စေ့စပ်ဆွေးနွေး အဖြေရှာတယ်ဆိုတာ ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းဖို့အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ တချိန်ထဲမှာ စေ့စပ်ဆွေးနွေးနေတုန်း မလိုလားအပ်တဲ့ အနှောက်အယှက်တွေ ဝင်လာတတ်တယ် ဆိုတာကလည်း ရှောင်လွှဲလို့ မရတဲ့ သဘာဝ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းကြတဲ့အခါမှာ မိမိထင်ထား သလောက် ငြိမ်းငြိမ်းချမ်းချမ်း ချောချော မွေ့မွေ့နဲ့ အဆင်ပြေသွားတယ် ဆိုတာ အလွန်ရှားပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ တဲ့ အခါမျိုးမှာ ပေးဆပ်ရတဲ့ တန်ဖိုးတွေက များလှပါတယ်။ ပေးဆပ်ရတဲ့ လူတန်းစားကလည်း အုပ်ချုပ်ခံ လူတန်းစားပဲ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ လူတန်းစားကပဲ အာဏာရှင်ကို အာခံတာကိုး။ အုပ်ချုပ်သူ လူတန်းစားနဲ့ သူတို့ရဲ့ စီးပွားဖက်တွေ ကတော့ များသောအားဖြင့် ဒီလိုလှုပ်ရှားမှုတွေမှာ ပါလေ့မရှိပါဖူး။ အာခံတဲ့ လူတန်းစား ရှိလာတာကြောင့် အာဏာရှင် နိုင်ငံ တွေမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ ရှိလာရပါတယ်။ စောစောက ပြောခဲ့သလို စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို ဆောင်ရွက် နေတုန်း ထောင့်ပေါင်းစုံက ဝင်လာတဲ့ အနှောင့်အယှက်တွေ ရှိနေပါတယ်။ တချို့အနေနဲ့ စေ့စပ် ဆွေးနွေးရေးကို သဘော မကျတာက ကိုယ်က ခံရဖက်ကချည်းပဲ နေလာခဲ့ရတဲ့ ခံစားချက်ကြောင့်။ တချို့ကတော့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ပေါ်လစီ ဆိုတဲ့ ပေတံနဲ့တိုင်းပြီး သဘောမကျတာ။ တချို့ကတော့ ကိုယ်မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ကို ဝင်ဖောက်ချင်တာ။ တချို့ကတော့ ကိုယ့်အုပ်စုပဲ အသာစီး ရလိုမှု စိတ်ဆန္ဒကြောင့် လက်မခံတာ။ ပြောမယ်ဆိုရင် နောက်ထပ် အများ ကျန်ပါ သေး တယ်။ ဒီလိုအနှောက်အယှက်မျိုးဟာ နှစ်ဖက်စလုံးမှာ ရှိတတ်ပါတယ်။
အခုမြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေကလည်း စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းအစကို ဦးတည်နေတယ်လို့ ပြောမယ် ဆိုရင် ပြောနိုင်ပါတယ်။ သို့သော် တကယ်ပဲ ပြောဆိုဆွေးနွေး နေပြီလား ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာတော့ အစဦးပဲ ရှိသေးတာမို့ လူများစုအနေနဲ့ မသိနိုင်သေးဘဲ ကာယကံရှင် ခေါင်းဆောင်များ အတွင်းမှာသာ သိကြပါလိမ့်မယ်။ ဒီနေရာမှာ တောင်အာဖရိက နိုင်ငံရဲ့ ဖြစ်စဉ်ကို သွားမြင်မိပါတယ်။ တချို့ကတော့ ဆိုပါလိမ့်မယ် တောင်အာဖရိကနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက မတူဖူး။ လာပြောမနေနဲ့။ စာအုပ်လေး တအုပ်လောက် ဖတ်ပြီး ဆရာလာမလုပ်နဲ့ ဆိုတဲ့ တုံ့ပြန်မှုတွေ ရှိတာကိုလည်း သတိထားမိပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူဖူးဆိုတာ ကတော့ ဟုတ်ပါတယ်။ ရေမြေ သဘာဝ ကွာခြားတာကိုး။ ဒါပေမယ့် လူသားတို့အကြားမှာ တူတာတွေ ရှိနေတာကတော့ ဟိုကမ္ဘာဦး စကတဲကလို့ ဆိုနိုင်ပါတယ်။
ဥပမာ တခုလောက်ပြောရရင် မြန်မာပဒေသရာဇ်နဲ့ အနောက်တိုင်း ပဒေသရာဇ်တွေမှာ ဘာတွေကွာလဲ။ ကွာခြားတာတွေ မတူတာတွေ အများကြီး ရှိတာမို့ အထူးမပြောလိုပါဖူး။ သို့သော် ဘုရင်ဆိုတဲ့ ရာထူးအာဏာ ပြုတ်မသွားအောင် အမျိုးမျိုး ကြားကန်တဲ့ နည်းနာတွေမှာတော့ တူပါတယ်။ နန်းစည်းစိမ်ကို ထိပါးမယ့်သူဆိုရင် တစိမ်းမပြောနဲ့ ကိုယ့်သွေးကိုယ့်သား ကိုတောင် ဂုတ်ဆွဲပြီး တောင်စွယ်နေကွယ် လုပ်ပစ်လိုက်တာ ကတော့ ဘယ်နိုင်ငံက ပဒေသရာဇ်မဆို အတူတူပါပဲ။ တိုက်ရိုက် ပဒေသရာဇ် စနစ်နဲ့ အုပ်ချုပ်တာကို လူတွေမကြိုက်တဲ့အတွက် နောက်ပိုင်းမှာတော့ ဘုရင့်နိုင်ငံတွေ ကျဆုံး ခဲ့ရပြီး သာမန် လူတန်းစားတွေ အစိုးရဖြစ်လာ ခဲ့တာပါ။ အခုခေတ်မှာတော့ ဒီမိုကရေစီပေါ့။ ကျနော်တို့ မြန်မာလူမျိုး တချို့တွေ ပြော့လေ့ ပြောထ ရှိတာ တခုရှိပါတယ်။ အဲတာကတော့ နိုင်ငံခြားဟာတွေ လာပြောမနေနဲ့။ ဒါကမြန်မာပြည် သူတို့နဲ့ တို့မတူဘူး ဆိုတဲ့ အမြင်အပြောတွေ ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်နဲ့ ကိုယ်က မတူဘူးလို့လဲ ဆိုနေပေမယ့် တချိန်ထဲမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ကြည့်လိုက်ရင် အနောက်တိုင်းက ကူးစက်လာတဲ့ စနစ်တွေ မဟုတ်ဘူးလား။ ဘယ်သူမှ အခုခေတ်မှာ ရှေးရိုး ဘုန်းကြီးကျောင်း ပညာရေးသာ လိုက်စားမယ် နိုင်ငံခြားကလာတဲ့ ပညာရေးကို အတု မယူဘူးလို့ မပြောပါဖူး။ ပြောရရင် ဗုဒ္ဓဘာသာတောင် နိုင်ငံခြားက လာတာမဟုတ်ဖူးလား။ ဘုရားရှင်လည်း လူမျိုးခြား မဟုတ်ပေဖူးလား။ ပါလီမန် ဒီမိုကရေစီ ဆိုတာလည်း အနောက်တိုင်းကဟာ မဟုတ်ဖူးလား။ ကိုင်း ပညာရေးကော၊ နိုင်ငံရေးကော ဘာသာရေးပါ နိုင်ငံခြားလာတာ မဟုတ်ဖူးလို့ ငြင်းကြဦးမလား။ ကိုယ့်မှာမရှိခဲ့တဲ့ အရာတွေကို ကိုယ့်လူ့ အဖွဲ့အစည်း အတွက် လိုအပ်တဲ့အခါမှာ စုတုပြု လုပ်ကြရတာကိုး။ မာနဆိုတာ လိုအပ်တဲ့နေရာအတွက်သာ အသုံးဝင် ပါတယ်။ မလိုတဲ့နေရာမှာ မာနကို ခဏခဏ ထုတ်သုံး တာဟာ လမ်းမှားကို ရောက်စေပါတယ်။
တောင်အာဖရိကကို ပြန်သွားပါ့မယ်။ သူတို့ နိုင်ငံသား လူမဲတွေလည်း တချိန်က လူဖြူအာဏာရှင် အသားအရောင်ခွဲခြား သူတွေကို ဆန့်ကျင်တိုက်ခဲ့တဲ့ သူတွေပါ။ မြန်မာနိုင်ငံသားတွေလည်း အာဏာရှင်စနစ်ကို မကြိုက်လို့ တိုက်နေကြတာပဲ။ ဒီနေရာမှာ လွတ်မြောက်လိုတဲ ဆန္ဒက အတူတူပဲလို့ ဆိုနိုင်ပါတယ်။ အဲသည်တုန်းက လူဦးရေ ၁၅ သန်းလောက် (ခန့်မှန်းခြေ) ရှိတဲ့ တောင်အာဖရိက နိုင်ငံမှာ လွတ်မြောက်ရေး တိုက်ပွဲ ကာလအတွင်း ကြိုးပမ်းစဉ်အခါက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်း သား ၂၅, ဝဝဝ (နှစ်သောင်းငါးထောင်) ကျော် ရှိခဲ့ဖူးတယ်။ အခု လူဦးရေ သန်းပေါင်း ၆ဝ (ခန့်မှန်းခြေ) နီးပါးရှိတဲ့ မြန်မာ နိုင်ငံမှာ အာဏာရှင်ကို ဆန့်ကျင်ရင်း ထောင်ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,ဝဝဝ ပတ်ဝန်းကျင် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာတော့ ကွာဟချက် ရှိနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ငါတို့ မြန်မာနိုင်ငံက တိုက်ပွဲက သူများ နိုင်ငံက တိုက်ပွဲ တွေထက် ပိုပြင်းထန်တယ်လို့ ပြောရင် မှန်နိုင်ပါ့မလား။ မြင်သာအောင် ထောက်ပြတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၅,ဝဝဝ ကျော်ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံလည်း စေ့စပ်ဆွေးနွေးရေးနဲ့ ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ်။ အခု နိုင်ငံရေး အကျဉ်းသား ၂,ဝဝဝ ဝန်းကျင်ရှိနေတဲ့ မြန်မာပြည်လည်း စေ့စပ်ဆွေးနွေးရေးနဲ့ ပြောင်းလဲ အောင် ဒေါ်စုအပါအဝင် ခေါင်းဆောင်များက ကြိုးစားနေပါတယ်။ ဒေါ်စုအပေါ်မှာ အားမလို အားမရဖြစ်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ အခုမှ စလုံးရေစ အခြေအနေဆိုတော့ စိတ်ရှည်မှုနဲ့အတူ လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။ အဲသလို စောင့်ကြည့်ရင်းနဲ့ လိုအပ်တာတွေ တွေ့ရင် စနစ်တကျ ချင့်ချိန်ပြီး ဝေဖန်ထောက်ပြပေါ့။ အဲသည့်အတွက် နိုင်ငံသားတိုင်း မှာ အခွင့်အရေး ရှိပါတယ်။
တောင်အာဖရိက နိုင်ငံရဲ့ စေ့စပ်ဆွေးနွေးရေးဟာ နယ်ဆင် မင်ဒဲလား သမတအဖြစ် အရွေးခံရတဲ့ ၁၉၉၄ ခုနှစ်အထိ လေးနှစ်ကြာခဲ့ ပါတယ်။ ၁၉၉ဝ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်အတွင်း စေ့စပ်ဆွေးနွေးရေး အောင်မြင်ဖို့အတွက် သမတ ဒီကလပ် ဦးဆောင်တဲ့ လူဖြူအစိုးရနဲ့ နယ်ဆင်မင်ဒဲလား ဦးဆောင်တဲ့ လူမဲအတိုက်အခံ ခေါင်းဆောင်တွေဟာ သူတို့ နဂိုက ကိုင်စွဲ ထားတဲ့ ရပ်တည်ချက်တွေ၊ ပေါ်လစီတွေကို အပြန်အလှန် လျှော့ပေးကြရ ပါတယ်။ ဒီနေရာမှာ မြင်ရတာက အဲသလို ရပ်တည်ချက်တွေကို အလျှော့ပေးခဲ့တာဟာ တဖက်နဲ့ တဖက် အပြုတ်တိုက် အနိုင်ယူဖို့အတွက် အကွက်ဆင်ပြီး လုပ်တာ မဟုတ်ပါဘူး။ နစ်နာနေတဲ့ တိုင်းပြည်ကို ပြန်လည်ဆည်မဖို့ အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် အလျှော့ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ စေ့စပ် ဆွေးနွေးရေး ဖြစ်စဉ်အတွင်း ပထမ အဆင့်လို့ ဆိုနိုင်ပါတယ်။ အဲသလို အလျှော့ပေး ဆောင်ရွက် နေစဉ် အတွင်းမှာ နှစ်ဖက် ခေါင်းဆောင်တွေဟာ ယုံကြည်မှုကို ဆက်လက် တည်ဆောက်ကြရပါတယ်။ မြန်မာ အာဏာရှင် တွေက ဒီကလပ်လို ဟုတ်ပါ့မလားလို့ သံသယ ဝင်မယ်ဆိုရင်လည်း ဝင်နိုင်ပါတယ်။ တလျှောက်လုံးက လိမ်လာခဲ့ တာကိုး။ ဒါပေမယ့် ဒီကနေ့ ဖြစ်စဉ် ကိုတော့ စောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုပါတယ်။
လေးနှစ်ကြာမြင့်ခဲ့တဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကာလမှာ ထူးခြားချက် တခုကတော့ တောင်အာဖရိက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုလည်း မပိတ်ပင်ဘဲ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒီကလပ်တို့ လူဖြူအစိုးရဖက်က လျှော့ပေးခဲ့ ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို အချိန်မှာပဲ စေ့စပ်ဆွေးနွေးရေးကို ပျက်စီးအောင် နှောက်ယှက်တာတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ အဲသလို အနှောက်အယှက် တွေကြောင့် ခေါင်းဆောင် နှစ်ဦးနှစ်ဖက်အတွင်း အဆင့် တခုအထိ ရရှိလာခဲ့တဲ့ ရလဒ်တွေကို ပြန်ပြီး ဆုံးရှုံး မသွားရအောင် ထိန်းသိမ်းရတာက ပိုပြီးခက်ခဲတယ် ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။ အကယ်၍ နှစ်ဖက်ခေါင်းဆောင် တွေဟာ ဆန္ဒစွဲတွေ၊ မခံချင်စိတ်တွေနဲ့ အနှောင့်အယှက်တွေ နောက်ကို လိုက်မိရင် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဟာ နောက်ကို ပြန်လှည့်သွားနိုင်ပါတယ်။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ် နောက်ပြန်လှည့် မသွားရအောင် နှစ်ဖက်ခေါင်းဆောင်တွေဟာ သတိကြီးကြီး ဉာဏ်ကြီးကြီးထားပြီး ပြဿနာပေါင်း မြောက်များစွာကို ရင်ဆိုင်ဖြေရှင်း ခဲ့ရပါတယ်။
အဲဒီအချိန်မှာ စေ့စပ်ဆွေးနွေးရေးကို မလိုလားတဲ့ အစွန်းရောက် လူမဲအဖွဲ့ အစည်းတွေနဲ့ အစွန်းရောက်လူဖြူ အဖွဲ့အစည်း တချို့ တဖက်နဲ့ တဖက် အပြန်အလှန် ကိုယ်ထိ လက်ရောက် သတ်ဖြတ်တာတွေလည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် ရိုးရိုးသားသားနဲ့ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူမဲပြည်သူများကို အာဏာပိုင်တွေ ဖက်ကလည်း ဒီအတိုင်း လွှတ်ထားတာ မဟုတ်ပါဖူး။ ရဲ၊ ထောက်လှမ်းရေး အစရှိတဲ့ အာဏာပိုင်များက လစ်ရင်လစ်သလို ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ခြတာတွေကိုလည်း စေ့စပ်ဆွေးနွေးရေး လုပ်နေတဲ့ လေးနှစ်အတွင်းမှာ ဆက်ပြီးတွေ့နေရဆဲ ဖြစ်ပါတယ်။ လူဖြူအစိုးရ နဲ့ လူမဲအတိုက်ခံတွေ စေ့စပ်ဆွေးနွေးရေး လုပ်နေတဲ့ အဆိုပါလေးနှစ်တာ ကာလအတွင်းမှာ အာဏာပိုင်တွေ ကြောင့်ရယ် အစွန်းရောက် အဖွဲအစည်းများ အချင်းချင်းရဲ့ ပဋိပက္ခ များကြောင့် သေဆုံးခဲ့ရတဲ့ လူမဲ ဦးရေဟာ တသောင်းကျော် ရှိတယ်လို့ လေ့လာသူများက ဆိုထားပါတယ်။ လူတသောင်းကျော်လောက် သေခဲ့ရတာဟာ တကယ်တန်းပြောမယ် ဆိုရင် စေ့စပ် ဆွေးနွေးရေး လမ်းကြောင်း ပျက်စေဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ အလွယ်ပြောမယ် ဆိုရင် ဒီလောက်တောင် တို့ဖက်ကသေထားမှတော့ စေ့စပ်ဆွေးနွေးရေးကို မယုံတော့ဖူး။ မထူးဖူး ပြန်ချကွာ ဆိုတဲ့ ရွေးချယ်မှုမျိုးတွေ ပြန်ဖြစ်လာနိုင် ပါတယ်။ သို့သော်လည်း အနှောက်အယှက်တွေနဲ့ ပဋိပက္ခ ပေါင်း များစွာကို ရင်ဆိုင်နေရပေမယ့် လူဖြူသမတ ဒီကလပ်နဲ့ လူမဲခေါင်းဆောင် နယ်ဆင်မင်ဒဲလား တို့ဟာ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကို အပျက်အစီး အထိအခိုက် မခံဘဲ ဆက်လက်ဆောင်ရွက် နိုင်ခဲ့တာဟာ အဲသည့် ခေါင်းဆောင်တွေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့်လို့ ပြောနိုင်ပါတယ်။
အနှောက်အယှက်က ဘယ်လောက်များအထိ ပေါသလဲဆိုရင် ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် တရက်အလိုအထိ ဗုံးခွဲတိုက်ခိုက်တာတွေ အပါအဝင် ပြဿနာပေါင်း မျိုးစုံကို နှစ်ဖက်ခေါင်းဆောင်များ ရင်ဆိုင်ခဲ့ရပါတယ်။ တဆက်ထဲမှာ လည်း နှစ်ဖက်ခေါင်းဆောင်တွေဟာ စေ့စပ်ဆွေးနွေးရေးကို မလိုလားတဲ့အတွက် နှောက်ယှက်နေတဲ့ အဖွဲ့အစည်းတွေကို လည်း စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ထဲမှာ ပါဝင်လာအောင် အခက်အခဲ တွေကြားက ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးလို့ မင်ဒဲလား အနိုင်ရတာတောင် လူဖြူအုပ်စု တချို့နဲ့ လူမဲအုပ်စု တချို့အကြား၊ တခါ လူမဲအုပ်စု အချင်းချင်း စသဖြင့် ဆက်ပြီး သတ်ကြဖြတ်ကြ တာတွေ ရှိနေပါသေးတယ်။
ပြန်ကောက်ရရင် ၁၉၉ဝ ကနေ ၁၉၉၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံရဲ့ စေ့စပ် ဆွေးနွေးရေး ဖြစ်စဉ် မှာ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို မပိတ်ပင်ဘဲ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ အတွက် သင်ခန်းစာယူဖို့ နမူယူဖို့ ကောင်းတဲ့အချက်တွေ ဖြစ်ပါတယ်။ အဲသလို အခြေအနေမျိုးတွေကို ကိုးကားပြီး မြန်မာပြည် မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလို့ ဆိုချင် ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတာလည်း လူသားတွေ ဖြစ်လေတော့ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို သဘောတူတဲ့သူ ရှိသလို ကန့်ကွက်တဲ့ သူများလည်း ရှိလာနိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသိဉာဏ်နဲ့ လုပ်အား ထည့်ဝင်မှုကို တိုင်းပြည်ပြည်လည် တည်ဆောက်ရေးနဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်တွေမှာ အသုံးပြုဖို့ လိုပါတယ်။
မည်သို့ပင် ဆိုစေကာမူ ခေါင်းဆောင်များရဲ့ သံန္နိဋ္ဌာန်နဲ့ အမျှော်အမြင်ကြီးမားမှု၊ နိုင်ငံသား အများစုရဲ့ ဆန္ဒနဲ့ ရွေးချယ်မှုတွေ ကသာ နောက်ဆုံးမှာ အဆုံးအဖြတ်ပေး သွားလိမ့်မယ်လို့ သုံးသပ်မိပါကြောင်း။
ဇော်မင်း
၁၉ ရက် အောက်တိုဘာလ ၂ဝ၁၁ ခုနှစ်။
Wednesday, October 19, 2011
နိုင်ငံ့အရေး လူတွေအရေးနဲ့ စေ့စပ်ဆွေးနွေးရေး
Subscribe to:
Post Comments (Atom)
1 comment:
ကျနော့ပုဂ္ဂလိကအမြင်မှာတော့၊ဒီနေ့
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးက
တခြားနေ့တွေရဲ့...
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး
ထက်ပိုအရေးကြီး တယ်
ဘာလို့ ဆိုတော့ တိုင်းပြေတကယ်ပြောင်းလည်း မယ်ဆို ဒီအစိုးရပေါ်လူတွေယုံကြည် လာမှပြောင်းလည်း ဖို့ လမ်းတွေမှန်မှန်ကန်ကန်ရှာနိုင်မယ်လို့ ရုံကြည်မိတယ်
Post a Comment