပြန့်နှံ့အောင် ကြိုးပမ်းမိခဲ့လို့၊ ဆောင်ရွက်ခဲ့လို့ (သို့မဟုတ်) ယုံကြည်မှုတခုအတွက် ခုခံတိုက်ပွဲဝင်ခဲ့လို့ (သို့မဟုတ်) ယုံကြည်မှုတခုအတွက် တိုက်ပွဲဝင်သူနဲ့ ဆွေမျိုးတော်စပ်လို့ (သို့မဟုတ်) ယုံကြည်မှုတခုအတွက် ဆောင်ရွက်သူနဲ့ နီးနီးကပ်ကပ် မိတ်ဆွေ သူငယ်ချင်း ဖြစ်ခဲ့လို့ ဖမ်းဆီးချုပ်နှောင် ခံရပြီး ထောင်သွင်းအကျဉ်းချ ခံရတဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။
အခုကျနော်ဆိုခဲ့တဲ့ အထဲမှာ ယုံကြည်ချက်ကြောင့် ဆိုတာကို အဓိကထားပါတယ်။ နိုင်ငံရေးပါတီမှာ ပါခဲ့တာ မပါခဲ့တာကို ထည့်မပြောပါ။ ကျောင်းသားသမဂ္ဂမှာ ပါခဲ့ခြင်း မပါခဲ့ခြင်းတွေ ထည့်မပြောပါ။ မြေအောက်ကွန်ရက်တွေမှာ ပါဝင် ဆောင်ရွက် ခဲ့ခြင်း ရှိ-မရှိကိုလည်း အလေးပေး ပြောခြင်းမဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ရှိ-မရှိ ဆိုတာကိုလည်း ကျနော် အဓိကထားပြီး မပြောပါ။ ဒီလူတွေလည်း ယုံကြည်ချက် တခုကြောင့် သူတို့ယုံကြည်ရာကို လုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်ငြားလည်း ယုံကြည်ချက် (သို့မဟုတ်) ယုံကြည်ချက် တခုကို ကိုင်စွဲခြင်း ဆိုတာ ဒီထက်မက ဘူးလို့ ပြောလိုပါတယ်။ ဘာကြောင့်တုန်းဆိုတော့ ယုံကြည်မှု တခုခုကြောင့် ဆိုတဲ့ စကားလုံး အသုံးအနှုန်းဟာ တော်တော် ကျယ်ပြန့်တဲ့ သဘာဝနယ်ပယ် ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
လူသားတို့မှာ ရှိရမယ့် ပိုင်ဆိုင်ရမယ့် မွေးရာပါ လွတ်လပ်ခွင့်တွေ ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်ကို အခြေပြုပြီး ချဉ်းကပ်မယ် ဆိုရင် ပိုပြီးတော့ သဘာဝ ကျလိမ့်မယ်လို့ ထင်ပါတယ်။ လူတဦးတယောက်ဟာ ဘာသာရေး ယုံကြည်ချက်ကြောင့်လဲ အကျဉ်း ကျနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးယုံကြည်ချက်ကြောင့် ထောင်ချတယ်လို့ အာဏာပိုင်တွေက တိတိလင်းလင်း ပြောမှာမဟုတ်ပါ။ တခြား ပြစ်မှု ကျူးလွန်လို့ အပြစ်ပေးအရေးယူတယ် လို့ပဲ ဆိုမှာပါ။ အမှုက သေးငယ်ပေမယ့် မွတ်စလင် ဖြစ်နေလို့၊ ခရစ်ယန်ဖြစ်နေလို့ အမြင်ကပ် ခံရပြီး ထောင်မကျသင့်ဘဲ ကျနေရသူတွေလည်း ရှိနိုင်ပါတယ် (သို့မဟုတ်) လိုတာထက် ပိုပြီး ပစ်ဒဏ်ခံရတာမျိုးလဲ ရှိနိုင်ပါသေးတယ်။ မြန်မာမဟုတ်ဘဲ တခြား တိုင်းရင်းသား ဖြစ်နေတဲ့အတွက် လူမျိုးရေးအရ အကြည့်ခံရပြီး အပစ်ဒဏ် ပိုပြီး ခံရသူတွေလဲ ရှိနိုင်ပါတယ်။
မိမိမှာ ရှိရမယ့် အခွင့်အရေးလို့ မှတ်ယူယုံကြည်တဲ့ အတွက် အဲသည့် ယုံကြည်မှုအတွက် ဆောင်ရွက်ရင်း ထောင်သွင်း အကျဉ်း ကျခံရသူတွေလည်း ရှိပါတယ်။ ဥပမာ ပြောရရင် လယ်သိမ်းခံရတဲ့ လယ်သမားတွေပါ။ လယ်ပြန်မရလို့ လမ်းမ ပေါ်ထွက် ဆန္ဒပြရင်း ထောင်နန်းစံရသူတွေကို ကြည့်ရင်မြင်နိုင်ပါတယ်။ အစိုးရကတော့ လယ်သိမ်းတာကို တရား တယ်မတရားဘူး ဘာမှ မပြောဘဲ ဆူပူအောင်လှုံ့ဆော်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချတာ ဖြစ်ပါတယ်။ လယ်သမား ဖက်ကကြည့်ရင် ဒီမြေဒီလယ် တွေဟာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်လာခဲ့တာမို့ သူတို့ပိုင်ဆိုင်တယ်၊ သူတို့အတွက် လွတ်လပ်စွာ ထွန်ယက်ခွင့်၊ စိုက်ပျိုး စားသောက်ခွင့်၊ ရောင်းခြခွင့် ရှိတယ်လို့ ယုံကြည်ထားပြီး ဖြစ်ပါတယ်။ အဲသည့် ယုံကြည်ချက်ကြောင့် သူတို့ရဲ့ အခွင့်အရေးအတွက် သူတို့တိုက်ပွဲဝင်ရင်း ထောင်ချခံရခြင်း ဖြစ်ပါတယ်။ ဒါမျိုးကိုလည်း ယုံကြည်ချက်ကြောင့် ထောင်သွင်း အကျဉ်းခြ ခံရတယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်လို ပြောရရင်တော့ Rights အခွင့်အရေးတိုက်ပွဲ တိုက်ရင်း ထောင်ဒဏ် အပစ်ပေးခြင်း ခံရတာဖြစ်ပါတယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့၊ ၉ဝ ရွေးကောက်ပွဲ အသိ အမှတ်ပြုဖို့ ဆန္ဒပြရင်း အဖမ်းခံရတာမျိုး မဟုတ်ပါ။ သည့်အပြင် သူတို့ဟာ ဘယ်နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့မှ မပတ်သက် တာကိုလည်း တွေ့နိုင်ပါတယ်။ ဆက်စပ်လို့ ပြောရရင် ရှေ့နေကိုဖိုးဖြူ လိုက်နေရတဲ့ အမှုတွေဟာ မတရားသဖြင့် လယ်သိမ်း ခံရတဲ့ လယ်သမားတွေရဲ့ အမှုတွေ ဖြစ်ပါတယ်။ အလိုက်ကောင်းလို့ ရှေ့နေ ကိုဖိုးဖြူ ကိုယ်တိုင်တောင် ထောင်ကျခံခဲ့ရ သေးတယ် မဟုတ်လား။
အဲသလိုပါပဲ။ သတင်းအလိုက်ကောင်းလို့၊ သတင်းအရေးကောင်းလို့ ထောင်ကျခံနေရတဲ့ ဂျာနယ်လစ်တွေလည်း မနည်းလှ ပါဖူး။ သူတို့လည်းဘဲ သတင်းဆိုတာ ပြည်သူတွေ လွတ်လပ်စွာ သိရှိခွင့် ရှိရမယ် ဆိုတဲ့ ယုံကြည်ချက်ကြောင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ ရွှေဝါရောင်တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ကျခံနေရတဲ့ သံဃာတော် တွေလည်း ဒီစာရင်းထဲမှာ ပါဝင်ပါတယ်။ ကိုဇာဂနာတို့လို လူမှုရေးအကူအညီတွေ ပေးရင်း အမြင်ကပ်ပုဒ်မနဲ့ ထောင်ချခံရတဲ့သူတွေ လည်း မြန်မာပြည်မှာ ရှိနေပါသေးတယ်။
