ရွက်မွန်စာမျက်နှာ

Thursday, December 22, 2011

အပြီးပြန်မှာလား။ အလည်ပြန်မှာလား

လွန်ခဲ့တဲ့ တပတ်လောက်က ဧည့်ခံပွဲတခုကို သွားခဲ့ပါတယ်။ ဧည့်ခံပွဲဆိုပေမယ့် ကုတ်အင်္ကျီဝတ် နက်ကတိုင်တပ်ရတဲ့ ကြီးကြီး ကျယ်ကျယ် အခန်းအနားမျိုးတော့ မဟုတ်ပါဖူး။ လာကြတဲ့ လူအရေအတွက်က သုံးဆယ်ကျော်ကျော်လောက်ပဲ ရှိပါတယ်။ မြန်မာတချို့လာတယ်၊ ထိုင်းနဲ့ အနောက်တိုင်းသား သတင်းသမားတွေ လာကြတယ်။ အဲ အနောက်တိုင်း သံတမန် အနည်း အကျဉ်းလည်း တွေ့ရပါတယ်။ ထုံးစံအတိုင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအကြောင်းကို ပြောကြရင်း နောက်ဆုံးတော့ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေ တွေဆီကို ရောက်သွားခဲ့ပါတယ်။

အဲသည့်အချိန်မှာ အီးယူသံရုံးက သံတမန်တဦးက ကျနော့်ကို မြန်မာပြည်ဘယ်တော့ ပြန်မှာလဲလို့ မေးပါတယ်။ သူစကား ပြောတဲ့ လေသံအရ ဒီပုဂ္ဂိုလ်ဟာ အီတလီလူမျိုး ဖြစ်မယ်ထင်ပါရဲ့လို့ ကျနော်က ခန့်မှန်းလိုက်တယ်။ နောက်မေးကြည့်တော့ လည်း သူဟာ အီတလီလူမျိုးဖြစ်ကြောင်း ပြောပါတယ်။ ဘယ်တော့ မြန်မာပြည် ပြန်မှာလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျနော်နဲ့ အဲသည့် အီတလီ အငြင်းအခုံ ဖြစ်ပါတယ်။

ကျနော်။ ။ မြန်မာပြည်ပြန်ဖို့ ပြန်သင့်တဲ့ အချိန်ကောင်းကို ကျနော်စောင့်နေပါတယ်။ ပြန်ဖို့လိုအပ်လာပြီလို့ ဆုံးဖြတ်နိုင်တဲ့ တနေ့မှာ ကျနော်ပြန်မှာပါ။ သူများနိုင်ငံမှာ ဆက်ပြီးနေဖို့ အကြောင်းလည်း မရှိပါဖူး။ ခင်ဗျားတို့ အနောက်တိုင်း မှာလည်း ကိုယ့်နေအိမ်သည်သာ အချိုမြိန်ဆုံးနေရာ ဆိုတဲ့ စကားပုံလည်း ရှိတာပဲ မဟုတ်လား။

အီတလီ။ ။ မဟုတ်ဘူးဗျ။ ကျနော်ဆိုလိုတာက ခင်ဗျားတို့အနေနဲ့ ဖြစ်နိုင်ရင် မြန်မာပြည်ကို အမြန်ဆုံး ပြန်သင့်တယ်လို့ ဆိုလို တာပါ။ မြန်မာပြည်တွင်းမှာ လုပ်စရာတွေ အများကြီး ရှိနေတယ်။ အစိုးရသစ်ကလည်း အပြောင်းအလဲ တချို့ စပြီး လုပ်နေ တယ်လေ။ လွန်ခဲ့တဲ့ တနှစ်လောက်ကဆို ဒီလို အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထား တာပဲမို့လား။ ခင်ဗျားတို့ တိုင်းပြည် ပွင့်လင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီပဲ။ အမြန်ပြန်ပြီး တိုင်းပြည်အတွက် လုပ်စရာ ရှိတာတွေ လုပ်သင့်နေပြီလို့ ကျနော်ကတော့ ထင်တယ်။

ကျနော်။ ။ ဒါက ခင်ဗျားဖက်က မြင်တဲ့အမြင်။ ခင်ဗျားမှာ မြင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ တိုင်းပြည် ပြန်ဖို့ ဆိုတာဟာ လူသားတဦးတယောက်မှာ ရှိရမယ့် ဂုဏ်သိက္ခာနဲ့အညီ ပြန်ခွင့်ရှိမှ ပြန်မှာပါ။ မြန်မာသံရုံးမှာ အောက်ကျို့ ပြီး ဟိုရောက်ရင် ဘာမလုပ်ပါဖူး ညာမလုပ်ပါဖူးလို့ ခံဝန်လက်မှတ်ထိုးပြီးမှ ပြန်ရတာမျိုး ဆိုရင်တော့ မပြန်သေးဖူး။ တခါ ပြန်လာကြပါလို့ အစိုးရသစ်က ပြောပေမယ့် ဟိုရောက်မှ ဒီစကားမျိုးမပြောရ ဆိုတာကို ဒီလူတွေ ပြောပြန်ပြီ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စကားတွေပြောတယ်၊ နိုင်ငံတော် အကြီးအကဲတွေကို ပြည်သူလူထု အထင်မှားအောင် ပြုလုပ် တယ် စသဖြင့် စွပ်စွဲခံရပြီး ထောင်ထဲထည့်မယ်၊ စစ်ကြောရေးမှာ နှိပ်စက်မယ်ဆိုရင် ပြန်ရကျိုး မနပ်ဖူးလို့ ကျနော်ကတော့ ထင်တယ်။ အဲတာအပြင် နိုင်ငံတကာနဲ့ ဆက်ဆံဖို့ ခရီးသွားလာဖို့အတွက် အစိုးရအာဏာပိုင် တွေဖက်က ညစ်ထားပြီး ပတ်စ်ပို့ ထုတ်မပေးဖူး ဆိုရင်လည်း ကျနော်ဘာလုပ်နိုင်မှာလဲ။ ငုတ်တုတ်ထိုင်ခံနေရမလို ဖြစ်နေမှာပေါ့။

အီတလီ။ ။ စိတ်မရှိဖူး ဆိုရင်တော့ ခင်ဗျားကို ပြောပါရစေ။ ခင်ဗျားကြည့်ရတာ ခါးသီးမှု တခုခုကြောင့် အစိုးရကို လက်စားချေ လိုတဲ့ စိတ်မျိုး ရှိနေတယ်လို့ ကျနော်တော့ထင်တယ်။ အဲသည့် ခါးသီးမှုကြောင့် အနည်းဆုံးတော့ အစိုးရသစ်ကို အသိအမှတ် မပြုလိုဖူးဆိုတဲ့ စိတ်မျိုးတော့ အနည်းဆုံးရှိနေတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျား ဘယ်လို ပြောမလဲ။

ကျနော်။ ။ ခင်ဗျားကို ကျနော်ပွင့်ပွင့်လင်းလင်းပြောမယ်နော် ဟုတ်ပလား။ ကျနော့်မှာ အစိုးအာဏာပိုင်တွေကို လက်စားချေ ရမယ်ဆိုတဲ့ စိတ်မျိုး လုံးဝမရှိဖူး။ လက်စားချေတာနဲ့လည်း တိုင်းပြည်ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဖူး။ စကား ပြောကြရင်းနဲ့ ပြေလည်အောင် ဖြေရှင်းတဲ့နည်းသာ အကောင်းဆုံးလို့ ကျနော်ကမှတ်ယူတယ်။ ဒါပေမယ့် ယုံကြည်နိုင်ဖွယ် အခြေအနေမျိုး မရှိသေးတဲ့အချိန်မှာ သူတို့ကို ယုံလို့ မြန်မာပြည်ကို ပြန်မယ်ဆိုတာမျိုး ကျနော်ကတော့ လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကာလတခု အချိန်တခု ဖြတ်သန်းပြီးမှ ပြန်မယ် မပြန်ဖူး ပြောနိုင်မယ်လို့ ကျနော်က ဆိုလိုတာ ဖြစ်တယ်။ ကျနော့်ဖက် ကျနော့်တဦးထဲရဲ့ အမြင်နဲ့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျော်က အိမ်ကထွက်လာခဲ့တယ်။ တိုင်းပြည်က ထွက်လာခဲ့တယ်။ ပြန်ပြီးခါမှ အခြေအနေမကောင်းလို့ နောက်တခေါက် ပြေးကြဦးဟ ဆိုတာမျိုး ကျနော် ထပ်မကြုံချင် တော့ဖူး။ ဒါဟာ အမှန်အတိုင်းပြောတာ။ I don't want to leave my home twice। ပေါ့ဗျာ။ အဲတော့ အပြီးပြန်နိုင်တဲ့ အခါ မှသာ ပြန်မယ်။

အီတလီ။ ။ ဒါပေမယ့် ခင်ဗျားတို့လို အပြင်ရောက်နေတဲ့ မြန်မာတွေ ပြန်နေတာကိုရော ဘာပြောမလဲ။ (သူက နာမည်တချို့ ကို ရွတ်ပြပါသေးတယ်) သူတို့တောင် ပြန်နေသေးတာ ဘာမှမဖြစ်တာဘဲ။ ခင်ဗျားက ဘာကြောင့် စောင့်ကြည်နေဦး မှာလဲ။ နောင်ဆိုရင် ပိုလို့တောင် ပြန်ကြဦးမယ်။ အစိုးရကလည်း ပြန်လာမယ့် သူတွေကို လိုလိုလားလား ခွင့်ပြုနေတာ မဟုတ်လား။ သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပြန်လာကြဖို့ ပြောခဲ့တယ်လို့ ကျနော်တော့ မှတ်မိတာပဲ။

ကျနော်။ ။ အိုကေ ခင်ဗျားကို ကျနော်ပွင့်ပွင့်လင်းလင်း ပြောမယ်။ အခု ခင်ဗျားပြောတဲ့ သူတွေက မြန်မာပြည်ကို ပြန်တာ မဟုတ်ဖူး။ တချို့က အလည်သွားတာ။ တချို့က လုပ်ငန်းကိုင်ငန်း အထဲရွှေ့ဖို့ ဖြစ်နိုင်ခြေရှိမရှိ စနည်းသွားနာတာ။ တချို့ကတော့ ခင်ဗျားတို့ အီးယူအလှူရှင် အစိုးရတွေက ဖိအားပေးလို့ သွားကြည့်ကြတာ။ အပြင်မှာ ဆက်နေမယ်ဆိုရင် အလှူငွေ ထောက်ပံ့ ငွေ ဖြတ်တော့မယ်ဆိုလို့ အထဲပြန်ပြီး အာဏာပိုင်တွေနဲ့ သွားညှိတာ။ ဒါက တိုင်းပြည်ကို ပြန်တာ မဟုတ်ဖူး။ သူတို့ရဲ့ အကျိုး စီးပွား မဆုံးရှုံးဖို့အတွက် လုပ်နေကြတာ။ အထဲပြန်ရောက်ပြီး အလုပ်လုပ်မယ်ဆိုရင် ကိုယ့်မူနဲ့ ကိုယ်လုပ်ခွင့်ရဖို့ ဆိုတာက သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီ။ ကျနော်ကတော့ အဲသလို မြင်တယ်။ တကယ်ပွင့်လင်း လာလို့ ပြန်ပြီးလုပ်တာမျိုးကို ကျနော်မဆိုလိုဖူး။ ကျနော်က အလည်သွားဖို့ စနည်းနာဖို့ ပြန်မှာမဟုတ်ဖူး။ ပြန်တယ် ဆိုတာက အိမ်ကို အပြီးပြန်မှာ၊ ကိုယ့်တိုင်းပြည်ထဲမှာ သေတဲ့အထိ နေသွားတော့မှာကို ပြောနေတာ။ အင်္ဂလိပ်လို ဆိုရင် တော့ Going home ပေါ့ဗျာ။ Visiting home မဟုတ်ဖူးဗျ။ ဒါကြောင့် ကိုယ့်တိုင်းပြည် ကိုယ့်အိမ်ကိုယ့်ရာမှာ ဂုဏ်သိက္ခာ ရှိရှိ ပြန်ပြီး နေနိုင်မှာလား မနေနိုင်ဖူးလား ဆိုတာကို တွက်ချက်ရတယ်ဗျ။ ဒါကို ဆိုလိုတာ။ အခု ခင်ဗျားပြောတဲ့ သူတွေက နိုင်ငံကြီး တခုခုက ပတ်စ်ပို့ ကိုင်ထားပြီး ဟိုကနိုင်ငံသားတွေ ဖြစ်နေပြီ။ အဲသည့် နိုင်ငံအစိုးရတွေရဲ့ ကာကွယ်ပေးမှု အနည်းနဲ့အများ ဆိုသလို ရထားသူ တွေဗျ။ မြန်မာပြည်ထဲကိုလည်း တပတ်တန်သည် နှစ်ပတ်တန်သည်ပဲ သွားနေတာ။ အလုပ်အတွက် ရုံးခွဲသဘောမျိုး ထားပြီး အိမ်ခံ မြန်မာတချို့ကို ရုံးထိုင်ခိုင်းထားတဲ့ သဘောမျိုးလောက်ပဲ ရှိသေးတာ။ ပြောရရင် ခင်ဗျားပြောတဲ့ သူတွေကိုယ်တိုင်က တက်သာဆုတ်သာ ရှိအောင်တွက်ချက်ပြီးမှ လုပ်နေတာ။ အခြေအနေ မကောင်းပြန်ဘူး ဆိုရင် နိုင်ငံခြား ပတ်စ်ပို့ ကိုင်ထားသူ တွေဆိုတော့ ဘန်ကောက်ကို ပြန်လာပြီး နေကြမှာဘဲ။ သူတို့ ကိုယ်တိုင် အဖမ်းခံရတဲ့အထိ ထောင်ထဲ သွားရတဲ့အထိ အခြေ အနေက ဖြစ်လာတော့မယ် ဆိုရင် သူတို့က ဟိုမှာလည်း ဆက်နေမှာ မဟုတ်ဘူးဗျ။ အဲတာကို ခင်ဗျား သဘောပေါက်ရဲ့လား။ အဲ အဖမ်းမခံရအောင် ထောင်မကျအောင် ဆိုရင် လည်း ဘွတ်ဖိနပ်ကို ဖုံသုတ်ပေးရတဲ့ အပို အလုပ်တွေပါ သူတို့ လုပ်ရတော့ မှာလည်း ရှိသေးတယ်။ အဲတာဆိုရင် သူတို့လည်း မြန်မာနိုင်ငံသားတွေ အကြားမှာ သိက္ခာကျတာပေါ့။ ဒါ့အပြင် ဘွတ်ဖိနပ် တွေကို ဖုံသုတ်ပေးနေကြ တတိယ လှိုင်း ဆိုတဲ့ အုပ်စုတွေကလည်း သူတို့ပြန်လာတာကို ပြိုင်ဖက်တွေ၊ ငွေတွင်းပြိုင်နှိုက်မယ့် သူတွေ ပြန်လာတာလို့ မြင်သဗျ။ သူတို့ထက် သာသွားမှာစိုးလို့ သူတို့အောက်မှာ ဆွဲသွင်းချင်သဗျ။ သူတို့မှာက သူတို့ကိုယ်ပိုင် အဘတွေဆီက စပွန်ဆာရထားတော့ ပြန်လာမယ့် လူတွေထက် အခြေက ခိုင်ပြီးသားကိုး။ ဒါမျိုးတွေ ကလည်း ရှိသေးသဗျ။

အီတလီ။ ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ခင်ဗျားတို့အနေနဲ့ စိတ်ရှည်ရှည်ထားဖို့တော့ လိုတာပေါ့။ ကျနော်ကလည်း ခင်ဗျားတို့ တိုင်းပြည် ဒီမိုကရေစီ အပြည့်အဝ ရနေပြီလို့လည်း မပြောသေးပါဖူး။ ဒါပေမယ့်ဗျာ အနောက်တိုင်းကလို လွတ်လပ်မှုမျိုး အပြည့်အဝရမှ ပြန်မယ်ဆိုရင် ခင်ဗျားတို့ နောက်ကျသွားလိမ့်မယ်လို့ ထင်တယ်။ အခု အပြင်မှာလည်း ခင်ဗျားတို့ ဘာတွေများ ထူးထူးခြားခြား လုပ်နိုင်သေးလို့လဲ။

ကျနော်။ ။ ဟာ လုပ်နိုင်တာတွေ အများကြီး ရှိသေးတာပေါ့ဗျာ။ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ပြောလို့မရတဲ့ ကိစ္စတွေကို ကျနော်တို့က ဒီဖက်ကနေ အများကြီးလုပ်နိုင်သေးတယ်။ ဥပမာ ကချင်မှာ သေနတ်ပေါက်နေတဲ့ ကိစ္စတွေ၊ စစ်ပြေးဒုက္ခသည် ကိစ္စတွေ၊ စစ်တပ်က လူသတ်နေတာတွေ၊ သဘာဝ အရင်းအမြစ်တွေကို အစိုးရက လက်လွတ်စပယ် လုပ်နေတာတွေ၊ လယ်သမားတွေရဲ့ လယ်တွေကို အစိုးရက သိမ်းပြီး ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီတွေရဲ့ လက်ထဲကို ထိုးထည့်နေတာတွေ၊ အန်အယ်ဒီကို ညစ်နည်းတထောင်သုံးပြီး ညစ်ထားတာတွေကို အန်အယ်ဒီကိုယ်တိုင် မပြောသာတဲ့ အခါမှာ ဒီဖက်က ကျနော်တို့က နိုင်ငံတကာအထိ တင်ပြပေးနိုင်တယ်ဗျ။ နောက်တချက်ကတော့ နိုင်ငံရေးအကျဉ်းသား တွေ ထောင်တွေထဲမှာ အများကြီး ရှိနေသေးတယ်ဗျ။ နာမည်ကြီးတွေဖြစ်တဲ့ ဒေါ်စုကို လွှတ်ပေးရုံ ဇာဂနာကို လွှတ်ပေးရုံ နဲ့တော့ လုံလောက်ပြီလို့ ပြောလို့မရဖူး။ တချို့ဆိုရင် ရွာလုံးကျွတ် ယောက်ကျားမှန်သမျှ အဖမ်းခံရပြီး ထောင်ထဲထည့်ထား တာတွေ ရှိသေးသဗျ။ ဘာဖြစ်လို့တုန်းဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရွာဘေးက ဖြစ်သွားတုန်း ထမင်းထုတ် ပေးလို့ ဆိုပြီး ဖြစ်တာ။ အဲသည့် ရွာသားတွေကော ယုံကြချက်ကြောင့် အကျဉ်းကျသူတွေလို့ မပြောနိုင်ဖူးလား။ ပြောမယ် ဆိုရင် နောက်ထပ် မြောက်များလှတဲ့ ကိစ္စတွေ ဒီဖက်မှာ ကျနော်တို့ လုပ်ဖို့ရှိနေသေးတယ်။ လုပ်လည်းလုပ်ရမှာပဲ။

အီတလီ။ ။ ခင်ဗျားနဲ့ ကျနော် သဘောချင်း အမြင်ချင်းက အတော်လေး ကွာနေတော့ အခုဆွေးနွေးတဲ့ ကိစ္စမှာ အဖြေတခု ထွက်လာဖို့တော့ မလွယ်သေးဖူးလို့ ထင်တယ်။ ဘာဘဲပြောပြောဗျာ ကျနော်ကတော့ ခင်ဗျားတို့ ပြည်ပရောက်နေတဲ့ မြန်မာတွေကို ပြန်စေချင်တယ်။

ကျနော်။ ။ ဟုတ်တယ် ခင်ဗျားနဲ့ကျနော် မြင်ပုံခြင်း ချဉ်းကပ်ပုံခြင်း အတော်ကွာနေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ စလုံး ရေစလို့ ပြောရမယ့် ကာလကို ခင်ဗျားက အတော်လေးဟုတ်နေပြီလို့ ထင်ထားတာကြောင့်ပဲ။ ဒီကြားထဲမှာ ဒိုနာလို့ခေါ်တဲ့ အလှူရှင်တွေကြောင့် ဖြစ်လာရတဲ့ လှိုင်းတခုကို တကဲ့လှိုင်းကြီးလို့ ထင်မြင်မိသူတွေ အနေနဲ့တော့ ကျနော်နဲ့ အမြင်တူမှာ မဟုတ်ဖူး။ သို့သော်လည်းပဲ ကနေ့ည ခင်ဗျားနဲ့ကျနော် အခုလို ပြောဆိုငြင်းခုံ လိုက်ရတာကြောင့် နှစ်ဖက်စလုံးမှာ စဉ်းစားစရာ အချက်အလက်တွေ ထပ်ရလာတာပေါ့ဗျာ။ ကျနော်မြန်မာပြည် မပြန်သေးပေမယ့် ဒီလို ငြင်းခုံရတာ ကိုတော့ အကျိုးရှိတယ်လို့ ထင်ပါတယ်။

ဇော်မင်း
၂၁ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၁ ခုနှစ်။

5 comments:

Hmoo said...

ခဏလေးနဲ့ကြည်ကြည်လင်လင်ပြန်မြင်လာနိုင်တဲ့
ကိုဇော်မင်းကိုအားပေးပါတယ်..

ကိုပေါ said...

I agree with mhoo.

ကိုပေါ said...

Correction: hmoo

---- said...

ပြန်တော့ပြန်ချင်တယ်။ ကြောက်တယ်ဗျာ။ ကိုဇော်မင်းပြောတာ သဘာဝ ကြပါတယ်။ အနေအထားအချင်းမတူဘူး။ ကျနော်က သြစီနိုင်ငံသား။ ကိုဇော်မင်းက ပီအာ ဆိုတော့ သိတ်ပြီး မလုံခြုံဘူး။ တချို့ တွေက အထဲမှာ သူတို့ အလုပ်ရှိတယ်။ ဒီအလုပ်က သူတို့ ကိုထမင်းကျွေးနေတာ။ ဥပမာ ဗဟု နဲ့ မီဒီယာ။ ကျနော်တို့ က ဒီအလုပ်ပေါ်မှာ ရပ်တည်နေတာမဟုတ်ဘူး။ ကျနော်ပြန်ရင် အလည်ပဲပြန်မှာပါ။ ဟိုမှာ လစာက သြစီမှာ ရတဲ့လစာနဲ့ သိတ်မကွာဘူးဆိုရင်တော့ ကျနော်အပီးပြန်မယ်။ ဒီအခြေနေကို မတွေ့ ရတော့ နိုင်ငံရေးသမားတွေမပြောနဲ့ ထိုင်းက အလုပ်သမားတောင်မပြန်ဘူးထင်တယ်။ ဆိုလိုတာက အကျိုးစီးပွားချင်းမတူဘူးဗျ။ ဘာပဲဖြစ်စြဖ် အလည်တော့ပြန်သင့်တယ်။ ကျုံးဘေးမှာ ဘီယာသွားသောက်သင့်တယ်။ နိုင်ငံရေးက နိုင်ငံရေးပါ။ ဘီယာသောက်တာက ဘီယာသောက်တာပါ။ ရည်ရွယ်ချက်ချင်းမတူပါဘူး။ ကိုဇော်မင်းရေ...စတန့် ထွင်နိုင်တဲ့အခွင့်အလမ်းကို ကျနော်တို့ မှာ မရှိသေးပါဘူး။

Htet Aung Kyaw said...

ခင်ဗျားနဲ့သဘောတူပါတယ်။

ခင်ဗျားဆောင်းပါးတွေကို Facebook မှာ like လုပ်လို့ရအောင် link လေးထည့်ထားပေးလားဗျာ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.