ယေဘုယျအားဖြင့် ပြောရရင် စစ်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရတဲ့ အလုပ် ဟာ မလုပ်မဖြစ် လုပ်ကြရပါတယ်။ ကြိုတင်ပြင်ဆင် ထားတာကလဲ မရှိ၊ စိတ်လိုက်မာန်ပါလည်း လုပ်မယ်ဆိုရင် ဆုံးရှုံးပါတယ်။ အောင်ပွဲနဲ့ ဝေးသထက် ဝေးတတ်ပါတယ်။ အဲတာ အပြင်ကြားထဲမှာလည်း ကုန်ခမ်းသွားတဲ့ အရာတွေ အတွက် ထပ်မံဖြည့် တင်း ရတာတွေကိုလည်း မဖြစ်မနေ လုပ်ရပါတယ်။ တခါ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်၊ အောင်ပွဲရအောင် ဘယ်လို နည်းနာတွေကို သုံးမှာလဲ ဆိုတာကို တွက်ချက်ပြီး အသုံးပြုရပါတယ်။ နောက်ဆုံး အရေးကြီးတဲ့ အချက်ကတော့ မိမိလိုချင်တဲ့ အဆုံးသတ်အဖြေဟာ ဘာလဲ ဆိုတာကလဲ ကိုယ်ကိုတိုင်း ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုပါတယ်။ အဆုံးသတ်အဖြေ မတိကျရင်၊ မတင်မကျဖြစ်နေရင် ရှေ့ကလုပ်လာခဲ့တာတွေ၊ ပြင်ဆင်တာတွေ ကောင်းမွန်တယ် ထားဦး၊ နောက်ဆုံးမှာ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာမျိုး ဖြစ်တတ်ပါသေးတယ်။
Preparation ကြိုတင်ပြင်ဆင်ခြင်း ဆိုတဲ့အောက်မှာ လုပ်ရမယ့်အလုပ်တွေ
မိမိမှာရှိရမယ့် (သို့မဟုတ်) ရှိထားတဲ့ တိုက်ပွဲဝင်အင်အား number of force က ဘယ်လောက်တုန်း၊ ပြီးရင် အဲသည့် အင်အား တွေရဲ့ အရည်အသွေး skill ဒါမှမဟုတ် စွမ်းရည် capacity အခြေအနေကို သေသေချာချာ သိထားဖို့လိုပါတယ်။ ဆိုလိုတာက ကိုယ့်တပ် ကိုယ့်အင်အားဟာ ဘယ်လိုတိုက်ပွဲမျိုးတွေနဲ့ သင့်တော်ပြီး၊ ဘယ်လိုတိုက်ပွဲမျိုးတွေနဲ့ မသင့်တော် ဘူးလဲ ဆိုတာကို နားလည်ဖို့ လိုပါတယ်။ တိုက်ပွဲတိုက်ပြီး အောင်ပွဲမရတဲ့ အခါမျိုးကျမှ တပ်သားတွေ ညံ့လို့ အောင်ပွဲ မရတာလို့ တပ်မှူးလုပ်တဲ့ သူက သတ္ထုချခွင့် မရှိဖူး။ ကိုယ့်တပ်သားတွေက ညံ့နေသေးတယ် ဒီလိုမျိုးတိုက်ပွဲတွေကို မတိုက်နိုင်သေးဖူး ဆိုတာကို တပ်မှူး လုပ်သူက ကြိုတင်သိထားရင်၊ နားလည်ထားရင် ကိုယ့်တပ်သားတွေကို အရည်အချင်း အရည်အသွေး ပြည့်ဝလာအောင် အရင်တပ်ဆင်လေ့ကျင့်ပေးဖို့ လိုတယ်။ အဲသလိုလေ့ကျင့် ပေးတဲ့နေရာမှာလည်း တဗိုလ်ကျသွားရင် တဗိုလ်တက်နိုင်အောင် စီမံထားတာမျိုး ဖြစ်သင့်တယ်။ လိုအပ်တဲ့ နည်းနာပေါင်းမျိုးစုံနဲ့ ယဉ်ပါးအောင် လေ့ကျင့်ပေးဖို့ကလည်း မဖြစ်မနေ လုပ်ရမယ့် အလုပ်ပါ။ အခြေအနေ မပေးသေးတဲ့ အခါမှာ နေသေးသပ ခြုံထဲက ချိုသွေးလို့ တမြမြဆိုတဲ့ လမ်းစဉ်အတိုင်း ပြင်ဆင်နေ သင့်တယ်။