အမှန်ကတော့ နိုင်ငံရေးကိစ္စတွေကို တိုက်ရိုက်ဆောင်ရွက်လို့၊ လက်ဝဲလက်ျာ အယူအဆတွေကို ကိုင်စွဲမိလို့ ထောင်ကျ သူများသာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများ မဟုတ်ပါဖူး။ အထက်က ပြောခဲ့တဲ့ ဘာသာခြားတွေ၊ မြန်မာ မဟုတ်သူ တိုင်းရင်းသားတွေ၊ ရှေ့နေတွေ၊ လူမှုရေးဆောင်ရွက်သူတွေ၊ ဂျာနယ်လစ်တွေနဲ့ လယ်သမားတွေလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတဲ့ ကိစ္စတခုထဲဟာ ဘောင်ကျဉ်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေ အားလုံး လွတ်မြောက်ဖို့အတွက်လည်း မဆောင်ရွက်သင့်ဘူးလား။
နောက်တချက်ကတော့ ရာဇဝတ် အကျဉ်းသားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ထောင်ကျနေခံရသူ စစ်စစ်မှန်မှန် ဘယ်လောက်ရှိသလဲ။ အမျိုးမျိုးသော အကျိုးစီးပွားတွေကြောင့် ရာဇဝတ်မှုနဲ့ တမင်ချိတ်ဆက်ပြီး မတရား သဖြင့် ထောင်ချခံရတဲ့ သူတွေကော မရှိနိုင်ဖူးလား။ အဲသလို လူမျိုးတွေ အခုလွှတ်ပေးတဲ့ အထဲမှာ ပါရင်ကော သူတို့အတွက် မကောင်းဘူးလား။ အမှန်တကယ် ရာဇဝတ်မှု ကျူးလွန်သူနဲ့ ရာဇဝတ်မှု မကျူးလွန်ရဘဲ မတရားထောင်ချ ခံရတဲ့ အကျဉ်းသား အမျိုးအစားနဲ့ အရေအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိသလဲ ဆိုတာလည်း ကျနော်တို့ သိဖို့မလိုဘူးလား။ ဘာဖြစ်လို့ တုန်းဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာ ဆယ်စုနှစ် ၅ ခုလောက် ရှိခဲ့ပြီကိုး။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ နိုင်ငံမှာ အစိုးရကနေ ဒီလူဒီလူတွေက ရာဇဝတ် အကျဉ်းသားတွေလို့ ဆိုတိုင်း ယုံကြမှာလား။ လူကောင်းတွေ၊ ရိုးသားသူ တွေ၊ ဆင်းရဲလွန်းလို့ ထောင်ချောက်မှာ ပိတ်မိသူတွေ ဘယ်နှစ်ယောက်လောက် ထောင်ထဲမှာ ရောက်နေကြသလဲ။
တောင်တွင်းကြီးဖက်မှာ လက်ယက်ရေနံတွင်းတွေနဲ့ အသက်မွေးနေသူတွေ ရှိပါတယ်။ ရေနံအထွက်ကောင်းတယ် ကြားကြား ခြင်း ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီနဲ့ အာဏာပိုင်တွေ လက်ဝါးရိုက်ပြီး ရေနံအထွက်ကောင်းတဲ့ နေရာတွေကို သိမ်းလိုက်တယ်။ လျော်ကြေးရတယ်ဆိုတဲ့ ဒေသခံတဦးစ နှစ်ဦးစရှိပေမယ့် ရတဲ့ငွေက အသိမ်းခံရတဲ့ မြေနဲ့နှိုင်းစာရင် ဘာမှ မဖြစ်လောက်ပါဖူး။ လက်ယက်တွင်း သမားတွေ ဆန္ဒပြတော့ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ရာဇဝတ် အကျဉ်းသားလို့ သတ်မှတ်တယ်။ ဒါဟာ အဲသည့် သူတွေနဲ့ သူတို့မိသားစုတွေ အတွက် မနစ်နာလွန်းဖူးလား။ ဥပေဒစိုးမိုးမှု မရှိတာကို ထောက်ပြတာပါ။ ဥပဒေစိုးမိုးမှု မရှိတဲ့ အစိုးရအောက်မှာ ရာဇဝတ် အကျဉ်းသားလို့ နာမည်တတ်ထား တာတောင်မှ သူတို့ဟာ တကယ့် ရာဇဝတ်မှု ကျူးလွန်သူ တွေ ဟုတ်မဟုတ် ဆန်းစစ်တဲ့ အမြင်နဲ့ကြည့်ဖို့ လိုပါသေးတယ်။
နောက်ထပ်တချက်ကတော့ အခုလို နိုင်ငံရေးအကျဉ်းသား အနည်းငယ်အပါအဝင် အကျဉ်းသား ၆ဝဝဝ ကျော်ကို လွှတ်ပေးတာ အပြုသဘော ဆောင်တဲ့လုပ်ရပ်ဖြစ်လို့ ကြိုဆိုကြောင်း ပြောကြပါတယ်။ ကျနော်ကတော့ အဲသလို မမြင်ပါဖူး။ အာဏာပိုင် တွေက ဒီလူတွေကို မတရားဖမ်းထား ခဲ့တာဘဲ။ ပြန်လွှတ်ပေးရမှာပေါ့။ လွတ်လာသူတွေအတွက် ဝမ်းသာတယ်။ သို့သော် ဒီလောက်နဲ့တော့ မကြိုဆိုနိုင်သေးဖူး။ အထဲက နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ကတော့ နိုင်ငံရေး ချိန်ခွင်ညှာအရ သံခင်း တမန်ခင်းလို ပြောရတာကို နားလည်ပေးနိုင်ပါတယ်။ သို့သော် တိုင်းပြည်ပြင်ပ လွတ်လပ်တဲ့ နေရာမှာ ရောက်နေတဲ့ သူတွေကပါ ရောယောင်ပြီး သံကြီးတမန်ကြီးများလို ပြောနေတာကိုတော့ နားအရသာ မခံနိုင်ပါ၊ နိုင်ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းများသား အားလုံးကို လွှတ်ပေးရင်တောင်မှ ကောင်းတယ်လို့ ပြောတာ ကလွဲလို့ မကြိုဆိုနိုင်သေးဖူး။ ဟုတ်ပြီ ဒါဖြင့်ရင် ခင်ဗျားက ဘယ်တော့မှ ကြိုဆိုမှာလဲလို့ မေးတဲ့သူလည်း ရှိပါလိမ့်မယ်။ လက်ခုပ်တီးပြီး ကြိုဆိုမှာကတော့ နောင်မှာ နိုင်ငံသားတွေ ငြိမ်းချမ်းစွာ မိမိဆန္ဒကို ထုတ်ဖော်ပြသတာနဲ့ ပတ်သက်လို့ အဲတာကို သူတို့ရဲ့ အခွင့်အရေးတခုလို့ လက်ခံပြီး မဖမ်းမဆီး ထောင်မချဘဲ ကျင့်ကြံနိုင်တဲ့ ကာလကျမှ ကြိုဆိုမှာ ဖြစ်ပါတယ်။
အပိတ်အနေနဲ့ ပြောရရင် ဒေါ်စုကိုယ်တိုင်တောင် တခါတုန်းက ပြောထားတာ ရှိခဲ့တယ်မို့လား။ We want the whole world to know that we all are prisoners in our own country. “ကျမတို့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ ကိုယ့်တိုင်းပြည်ထဲမှာ အကျဉ်းသားတွေ ဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိစေ ချင်ပါတယ်။”
ဇော်မင်း
၁၃ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၁ ခုနှစ်
Thursday, October 13, 2011
အားလုံးအကျဉ်းသားတွေပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment