ရွက်မွန်စာမျက်နှာ

Saturday, November 10, 2012

စက်မှုလို့ဆိုသော်လည်း

ကျနော် တို့ လူ့အဖွဲ့အစည်းမှာ လုပ်ငန်းကိုင်ငန်းတွေနဲ့ ပတ်သက်လာရင် အားအနဲဆုံး ဖြစ်နေတဲ့ အချက်က ဘာတုန်း လို့ မေးလာရင် ဘယ်အချက်ဟာ အားအနဲဆုံး ဖြစ်တယ်လို့ ထောက်ပြမလဲ။ အမြင်တွေကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျနော်အနေနဲ့ မြင်မိတဲ့ အားအနဲဆုံး အချက်ကတော့ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ခြင်း၊ အချက်အလက် စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း စတာတွေမှာ အားအနည်းဆုံးလို့ ပြောလိုပါတယ်။ အဲတာတွေ အပြင် ရှိထားပြီးသား မှတ်တမ်းမှတ်ရာ အထောက်အထားတွေကို မပျောက်မပျက်အောင် မဆုံးရှုံးအောင် သိမ်းဆည်း သိုမှီး ထားရာမှာလည်း အားနည်း နေသေးတယ်လို့ မြင်ပါတယ်။

တိုတိုနဲ့ ရိုးရိုးရှင်းရှင်း ပြောရရင် ကျနော်တို့ဟာ သုတေသနလုပ်တာ စစ်တမ်းကောက်တာ ဝါသနာ မပါကြဘူး။ သုတေသန လုပ်တာတွေ စစ်တမ်း ကောက်တာတွေကို အရေးကြီးလှတယ်လို့ မမြင်တာလည်း ပါမှာပေါ့။ အခု သုတေသနလုပ်တဲ့ ကိစ္စကို ပြောချင်တာကတော့ တလောက အစိုးရ ဝန်ကြီးတဦးပြောတဲ့ ကိစ္စနဲ့ ပတ်သက်ပါတယ်။ သူကပြောပါတယ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ခပ်မြန်မြန်လေး တိုးတက်လာအောင်ဆိုရင် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ တိုးမြင့်လာမှ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒါဟာ မြန်မာလိုနိုင်ငံမျိုးမှာ သီအိုရီအရ မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ တိုးတက်များပြားလာအောင် ကြီးထွားလာ အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အချက်ကိုတော့ တိတိပပ ရှင်းလင်းပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

စက်မှုလုပ်ငန်းလို့ ဆိုလိုက်တာနဲ့ လျှပ်စစ်စွမ်းအင်ဟာ မရှိမဖြစ် လိုအပ်တဲ့အရာဆိုတာ သိကြပါလိမ့်မယ်။ လျှပ်စစ် စွမ်းအင်ကို မှန်မှန်ပေးနိုင်ရဲ့လား။ မှန်မှန်ပေးနိုင်တယ်ထား ဈေးချိုချိုနဲ့ အသုံးပြုနိုင်မှာလား။ ဈေးချိုချိုနဲ့ ပေးနိုင်တယ် ဆိုရင်လည်း ဘယ်နေရာတွေမှာ ရနိုင်တာလဲ။ ဘယ်နေရာတွေကျတော့ လျှပ်စစ်စွမ်းအင်ရဖို့ ခက်ခဲနေသေးသလဲ။ အစရှိတာတွေကို သိထားဖို့ လိုပါသေးတယ်။ အခုလက်ရှိ ကျနော်တို့နိုင်ငံမှာ လျှပ်စစ်စွမ်းအင်ဟာ ရှားပါးပစ္စည်း ဖြစ်နေတုန်းပါ။ ကောင်းပါပြီ တနှစ်၊ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ လျှပ်စစ်စွမ်းအင်ကို ဈေးချိုချိုနဲ့ နေရာအနှံ့အပြား ဖြန့်ဖြူး နိုင်ပြီဆိုပါစို့။ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ ထောင်တက်လာမယ်လို့ ထင်ပါသလား။ ဈေးကွက်မှာ လူသုံးများတဲ ပစ္စည်းကို ထုတ်လုပ်သူ တချို့သာ အလုပ်ဖြစ်ပါလိမ့်မယ်။ တစုံလုံးအနေနဲ့ ဟုန်းကနဲ တိုးတက်လာဖို့ မလွယ်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။

ဒီလို ဆန်းစစ်ဖို့ဆိုတဲ့ အကြောင်းကြောင့် သုတေသနနဲ့ စစ်တမ်းကောက်တာတွေကို ကြိုတင်ဆောင်ရွက်ဖို့ လိုလာခြင်း ဖြစ်ပါတယ်။ သုတေသနနဲ့ စစ်တမ်းကောက်တာမျိုး စနစ်တကျ မရှိသေးဖူးဆိုရင် လျှပ်စစ်စွမ်းအင် ဈေးချိုချိုရတာ တခု ထဲနဲ့ စက်မှုတိုးတက်ဖို့ဆိုတာ မလွယ်သေးပါ။ ဘာကြောင့် စစ်တမ်းကောက်ဖို့ လိုတာလဲ၊ ဘာကြောင့် သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုတာလဲ။ ဆန်စင်ရာ ကျည်ပွေ့လိုက်ရမယ့် အလုပ်မျိုး မလုပ်လိုတာကြောင့်ပါ။ အဲတာ ကြောင့် သုတေသန လုပ်ရမယ် စစ်တမ်းကောက် ရမယ်လို့ ပြောတာပါ။ စစ်တမ်းကောက်တယ်ဆိုတဲ့ အသုံးအနှုံးကို ပြောမိတာကြောင့် စစ်နဲ့ ပတ်သက်တဲ့ ဥပမာ တခုကို ပေးလိုပါတယ်။ ရှေးတုန်းက ပဒေသရာဇ်တွေတောင် စစ်တိုက် ထွက်တော့မယ်ဆိုရင် စစ်ပွဲနဲ့သက်ဆိုင်တဲ့ စစ်တမ်းကောက်တာမျိုး မှတ်တမ်းယူတာမျိုး လုပ်ရပါတယ်။ ဒါကလည်း သုတေသနလုပ်တာ တမျိုးလို့ ဆိုနိုင်ပါတယ်။ ရာဇမန်သက်သက်နဲ့ ဒီအတိုင်း စစ်မြေပြင်ကို ထွက်လို့မရပါဘူး။ ဆိုလို တာကတော့ ဓားကိုင် လှံကိုင် ခြေလျှင်စစ်သည် အင်အား ဘယ်လောက်ရှိသလဲ၊ မီးပေါက်သေနတ်ကိုင် စစ်သည်က အင်အား ဘယ်လောက်လဲ၊ အမြောက်က ဘယ်နှစ်လက်ရှိသလဲ၊ လေးသည်တော် ဘယ်လောက်ရှိသလဲ၊ ရိုးရိုး မြင်းသည်တော်က ဘယ်နှစ်ထောင်ရှိလဲ၊ အဲမောင်းလှံကိုင် မြင်းသည်တော် အရေအတွက် ဘယ်လောက်လဲ၊ တိုက်ဆင်က ဘယ်နှစ်ရာ ရှိသလဲ၊ ရိက္ခာသယ်ဖို့ လှည်းအစီးဘယ်နှစ်ထောင် လိုအပ်သလဲ စသဖြင့် ဒါတွေကို သိရှိ တွက်ချက် ထားဖို့လိုပါတယ်။ တခါ ရေကြောင်းပါ ချီဦးမယ်ဆိုရင် တိုက်လှေ၊ လှော်ကား၊ လှေလျှင်၊ လောင်းလှေ၊ စပါးရိက္ခာတင်လှေ စတာတွေနဲ့ ရေတပ်ချီ စစ်သည် ဘယ်လောက် ရှိရမယ် ဆိုတာကလည်း စစ်အင်္ဂါစဉ်အရ လိုပြန် ပါသေးတယ်။ ဒါဟာ မြင်သာအောင် အကြမ်းဖျဉ်း ခိုင်းနှိုင်းပြောတာပါ။

အခု အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ တိုးတက်လာအောင် လုပ်မယ်ဆိုရင် မလုပ်ခင်စပ်ကြား သုတေသန လုပ်ဖို့ စစ်တမ်းကောက်ဖို့ လိုလာပါတယ်။ ပထမဆုံးက စက်မှုနဲ့ ပတ်သက်လို့ နားလည်ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး နိုင်ငံနဲ့အဝှမ်း သုတေသနလုပ်ဖို့ အလုပ်အဖွဲ့တွေ အများကြီးလိုပါတယ်။ အလုပ်အဖွဲ့ဝင် တဦးချင်းစီဟာ သုတေသန ဆိုင်ရာ လုပ်ငန်းတွေကို နားလည်ချင်မှ နားလည်မှာ ဖြစ်တာကြောင့် အချိန်တို သင်တန်းတွေ ပို့ချပေးဖို့လိုပါတယ်။ သုတေသန ဆိုတာ ဘယ်လိုလုပ် ရတယ် စစ်တမ်းဆိုတာ ဘယ်လိုကောက်ရတယ် ဆိုတာကို နားလည်သွားအောင် ဖြစ်ပါတယ်။ နိုင်ငံနဲ့ အဝှမ်းလုပ်မှာ ဖြစ်တာကြောင့် သုတေသနပြုတဲ့ တဖွဲ့ချင်းစီက ဆောင်ရွက်တဲ့ အလုပ်တွေဟာ နောက်ဆုံး ဗဟိုချက်မတခုမှာ သွားစုရမှာ ဖြစ်တာကြောင့် အထားအသို အစုအလှောင် ညီညွှတ်ဖို့ လိုပါတယ်။ ဒါကြောင့် သုတေသနနဲ့စစ်တမ်း ကောက်တဲ့ အဖွဲ့လေးတွေဟာ ရလာတဲ့ အချက်အလက်တွေကို တပြေးတညီထဲ တည်ဆောက်ထားတဲ့ ပုံစံခွက်တခုအတွင်းမှာ သွန်ချဖြည့်တင်းရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ template တခု သတ်သတ်မှတ်မှတ် တည်ဆောက် ထားရမယ်လို့ ဆိုလိုတာပါ။ (နိုင်ငံခြားသားများ လာရောက် ရင်းနှီးမြှုပ်နှံတည် ဆောက်ထားတဲ့ စက်မှုလုပ်ငန်းကြီးတွေ သည်အထဲမှာ မပါဝင်ပါ။ တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုင်ဆိုင်လုပ်ကိုင် နေတဲ့ အသေးစား အလတ်စား လုပ်ငန်းမျိုးကိုသာ ရည်ညွှန်းပါတယ်။)

ဒုတိယ အဆင့်မှာတော့ ဘာတွေကို စစ်တမ်းကောက်ရမှာလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ လိုရင်းတိုရှင်းနဲ့ လူတိုင်း နားလည်အောင် ပြောရရင် မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ စက်ဘယ်နှစ်လုံး ရှိသလဲ၊ စက်ရုံဘယ်နှစ်ရုံ ရှိသလဲ ဆိုတာ သိဖို့လိုပါတယ်။ စက်ဆိုတာကို ထပ်ပြီး အမျိုးအမည်အရ ခွဲခြမ်းစိတ်ဖြာရမယ်ဆိုရင် ဥပမာအားဖြင့် မြန်မာပြည် တခုလုံးမှာ လက်ရှိအသုံးပြုနေတဲ့ တွင်ခုံ ဘယ်နှစ်လုံးရှိသလဲ။ ဘာလုပ်တဲ့ တွင်ခုံတွေလဲ။ စက်အပိုပစ္စည်း ထုတ်လုပ် တဲ့ တွင်ခုံမျိုးလား။ အသေးစား စက်ပစ္စည်း အသစ်ကိုပဲ ထုတ်လုပ်တဲ့ တွင်ခုံမျိုးလား။ နှစ်မျိုးစလုံးကို ထုတ်လုပ် သလား။ ဘယ်နိုင်ငံတွေက ထုတ်တဲ့ တွင်ခုံတွေလဲ၊ သက်တမ်းဘယ်လောက် ရှိပြီလဲ၊ စစ်ကြိုခေတ် ကထဲက အသုံးပြု လာနေတဲ့ တွင်ခုံတွေလား၊ ခေတ်မီ တွင်ခုံတွေရော ဘယ်နှစ်လုံး ရှိသလဲ၊ ဘယ်တွင်ခုံတွေက မြင်းကောင်ရေ ဘယ်လောက်ရှိတဲ့ မော်တာတွေနဲ့ လည်ပတ်ရသလဲ၊ အဲသည့် တွင်ခုံတွေအတွက် အသုံးပြုနေတဲ့ လျှပ်စစ်မော်တာ တွေမှာ ဘယ်နိုင်ငံလုပ်ကို အများဆုံး အသုံးပြုသလဲ၊ ဘယ်လောက် ကြံ့ခိုင်သလဲ၊ မီးသိပ်စားတဲ့ မော်တာမျိုးတွေလား စသဖြင့် စစ်တမ်းကောက် မှတ်တမ်းတင်ဖို့ ဖြစ်ပါတယ်။ တခါ အဲသည့် တွင်ခုံတွေဟာ ဘယ်မြို့နယ်၊ ဘယ်တိုင်းနဲ့ ဘယ်ပြည်နယ်တွေမှာ အများဆုံးရှိနေလဲ ဆိုတာပါ သိရှိဖို့လိုပါတယ်။

စက်ရုံတွေကို သုတေသနပြု စစ်တမ်းကောက်တော့မယ်ဆိုတော့ စက်ရုံဆိုတာကတော့ အကြီးစားစက်ရုံတွေကို ဆိုလိုတာ မဟုတ်ပါ။ အသေးစားအလတ်စား စက်ရုံမျိုးတွေကို ဆိုလိုတာပါ။ သဘာဝအားဖြင့် တချို့စက်ရုံတွေဟာ ဝင်းခြံ အကျယ်ကြီးတွေထဲက အဆောက်အဦ အကြီးကြီးတွေထဲမှာ တည်ဆောက်ထားပေမယ့် စက်သဘော စွမ်းအား အနေနဲ့ တိုင်းတာရင် အသေးစား အလတ်စား စွမ်းအင်မျိုးပဲ ရှိတာကိုလဲ သတိထားဖို့ လိုပါတယ်။ မိသားစုလုပ်ငန်း ဖြစ်တဲ့ ဆန်ဖွတ်တဲ့စက်၊ အမှုန့်ကြိတ်တဲ့စက်တွေလည်း အကြုံးဝင်ပါတယ်။ သကြားစက်၊ စက္ကူစက်၊ ခေါက်ဆွဲစက်၊ အရက်နဲ့ ဘီယာချက်စက်ရုံ၊ ဆပ်ပြာစက်၊ ဆီစက်၊ ဆန်စက်၊ ဂျုံစက်၊ စက်ဘီး အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ထမင်းအိုး ထုတ်လုပ်ခြင်း၊ တာယာကွန်ပေါင်းလုပ်ငန်း၊ ရွှေရည်ငွေရည်စိမ် လုပ်ငန်း၊ နစ်ကယ်အရောင်တင် လုပ်ငန်း၊ သံပန်းသံတံခါး ထုတ်လုပ်တဲ့ စက်ရုံ၊ လျှပ်စစ်မော်တာ ကွိုင်ပတ်လုပ်ငန်း၊ အင်ဂျင်ဘလောက် ပုံလောင်း ပုံသွင်းတဲ့ စက်ရုံ၊ ကားဘော်ဒီစက်ရုံ၊ ကျေးလက်သုံး ဘက်ထရီအိုး လုပ်ငန်း၊ ပလတ်စတစ် စက်ရုံ၊ ဂွမ်းဖတ်စက်၊ ချည်ငင်စက်၊ စက်ယက္ကန်းလုပ်ငန်း၊ သံသေတ္တာမျိုးစုံ လုပ်ငန်း စတာတွေအပြင် အမျိုးမျိုးသော အသေးစားအလတ်စား စက်မှု လုပ်ငန်းများလည်း စက်ရုံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နာမည်ပေါက်ပါတယ်။

ဒါ့အပြင် လက်ဖက်ခြောက် ကော်ဖီလုပ်ငန်း၊ မုံ့မျိုးစုံလုပ်ငန်း၊ သားရေဖိနပ်လုပ်ငန်း၊ တူရိယာပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း တွေမှာလည်း ရှေးတုန်းကလို လက်ဖြစ်သက်သက် မဟုတ်တော့ဘဲ စက်စွမ်းအားနဲ့ တပိုင်းတစဖြစ်စေ လုံးလုံးဖြစ်စေ လည်ပတ်လုပ်ကိုင် နေပြီဆိုရင် စက်ရုံစာရင်းဝင်တယ်လို့ ပြောနိုင်ပါတယ်။ အဲသလို အမျိုးအစား များလှတဲ့ စက်ရုံတွေ ထဲမှာ ဘယ်လို စက်ရုံမျိုးတွေက ခေတ်မီတယ်လို့ ဆိုနိုင်ပြီး ဘယ်လိုစက်ရုံမျိုးတွေ ကတော့ ရှေးတုန်းကလို ထင်းမီး အသုံးပြု အပူပေးတဲ့ ဘွိုင်လာမျိုးနဲ့ လည်ပတ်နေတုန်းပဲလား ဆိုတာတွေလည်း သိထားဖို့ လိုပါတယ်။ ဟိုတုန်းက စက်ရုံ အတော်များများဟာ ဘွိုင်လာအိုးကြီးတွေ ကနေတဆင့် လည်ပတ်ရတာကြောင့် အစိုးရက ဘွိုင်လာ အင်စပက်တာ ဆိုတာတွေကို ခန့်ထားရပြီး ဘွိုင်လာအိုး စိတ်ချလုံခြုံဖို့ စစ်ဆေးကြရပါတယ်။ ဒါ့အပြင် နောက်ထပ် တိတိကျကျ သိထားဖို့ လိုတာက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံထားနေဆဲ နိုင်ငံ ဖြစ်တာမို့ လယ်ယာ လုပ်ငန်းသုံး ပစ္စည်းတွေကို ဘယ်လောက်အတိုင်း အတာနဲ့ ဘယ်နှစ်မျိုးလောက်ကို အသေစား အလတ်စား စက်ရုံ တွေက ထုတ်လုပ်နိုင်ပြီလဲ ဆိုတာပါပဲ။

တတိယအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အသေးစား အိမ်တွင်းမှုအဆင့် (သို့မဟုတ်) အလတ်စား သံနဲ့ သတ္ထု အရည်ကြို လုပ်ငန်းတွေ ရှိနေပြီလား ဆိုတာ စစ်တမ်း ကောက်ဖို့လိုပါတယ်။ ဘယ်အဆင့်အထိ သတ္ထုအရည်ကြို လုပ်ငန်းဟာ ရောက်နေပြီလဲ ဆိုတာလဲ သိဖို့လိုပါတယ်။ ထင်းမီးသွေးနဲ့ အရည်ကြိုတာလား၊ ကျောက်မီးသွေးကို အသုံးပြုတာလား၊ လျှပ်စစ် (သို့) ဓာတ်ငွေ့စွမ်းအင်နဲ့ ကြိုတာလား ဆိုတာလည်း သိရပါလိမ့်မယ်။ အိမ်ရိုက်သံကစလို့ သံပြား၊ သံချောင်း၊ သံဟင်းကလိုင်း စတာတွေအပြင် တခြားလူသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေကို အသေးစားအဆင့် ထုတ်လုပ်နိုင်ပြီလား ဆိုတာကိုလည်း စစ်တမ်းထဲမှာ ထည့်သွင်းဖို့ လိုပါတယ်။ အင်ဂျင် ဘလောက်တုံး လုပ်တဲ့လုပ်ငန်းက သည်အထဲမှာလည်း အကြုံးဝင်ပါတယ်။ ဒါမှမဟုတ် သံပြား သံချောင်းတွေဟာ အခုအထိ နိုင်ငံခြားကနေ ဝင်လာတာကိုပဲ အားကိုးနေရဆဲလား။ သံရည်ကြို လုပ်ငန်းတော့ လုပ်နေကြတယ် ဒါပေမယ့် အများအားဖြင့် သံကျွတ်အဆင့်ပဲ လုပ်နိုင်သေးတယ် ဆိုရင်လည်း ဒါကို သိထားဖို့ လိုပါတယ်။

စတုတ္ထအချက်ကတော့ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဘယ်လောက် ရှိနေသလဲ ဆိုတာကိုလည်း တွက်ထုတ်ဖို့ လိုပါသေးတယ်။ စက်မှုဇုံ စက်မှုလုပ်ငန်းတွေက စွန့်ပစ်တဲ့ ပစ္စည်းတွေကြောင့် ဘယ်လောက် ထိခိုက်နေသလဲ လူတွေကို ဘယ်လိုအန္တရာယ်မျိုး ပေးနိုင်သလဲ ဆိုတာလည်း ထည့်သွင်းတွက်ချက် ရပါလိမ့်မယ်။ တခါ တချို့စက်ရုံတွေဟာ ထင်းနဲ့မီးသွေးကိုပဲ အားထား နေရတယ်ဆိုရင် တနှစ်တနှစ် အဲသည့် စက်ရုံတွေမှာ အသုံးပြုတဲ့ ထင်းနဲ့မီးသွေးဟာ တန်ချိန်အားဖြင့် ဘယ်လောက် ပမာဏအထိ အသုံးပြု နေသလဲ ဆိုတာလည်း သိထားဖို့ လိုပါတယ်။ ဒါဟာ သစ်တောပြုန်းတီးမှုနဲ့ သက်ဆိုင်တဲ့အတွက် အရေးကြီးပါတယ်။ နောက်တချက် ကတော့ အသေးစားအလတ်စား စက်ရုံတွေကြောင့် အနီးအနားက လယ်ယာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေကိုပါ ထိခိုက်နေသလား ဆိုတာကလည်း စစ်တမ်းကောက်တဲ့ အထဲမှာ အကြုံးဝင်ပါသေးတယ်။ သဘာဝန်းကျင်နဲ့ ပတ်သက်လို့ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ စက်မှုလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေ ကောကုန်သလား ရေစီးကြောင်း ပြောင်းကုန်သလား ဆိုတာလည်း သိထားဖို့ လိုပါတယ်။

အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေအတွက် သုတေသနနဲ့ စစ်တမ်းတွေ ကောက်ပြီးရင် လိုအပ်တာတွေဟာ ဘာတွေ ဖြစ်တယ်ဆိုတာကို တွက်ထုတ်ယူရတာ လွယ်ကူသွားပါတယ်။ အဲသည့် အချက်တွေအပေါ်မှာ မူတည်ပြီး မြန်မာ့ အသေးစား အလတ်စား စက်မှုလုပ်ငန်းဟာ ဘယ်အတိုင်းအတာထိ ရှိနေတယ်၊ သည့်ထက် တိုးတက်ဖို့ အလားအလာ potential ဘယ်လောက် ရှိသလဲ ဆိုတာကိုပါ သိရှိနိုင်ပါတယ်။ ဒီစက်မှုလုပ်ငန်းတွေကနေ တဆင့် လူပေါင်းမည်ရွှေ့မည်မျှကို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တယ် ဆိုတာလည်း တွက်ထုတ်နိုင်ပါတယ်။ နည်းပညာတွေ ထပ်မံတပ်ဆင်ပေးဖို့ ကတော့ လိုအပ်နေဦးမှာ သေချာပါတယ်။ သည့်အတွက် နည်းပညာကို အစိုးရက ရှာဖွေပေးဖို့ တာဝန်ရှိပါတယ်။ တခါ တနိုင်ငံလုံး အတိုင်းအတာအရ အသေးစားအလတ်စား စက်မှု လုပ်ငန်းအတွက် လျှပ်စစ်စွမ်းအင် ဘယ်လောက် ပေးနိုင်ရင် လုံလောက်ပြီလဲ ဆိုတာကိုလည်း တွက်ထုတ်နိုင်ပါတယ်။ နောက်တချက်ကတော့ အခုခေတ် စီးပွားရေးစနစ်ဟာ ဈေးကွက် စီးပွားရေး စနစ်ဖြစ်တာကြောင့် အသေးစား အလတ်စား စက်မှုသမားများ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေအတွက် ပြည်တွင်းပြည်ပ ဈေးကွက်တွေ ရှာဖွေပေးရာ မှာလည်း အစိုးရက ကူညီဖို့လိုပါသေးတယ်။

ဒါဟာ ယေဘူယျအားဖြင့် ထောက်ပြတာ ဖြစ်ပါတယ်။ အစိုးရက အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ အရေးကြီးတယ်၊ တိုးတက်အောင်လုပ်ဖို့ ခွင့်ပြုတယ်၊ ဝန်ကြီးကိုယ်တိုင်တောင် ထုတ်ပြောထားပြီးပြီ ဆိုရုံနဲ့ မလုံလောက်သေးပါ။ အမျိုးမျိုးသော ပံ့ပိုးမှု ဆိုတာတွေ လိုပါသေးတယ်။ နည်းပညာပံ့ပိုးမှုတင် မကဘဲ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေလည်း ပံ့ပိုးဖို့ လိုပါတယ်။ ဥပမာ ခေတ်မီ တွင်ခုံတလုံး ဈေးချိုချိုနဲ့ ပံ့ပိုးပေးမယ်။ အတိုးကော အရင်းပါ အနှစ်နှစ်ဆယ် အတွင်း အရစ်ကျပြန်ဆပ်ပါ ဆိုတာမျိုးတွေလဲ လိုပါတယ်။ ဒါကြောင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ အရင်ဆုံး လုပ်ရမှာကတော့ နိုင်ငံနဲ့အဝှမ်း စနစ်တကျ စစ်တမ်းကောက် သုတေသနပြုဖို့သာ အရင်ဆုံး လိုပါကြောင်း။

ဇော်မင်း
၉ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.