Emotion ခံစားချက်နောက်လိုက်ပြီး စိတ်လိုက်မာန်ပါ လုပ်တာမျိုး၊ ဘက်လိုက်တာမျိုးကို ကြပ်ကြပ်ရှောင်ရှားပါ။
ဆိုလိုတာကတော့ ခေါင်းအေးအေးနဲ့ တဆင့်ခြင်း လုပ်ကိုင်ဆောင်ရွက်ပါလို့ ပြောချင်တာပါ။ ခံစားချက်နောက် လိုက်တယ် ဆိုတဲ့အထဲမှာ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ညှိုးခြင်း၊ အာဃာတစိတ်တွေ တဖွားဖွား ပေါ်လာခြင်း စတာတွေ ယေဘုယျအားဖြင့် ပါဝင်နေပါတယ်။ အဲတာတွေ အပြင် ငါနဲ့လိုင်းတူတဲ့ သူနဲ့မှ အလုပ်လုပ်မယ်၊ လိုင်းမတူတဲ့သူ ဆိုရင် ဘယ်လောက် အရည်အချင်းရှိရှိ အသာလေး ဘေးကပ်ပြီး ချောင်ထိုးထားလိုက်၊ လိုင်းတူတဲ့သူ ဘယ်လောက် အမှား လုပ်လုပ် ဖုံးဖိပေးထားခြင်း စတာတွေဟာလည်း အီမိုးရှင်း ပြဿနာထဲမှာ အကြုံးဝင်ပါတယ်။ နောက်တချက် ကတော့ ကာလ နဲ့ မကိုက်ညီတော့တဲ့ ပေါ်လစီတခုကို အသေစွဲကိုင်တာဟာလည်း ခံစားချက် ပြဿနာထဲက အစိတ် အပိုင်း တခုဖြစ်တယ်။
Strategy and tactics မဟာဗျူဟာနဲ့ နည်းနာများ
မဟာဗျူဟာ တခုလုံးကတော့ များသောအားဖြင့် ခုပြင်ခုပြောင်း လုပ်လေ့မရှိဖူး။ ဒါပေမယ့် နည်းနာကတော့ အခြေအနေ အချိန်အခါကိုလိုက်ပြီး လိုအပ်ရင်လိုအပ်သလို ပြောင်းလွယ်ပြင်လွယ် ရှိရမယ်။ ပြောင်းလွယ်ပြင်လွယ် မရှိဘဲ rigid မာမာ တောင့်တောင့်ကြီး ဖြစ်နေရင် ကိုယ်ပဲ ဆုံးရှုံးရတတ်တယ်။ နည်းနာကို ပြောင်းလိုက်တဲ့အတွက် ခံနိုင်ရည် ရှိရမယ်။ ခံနိုင်ရည် မရှိရင် မဟာဗျူဟာပါ ပြောင်းကုန် ကြပြီလားဆိုပြီး အထင်မှားတာတွေနဲ့ ကြုံရတတ်တယ်။ အဲသလို အထင်မှား အမြင်မှား ဖြစ်ကုန်ပြီ ဆိုရင် အထက်ကပြောခဲ့တဲ့ အီမိုးရှင်းဆိုတဲ့ ခံစားချက် ပြဿနာနောက်ဆက်တွဲနဲ့ ရင်ဆိုင်ရလိမ့်မယ်။ နေဟာ အရှေ့ဖက်က ထွက်တယ်ဆိုတာ အမှန်တရားဖြစ်ပေမယ့် နေရာင်ကို အများကြီး မလိုအပ်တဲ့အခါမှာ ထီးဆောင်းရင် ဆောင်း မယ် ဦးထုပ်ဆောင်းဖို့ လိုရင်လည်း လိုပါလိမ့်မယ်။
Resupply ထပ်မံဖြည့်တင်းရေး
ထပ်မံဖြည့်တင်းရေး ကိစ္စဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ အသက်သွေးကြော တခုလို သဘောထားရတယ်။ ထပ်မံ ဖြည့်တင်းရေး ဆိုတဲ့ လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး စတာတွေ မရှိတော့ဖူးဆိုရင် ကိုယ့်ဖက်က စစ်သည်တွေ ဘယ်လောက် တော်တော်၊ ဘယ်လောက် ရဲရင့်ရဲရင့် စစ်ရှုံးနိုင်တာကိုး။ သို့သော်လည်း နိုင်ငံရေးနဲ့ လူထုလှုပ်ရှားမှုတွေ မှာတော့ ထပ်မံ ဖြည့်တင်းရေးကို အရေးကြီးတယ်လို့ ထင်လေ့မရှိတာ တွေ့ရတတ်တယ်။ အဲတာအတွက်လည်း ကြိုတင် ပြင်ဆင်ထားမှု လုပ်လေ့ မရှိကြဖူး။ ဒါကြောင့်မို့ အစိတ်ပိုင်း အဆင့်ဆင့်အရ အရေးကြီးတဲ့ ခေါင်းဆောင် ကြီးငယ်လတ်တွေ ကျဆုံးသွားခဲ့ရင် (သို့မဟုတ်) ထောင်သွင်းအကျဉ်းကျ ခံရရင် လှုပ်ရှားမှုတွေဟာ လေဖြတ်သလို ဖြစ်ကုန်ကြတယ်။ လိုအပ်တဲ့ နေရာတွေမှာ ထပ်မံဖြည့်တင်းဖို့ အစားထိုးဖို့ လူကုန်သွားတာကိုး။ အဲသည့် သဘာဝကြောင့် လူထုလှုပ်ရှားမှု တွေဟာ အချိန်ယူတိုက်ရတဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ တချိန်မှာ ထပ်မံဖြည့်တင်းရေးကို သဘောပေါက်လာတော့မှ တဖြည်းဖြည်းနဲ့ လူထုလှုပ်ရှားဟာ ပြန်ပြီး အားကောင်းလာရတယ်။ သို့သော် အချိန်တွေကိုတော့ ပေးလိုက်ရတာပေါ့။ တိုတိုပြောရရင် ထပ်မံဖြည့်တင်းရေး ကိစ္စဆိုတာ စစ်ရေးတခုထဲ အတွက်မဟုတ်ဘဲ လူထုလှုပ်ရှားမှု အတွက်လည်း သက်ဆိုင်တယ် ဆိုတာ ထောက်ပြလိုတယ်။
End game ဘယ်လိုအဆုံးသတ်အဖြေကို မျှော်လင့်ပြီးတိုက်တာလဲ
ဒီနေရာမှာ အဆုံးသတ်အဖြေဆိုတာ တိုက်ပွဲတခုခြင်း၊ တဆင့်ခြင်း၊ လှုပ်ရှားမှု တခုချင်းနဲ့ ပိုပြီးသက်ဆိုင် ပါတယ်။ ပြည်သူတွေ အောင်ပွဲရ ပျော်ရွှင်စွာ နိဂုံးချုပ်ဆိုတဲ့ ပြဇာတ်ဆံတဲ့ End game မျိုးကို ဆိုလိုတာ မဟုတ်ပါဖူး။ ဒီတိုက်ပွဲ တခုကို ဘာ့ကြောင့် တိုက်တာလဲ (သို့) ဒီလှုပ်ရှားမှု အဆင့်တခုကို ဘာကြောင့် အကောင်အထည် ဖော်ရတာလဲ ဆိုတာကို ပြောလိုရင်းပါ။ ကမ္ဘာ့စစ် သမိုင်းထဲက တချို့တိုက်ပွဲတွေမှာ တိုက်ရိုက်စစ်ရေး အမြတ်ကို လိုချင်လို့ တိုက်တဲ့ တိုက်ပွဲမျိုး တွေကို တွေ့ရသလို၊ နိုင်ငံရေး အမြတ်ပဲ လိုချင်လို့ တိုက်တဲ့ တိုက်ပွဲမျိုးတွေလည်း ရှိခဲ့တယ်။ စစ်ရေး နိုင်ငံရေး နှစ်ခုစလုံး အမြတ်ရလိုမှုကြောင့် တိုက်တာ တွေလည်း ရှိတယ်။ နိုင်ပြီဆိုရင်တော့ စီးပွားရေးအမြတ်က အလိုအလျှောက် ကပ်ပါ လာတယ်။
ဥပမာတခု ပြောရရင်၊ ဗီယက်နမ်မှာ ပြင်သစ်တွေ ကိုလိုနီလုပ် အုပ်ချုပ်နေတုန်းက ဖြစ်ရပ်တခုကို ပြောလိုပါတယ်။ ပြင်သစ် တွေရဲ့ ဒိန်ဗင်ဖူး ခံတပ်ကို ဗီယက်နမ်တပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ပြီး တိုက်ပါတယ်။ ပြင်သစ်ဖက် ကလည်း ပြန်ခုခံ တယ်။ Foreign legion လို့ လူသိများတဲ့ ပြင်သစ်အထူးတပ်တွေကို သုံးပြီးခုခံတယ်။ ဒါပေမယ့် တိုတိုပြောရရင် နောက်ဆုံးမှာ တော့ ဒိန်ဗင်ဖူးခံတပ် ဗီယက်နမ်တပ်တွေ လက်ထဲကျသွားတဲ့ အပြင် ပြင်သစ် စစ်သားများ လည်း ထောင်နဲ့ချီပြီး လက်နက်ချ အဖမ်းခံခဲ့ရတယ်။ ဒိန်ဗင်ဖူးခံတပ်ကို ဘာကြောင့် ပြင်သစ်တွေ သဲကြီးမဲကြီး ခုခံ ကာကွယ်ရတာလဲ။ အဲသလို ကာကွယ်ခြင်းရဲ့ End game က ဘာလဲ ဆိုတာ မေးမြန်းတော့ ဘယ်ပြင်သစ်ဗိုလ်ချုပ်တွေမှ ရေရေရာရာ ပြန်ရှင်းမပြနိုင်ဖူး။ စစ်ရေးအရ အကြီး အကျယ် ရှုံးခဲ့ရသလို နိုင်ငံရေးအရလည်း နိုင်ငံတကာ မျက်နှာစာမှာ အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ ဒိန်ဗင်ဖူးကို ဘာကြောင့် အကြီးအကျယ် အကုန်အကျခံပြီး ကာကွယ်ရသလဲ ဆိုတဲ့ အဆုံးသတ် အဖြေကို ပြင်သစ်အစိုးရရော၊ ပြင်သစ်စစ်ဖက် အာဏာပိုင်တွေရော မဖြေနိုင်ခဲ့ဖူး။ ဗီယက်နမ်တို့ အဖို့ကတော့ စစ်ရေးကော၊ နိုင်ငံရေးပါ အကြီးအကျယ် အမြတ်ထွက်ခဲ့ တယ်။
လူထုလှုပ်ရှားမှု အဆင့်တခုချင်းမှာလည်း မိမိလှုပ်ရှားမှုဟာ ဘယ်လိုအခြေအနေအောက်မှာ ဘယ်လို အဆုံးသတ်အဖြေ တခု ရရှိဖို့ အတွက် လုပ်ဆောင်သလဲ ဆိုတာ ခြမှတ်ထားဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရပြီး အားလုံး ပျော်ရွှင်စွာ ဇာတ်ပေါင်းလေ သတည်း ဆိုတာမျိုး ရဖို့လုပ်နေတာပေါ့ ဆိုတာမျိုးက ဝေဝါးလွန်းတဲ့ End game ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အဆုံးသတ် အဖြေ တခုရဖို့ လှုပ်ရှားတာမျိုးက တိုက်ပွဲတခုအတွက် ပြောင်းလွယ်ပြင်လွယ် ဖြစ်စေပါတယ်။ ဥပမာ ပြောရရင် လယ်သမား တွေရဲ့ မြေယာတွေ အသိမ်းခံရလို့ အခွင့်အရေး ဆုံးရှုံးတဲ့ ကိစ္စမျိုးအတွက် လှုပ်ရှားမှုတွေ ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေးအရ ပိုကောင်းအောင်၊ လှအောင်ဆိုပြီး ပြည်တွင်းစစ်ရပ်စဲရေး ဆိုတဲ့ တောင်းဆိုချက်မျိုး ကို ထည့်သွင်းတောင်းဆိုမယ် ဆိုရင် မိမိရဲ့ End gane ကို မိမိကိုယ်တိုင် ဖျက်ဆီးလိုက်ရာ ရောက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲဖို့ တောင်းဆိုတာဟာ သူ့အချိန် သူ့ကာလ ရောက်ရင် ဆက်တိုက်ဖြစ်လာမယ့် ခေါင်းစဉ်ပါ။ ကိုယ့်နယ်ပယ် အလိုက်၊ ကိုယ်လိုအပ်တဲ့ ကိစ္စရပ်များ အတွက် သတ်သတ် မှတ်မှတ် တောင်းဆိုလုပ်ကိုင်ခြင်းဟာ ပိုထိရောက်ပါတယ်။ အဲသလို ထိရောက်မှု တခုချင်းကို ပြန်ပေါင်းစပ် လိုက်ရင် တနေ့မှာ ကိုယ်လိုချင်တဲ့ ရုပ်ပုံကားချပ် တခုအတွက် ဆက်စပ်ပြီးသား ဖြစ်ပါလိမ့်မယ်။ အဲသည့် ထိရောက်မှု တခုခြင်း၊ တခုခြင်းစီဟာ ဂျစ်ဆောပတ်ဇယ် jigsaw puzzle လို့ ခေါ်တဲ့ ကစားနည်းမျိုးနဲ့ သဘောချင်း ဆင်ပါတယ်။ ဖြတ်ပိုင်းစ လေးတွေကို မှန်မှန် ရွေးချယ်ပြီး ဆက်သွားရင်း နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ ရုပ်ပုံကို ရသွားတဲ့ ကစားနည်းမျိုး ဖြစ်ပါတယ်။
ပေပေါင်း ၃ဝဝ လောက်မြင့်တဲ့ ဘုရားစေတီတော်ကြီးတဆူ တည်ဆောက်ဖို့ လုပ်တဲ့နေရာမှာ အဲသလောက် မြင့်လွန်းတဲ့ အတွက် ငြမ်းဆောက်ပြီး တည်ရမှာ ဖြစ်ပါတယ်။ ဘုရားတည်ဖို့ အုတ်တွေ၊ ဘိလပ်မြေတွေ ရှိပေမယ့် ငြမ်းဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းများ မရှိလို့ လုပ်ငန်းကို မစနိုင်သေးဖူး ဆိုပါစို့။ ဒီလိုဆိုရင် ဘုရားကြီးတည်ဖို့ ဘယ်တော့မှ ရောက်လာ မှန်း မသိတဲ့ ငြမ်းဆောက်မယ့် ပစ္စည်းတွေကို ထိုင်စောင့် နေမယ့်အစား လက်နိုင်ခြေနိုင် ၁ဝ ပေလောက်ပဲ မြင့်တဲ့ စေတီငယ်လေး အဆူတရာလောက် တည်လိုက်ရင်ကော မကောင်းဖူးလား။ ဘုရားစေတီ ဆိုတာ လူတွေကြည်ညိုကြဖို့ တည်တာပဲ။ အကြီးကြီးတည်မှ တန်ခိုးရှိပြီး လူကြည်ညိုတာ မဟုတ်ပါဖူး။ တန်ဖိုးထားတတ်ရင် စေတီငယ်ငယ် လေးတွေ ကိုလည်း ကြည်ညိုလို့ ရတာပဲ မဟုတ်လား။ စေတီငယ်လေး တဆူချင်းဆီ တည်ရာမှာလည်း End game မှန်ကန် ကြည်လင် နေတယ် ဆိုရင် ဒါဟာ အလုပ်တခု ပြီးမြောက်တာပဲ မဟုတ်လား။ အဆင့်တိုင်းမှာ ရှိရမယ့် ရှိသင့်တဲ့ ဖြစ်နိုင်ချေ ရှိတဲ့ End game မျိုးကို မှန်မှန်ကန်ကန် ချမှတ်ပြီး ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းလိုပါတယ်။
ဇော်မင်း
၂၅ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၁ ခုနှစ်။
Friday, November 25, 2011
စေတီငယ် တရာ တည်ရအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment